ကြောက်မက်ဖွယ် အတွင်းကမ္ဘာ
Vol. 41 Ch. 567
" ဟင်... ဘာလို့ မရှိတော့တာလဲ "
ထိုစဥ်.. ကောင်းကင်ဘုံ အသက်ရှူကျင့်စဥ်ကို ကျင့်ကြံနေဆဲဖြစ်သည့် လောထျန်းမှာ စွမ်းအင်များ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သတိထားမိသွားပြီး အံ့အားသင့်သွား၏။
သူ ခေါင်းမော့ကြည့်လိုက်မှသာ.. နတ်ဆိုးသခင်ကြီးက မြေပြင်တွင် ပုံလျက်သား လဲကျနေပြီး ကြေးနီအိုးကြီးမှာလဲ မြေပြင်တွင် အပိုင်းပိုင်း ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။
" ဘာတွေ ဖြစ်သွားတာလဲ ။ ငါက အခုမှ စတုန်းပဲ ရှိသေးတယ်လေ.. ဘာလို့ ကုန်သွားရတာလဲ ။ မင်းပြောတော့ ဒီအစွမ်းတွေကို နှစ်သိန်းပေါင်းများစွာ စုစည်းထားခဲ့တာဆို ... အဲ့လောက်ပဲလား.. "
လောထျန်းက နတ်ဆိုးသခင်ကြီးအား ဒေါသတကြီး ကြည့်ရင်း မေးလိုက်သည်။
နတ်ဆိုးသခင်ကြီးမှ သူ့စကားကြောင့် အလွန်ဒေါသထွက်သွားပြီး သွေးအန်မလိုပင် ဖြစ်သွားရ၏။
ထိုကောင်လေးက သူ စုဆောင်းထားခဲ့သမျှ အစွမ်းများအားလုံးကို စုပ်ယူသွားပြီး ၊ သူ့ မူလမသေမျိုးလက်နက်ကိုပါ ဖျက်ဆီးခဲ့ပြီးမှ ယခု သူ့ကို အစွမ်းနည်းသည်ဟု ပြန်အပြစ်တင်နေသတဲ့လား ။
" မင်း.... "
နတ်ဆိုးသခင်ကြီး လောထျန်းအား လူသတ်အရိပ်အငွေ့တို့ ပြည့်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
သို့သော်.. ထိုအချိန်မှာပင်..
ဝုန်း..
နတ်ဆိုးသခင်ကြီး၏ ပုံရိပ် ဖျတ်ခနဲ လှုပ်ရှားသွားကာ နေရာမှ ပျောက်ကွယ်သွား၏။
" ဟင်.. ထွက်ပြေးသွားတာလား "
၎င်းကိုကြည့်ရင်း လောထျန်း အံ့အားသင့်သွားရသည်။
နတ်ဆိုးသခင်ကြီး၏ အစောက သူ့ကိုကြည့်ခဲ့သော အကြည့်အရ... ထိုသူက သူ့ကို ပြန်တိုက်ခိုက်လာတော့မည်ဟုသာ လောထျန်း ထင်ခဲ့ပါသည်။
သို့သော် ထိုသူက အမှန်တကယ် ထွက်ပြေးသွားခဲ့သတဲ့လား..
ဝုန်း..
ချက်ချင်းဆိုသလိုပင် လောထျန်း လှုပ်ရှားသွားကာ ကောင်းကင်ဘုံလက်ဝါးသိုင်းကို အသက်သွင်းလိုက်သည်။ ထို့နောက် အချိန်နဲ့လေထုစည်းမျဥ်းအားလုံးကို လျစ်လျူရှုပြီး နတ်ဆိုးသခင်ကြီးအား ဖမ်းဆုပ်လိုက်၏။
" ဒါ... "
နတ်ဆိုးသခင်ကြီးမှာလည်း လောထျန်း လှုပ်ရှားလိုက်သည်နှင့် တစ်စုံတစ်ခုက သူ့အား ချုပ်နှောင်လာသလို ချက်ချင်း ခံစားလိုက်ရကာ ဆက်ပြီး ထွက်မပြေးနိုင်တော့ချေ။
ထိုတခဏ၌ သူ့မျက်လုံးထဲ အေးစက်စက်အလင်းတန်းအချို့ ဖျတ်ခနဲ လက်သွားသည်။
" ကောင်းကင်ဘုံတံခါး.. ဖွင့်စေ "
ဝုန်း...
သူ လေထဲသို့ ချက်ချင်း လက်သီးဖြင့်ထိုးလိုက်ရာ ကောင်းကင်ဘုံ တံခါးဝတစ်ခု ပေါ်လာ၏။
" ဒီကောင်က အပေါ်ကမ္ဘာကို တက်ချင်နေတာ "
ခပ်လှမ်းလှမ်းမှ ထျန်းယွမ်ကမ္ဘာသခင်ကြီးက ၎င်းကို တွေ့သည်နှင့် သဘောပေါက်သွားပြီး လောထျန်းအား သတိပေးလိုက်သည်။
လောထျန်း မျက်မှောင်ကြုံ့သွားကာ ကောင်းကင်ဘုံတံခါးအား မော့ကြည့်လိုက်၏။
" ထွက်ပြေးချင်တယ်ပေါ့လေ.. ဆက်ပြီး စိတ်ကူးယဥ်လိုက်ပါဦး.. "
လောထျန်း ဒေါသတကြီး အော်ပြောပြီး သူ့ အခြားလက်တစ်ဖက်ဖြင့် ကောင်းကင်ဘုံတံခါးဆီ လက်လှမ်းလိုက်သည်။
" သွားမယ် "
နတ်ဆိုးသခင်ကြီးက ထိုတစ်ခွန်းသာ ရေရွတ်ပြီး ကောင်းကင်ဘုံတံခါးဆီသို့ အသည်းအသန် ပြေးသွားလိုက်၏။
ယခုလိုအချိန်မျိုးတွင် ကောင်းကင်ဘုံသို့ တက်သွားခြင်းက သူ့အတွက် ပြဿနာများမည် မှန်သော်လည်း..
လက်ရှိတွင် သူ့အဖို့ အခြားရွေးချယ်စရာလည်း ရှိမနေပါ ။
ကောင်းကင်ဘုံက မည်မျှပင် ပြဿနာများများ ၊ လောထျန်းထက် ဆိုးနိုင်ပါမည်လား... ။
သို့သော်... နတ်ဆိုးသခင်ကြီးမှာ.. သူ အပေါ်ကမ္ဘာသို့ အောင်အောင်မြင်မြင် တက်နိုင်တော့မည်ဟု တွေးလိုက်စဥ်မှာပင်...
ဝုန်း...
ယခုလေးတွင် ပွင့်လာသော ကောင်းကင်ဘုံတံခါးက လောထျန်း၏ လက်ဝါးဖြင့် အရိုက်ခံလိုက်ရပါသည် ။
ထို့နောက်တွင်မူ..
ဝုန်း...
ကောင်းကင်ဘုံတံခါးကြီး ပိတ်သွားတော့၏။
ဘုန်း..
အရှိန်ဖြင့် ပြေးဝင်လာသည့် နတ်ဆိုးသခင်ကြီးမှာလည်း အပေါ်ကမ္ဘာသို့ မတက်လိုက်နိုင်ဘဲ တံခါးနှင့်သာ ပြင်းပြင်းထန်ထန် ရိုက်မိသွားသည် ။ ပြီးနောက်တွင် လောထျန်း၏ လက်ဝါးချက်နှင့်လည်း ဆက်တွေ့သွားပြီး နောက်သို့ လွင့်ထွက်သွားတော့၏။
ခပ်လှမ်းလှမ်းမှနေ၍ ထိုမြင်ကွင်းကို ကြည့်နေကြသော ထျန်းယွမ်ကမ္ဘာသခင်ကြီးနှင့် ကျန်လူများ အံ့သြမှင်သက်ကုန်ကြတော့သည်။
" ဘာတွေ ဖြစ်နေတာလဲ ... ငါ အိမ်မက် မက်နေတာများလားကွာ "
အဝတ်ဖြူ မသေမျိုးဆေးပင် တုန်လှုပ်စွာ ဆိုလိုက်သည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီးကလည်း သူ့မျက်လုံးသူ ပြန်ပွတ်ရင်း ပြော၏။
" လူတွေ ကောင်းကင်ဘုံတံခါးကို အားသုံးပြီးဖွင့်တာ ငါ အများကြီး မြင်ခဲ့ဖူးတယ် ။ ဒါပေမယ့် တံခါးကို အားသုံးပြီး ပိတ်တာတော့ ..... ။ ဒါ.. ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းကို ချိုးဖောက်ရာ မကျဘူးလား "
ရှောက်ကျို့မှာလည်း ထိုမြင်ကွင်းအား တူန်လှုပ်စွာ ကြည့်နေရင်း မည်သို့ပြောရမည်မသိ ဖြစ်နေရှာသည်။
တဖက်မှ လောထျန်းကမူ ဘာမှမထူးခြားဟန်ဖြင့်သာ ရှိနေကာ နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ပြီး နတ်ဆိုးသခင်ကြီးအား ဖမ်းဆုပ်လိုက်သည်။
" မင်း.... "
နတ်ဆိုးသခင်ကြီးမှာ ၎င်းကိုကြည့်ရင်း ဆံပင်မွေးများပင် ထောင်သွားတော့၏။
သူ ထွက်ပြေး၍ပင် မရသော အခြေအနေသို့ ရောက်ရလိမ့်မည်ဟု ထင်မထားခဲ့မိပါ..
သို့ဆိုလျှင် တိုက်ခိုက်ရုံသာ ကျန်ပေတော့သည်။
ဝုန်း...
ထိုတခဏ၌ နတ်ဆိုးသခင်ကြီးး ကိုယ်မှ နတ်ဆိုးအစွမ်းများ ဝုန်းခနဲ ထွက်လာကြ၏။
" ကောင်လေး ၊ ငါနဲ့ အတူ လိုက်သေစမ်း "
သူ လှောင်ပြုံးဖြင့် ပြောလာသည်။
" သူက ... ကိုယ့်ကိုကိုယ် ဖောက်ခွဲပစ်တော့မှာ "
ခပ်လှမ်းလှမ်းမှ ရှောက်ကျို့က လှမ်းအော် သတိပေးလာ၏။
လောထျန်းသည်လည်း တဖက်လူ၏ အပြုအမူကို သတိထားမိသဖြင့် ချက်ချင်း မျက်မှောင်ကြုံ့သွားသည်။
နတ်ဆိုးသခင်ကြီး၏ မိမိကိုယ်ကို ဖောက်ခွဲမှုက သူ့အား ထိခိုက်အောင် ဘာမှလုပ်နိုင်မည် မဟုတ်သော်လည်း..
ဤနေရာ၌ သူတစ်ယောက်တည်း ရှိနေခြင်း မဟုတ်ပါချေ ။
သူ့အနောက်ဘက်တွင် တဖက်လူ၏ တိုက်ခိုက်မှုကို ခံနိုင်မည် မဟုတ်သော ထျန်းယွမ်ကမ္ဘာသခင်ကြီး ၊ ရှောက်ထျန်းလုံလေးနှင့် အခြားသူများ ရှိနေသည် မဟုတ်ပါလား...
နတ်ဆိုးသခင်ကြီးး အစွမ်းမှာလည်း သာမာန် ကမ္ဘာပေါ်မှမသေမျိုးများ မယှဥ်နိုင်လောက်အောင်ပင် အားကောင်းလှပါ၏။
ထိုသို့သော လူတစ်ယောက်ကသာ အစွမ်းကုန်သုံး ဖောက်ခွဲလိုက်ပါက... သူ အားလုံးကို ထိန်းချုပ်နိုင်ပါမည်လား ။
လောထျန်း စိတ်ထဲ မသေချာ ဖြစ်သွားသည်။
" ဟုတ်သားပဲ... အတွင်းကမ္ဘာရှိတယ်.. "
လောထျန်း တွေးမိပြီး အကြံတစ်ခု ရသွား၏။ ထို့နောက် သူ လက်ယမ်းကာ နတ်ဆိုးသခင်ကြီးအား ဖမ်းဆုပ်ပြီး သူ့အတွင်းကမ္ဘာငယ်ထဲ ပစ်ထည့်လိုက်တော့သည်။
ဝှစ်...
သစ်ပင်ပန်းမံများနှင့် ပြည့်နေပြီး ကျယ်ပြောလှသော နေရာတစ်ခုတွင် နတ်ဆိုးသခင်ကြီး ရုတ်တရက် ပေါ်လာသည်။
မရှေးမနှောင်းမှာပင် လောထျန်းလည်း လိုက်ဝင်လာ၏။
" ဒါ .. မင်းရဲ့ အတွင်းကမ္ဘာငယ်လား.. "
နတ်ဆိုးသခင်ကြီးက ဘေးဘီသို့ ဝေ့ကြည့်ရင်း တအံ့တသြ မေးလိုက်သည်။
" ဟုတ်တယ်လေ "
လောထျန်း ခေါင်းညိတ်ပြလိုက်၏။
သူ့စကားကို ကြားသည်နှင့် နတ်ဆိုးသခင်ကြီးက ခေါင်းမော့၍ အရူးတစ်ယောက်သဖွယ် အော်ရယ်လိုက်သည်။
" ဟားဟား.. ကောင်လေး ၊ ငါက မင်းကို မသတ်နိုင်မှာ စိုးရိမ်နေခဲ့တာကွာ ။ အခုလို မင်းဘက်ကစပြီး အသေခံရအောင် လုပ်လာမယ်လို့ ထင်မထားမိဘူး "
နတ်ဆိုးသခင်ကြီးက ရယ်ရင်း ပြန်ပြော၏။
" အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "
လောထျန်း နားမလည်နိုင် ဖြစ်သွားသည်။
နတ်ဆိုးသခင်ကြီး၏ မျက်လုံးများ နီရဲလာကာ သူ့ နတ်ဆိုးအစွမ်းများလည်း ပိုများလာကြသည်။
ထို့နောက် သူ ပြော၏။
" အပြင်ကမ္ဘာမှာသာဆို မင်းရဲ့ မူလအရှုပ်အထွေး ခန္ဓာကိုယ်က ငါ့ရဲ့ ဖောက်ခွဲမှုကို တားရင်တားနိုင်မှာကွ။ ဒါပေမယ့် မင်းက ငါ့ကို မင်းရဲ့အတွင်းကမ္ဘာထဲ ခေါ်လာခဲ့တာကိုး "
" ဘာလို့ အဲ့လိုလုပ်လိုက်တာလဲ ။ မင်းရဲ့ အတွင်းကမ္ဘာငယ်ကရော အရှုပ်အထွေးခန္ဓာကိုယ် မို့လား.. ။ ကောင်လေး ၊ မင်း တော်တော်ပိန်းပါလားကွာ ။ ငါက အခုပဲ မင်းရဲ့ အတွင်းကမ္ဘာငယ်ကို ပြိုကွဲအောင်လုပ်ပြီး မင်းကို ဒီမှာပဲ သတ်တော့မှာကွ ။ မင်းနဲ့ငါ အတူတူ သေကြတာပေါ့ "
နတ်ဆိုးသခင်ကြီးက ထိုသို့ ပြောပြီးသည်နှင့် သူ့ကိုယ်မှ အရောင်အဝါကလည်း ထိပ်ဆုံးထိ ရောက်လာသည်။
ထို့နောက်တွင်ကား..
ဝုန်း...
နတ်ဆိုးသခင်ကြီး သူ့ကိုယ်သူ ဖောက်ခွဲလိုက်တော့၏။
လောထျန်းမှာလည်း တဖက်လူ၏ စကားကြောင့် လန့်သွားကာ ..
" မဖြစ်ဘူး... "
အလန့်တကြား အော်လိုက်သည်။ သို့သော်... သူ နောက်ကျလွန်းသွားခဲ့လေပြီ။
တဖက် ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းလုံးများက လောထျန်းဆီသို့ ချက်ချင်းတိုးဝင်လာ၏။
ထိုရလဒ်ကြောင့် မြေပြင်လည်း ပြိုကွဲသွားတော့သည်။
လောထျန်းရှေ့မှ မြင်ကွင်းမှာ ကမ္ဘာတစ်ခု၏ အဆုံးသတ်လိုပါပင်...
" ဒါ.. တကယ်ကြီး အဆုံးသတ်လား "
လောထျန်းမှာ စွမ်းအင်လှိုင်းလုံးများကြားထဲ စိတ်မသက်မသာ ဖြစ်သွားရ၏။
သို့သော်... အချိန် အတန်ကြာသွားပြီး.. စွမ်းအင်လှိုင်းလုံးများ ပြီးသွားသည်အထိ သူ ဘာမှ ထူးထူးခြားခြား မခံစားလိုက်ရချေ ။
" ဘာ... ဘာတွေ ဖြစ်နေတာလဲ "
လောထျန်း နောက်ဆုံးမှ အသိဝင်လာကာ ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်သည်။
သူ ယခင် ရပ်နေခဲ့သည့် နေရာမှာကား အားလုံးနီးပါး ပျက်စီးသွားခဲ့လေပြီ ။
သို့သော်... သူ မည်သို့မှ မသက်မသာ မခံစားနေရပါ ။
" ဒါ... ဘယ်လိုဖြစ်နိုင်မှာလဲ ။ မင်း.. မသေသေးဘူးလား ။ ဘာလို့ ဒဏ်ရာလေးတောင် ရမနေတာလဲ "
ထိုအချိန်တွင် မလှမ်းမကမ်းမှ စိတ်ဝိဥာဥ်အစွမ်းတစ်ခု ရောက်လာ၏။
လောထျန်း လှည့်ကြည့်လိုက်ရာ နတ်ဆိုးသခင်ကြီး၏ အကြွင်းအကျန် စိတ်ဝိဥာဥ်က လေထဲ မျောလွင့်နေသည်ကို တွေ့လိုက်ရသည်။
ထိုသူသည် နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်အား နှစ်ပေါင်းများစွာကြာ သန့်စင်လာသူဖြစ်ရာ သူ့ကိုယ်သူ ဖောက်ခွဲပစ်ပြီး နောက်တွင်ပင် သူ့စိတ်ဝိဥာဥ် အကြွင်းအကျန် အနည်းငယ် ဆက်ကျန်နေသေးသည်မှာ မထူးဆန်းလှပါချေ ။
သို့သော် ၎င်းကို ကြည့်ရသည်မှာ အချိန်ကြာကြာ ဆက်တောင့်ခံနိုင်မည့်ပုံ မရှိပါ။
" ငါ မင်းကို တစ်ခုမေးချင်လို့ "
လောထျန်းက တဖက်လူအား မျက်မှောင်ကြုံ့ကြည့်ရင်း ပြောလိုက်သည်။
အစောက ထိုလူပြောသွားသည့်စကားမှာ ကြီးကျယ်လွန်းလှသဖြင့် သူ စိတ်ပူသွားခဲ့ရသည် မဟုတ်ပါလား ။
သို့သော် ယခုတွင်မူ.. အဘယ့်ကြောင့် ဘာမှ မဖြစ်ရပါသနည်း ။
တဖက်မှ နတ်ဆိုးသခင်ကြီးကလည်း ဘေးဘီသို့ ဝေ့ကြည့်ပြီး တအံ့တသြ ပြော၏။
" ဒါ... မဖြစ်သင့်ဘူး ။ မင်းရဲ့ အတွင်းကမ္ဘာငယ်က ငါ့ကြောင့် ပေါက်ကွဲသွားတာ သေချာပါတယ် ။ မင်းဘက်က ခုလို တုန့်ပြန်ဖို့ လုံးဝမဖြစ်နိုင်ဘူး "
ထိုစကားကို ကြားသောအခါ လောထျန်း မျက်မှောင်ကြုံ့သွား၏။
" မင်း.. နားလည်မှု လွဲသွားတာထင်တယ် "
" ဘယ်လို... "
နတ်ဆိုးသခင်ကြီးက လောထျန်းအား တအံ့တသြ ကြည့်လိုက်သည်။
လောထျန်းက စကားဆက်၏။
" ငါ့ရဲ့ အတွင်းကမ္ဘာငယ်က အကြီးကြီးပဲ ။ မင်းက အပိုင်းသေးသေးလေး တစ်ခုကိုပဲ ဖောက်ခွဲနိုင်ခဲ့တာ "
" ဘယ်လို.... "
နတ်ဆိုးသခင်ကြီးမှာ လောထျန်းစကားကို မယုံနိုင်ဘဲ တစ်ကိုယ်လုံး တုန်သွားရှာသည်။
ထို့နောက်.. သူ့လက်ကျန် စိတ်ဝိဥာဥ်အစွမ်း အနည်းငယ်ကို ထုတ်၍ လောထျန်း၏ အတွင်းကမ္ဘာငယ်အား စစ်ဆေးကြည့်လိုက်၏။
ထိုအချိန်မှသာလည်း သူလက်ရှိ ရှိနေသည့် နေရာမှာ လောထျန်း၏ အတွင်းကမ္ဘာငယ်ထဲမှ အပိုင်းသေးသေးလေး တစ်ခုသာ ဖြစ်ကြောင်း သိလိုက်ရတော့သည်။
ယခုနေရာလေးမှာ ဒေသကြီးတစ်ခု၏ သေးငယ်သော ထောင့်ပိုင်းလေးတစ်ခုသာ ဖြစ်ပါသည်။
ဤ ဒေသကြီးနှင့် မလှမ်းမကမ်းတွင်လည်း ယခုထက်ပင် ပိုကြီးသည့် ဒေသကြီးများ များစွာ ရှိနေပါသေး၏။
ထိုမျှမက... ကြီးမားလှသော ကြယ်စုံကောင်းကင်ကြီးနှင့် အဆုံးမဲ့သော ပင်လယ်ပြင်ကြီးမှာလည်း.. အဆုံးသတ်ပင် ရှိမနေပါ... ။
သူ ဖောက်ခွဲခဲ့သည့် နေရာလေးမှာ လောထျန်းပိုင်သော အတွင်းကမ္ဘာငယ်၏ အပုံ ကုဋေတစ်ရာပုံ တစ်ပုံထက်ပင် သေးနေပါဦးမည် ။
အစောပိုင်းတွင် သူသည် လောထျန်း၏ အတွင်းကမ္ဘာငယ်အား ဖျက်ဆီးနိုင်ပြီဟု ထင်နေခဲ့သော်လည်း...
ယခု.. ၎င်းက ဟာသတစ်ခုလိုပါပင်.. ။