← Chapters

ကူကယ်ရာမဲ့ နတ်ဆိုးသခင်ကြီး

Vol. 41 Ch. 566

ကူကယ်ရာမဲ့ နတ်ဆိုးသခင်ကြီး

Vol. 41 Ch. 566

ဝုန်း..

ကြေးနီအိုးကြီးဆီမှ မြည်သံကျယ်များ ထွက်လာသည်။

ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုလည်း ကျလာ၏။

ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ စိတ်ဝိဥာဥ်မှာ ထိုဖိအားကြောင့် တွန့်လိမ်ကာ ပြိုကွဲတော့မလိုပင် ဖြစ်သွားသည်။

" ဒါ.... လောထျန်း ၊ မြန်မြန်ပြေးတော့ ။ မင်းရဲ့ ခန္ဓာကိုယ်အစွမ်းနဲ့ဆို ထွက်ပြေးဖို့ ပြဿနာရှိမှာ မဟုတ်ဘူး ။ မင်း ဒီမှာဆက်နေလို့ မဖြစ်ဘူးကွ ။ ဒီအစွမ်းက ကြောက်စရာကောင်းလွန်းတယ် "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ကောင်းကင်မီးတောက် နတ်ဆိုးချောက်၏ နှစ်သိန်းပေါင်းများစွာ စုစည်းထားသော အစွမ်းကို လူသားတစ်ယောက်၏ အစွမ်းဖြင့် မည်သို့ တားနိုင်ပါမည်နည်း ... ။

" ဟား ဟား.. ထွက်သွားမယ်.. ဟုတ်လား ။ အတွေးသိပ်လွန်တာပဲကွာ "

နတ်ဆိုးသခင်ကြီးက အော်ရယ်ကာ ကြေးနီအိုးပေါ်မှ ထွင်းစာများအား အသက်သွင်းလိုက်သည်။ ချက်ချင်းမှာပင် သူတို့ရှိနေသော လေထုက အပြင်ကမ္ဘာနှင့် သီးသန့်လို ဖြစ်သွားပါ၏။

" မင်းက လုံးဝ သန့်စင်ပြီးထားတဲ့ မူလမသေမျိုးလက်နက် တစ်ခုကနေ ထွက်ပြေးချင်တယ်ပေါ့ ။ ရမယ်လို့ ထင်တာလား.. "

နတ်ဆိုးသခင်ကြီးက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

" ဒါ... "

ထျန်းယွမ်ကမ္ဘာသခင်ကြီး မျက်နှာချက်ချင်း ပျက်သွား၏။

နတ်ဆိုးသခင်ကြီးက ရယ်ရင်း ဆက်ပြောသည်။

" အခုတော့ ကြောက်နေပြီလား ။ ဒါပေမယ့် နောက်ကျသွားပြီ ကောင်လေးရဲ့ ။ မင်းရဲ့ အရှုပ်အထွေးခန္ဓာကိုယ်က ငါပိုင်ဖို့ ဖြစ်လာတာ "

သူ ထိုသို့ပြောရင်းလည်း ကျယ်လောင်စွာ အော်ရယ်ပြီး လောထျန်း၏ မျက်နှာပေါ်တွင် ကြောက်ရွံ့နေဟန် ရှိမရှိ ကြည့်လိုက်သည်။

သို့သော်... တွေ့လိုက်ရသော လောထျန်း၏ မျက်နှာထားကြောင့် သူ ခေတ္တမျှ မှင်သက်သွားရပါ၏။

အဘယ့်ကြောင့်ဆိုသော် ထိုစဥ်တွင် လောထျန်း၏ မျက်နှာပေါ်၌ ကြောက်ရွံ့မှုတို့ အလျဥ်း ရှိမနေဘဲ..

ထိုအစား...

စိတ်လှုပ်ရှား ပျော်ရွှင်နေဟန်သာ ရှိနေသောကြောင့်ပင် ။

" ဟင်.. ဒီကောင်လေးက ရူးနေတာလား ။ ခုလိုအချိန်ကြီးမှာ ဘာလို့ အဲ့မျက်နှာဖြစ်နေရတာလဲ ။ အင်... သူ ဘာဆက်လုပ်နေတာလဲ ။ ဆေးပင်တွေ ဘာလို့ ထုတ်နေတာလဲ ။ ဒီကောင်က တကယ့်ကို အရူးပဲ "

နတ်ဆိုးသခင်ကြီး တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

မှန်ပါသည်... ထိုအချိန်တွင် လောထျန်းက သူ့ ဟင်းလင်းပြင်လက်စွပ်ထဲမှ သိဒ္ဓိဝင်ဆေးပင် ငါးပင်ကို စိတ်လှုပ်ရှားစွာ ထုတ်နေပါ၏။

" ဟင်... လောထျန်း ၊ မင်း ဘာလုပ်မလို့လဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာလည်း သူ့ကိုကြည့်ကာ နားမလည်နိုင် ဖြစ်သွားတော့သည်။

ယခု နတ်ဆိုးသခင်ကြီးက သူ၏ အစွမ်းအထက်ဆုံး အကွက်ကို ထုတ်သုံးနေပြီဖြစ်ရာ လောထျန်းအနေဖြင့် ထွက်ပြေးလျှင်ပြေး ၊ မပြေးလျှင်လည်း ပြန်တိုက်ခိုက်သင့်ပေသည်။

ယခု.. ဘာလုပ်ရန်အတွက် ဆေးပင်များ ထုတ်လိုက်ရပါသနည်း ။

" အားလုံး.. နောက်ဆုတ်ထားကြနော် ။ ဝေးလေ ကောင်းလေပဲ "

ထိုစဥ် လောထျန်းက နောက်တွင်ရှိနေသော သူ့လူများဘက် လှည့်ကြည့်ပြီး ပြောလာ၏။

ထိုလူများမှာ နားမလည်နိုင်ဖြစ်ကာ ခေတ္တမျှ မှင်သက်နေကြသေးသော်လည်း လောထျန်း ပြောသည့်အတိုင်း ခပ်ဝေးဝေးသို့ ဆုတ်သွားလိုက်ကြပါသည်။

" အိုး.. ထင်ထားသလို မင်းက တစ်ယောက်တည်း ရင်ဆိုင်မှာပါလား "

နတ်ဆိုးသခင်ကြီးက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

တဖက်မှ လောထျန်းကလည်း နတ်ဆိုးသခင်ကြီးအား ပြောလာ၏။

" အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေနဲ့ ၊ မင်းရဲ့ မီးဖိုကြီးကို သုံးမှာသာ သုံးစမ်းပါ "

" မင်း... "

ထိုမြင်ကွင်းကြောင့် နတ်ဆိုးသခင်ကြီး၏ မျက်လုံးထဲ ဒေါသငွေ့များ ဖျတ်ခနဲလက်သွားတော့သည်။

တခဏနေပြီးနောက်တွင်မူ သူ ခေါင်းညိတ်၍ ပြောလိုက်၏။

" ကောင်းပြီလေ ၊ မင်းက သေချင်နေမှတော့လဲ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ် "

သူ ပြောပြောဆိုဆိုပင် လက်ဖြင့် အစီအမံများ ​လုပ်လိုက်ရာ ကြေးနီအိုးကြီးအတွင်း နတ်ဘုရားအလင်းတန်းတစ်ခု စုစည်းလာသည်။

" ငါ ဒီကောင်လေးကို အပိုင်းပိုင်းဖြစ်အောင် လုပ်မိသွားလဲ သိပ်ကိစ္စမရှိဘူး ။ သူ့ရဲ့ ခန္ဓာကိုယ်ကို အချိန်မီ သန့်စင်ပြီး ငါ့ရဲ့ တာအိုအစွမ်းနဲ့ ပေါင်းစပ်လိုက်ရင် အရှုပ်အထွေး ခန္ဓာကိုယ် ရသွားမှာပဲ "

နတ်ဆိုးသခင်ကြီး ထိုသို့တွေးကာ ဆုံးဖြတ်ချက် ချလိုက်သည်။

ဝုန်း...

ကြေးနီအိုးကြီးအတွင်းမှ အလွန်သန့်စင်သော အစွမ်းတစ်ခု တိုးထွက်လာ၏။

၎င်းမှာ နှစ်သိန်းပေါင်းများစွာ စုစည်းထားသည့် အစွမ်းပင်..

၎င်းက မူလမသေမျိုးလက်နက်၏ သဘာဝအစွမ်းလည်း ဖြစ်ကာ..

နတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင် ထိပ်တန်းအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ အစွမ်းပြည့် တိုက်ခိုက်မှုလည်း ဖြစ်သည်။

၎င်းကို​ကြည့်ကာ နတ်ဆိုးသခင်ကြီးကိုယ်တိုင်ပင် ကြောက်ရွံ့သွားရပါသည်။

ထိုတိုက်ခိုက်မှုကို မည်သူက တားနိုင်ပါမည်နည်း ။

နတ်ဆိုးသခင်ကြီး လောထျန်းဘက် လှည့်ကြည့်လိုက်သည်။

ထိုစဥ် တဖက်မှ လောထျန်းကမူ လက်ဆန့်၍ သိဒ္ဓိဝင်ဆေးပင်များအား ဖိခြေပြီး သူ့ကိုယ်အတွင်း စုပ်ယူလိုက်ပါ၏။

သူ့ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း ပြောင်းလဲသွားသည်။

" အရူးကောင်... "

နတ်ဆိုးသခင်ကြီးက လှောင်ပြုံးပြုံးကာ လောထျန်း သေသွားသည်နှင့် လှုပ်ရှားရန် အသင့်ပြင်လိုက်သည်။

သို့သော်...

" ကောင်းကင်ဘုံ အသက်ရှုကျင့်စဥ်.. ရှူသွင်း... "

လောထျန်းက တစ်လုံးချင်း ပြောလာ၏။

ဝုန်း...

ထို့နောက်တွင်ကား.. အစောက လောထျန်းအား တိုက်ခိုက်ရန် တိုးဝင်သွားခဲ့သည့် အစွမ်းမှာ ဦးတည်ရာပြောင်းသွားပြီး လောထျန်း၏ ပါးစပ်ထဲသို့ စုပ်ယူခံလိုက်ရသည်။

လောထျန်း စုပ်ယူနေသည့် ပမာဏမှာလည်း အလွန်အားကောင်းလှပါ၏ ။ ကြေးနီအိုးကြီးမှ ထွက်နေသည့် အစွမ်းမှာ ကြောက်မက်ဖွယ် အလွန်ကောင်းနေသည့်တိုင် လောထျန်းအတွက်မူ စုပ်ယူရန် လုံလောက်ဟန်မတူပါ ။

ဝီ...

ကြေးနီအိုးပေါ်၌ နတ်ဘုရားအလင်းတန်း လင်းလက်သွားသည်။

တစ်ခုခု လွဲနေပြီကို နတ်ဆိုးသခင်ကြီး ချက်ချင်း သိလိုက်တော့၏။

" ဘာတွေဖြစ်နေတာလဲ... ငါ့ရဲ့ ကြေးနီအိုးကြီးက ဘာလို့ အစွမ်းတွေ အဲ့လောက်မြန်မြန်ကြီး ဆုံးရှုံးနေတာလဲ "

သူ အလန့်တကြား အော်မိသွားသည်။

တခဏလေးအတွင်းမှာပင် ကြေးနီအိုးကြီး၏ အစွမ်း ဆယ်ပုံတစ်ပုံစာ ကုန်ဆုံးသွားခဲ့လေပြီ ။

၎င်းမှာ သူ နှစ်သိန်းပေါင်းများစွာကြာ စုဆောင်းလာခဲ့သည့် အစွမ်းပင်..

ထို့ထက်ပို ကြောက်စရာကောင်းသည်မှာ ထိုအစွမ်းများ အားလုံးက လောထျန်း၏ စုပ်ယူမှုကို ခံလိုက်ရခြင်း ဖြစ်ပါသည်။

မည်သို့ ဖြစ်နိုင်ပါသနည်း...

သူ စုဆောင်းလာခဲ့သည့်အစွမ်းမှာ မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ်ခန္ဓာကိုယ် ကို ရရန်အတွက် ဖြစ်ပါသည်။

သို့သော်.. သူ တွက်ချက်ထားသည့်အတိုင်း ဆိုပါက.. နောက်ဆုံး သူ အောင်မြင်သွားခဲ့လျှင်ပင် ထိုအစွမ်း၏ 99% မှာ အလဟသ ဖြစ်သွားရမည်သာ ဖြစ်၏။

သူ အမှန်တကယ် သုံးနိုင်မည့်အစွမ်းမှာ 1% ထက် မပိုပါချေ ။

သို့သော် ယခု ရှေ့မှ လောထျန်းအတွက်မှာကား အစွမ်းနည်းနည်းလေးပင် အလကား မဖြစ်သွားပါ။

အကယ်၍သာ ထိုအစွမ်းများ အားလုံးကို သွန်ချလိုက်ပါက ကမ္ဘာငယ်တစ်ခုသည်ပင် ခံနိုင်မည် မဟုတ်လောက်ပေ။

ထိုကောင်လေးက မည်သို့ ခံနိုင်နေပါသနည်း..

ထိုအချိန်မှာပင် ကြေးနီအိုးကြီးက တုန်ခါလာပြီး ၎င်းအပေါ်ရှိ ထွင်းစာများလည်း ပျက်စီးလာကြ၏။

" ဘယ်လိုဖြစ်ပြီး... "

နတ်ဆိုးသခင်ကြီး ထိုအချိန်မှ အသိပြန်ဝင်လာကာ ခေါင်းလှည့်ကြည့်လိုက်သည် ။

သူ ချက်ချင်း ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

အဘယ့်ကြောင့်ဆိုသော် ထိုတခဏ၌ ကြေးနီအိုးကြီး၏ အစွမ်းတစ်ဝက်ကျော်က ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့်ပင် ။

ထို့ထက်ပို အရေးကြီးသည်မှာ ထိုအစွမ်းများကို သူ ထုတ်လွှတ်ခြင်း မရှိခဲ့ပါဘဲ လောထျန်းက အတင်းစုပ်ယူသွားခြင်း ဖြစ်ပါသည်။

စုပ်ယူနေသည့် အမြန်နှုန်းမှာလည်း အလွန်မြန်လှသဖြင့် ကြေးနီအိုးကြီးမှာ ဆက်တောင့်ခံနိုင်ဟန် မရှိတော့ပါ ။

" ဒီ ဘီလူးကောင်.. "

နတ်ဆိုးသခင်ကြီး လွန်စွာ တုန်လှုပ်သွားရတော့သည် ။ ထိုအတိုင်းသာ ဆက်ဖြစ်နေပါက သူ့ကြေးနီအိုးကြီး ပျက်စီးသွားရပေတော့မည် ။

" ရပ်လိုက်စမ်း "

ထို့ကြောင့် သူ ချက်ချင်း လက်ဖြင့် အစီအမံများ ပြုလုပ်၍ ကြေးနီအိုးကြီးကို တားရန် ကြိုးစားလိုက်၏။

သို့သော်.. ထိုအစွမ်းကို သူ မည်သို့ တားနိုင်ပါမည်နည်း...

ဝုန်း...

မဟာတာအိုအစွမ်း ထွင်းစာများ ပြိုကွဲသွားကာ.. နတ်ဆိုးသခင်ကြီး ယိုင်သွားတော့သည်။

" ဟင်... လက် အချုပ်အနှောင်တွေက အလုပ်မဖြစ်ပါလား .. ။ ဒါဆို.. အချုပ်အနှောင်.. "

သူ ဒေါသတကြီး ထပ်အော်လိုက်ပြီး ချက်ချင်း အစီအမံများ ထပ်လုပ်၍ လောထျန်း၏ စုပ်ယူခြင်းမှ ကင်းဝေးအောင် ကြေးနီအိုးကြီးအား ချုပ်နှောင်ရန် ကြိုးစားလိုက်သည်။

သို့သော်..

ဝုန်း ..

သူ့အချုပ်အနှောင်က အပြည့်အဝပင် ပုံမပေါ်သေးမီ ချက်ချင်း ဖျက်ဆီးခံလိုက်ရပါ၏။

သေချာတွေးကြည့်ပြန်လျှင်လည်း ၎င်းက သဘာဝကျပါသည်။ ဤမျှ ကြောက်စရာကောင်းလှသော အစွမ်းကို မည်သို့သော အချုပ်အနှောင်မျိုးက ခံနိုင်ပါမည်နည်း ။

" ဒီမအေ $### သေစမ်းကွာ "

နတ်ဆိုးသခင်ကြီးမှာ အရူးတစ်ယောက်လိုပင် ဖြစ်နေကာ လောထျန်းအား တိုက်ခိုက်လိုက်တော့သည်။

ဝီ...

သူ လှုပ်ရှားလိုက်သည်နှင့် ထောင်ပေါင်းများစွာသော လမ်းစဥ်များ ပေါ်လာကာ တစ်ချက်တည်းဖြင့်ပင် သူ ရာပေါင်းများစွာသော မဟာလမ်းစဥ်များအား စုစည်းပြီးသွားသည်။

၎င်းတို့မှာ ရှေးဟောင်းနတ်ဆိုးမှတ်တမ်းမှ လျှို့ဝှက်နည်းလမ်းအတိုင်း ယဇ်ပူဇော်ခြင်းမှ .. သူ ရလာခဲ့သော အစွမ်းများ ဖြစ်ပါ၏။

၎င်းထဲတွင် သူ စုပ်ယူထားခဲ့သော လူများ၏ အသက်အစွမ်းများ ပါဝင်ရုံမက သိုင်းကျင့်စဥ်များလည်း ပါဝင်ကာ မဟာလမ်းစဥ်များနှင့် ရောယှက်သွားပြီး အသုံးတော်ခံရန် အသင့်ဖြစ်သွားတော့သည်။

သို့သော်...

ဝုန်း..

လောထျန်းနောက်မှ မဟာတာအို စိတ်ဝိဥာဥ်အစစ်က ချက်ချင်း လှုပ်ရှားလာပါ၏။

ဖျတ်ခနဲလက်သွားသော နတ်ဘုရားအလင်းတန်းနှင့်အတူ နတ်ဆိုးသခင်ကြီး၏ သိုင်းကွက်အစွမ်း ချက်ချင်း အားလျော့သွားကာ ဖိနှိပ်ခံလိုက်ရတော့သည်။

ခွပ်....

ထိုအချိန်တွင် ကြေးနီအိုးကြီးပေါ်၌လည်း အက်ရာများ ပေါ်နေလေပြီ ။

" မဖြစ်ဘူး... "

နတ်ဆိုးသခင်ကြီး၏ မျက်လုံးများ နီရဲသွားတော့၏။

သူ့ဘဝ တလျှောက်လုံးတွင် သူကိုယ်တိုင် သန့်စင်ခဲ့သည့် တစ်ခုတည်းသော မသေမျိုးလက်နက်က ဖျက်ဆီးခံရပေတော့မည်... ။

နတ်ဆိုးသခင်ကြီးမှာ တစ်ဘဝလုံး ယခုကဲ့သို့ ကူကယ်ရာမဲ့ တစ်ကြိမ်မှ မခံစားဖူးခဲ့ပါ ။

သူ ပြီးခဲ့သော နှစ်သိန်းပေါင်းများစွာအတွင်း စိတ်ရှည်ရှည်ဖြင့် အစီစဥ်တကျ ပြင်ဆင်လာခဲ့ရပြီး... ယခု လိုချင်သောအရာနှင့် အလွန်နီးကပ်နေခဲ့လေပြီ ။

သို့သော်... ယနေ့ ထိုအရာများအားလုံး ဖျက်ဆီးခံရတော့မည်လား ....

ထိုစဥ်မှာပင် ကြေးနီအိုးကြီးမှ နောက်ဆုံးလက်ကျန်အစွမ်း စုပ်ယူခံလိုက်ရပြီး.... ကြေးနီအိုးကြီး ဆက်မခံနိုင်တော့ဘဲ...

ဝုန်း...

ခပ်အုပ်အုပ် အသံတစ်သံနှင့်အတူ ကြေးနီအိုးကြီး အပိုင်းပိုင်း ပြိုကွဲကာ အပိုင်းအစများ ကြမ်းပြင်တစ်ခုလုံးအနှံ့ ပြန့်ကျဲသွားတော့သည်။

တဖက်တွင်ကား..

ဝီ...

အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ..

လောထျန်းကိုယ်မှ အစွမ်းထက် အရောင်အဝါတစ်ခု ထွက်လာ၏။

ဝုန်း...

ရုတ်တရက်.. ရှေးဟောင်းနတ်ဆိုးကမ္ဘာ တစ်ခုလုံး တုန်ခါလာသည်။

ထိုဖြစ်ရပ်ကြောင့် မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြကာ... အားလုံးက ကောင်းကင်မီးတောက် နတ်ဆိုးချောက်ဘက်သို့ ကြောက်လန့်တကြား လှည့်ကြည့်လိုက်ကြသည်။

ဖြစ်သို့ ဖြစ်ပျက်သွားသည်ကိုလည်း သူတို့ထင်ရာ ခန့်မှန်းပြောဆိုလိုက်ကြ၏။

သို့သော်... ထို ကြောက်မက်ဖွယ် အဖြစ်ကြီးမှာ လူတစ်ယောက်က ကွေ့ရှအဆင့်သို့ ရောက်သွားသောကြောင့် ဖြစ်လာခဲ့သည့် ရလဒ်မှန်း... ရှေးဟောင်းနတ်ဆိုးကမ္ဘာရှိ မည်သူတစ်ဦးတစ်ယောက်ကမှ မခန့်မှန်းနိုင်ကြပါချေ။

All Chapters