အသိုက်ကို ဖျက်ဆီးခြင်း
Vol. 41 Ch. 569
ကောင်းကင်မီးတောက် နတ်ဆိုးချောက် တစ်နေရာ၌...
" ငါ ထိန်းထားမယ်.. မင်းတို့တွေ ပြေးကြ "
တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသော ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ လူတစ်ယောက်က အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
သူ့ရှေ့တွင်ကား ဧရာမ ကောင်းကင်မီးတောက် သားရဲကြီးတစ်ကောင်က သူ့အား အေးစက်စက် စိုက်ကြည့်နေ၏။
" ဘာ... ဘာလို့ အဆင့် ၁၀ ကောင်းကင်မီးတောက် သားရဲတစ်ကောင်က ဒီကိုရောက်နေတာလဲ "
ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ အမျိုးသမီးတစ်ယောက်ကလည်း အံကြိတ်၍ ဆိုသည်။
" သခင်ကြီး.. ကျုပ် တိုက်ခိုက်ပြီး ကျန်ခဲ့ပါ့မယ် ။ သခင်ကြီးတို့ ပြေးကြပါ "
လူတစ်ယောက်က မျက်နှာပျက်ပျက်ဖြင့် ပြော၏။
" ပါးစိတ်ပိတ်ပြီး ဒီကနေသာ မြန်မြန် ထွက်သွားစမ်းပါကွာ "
ပထမလူက ဒေါသတကြီး ပြန်အော်လိုက်သည်။
ဝုန်း..
ထိုအချိန်မှာပင် ကောင်းကင်မီးတောက်သားရဲကြီးက မီးတောက်လုံးတစ်ခု မှုတ်ထုတ်လာသဖြင့် အားလုံး တုန်သွားကြ၏။
" အဆင့် ၁၀ ကောင်းကင်မီးတောက် သားရဲက အစွမ်းထက်လွန်းတယ်ကွ ။ ငါ ခဏပဲ တောင့်ခံထားနိုင်မှာ ။ မင်းတို့ ဒီအခွင့်အရေးကို အရယူပြီး လွတ်အောင်ထွက်ပြေးကြ "
လူကြီး၏ မျက်လုံးထဲတွင် နူးညံ့သောအငွေ့အသက်အချို့ ပေါ်လာပြီးနောက် ... သူ သားရဲကြီးဆီသို့ ပြေးဝင်သွားလိုက်သည်။
" အဖေ..... "
အမျိုးသမီး အော်ဟစ်လိုက်၏။
" သွားကြစို့... "
ဘေးမှ တစ်ယောက်က သူမကို အတင်းဆွဲခေါ်ကာ ချောက်အပေါ်ပိုင်းသို့ ဦးတည်သွားရန် ကြိုးစားလိုက်သည်။
သို့သော် ထိုအချိန်မှာပင်..
ဝုန်း...
အစောက တိုက်ခိုက်မည့်ဆဲဆဲ ဖြစ်နေခဲ့သည့် ကောင်းကင်မီးတောက် သားရဲကြီး ရုတ်တရက်.. မျက်ဖြူလန်ပြီး.. ပေါက်ကွဲထွက်သွားတော့၏။
" ဟင်... "
အားလုံး အံ့သြမှင်သက်ကုန်ကြသည်။
ဘာတွေ ဖြစ်နေပါသနည်း ။
ကောင်းကင်မီးတောက် သားရဲကြီးက အဘယ့်ကြောင့် ရုတ်တရက် သေသွားရပါသနည်း ။
အားလုံးက မည်သို့ဖြစ်ပျက်နေသည်ကို နားမလည်နိုင် ဖြစ်နေကြစဥ်မှာပင် ကောင်းကင်မီးတောက် သားရဲကြီး၏ အလောင်းဆီမှ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်လုံးတစ်ခု ထွက်လာပြီး... ချောက်နက်ပိုင်းထဲသို့ ရွေ့လျားသွား၏။
" ဘာ.... ဘာတွေ ဖြစ်သွားခဲ့တာလဲ "
အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြမှင်သက်လျက်...
ထိုစဥ် အမျိုးသမီးက အပေါ်သို့ ရုတ်တရက် မော့ကြည့်ပြီး တအံ့တသြ ပြောလာသည်။
" အပေါ်ကို မော့ကြည့်လိုက်ဦး... "
အားလုံးကလည်း ချက်ချင်း ခေါင်းမော့ကြည့်လိုက်ကြသည်။
ကောင်းကင်မီးတောက် နတ်ဆိုးချောက် အပေါ်ဘက်တွင်ကား... အရွယ်အစားစုံ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်များ ပြွတ်သိပ်စွာ ရှိနေကာ... ၎င်းတို့အားလုံး ချောက်နက်ပိုင်း အောက်ခြေသို့ ဦးတည် ရွေ့လျားနေကြ၏။
" ဒီချောက်မှာ... တစ်ခုခုတော့ ဖြစ်သွားပြီထင်တယ် ။ အားလုံး မြန်မြန်အပေါ်ပြန်တက်ကြဟေ့ "
အားလုံးမှာ မည်သို့ဖြစ်နေသည်ကို မသိကြသော်လည်း အချို့လူများက ချက်ချင်း ထွက်ခွာရန် ပြင်လိုက်ကြသည် ။
သူတို့ရှေ့မှ မြင်ကွင်းက မည်သည့်ရှုထောင့်မှကြည့်ကြည့် ကောင်းသောအရာတစ်ခုနှင့် တူမနေပါချေ...
အခြားတဖက်.. ကောင်းကင်မီးတောက် နတ်ဆိုးချောက် အောက်ခြေ၌...
လောထျန်း ၊ ထျန်းယွမ်ကမ္ဘာသခင်ကြီးနှင့် ကျန်လူများမှာ သူတို့ရှေ့မှ မရေမတွက်နိုင်သော နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် များကို ကြည့်ရင်း အံ့သြမှင်သက်နေကြ၏။
" ဒီ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်တွေနဲ့ဆို စိတ်ဝိဥာဥ်ပညာရှင် သခင်ကြီးတွေ ဘယ်နှယောက်တောင် မွေးထုတ်ပေးနိုင်မလဲ မသိဘူး.. "
ထျန်းယွမ်ကမ္ဘာသခင်ကြီးက အံ့သြတကြီး ဆိုသည်။
ထိုစဥ် ရှောက်ကျို့က လောထျန်းဘက် လှည့်ကြည့်ကာ ပြော၏။
" သခင်လေး လောထျန်း ၊ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်တွေ အားလုံးတော့ ဒီကို ရောက်နေကြပြီ ။ ဘယ်နားမှာ သိမ်းလိုက်ရမလဲ "
လောထျန်းက နှစ်ကြိမ်ပင် စဥ်းစားမနေဘဲ ပြန်ဖြေ၏။
" ကျုပ်ရဲ့ အတွင်းကမ္ဘာငယ်ထဲပဲ ထည့်ထားလိုက်ပါ "
သူ ထိုသို့ပြောပြီးသည်နှင့် လက်ယမ်း၍ အတွင်းကမ္ဘာငယ် ဝင်ပေါက်အား ဖွင့်ပေးလိုက်သည်။
ထို့နောက် ရှောက်ကျို့က လက်ဖြင့် အစီအမံများ လုပ်လိုက်ရာ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်များ အားလုံး အလိုအလျောက် ပျံသန်း၍ လောထျန်း၏ အတွင်းကမ္ဘာငယ်ထဲ ဝင်သွားကြ၏။
အားလုံး ပြီးသွားပြီးနောက်... လောထျန်းက ရှောက်ကျို့ဘက် တစ်ချက်လှည့်ကြည့်ပြီး ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်သည်။ ထို့နောက် ၎င်းပေါ်တွင် သူ့စိတ်ဝိဥာဥ်အစွမ်းကို သုံး၍ ကောင်းကင်ဘုံ ဓားသိုင်းကွက်အချို့ ရေးလိုက်ပြီး သူမထံ ပစ်ပေးလိုက်၏။
" ရှောက်ကျို့ ၊ ဒါ ကျုပ် အစောက ပေးမယ်လို့ ကတိပေးထားခဲ့တဲ့ ဓားသိုင်းကွက်တွေပဲ ။ မင်း ကျုပ်ရဲ့ အတွင်းကမ္ဘာငယ်ထဲကို ဝင်ပြီး အရင်ကျင့်ကြံနေသင့်တယ် ။ တစ်ခုခု နားမလည်တာ ရှိရင်လဲ အချိန်မရွေး မေးပါ "
လောထျန်း ပြောလိုက်သည်။
ရှောက်ကျို့မှာလည်း ကျောက်စိမ်းပြား လက်ထဲရောက်လာသည်နှင့် တစ်ကိုယ်လုံး တုန်သွားရှာ၏။
အစပိုင်းတွင်... လောထျန်းက သူမတို့ သဘောတူထားသည့် အချိန်ပြည့်ခါနီးမှသာ ဓားသိုင်းကွက်များကို သင်ပေးလိမ့်မည်ဟု သူမ ထင်ထားခဲ့ပါသည်။
ယခုတွင်ကား... သူမ အခြားသူများအပေါ် မိမိစိတ်နှင့် နှိုင်းပြီး အကဲဖြတ်မိခဲ့ဟန်ပင် ။
ထို့ကြောင့်လည်း သူမစိတ်ထဲ အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရ၏။
" စိတ်မပူပါနဲ့ သခင်လေးလောထျန်း ၊ ကျွန်မရဲ့ ဓားကျင့်ကြံခြင်းက နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် ဖန်တီးတာကို မနှောင့်နှေးစေရပါဘူး "
သူမ အလေးနက် ဆိုလိုက်သည်။
လောထျန်းမှာ သူမ၏ တုန့်ပြန်ပုံကြောင့် အလွန် ကျေနပ်သွားဟန်ပင်။
ထို့နောက်တွင် ရှောက်ကျို့နှင့် အဝတ်ဖြူ မသေမျိုးဆေးပင်တို့အား သူ့ အတွင်းကမ္ဘာငယ်ထဲ စေလွှတ်၍ ထိုနေရာ၌ ယာယီ နေခိုင်းထားလိုက်၏။
အားလုံး ပြီးသွားပြီးနောက်တွင်ကား... လောထျန်းတစ်ယောက် ပျက်စီးနေသော နတ်ဆိုးနန်းတော်ကို ကြည့်ရင်း သက်ပြင်းချမိလိုက်သည်။
" ဟင်... ဘာဖြစ်လို့လဲ ၊ စိတ်တိုင်းမကျတာ တစ်ခုခု ရှိလို့လား "
ထျန်းယွမ်ကမ္ဘာသခင်ကြီးက လောထျန်းကို ကြည့်ရင်း စိတ်ဝင်တစား မေးလိုက်၏။
လောထျန်း ခေါင်းညိတ်ပြ ရှာသည်။
" နှမျောစရာ ကောင်းလို့ပါဗျာ ။ ဒီတစ်ခေါက် ပျောင်ပိုင်မြို့က လူတွေကို ကျုပ်နဲ့အတူ မခေါ်လာခဲ့လိုက်ရဘူး ။ သူတို့သာ ပါလာရင် ခုလို အုတ်ကျိုး အုတ်ပဲ့တွေ အများကြီး ကျန်ရမှာမဟုတ်ဘူးဗျ "
လောထျန်းမှာ အမှန်တကယ်လည်း သူ့ ဖျက်ဆီးရေး အဖွဲ့ဝင်များကို အတူ မခေါ်လာနိုင်ခဲ့သည့်အတွက် အလွန် စိတ်မကောင်း ဖြစ်နေပါ၏။
သို့တိုင် ဤခရီးတွင် သူရခဲ့သော ပမာဏ များသည်ဟု ပြောရပေမည်။
" သွားကြစို့ဗျာ.. "
ထို့နောက်တွင်ကား လောထျန်းနှင့် ထျန်းယွမ်ကမ္ဘာသခင်ကြီးတို့ နှစ်ယောက်သား ကောင်းကင်မီးတောက် နတ်ဆိုးချောက်မှ ထွက်လာခဲ့လိုက်ကြသည်။
ဤတစ်ကြိမ်တွင် သူ မြန်နှုန်းအပြည့်ဖြင့် ပြေးလိုက်ပြီး သူ့အမြန်နှုန်းမှာလည်း ယခင်ထက် များစွာ တိုးလာခဲ့သဖြင့်..
မကြာမီမှာပင် သူ ချောက်အပေါ်ဘက်သို့ ပြန်ရောက်သွားတော့သည်။
သူရောက်ပြီး မကြာခင်မှာပင်..
ဝုန်း...
ခပ်လှမ်းလှမ်း၌ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ပေါ်လာပြီး ကောင်းကင်မီးတောက် နတ်ဆိုးချောက်ဆီသို့ စူးရှရှ မျက်လုံးများဖြင့် ကြည့်လာ၏။
ဝုန်း...
ထိုတခဏမှာပင် လေထုလည်း ပြိုကွဲသွားကာ တောင်ဝှေးတစ်ချောင်းနှင့် အဘိုးအိုတစ်ယောက် ပေါ်လာပြန်သည်။
" ဟင်.. သခင်ကြီး ပိုင်ယဲ့ပါလား ၊ သခင်ကြီးက ကျုပ်ထက် ခြေတစ်လှမ်း ပိုမြန်နေတာပဲ "
အဘိုးအိုက ပထမရောက်နေသူကို ကြည့်ရင်း အပြုံးဖြင့် ဆိုလိုက်သည်။
နတ်ဆိုးသခင်ကြီး ပိုင်ယဲ့က တဖက်လူအား လှည့်ကြည့်ရင်း ပြန်ပြော၏။
" မိုစန် ၊ မင်းက ဘာလို့ ဒီရောက်နေတာလဲ "
မိုစန်က နှုတ်ခမ်းတွန့်ရုံပြုံး၍ ပြောသည်။
" ကျုပ်လဲ သခင်ကြီးလိုပေါ့ဗျာ ၊ ဒီက နတ်ဆိုးသခင်ကြီးကို အရိုအသေပေးဖို့အတွက် လာခဲ့တာပါ "
နတ်ဆိုးသခင်ကြီး ပိုင်ယဲ့ မျက်မှောင်ကြုံ့သွားပြီး ပြန်မေးလာ၏။
" မင်း ဘာတွေ သိထားလဲ "
မိုစန်က ပြန်ပြောသည်။
" ဟိုးရှေးခေတ်ကတည်းက ဒီကောင်းကင်မီးတောက် နတ်ဆိုးချောက်ရဲ့ သခင်ကြီးက အဲ့ခေတ်က နတ်ဆိုးသခင်ကြီးတစ်ယောက် ဆိုတဲ့ ကောလဟာလတွေ ထွက်ထားသေးတယ်လေဗျာ ။ အဲ့ နတ်ဆိုးသခင်ကြီးက အကြောင်းတချို့ကြောင့် အိပ်နေခဲ့တာတဲ့ "
" ပြီးတော့.. သိပ်မကြာခင်က နတ်ဆိုးချောက် အောက်ထဲကနေ ကြောက်စရာ အရောင်အဝါတစ်ခု ထွက်လာတာ သခင်ကြီးလဲ ခံစားမိလိုက်တယ် မဟုတ်လား ။ ကျုပ်ထင်တာ မှန်ရင်.. အဲ့နတ်ဆိုးသခင်ကြီးက သူ့ နတ်ဆိုးအစွမ်းရဲ့ ထိပ်ဆုံးကို ရောက်သွားပြီနဲ့တူတယ် ။ အဲ့တော့ ကျုပ်လို အငယ်တစ်ယောက်အနေနဲ့ လာလည်ရတာပေါ့ဗျာ "
နတ်ဆိုးသခင်ကြီး ပိုင်ယဲ့က နှုတ်ခမ်းကွေးသွားအောင် ပြုံးကာ ပြန်ပြော၏။
" လာလည်တယ်.. ဟုတ်လား ၊ လေလံရုံး တစ်ခုခုကိုသွားပြီး အကိုကြီးအသစ် သွားမရှာဘူးလား.. "
မိုစန်က အပြုံးဖြင့် ပြန်ပြောသည်။
" သခင်ကြီး ဘာပြောပြော အရေးမကြီးပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် ၊ နတ်ဆိုးသခင်ကြီး နိုးလာပြီ ဆိုတာနဲ့ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ ဖွဲ့စည်းပုံလည်း ပြောင်းလဲသွားတော့မှာလေ ။ အဲ့တော့ ကျုပ်က လွတ်လမ်းကို စောစောကြိုပြီး ရှာထားချင်ရုံပါ ။ လက်ရှိမှာ ကမ္ဘာသခင်ကြီးက ကျုပ်ကို သိပ်မကြည်ဘူး မဟုတ်လား.. "
နတ်ဆိုးသခင်ကြီး ပိုင်ယဲ့က တည်တည်ငြိမ်ငြိမ် ပြန်ပြော၏။
" မင်းက တော်တော်တော့ ရိုးသားတာပဲကွ "
မိုစန့်က ၎င်းကို မည်သို့မှ မှတ်ချက်ပြန်မပေးဘဲ မေးလိုက်သည် ။
" သခင်ကြီးရော ဘာလို့လာခဲ့တာလဲ "
နတ်ဆိုးသခင်ကြီး ပိုင်ယဲ့က ချက်ချင်း ခေါင်းမော့ပြီး မျက်နှာထားတင်းတင်းဖြင့် ပြော၏။
" ငါက မင်းလို မဟုတ်ဘူးကွ ။ ငါ့ရဲ့ ဘိုးဘေးတွေက ဟိုးအရင်တည်းက နတ်ဆိုးသခင်ကြီးရဲ့ လက်အောက်က... အဲ့တော့ ငါ့အနေနဲ့ သူ့လက်အောက်ကို ဝင်တာ သဘာဝကျတယ် "
မိုစန်မှာ ခေတ္တမျှ မှင်သက်နေပြီးမှ ရုတ်တရက် ထရယ်လိုက်သည်။
" ထင်ထားသလို... သခင်ကြီးက ကျုပ်ထက်တောင် ပိုအရှက်မဲ့တာပဲ ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ.. ကျုပ်တို့နှစ်ယောက်လုံး အကြံတူနေမှတော့.. ကျုပ်တို့တွေ နတ်ဆိုးသခင်ကြီးဆီ အတူတူသွားလိုက်ကြတာ မကောင်းဘူးလား "
" သွားကြတာပေါ့ "
သူတို့နှစ်ယောက် ထိသို့ပြောကာ ကောင်းကင်မီးတောက် နတ်ဆိုးချောက်ထဲသို့ တစ်ပြိုင်နက်တည်း ဝင်သွားလိုက်ကြသည်။
လောထျန်းမှာ ပျောက်ကွယ်သွားသည့် ထိုနှစ်ယောက်ကိုကြည့်ရင်း ခေါင်းကုတ်လိုက်ရ၏။
" နတ်ဆိုးသခင်ကြီးရဲ့ ခန္ဓာကိုယ်သာ မရှိတော့တာကို သိသွားရင် ဒီလူတွေ ဘယ်လိုဖြစ်သွားမယ်ထင်လဲ "
သူ မေးလိုက်သည်။
" အင်း... တော်တော်တော့ စိတ်ပျက်သွားကြမှာပေါ့ ။ နတ်ဆိုးသခင်ကြီးက သေသွားတဲ့အပြင်ကို... သူ ပိုင်သမျှကလဲ မင်းလက်ထဲ ရောက်နေပြီမဟုတ်လား "
ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြန်ပြော၏။
လောထျန်း အနည်းငယ် အိုးတို့အမ်းတမ်းဖြစ်သွားကာ ချက်ချင်း စကားလမ်းလွှဲလိုက်သည်။
" ဒါဆို.. အခု ကျုပ်တို့တွေ ဘယ်ဆက်သွားကြမလဲ "
ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာလည်း ထိုကိစ္စကို ဆက်ပြောမနေလဲ လောထျန်း၏ မေးခွန်းကိုသာ အလေးနက်စဥ်းစား၍ ပြန်ပြောလိုက်၏။
" ကောင်းကင်ဘုံ နတ်ဆိုးဂူ ဖွင့်ဖို့က အချိန်လိုသေးတယ်ကွ ။ ငါတို့ ဒီကြားထဲ ရတဲ့အချိန်ကို ကောင်းကောင်းကြီး အသုံးချရမယ်။ ဒီတော့... ရှေးဟောင်းနတ်ဆိုးကမ္ဘာထဲက တခြား ရတနာနယ်မြေ သုံးခုကို သွားကြည့်ဖို့ အကြံပေးချင်တယ် "
" အဆင်ပြေလို့ အဲ့က ရတနာတွေကို ယူသွားနိုင်ရင် အကောင်းဆုံးပေါ့ကွာ "