← Chapters

အမှိုက် မဟုတ်ဘူးကွ ၊ ဒါ ကောင်းကင်ဘုံဆန့်ကျင် ရတနာတစ်ခု

Vol. 41 Ch. 570

အမှိုက် မဟုတ်ဘူးကွ ၊ ဒါ ကောင်းကင်ဘုံဆန့်ကျင် ရတနာတစ်ခု

Vol. 41 Ch. 570

ရက်အနည်းငယ် ကြာပြီးနောက်.. ရှေးဟောင်းနတ်ဆိုးကမ္ဘာ ၊ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူ၌ ....

" ဒီနေရာက ရှေးဟောင်းနတ်ဆိုးကမ္ဘာ မှာရှိတဲ့ ရတနာနယ်မြေ ငါးခုထဲက နောက်ဆုံးကျန်တဲ့နေရာပဲကွ.. ကောင်းကင်ဘုံနတ်ဆိုးဂူက လွဲလို့ပေါ့လေ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက လောထျန်းအား ပြောလိုက်သည်။

လောထျန်း ခေါင်းညိတ်လိုက်၏။

" ဒီ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူက ဘာအတွက် သုံးတာလဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြန်ပြောသည်။

" ဒီနေရာက ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ အမွေအနှစ်တွေကို လက်ဆင့်ကမ်းပေးတဲ့ နေရာတစ်ခုနဲ့ တူတယ်ကွ ။ ဒါပေမယ့် ဘယ်လိုအမွေအနှစ်မျိုးလဲ ဆိုတာတော့ ငါလဲ သေချာမသိဘူး "

လောထျန်း ခဏတာမျှ စဥ်းစားနေပြီးမှ ခေါင်းညိတ်၍ ​ပြောလိုက်၏။

" ဒါဆို သွားကြည့်ကြတာပေါ့ဗျာ ။ ဒီ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူက ကျုပ်ကို စိတ်မပျက်စေဘူးလို့တော့ မျှော်လင့်ရတာပဲ "

သူ ပြောပြီး လက်ကို ဆန့်ထုတ်လိုက်ရာ.. သူ့လက်ထဲတွင် မှော်ဓားတစ်လက် ပေါ်လာသည်။

" ဟို နတ်ဆိုးဓားကမ္ဘာမှာတုန်းကဆို ဒီဓားလေးတစ်လက်ပဲ ရခဲ့တာ "

ထို့နောက် သူ စိတ်ပျက်လက်ပျက်ဟန်ဖြင့် ခေါင်းယမ်းပြီး အခြားလက်တစ်ဖက်ကို ဆန့်၍ ဆေးပုလင်း ခြောက်လုံးကို ထုတ်လိုက်ပြန်၏။

" ကျဆုံးနတ်ဘုရားတောင်ထိပ်ကနေလဲ ဒါလေးပဲ ရခဲ့တာ ။ ဒါ ဘာမှန်းမသိပေမယ့် အဲ့လောက်နည်းနည်းလေးနဲ့ ကျုပ်က ဘာလုပ်ရမှာလဲဗျာ "

သူ ထိုသို့ပြောပြီးနောက် အားလုံးကို ပြန်သိမ်းကာ ခေါင်းယမ်းလိုက်ပြန်သည်။

" အင်း... တော်တော် ဆိုးတာပဲ "

ဘေးမှ ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာလည်း အနည်းငယ် ရှက်သလို ဖြစ်နေပြီး မည်သို့ ပြန်ပြောရမည်မသိ ဖြစ်နေ၏။

ထိုအချိန်တွင် လောထျန်းမှာ နတ်ဆိုးတစ်သောင်းဂူ ရှေ့သို့ပင် ရောက်နေလေပြီ ။

ထိုစဥ်တွင် နတ်ဆိုးတစ်သောင်းဂူထဲ၌ လူများဖြင့် ပြည့်နေကာ လူအုပ်၏ အဆုံးသတ်ကိုပင် မမြင်ရပါချေ။

ထိုနေရာတစ်ခုလုံးတွင်လည်း အရွယ်အစားစုံ ဂူများ နေရာအနှံ့ ပြန့်ကျဲနေပြီး ဂူများ အားလုံးနီးပါး၏ ရှေ့တွင်လည်း အရိုအသေပေးနေကြသူများ ရှိနေသည်။

" ဒါ.... "

လောထျန်းမှာ ထိုမြင်ကွင်းကိုကြည့်ကာ နားမလည်နိုင် ဖြစ်သွားတော့သည်။

သို့သော် ထိုစဥ်မှာပင်..

" သခင်လေး လောထျန်း... "

လောထျန်းနောက်မှ အမျိုးသမီးသံ တစ်သံ ထွက်လာ၏။

" ဟင်.... "

လောထျန်း အံ့အားသင့်သွားရတော့သည်။ ဤ ရှေးဟောင်းနတ်ဆိုးကမ္ဘာတွင် သူ့မိတ်ဆွေ ရှိပါရဲ့လား..

သူ နောက်လှည့်ကြည့်လိုက်သည့် အချိန်တွင်မူ ရင်းနှီးသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။

" ပိုင်စီလား... "

လောထျန်း တွန့်ဆုတ်စွာ မေးလိုက်၏။

တဖက်လူ၏ မျက်နှာ ချက်ချင်းဝင်းပသွားပြီး ပြောလာသည်။

" သခင်လေးက ကျွန်မနာမည်ကို မှတ်မိသေးတယ်ပေါ့ ။ ဝမ်းသာလိုက်တာရှင် "

တဖက်လူမှာ လောထျန်းနှငိ့ ကောင်းကင်မီးတောက် နတ်ဆိုးချောက်၌ တွေ့ခဲ့သော ပိုင်စီပါပင်...

" မင်းက ဒီ နတ်ဆိုးတစ်သောင်းဂူကို ဘာလို့ရောက်နေတာလဲ "

လောထျန်း သူမကိုကြည့်ကာ တအံ့တသြ မေးလိုက်သည်။

ပိုင်စီက သက်ပြင်းချ၍ ပြန်ဖြေ၏။

" အဲ့ကိစ္စကတော့ ပြောမနေပါနဲ့တော့ရှင် ။ ဟို ကောင်းကင်မီးတောက် နတ်ဆိုးချောက်မှာ ဘာတွေဖြစ်သွားမှန်း မသိဘဲ သားရဲတွေအားလုံး ရုတ်တရက်ကြီး ပျောက်သွားကြတာ "

" ကောင်းကင်မီးတောက် သားရဲတွေမရှိတော့ဘူးဆိုတော့ တခြားအရင်းမြစ်တွေနဲ့ လဲလှယ်ဖို့ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကိုလဲ ဖမ်းလို့ မရတော့ဘူးလေ ။ ဒီတော့ အဲ့မှာဆက်နေလဲ အပိုပဲ ဖြစ်သွားတာပေါ့ ။ အဲ့ဒါကြောင့် ကျွန်မက ဒီနတ်ဆိုးတစ်သောင်း သချ်ိုင်းဂူမှာ အခွင့်ကောင်းလေးများ ရနိုင်မလား ကံစမ်းချင်လို့ လာခဲ့တာ "

တဖက်လူ၏ စကားကြောင့် လောထျန်း အိုးတို့အမ်းတမ်း ပြုံးလိုက်ရသည်။

သူက ထိုနေရာရှိ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်များ အားလုံးကို ယူခဲ့ပြီး နတ်ဆိုးသခင်ကြီးကလည်း သူ့ကိုယ်သူ ဖောက်ခွဲသွားခဲ့ပြီ မဟုတ်ပါလား ။

သို့ဖြစ်ရာ ထိုနေရာ၌ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် မရှိနိုင်တော့ပါချေ။

" ဒါနဲ့ သခင်လေး လောထျန်းကရော ဒီ နတ်ဆိုးတစ်သောင်းသချ်ိုင်းဂူကို ဘာလို့ လာခဲ့တာလဲ "

ပိုင်စီ မေးလိုက်သည်။

လောထျန်း အိုးတို့အမ်းတမ်း အပြုံးဖြင့် ပြန်ဖြေလိုက်၏။

" ဘာကြောင့်မှ မဟုတ်ပါဘူးဗျာ ။ ကျုပ်လဲ ခင်ဗျားလိုပဲ ကျင့်ကြံခြင်းအတွက် အရင်းအမြစ်တွေ စုဆောင်းချင်လို့ ဒီရက်ပိုင်း ရတနာနယ်မြေတွေဆီ လျှောက်သွား​နေတာ "

ပိုင်စီ၏ မျက်လုံးများ အရောင်လက်သွားကာ ထပ်မေးလာသည်။

" သခင်လေး ဘာတွေရခဲ့လဲ "

လောထျန်းသည် အလွန်အစွမ်းထက်မှန်း သူမ သိထားရာ သူ့အစွမ်းဖြင့် မည်သို့သော ရတနာမျိုး ရခဲ့မှန်း သူမ အလွန် သိချင်နေပါ၏။

လောထျန်းက ထိုမေးခွန်းကို ကြားသည်နှင့် ချက်ချင်းခေါင်းယမ်း၍ ပြန်ပြောသည်။

" အဲ့အကြောင်း ပြောတာနဲ့ကို ဒေါသထွက်လွန်းလို့ပါဗျာ ။ ကျုပ်မှာတော့ ရက်ပေါင်းများစွာ ခရီးတွေသွားပြီး လျှို့ဝှက်ဒေသတွေ အများကြီးဆီ သွားခဲ့ရတာ ။ ဒါပေမယ့် နောက်ဆုံးတော့ .. ဘာမဟုတ်တဲ့ အမှိုက်တွေပဲ ရခဲ့တယ် "

ထိုသို့ ပြောနေစဥ်တွင်လည်း သူ့မျက်နှာပေါ်၌ ဒေါသငွေ့များ အထင်းသား ပေါ်နေသည်။

ပိုင်စီက အပြုံးဖြင့် ပြန်နှစ်သိမ့်လိုက်၏။

" တကယ့် ပစ္စည်းကောင်းတွေကို ရဖို့က အင်မတန်ခဲယဥ်းတယ်လေ ။ အဲ့တော့.. ရှာမတွေ့တာကို ဒေါသမထွက်ပါနဲ့ "

သူမ ခဏရပ်လိုက်ပြီးမှ စကားဆက်သည်။

" ဒါနဲ့.. ကောင်းကင်မီးတောက် နတ်ဆိုးချောက်ကိစ္စ အပြင်ကို... ဒီ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ တခြားရတနာနယ်မြေကြီး နှစ်ခုနဲ့ ပတ်သက်ပြီးတော့လဲ သတင်းထူးတွေ ရှိသေးတယ် ။ သခင်လေး ကြားပြီးပြီလား "

လောထျန်း စိတ်ဝင်တစား ပြန်မေးလိုက်၏။

" ဘာသတင်းလဲဗျ.. "

ပိုင်စီက တီးတိုးပြန်ပြောသည်။

" တစ်ခုကတော့ နတ်ဆိုးဓားကမ္ဘာနဲ့ ပတ်သက်တဲ့ သတင်းပဲရှင့် ။ ကျွန်မကြားတာတော့ လူတစ်ယောက်က အဲ့နတ်ဆိုးဓားကမ္ဘာရဲ့ အစွန်ဆုံးကို ရောက်သွားပြီးတော့ အဲ့က အဖိုးအတန်ဆုံး ရတနာ၊ တားမြစ်မှော်လက်နက် တစ်ခုဖြစ်တဲ့ .. ထာဝရနတ်ဆိုးဓားကို ယူသွားခဲ့တယ်တဲ့ "

ကြားလိုက်ရသည့် စကားကြောင့် လောထျန်း

မျက်နှာသေကြီး ဖြစ်သွားသည်။

" ထာဝရနတ်ဆိုးဓား.. ဟုတ်လား "

ပိုင်စီက ခေါင်းညိတ်၍ ပြန်ပြော၏။

" ဟုတ်တယ်ရှင့် ။ အဲ့ဒါ ဒီ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ အစွမ်းအထက်ဆုံး မှော်လက်နက်တစ်ခုပဲလေ ။ အဲ့ဓားကို လိုချင်နေကြတဲ့ အစွမ်းထက် ကျင့်ကြံသူတွေမရေမတွက်နိုင်အောင်ကို ရှိတယ် "

" ဒါပေမယ့် ဒီလောက်နှစ်တွေ ကြာခဲ့တာတောင် ဘယ်သူမှ မအောင်မြင်ခဲ့ကြဘူး ။ အပေါ်ကမ္ဘာက အစွမ်းထက် ကျင့်ကြံသူတွေတောင် ဒီဓားကို ယူဖို့ကြိုးစားခဲ့ကြသေးပေမယ့် မအောင်မြင်ခဲ့ကြပါဘူးရှင် ။ ဒီတစ်ခေါက် ဓားကို ရသွားတဲ့သူက ဘယ်သူလဲ သိချင်လိုက်တာ "

ထိုစကားကို ကြားပြီးနောက် လောထျန်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြန်မေးလိုက်သည်။

" အဲ့ ထာဝရနတ်ဆိုးဓားက ဘယ်လိုပုံစံမျိုး ရှိလဲ "

ပိုင်စီ ပြန်ပြော၏။

" ခဏလေး... "

သူမ ပြောပြောဆိုဆိုပင် ဟင်းလင်းပြင်လက်စွပ်ထဲသို့ ရှာဖွေလိုက်သည်။

အချိန်အတန်ငယ် ကြာပြီးနောက်တွင်မူ သူမ စာအုပ်တစ်အုပ် ထုတ်လာပြီး.. စာမျက်နှာအနည်းငယ်ကို လှန်လှောကာ.. ဝမ်းသာစွာ ဆိုလိုက်သည်။

" တွေ့ပြီ... ဒီမှာကြည့် ။ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ နတ်ဆိုးလက်နက်စာရင်းထဲမှာ ဒုတိယနေရာ ရထားတာ အဲ့ဒီ ထာဝရနတ်ဆိုးဓားပဲလေ ။ အဲ့ဓားက အင်မတန်အစွမ်းထက်တဲ့ ပြိုင်ဘက်ကင်း လက်နက်တစ်ခုပဲရှင့် ။ သူ့ထက် သာတာဆိုလို့ အစောင့်အကြပ် နတ်ဆိုးလက်နက်ပဲ ရှိတော့တယ် "

လောထျန်းမှာ စာအုပ်ကို ကြည့်ရင်း မျက်လုံး ပြူးသွားရတော့၏။

စာအုပ်ထဲမှ ထာဝရနတ်ဆိုးဓား၏ ပုံက သူ အမှိုက်ဟု ရည်ညွှန်းခဲ့သည့် ဓားနှင့် တစ်ပုံစံတည်းပင်...

" ငါ... အထင်မှားသွားတာနဲ့ တူတယ် "

လောထျန်း တွေးလိုက်သည်။

ထိုအချိန်တွင် ပိုင်စီက စာအုပ်ကိုသိမ်းပြီး စကားဆက်၏။

" နောက် ဒုတိယသတင်းက ပိုတောင် အံ့သြစရာကောင်းသေးတယ် "

လောထျန်းမှာလည်း ထိုစကားကိုကြားမှ အသိပြန်ဝင်လာပြီး မေးလိုက်သည်။

" ဘာသတင်းမို့လို့လဲ "

ပိုင်စီက အရောင်လက်နေသော မျက်လုံးများဖြင့် ပြန်ပြော၏။

" ကျွန်မပြောရင် ရှင် ယုံချင်မှယုံမှာ ။ နောက်သတင်းက ကျဆုံးနတ်ဘုရားတောင်ထိပ် ရဲ့ သတင်းပဲ "

" သတင်းကြားတာတော့ အဲ့ ကျဆုံးနတ်ဘုရားတောင်ထိပ်ရဲ့ အဖိုးအတန်ဆုံး ရတနာဖြစ်တဲ့ မူလနတ်ဆိုးဆေးရည်က လုံးဝ ပြောင်သွားပြီတဲ့ .. "

" အဲ့ မူလနတ်ဆိုးဆေးရည်ရဲ့ တစ်စက်လေးကို သန့်စင်လိုက်ရင်တောင် အဲ့လူရဲ့ နတ်ဆိုးခန္ဓာကိုယ်ကို အဆင့်တစ်ဆင့် တိုးသွားစေနိုင်တယ်လေ ။ အရင်က အဲ့ ကျဆုံးနတ်ဘုရားတောင်ထိပ်ကို သွားခဲ့တဲ့ ကမ္ဘာသခင်ကြီးတောင်မှ မူလမသေမျိုးဆေးရည် ငါးစက်ပဲ ယူနိုင်ခဲ့တာ "

" ဒါပေမယ့်.. အခုတော့ အစွမ်းထက်ပြီး ထူးဆန်းတဲ့ လူတစ်ယောက်က မူလနတ်ဆိုးဆေးရည်တွေ အားလုံးကို ယူသွားခဲ့တယ်တဲ့ ။ တစ်ယောက်က တွက်ပြတာတော့ အဲ့လူယူသွားတဲ့ မူလနဆ်ဆိုးဆေးရည်တွေက အနည်းဆုံးဆိုရင်တောင် ပုလင်း ခြောက်ပုလင်းစာလောက် ရှိတယ်တဲ့ ။ အဲ့လောက်နဲ့ဆို ရှေးဟောင်းနတ်ဆိုးကမ္ဘာက လူတွေအများကြီးကို အစွမ်းထက်လာအောင် လုပ်ဖို့တောင် လုံလောက်နေပြီ "

ပိုင်စီက ထိုသို့ပြောရင်း မနာလိုအားကျ ဖြစ်နေဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။

ဘေးမှ နားထောင်နေသည့် လောထျန်းမှာလည်း တစ်စုံတစ်ခု လွဲနေပြီမှန်း ခံစားမိလိုက်တော့၏။

" ခြောက်ပုလင်း.. ဟုတ်လား.. ။ အဲ့ မူလနတ်ဆိုးဆေးရည်တွေက ဘယ်လိုမျိုးလဲ ခင်ဗျားသိလား "

သူ မေးလိုက်သည်။

" ခဏလေးနေဦး... "

ပိုင်စီက ထိုသို့ပြောပြီး ' ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ သဘာဝ အရင်းအမြစ်များနှင့် ရတနာများ ' ဟု အမည်ရသော စာအုပ်တစ်အုပ်ကို ထပ်ထုတ်လိုက်သည်။

" ဒီမှာကြည့်... အဲ့ဒီ မူလနတ်ဆိုးဆေးရည်က ဒီလိုပုံစံမျိုး.. "

သူမ လောထျန်းအား စာအုပ်လှမ်းပေးလိုက်၏။

လောထျန်းမှာလည်း ၎င်းကို တစ်ချက်ကြည့်ရုံဖြင့်ပင် သေချာသွားရပါသည်။

သူ့လက်ထဲတွင် ရှိနေသော ထို အမှိုက် ခြောက်ပုလင်းမှာ မူလနတ်ဆိုးဆေးရည်များပင်..

" ဒီ မူလနတ်ဆိုးဆေးရည်က အဲ့လောက်အဖိုးတန်တာလား.. "

လောထျန်း တအံ့တသြ မေးလိုက်၏။

" အဖိုးတန်တာပေါ့ ... ။ အဲ့ဆေးရည် တစ်စက်လေးရရင်တောင် ကျွန်မ တစ်သက်လုံး အစားကောင်းကောင်းစားပြီး အဝတ်ကောင်း​ကောင်း ဝတ်ရဖို့ လုံလောက်နေပြီ "

ပိုင်စီက ပြန်ပြောသည်။

လောထျန်း အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီးမှ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်၏။

" ဒါဆို.. ငါ ရခဲ့တဲ့ နှစ်မျိုးလုံးက ရတနာတွေပေါ့... "

" သခင်လေး ဘာပြောလိုက်တာလဲ "

ပိုင်စီ မေးလိုက်သည်။

" ဘာမှ မဟုတ်ပါဘူးဗျာ "

လောထျန်း လက်ယမ်းပြလိုက်၏။

" ဒါနဲ့.. ဒီ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူမှာရော ဘယ်လိုရတနာတွေ ရှိတယ်ဆိုတာ ခင်ဗျားသိလား "

လောထျန်း ပြန်မေးလိုက်သည်။

ပိုင်စီက မှင်သက်သွားဟန်ဖြင့် သူ့အား တအံ့တသြ ပြန်ကြည့်လာ၏။

" သခင်လေးက ဒီကို တစ်ခါမှ မရောက်ဖူးဘူးလား..

"

လောထျန်း ပြန်ဖြေလိုက်သည်။

" မရောက်ဖူးဘူးဗျ "

ပိုင်စီတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွား၏။

" ဒီကို တစ်ခါမှ မရောက်ဖူးပဲနဲ့တောင် သခင်လေးက အဲ့လောက်အစွမ်းထက်နေတာလား ။ ကြောက်စရာ ကောင်းလိုက်တာ "

All Chapters