← Chapters

နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူ

Vol. 41 Ch. 571

နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူ

Vol. 41 Ch. 571

ပိုင်စီ အံ့သြမှင်သက်နေပြီးမှ စကားဆက်သည်။

" နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူဆိုတာ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ ခေတ်အဆက်ဆက်က အစွမ်းထက် ကျင့်ကြံသူတွေကို မြှုပ်နှံထားတဲ့ အမွေအနှစ် လျှို့ဝှက်နေရာတစ်ခုပဲ "

" အဲ့ဒီ အစွမ်းထက် ကျင့်ကြံသူတွေက မသေမျိုးစိတ်ဝိဥာဥ် ရှိရင်ရှိ ၊ မဟုတ်ရင်လဲ မသေခင် အတားအဆီး အကန့်အသတ်တချို့ကို ချန်ထားခဲ့တတ်ကြတယ် ။ ဘယ်လိုပဲဖြစ်ဖြစ်.. အဲ့လူတွေအားလုံးက သချ်ိုင်းဂူပေါ်မှာ သူတို့ရဲ့ အမွေအနှစ်တွေကို ချန်ထားခဲ့ကြတယ်ရှင့် "

" နောက်လာတဲ့သူတွေထဲက အဲ့ဘိုးဘေးရဲ့အသိအမှတ်ပြုတာကို ခံရတဲ့ ဘယ်သူမဆို အမွေအနှစ်ကို ရနိုင်တယ် "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ကျုပ် သဘောပေါက်ပြီ "

လောထျန်းမှာ ထိုအချိန်တွင် အနည်းငယ်လည်း စိတ်ပျက်နေပါ၏။

ဤ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ အစွမ်းထက် ကျင့်ကြံသူများ၏ အမွေအနှစ်က မည်မျှပင် ကောင်းနေစေကာမူ.. သူ့ကို တိုးတက်အောင် မလုပ်နိုင်ချေ...

ထိုအရာများက မည်မျှအစွမ်းထက်သည့်တိုင် သူ့ကိုယ်ပိုင် ကောင်းကင်ဘုံသိုင်းကျမ်းထက် ပိုမကောင်းနိုင်ဘူး မဟုတ်ပါလား ။

" ဘယ်တတ်နိုင်မလဲလေ ... အိမ်ပဲ ပြန်ယူသွားရုံပေါ့ ။ ငါ့အတွက် အသုံးမဝင်ရင်တောင် ပျောင်ပိုင်မြို့က တခြားသူတွေတော့ သုံးလို့ရရင် ရမှာပါ "

လောထျန်း စိတ်ထဲမှ ပြောလိုက်သည်။

ပျောင်ပိုင်မြို့သည် ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း အလွန်လျင်မြန်စွာ တိုးတက်လာခဲ့သည့်တိုင် အခြေခံအုတ်မြစ်မှာမူ မကောင်းလှသေးပါ ။

အထူးသဖြင့် သိုင်းပညာ ကျင့်စဥ်များပင်..

သူ ပြီးခဲ့သော နှစ်များအတွင်း သိုင်းကျင့်စဥ်ပေါင်းများစွာကို စုဆောင်းရခဲ့သည့်တိုင်..

ထျန်းယွမ်ကမ္ဘာမှ အခြားမြင့်မြတ်နယ်မြေများနှင့် ယှဥ်လိုက်လျှင်မူ ကွာဟချက် ကြီးနေဆဲ ဖြစ်ပါသည်။

ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခုမှ အခြားကမ္ဘာများနှင့် ယှဥ်လျှင်ကား ပို၍ပင် ဆိုးပါသေး၏။

ထိုသို့တွေးနေရင်း လောထျန်းခေါင်းထဲ အကြံတစ်ခု ဝင်လာသည်။

ထို့နောက်တွင်မူ..

ဝီ...

ခပ်လှမ်းလှမ်းရှိ သချ်ိုင်းဂူ တစ်ခုဆီမှ အလင်းတန်းတစ်ခု လင်းလက်လာ၏။

ချက်ချင်းမှာပင် လူတစ်ယောက်က တအံ့တသြ ရေရွတ်လိုက်သည်။

" ဟိုမှာ ကြည့်ဦးဟေ့... နတ်ဆိုးစိတ်ဝိဥာဥ်ကြီး လောင်ရှို့ရဲ့ သချ်ိုင်းဂူ အရောင်လက်နေပြီ "

" ဝိုး... ဒီလောက်အစောကြီးမှာ တစ်ယောက်ယောက်က အစွမ်းထက်တဲ့ နတ်ဆိုးစိတ်ဝိဥာဥ်တစ်ယောက်ရဲ့ အမွေအနှစ်ကို ရသွားတာ ကောင်းတဲ့ လက္ခဏာပဲ ။ ဒါပေမယ့်.. နတ်ဆိုးစိတ်ဝိဥာဥ်ကြီး လောင်ရှို့က သာမာန်အစွမ်းလောက်ပဲ ရှိတာတော့ စိတ်မကောင်းစရာပေါ့ကွာ "

အဘိုးအိုတစ်ယောက်က သူ့ မုတ်ဆိတ်ကို ပွတ်ရင်း ပြောလာသည်။

အနားမှ တစ်ယောက်က သဘောမတူဟန်ဖြင့် ပြန်ပြော၏။

" နတ်ဆိုးစိတ်ဝိဥာဥ်ကြီး လောင်ရှို့ရဲ့ အစွမ်းက သူ့သက်တမ်းအတွင်းမှာ နတ်ဆိုးစိတ်ဝိဥာဥ်တစ်ရာ အဆင့်ထိ ရောက်ထားပေမယ့် အဲ့တုန်းက သူ ကံဆိုးသွားခဲ့တာ ။ သူ့ခေတ်က ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ အတောက်ပဆုံးခေတ်လို့တောင် ပြောလို့ရတယ်လေ ။ အဲ့လိုမဟုတ်ဘဲ ခုခေတ်မှာသာဆို သူ့အစွမ်းနဲ့ မဟာနတ်ဆိုးစိတ်ဝိဥာဥ်တစ်ရာထဲ ဝင်မှာသေချာတယ် "

ထိုစကားကို ကြားသောအခါ တဖက်အဘိုးအိုကလည်း သဘောတူဟန်ဖြင့် ခေါင်းအသာညိတ်ပြသည်။

တဖက်ရှိ နတ်ဆိုးစိတ်ဝိဥာဥ်ကြီး လောင်ရှို့၏ အုတ်ဂူရှေ့တွင်ကား လူငယ်တစ်ယောက် စိတ်လှုပ်ရှားစွာ ရပ်နေရှာ၏။

" ဟား ဟား... မှော်စိတ်ဝိဥာဥ်ကို အမွေရလိုက်ပြီကွ။ ငါ ဒီဘဝမှာ မှော်စိတ်ဝိဥာဥ်အဆင့် ရောက်မှာ သေချာသွားပြီ "

သူ ပျော်ရွှင်စွာ ဆိုလိုက်သည်။

လောထျန်းမှာမူ ထိုမြင်ကွင်းကိုကြည့်ရင်း နားမလည်နိုင် ဖြစ်နေဟန်ပါပင် ။

ထို့နောက် သူ ပိုင်စီဘက်လှည့်ကာ ပြောလိုက်၏။

" နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူရဲ့ အမွေအနှစ်တွေထဲမှာ အဆင့်တွေ ရှိသေးတာလား "

ပိုင်စီက ခေါင်းညိတ်၍ ပြန်ပြောသည်။

" ဒါပေါ့ရှင့် ၊ ဒီ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူမှာ မြှုပ်ထားတဲ့ ကျင့်ကြံသူတွေက မတူတဲ့ အစွမ်းအမျိုးမျိုး ရှိကြတယ်လေ "

သူမက ထိုသို့ပြောပြီးနောက် အပြင်ဘက် အစွန်းနားလေးတွင် ရှိနေကြသော အများဆုံးနှင့် အပျက်စီးဆုံး ဖြစ်နေသည့် အုတ်ဂူများအား ညွှန်ပြ၍ စကားဆက်သည်။

" အဲ့နားလေးမှာက တုကျဲ့အဆင့်နဲ့ တာအို အဆုံးအစမဲ့အဆင့်ကို ရောက်ထားခဲ့တဲ့ သူတွေရဲ့ အုတ်ဂူတွေပဲ ရှိတာ ။ အဲ့ဂူတွေက အများဆုံးပေမယ့် သူတို့ရဲ့ အမွေအနှစ်တွေက အကန့်အသတ်ရှိတယ် ။ ပါရမီ သိပ်မထူးတဲ့ သူတွေကပဲ အဲ့အမွေအနှစ်ကို လက်ခံကြတာ "

သူမ ထိုသို့ပြောပြီးနောက် အခြားတစ်နေရာဘက် အကြည့်လွှဲ၍ စကားဆက်သည်။

" ဟိုနားလေးမှာတော့ ကောင်းကင်ဘုံ တံခါးဝအဆင့်ကို ရောက်ထားတဲ့ ကျင့်ကြံသူတွေရဲ့ အုတ်ဂူတွေအပြည့်ပဲ ။ အဲ့ သခင်ကြီးတွေရဲ့ အမွေအနှစ်ကို ဆက်ခံနိုင်ရင် အဲ့လူက အတော်အသင့် ပါရမီထူးပြီး အစွမ်းလဲ အတော်အသင့်ရှိတယ်လို့ သတ်မှတ်လို့ရတယ် "

ထို့နောက်.. အစောက လူငယ်ရှိနေသည့်ဘက်သို့ သူမ အကြည့်လွှဲကာ ဆက်ပြောသည်။

" အဲ့နေရာမှာတော့ နတ်ဆိုးစိတ်ဝိဥာဥ် အဆင့် အစွမ်းထက်သခင်ကြီးတွေရဲ့ အုတ်ဂူတွေရှိတာပေါ့ ။ အဲ့ သခင်ကြီးတွေရဲ့ အမွေအနှစ်ကိုရရင် ပါရမီရှင်လို့ ခေါ်ချင်ရင် ခေါ်လို့ရပြီ "

" အဲ့လိုရတဲ့သူတွေကိုလဲ အဓိကဂိုဏ်းကြီးတွေက သူတို့ဂိုဏ်းထဲဝင်ဖို့ အသည်းအသန် လုကြတာမို့ သူတို့အနာဂါတ်က အလားအလာကောင်းတယ် "

ထို့နောက် ပိုင်စီက အကြည့်လွှဲကာ ခပ်လှမ်းလှမ်းရှိ တောင်ကုန်းတစ်ခုဆီသို့ ညွှန်ပြလိုက်သည်။ ထိုနေရာတွင်ရှိသည့် အုတ်ဂူများကား သိသိသာသာပင် နည်းလှပါ၏။

" အဲ့နေရာကတော့ ထိပ်ဆုံး နတ်ဆိုးစိတ်ဝိဥာဥ်တစ်ရာ စာရင်းဝင် သခင်ကြီးတွေကို မြှုပ်ထားတဲ့နေရာပဲ။ သူတို့ရဲ့ အသိအမှတ်ပြုတာကို ခံရရင် တကယ့် ပါရမီရှင်အစစ်လို့ သတ်မှတ်လို့ရတယ် ။ အဲ့သခင်ကြီးတွေရဲ့ အမွေအနှစ်ကို ရတာနဲ့ နောင်အနာဂါတ်မှာ အံ့မခန်း အစွမ်းထက်တဲ့ သူတစ်ယောက် ဖြစ်လာလိမ့်မယ် "

ထိုစကားကို ကြားပြီးနောက် လောထျန်း ခေါင်းအသာညိတ်လိုက်သည်။

" ဒါဆို.. အဲ့ထက် ပိုအစွမ်းထက်တဲ့ အမွေအနှစ်တွေရော ရှိသေးလား "

ပိုင်စီ ခေါင်းညိတ်ပြ၏။

" ရှိတာပေါ့ "

ထို့နောက် သူမ တောင်ကုန်းထိပ်ပေါ်သို့ ညွှန်ပြရင်း ဆက်ပြောသည်။

" အဲ့နေရာကတော့ မြေကမ္ဘာနတ်ဆိုးအဆင့် သခင်ကြီး နှစ်ဆယ့်ရှစ်ယောက်ကို မြှုပ်ထားတဲ့ နေရာပဲ ။ အဲ့အဆင့်ရှိတဲ့ အစွမ်းထက် ကျင့်ကြံသူတွေက ခေတ်တစ်ခုလုံးစာကိုတောင် ဖိနှိပ်နိုင်ခဲ့ကြတဲ့ သူတွေပဲ "

" ဒါပေမယ့်.. အဲ့လူတွေရဲ့ အမွေအနှစ်ကို ရဖို့ကလဲ တော်တော်ခက်တယ် ။ ဒီ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူက နေ့တိုင်း ဖွင့်ပေမယ့် ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ်ကို ရခဲ့တဲ့သူ တစ်ယောက်တောင် ရှိချင်မှရှိတာ "

ထို့နောက် သူမ လောထျန်းဘက် ရုတ်တရက် လှည့်ကြည့်ကာ အားပေးသည့်လေသံဖြင့် ဆို၏။

" သခင်လေး လောထျန်း ၊ သခင်လေးရဲ့ အစွမ်းနဲ့သာဆို အဲ့ မြေကမ္ဘာနတ်ဆိုးအဆင့် သခင်ကြီးတွေရဲ့ အမွေအနှစ်ကို သေချာပေါက် ရနိုင်မယ်လို့ ကျွန်မထင်တယ် "

ထိုစကားကို ကြားသောအခါ လောထျန်း နှုတ်ခမ်းတွန့်ရုံသာ ပြုံးပြီး ခပ်ဆိတ်ဆိတ် နေလိုက်သည်။

အမှန်တွင်... ကောင်းကင်ဘုံ နတ်ဆိုးအဆင့်မှ လူတစ်ယောက်ကိုပင် သူ သတ်ခဲ့ပြီးသား မဟုတ်ပါလား..

ထိုသို့တွေးကာ သူ ရုတ်တရက် မေးလိုက်၏။

" ဒါဆို... ဒီမှာ ကောင်းကင်ဘုံနတ်ဆိုးအဆင့်က သူတွေရဲ့ အုတ်ဂူရော ရှိလား "

ပိုင်စီ လန့်သွားဟန် တူပြီးမှ မျက်မှောင်ကြုံ့၍ ပြန်ပြောသည်။

" ကောင်းကင်ဘုံ နတ်ဆိုးအဆင့်လား... ။ ဒဏ္ဍာရီတွေထဲမှာ ကြားဖူးတာတော့ ဒီ နတ်ဆိုးတစ်သောင်းသချ်ိုင်းဂူမှာ ကောင်းကင်ဘုံနတ်ဆိုးအဆင့် သူတစ်ယောက်ကို တကယ်လဲ မြှုပ်နှံထားတယ်တဲ့ ။ ဒါပေမယ့် ဟိုးရှေးခေတ်ကတည်းကနေ အခုထိ သူ့ အမွေအနှစ်ကို ဘယ်သူမှ မရခဲ့ကြဘူး ပြောတယ် "

" တစ်ယောက်ယောက်က အဲ့အုတ်ဂူကို ရှာရင်တောင် အစအန ရှာမတွေ့တာ များတယ်တဲ့ ။ အဲ့တော့ ဒီကိစ္စက ပါးစပ်ပြော ဒဏ္ဍာရီတစ်ပုဒ်လို ဖြစ်နေတာပေါ့ "

လောထျန်း သက်ပြင်းချလိုက်သည်။

" အဲ့လိုလား.. ဒါဆိုရင်တော့ စိတ်မကောင်းစရာပဲ "

အကယ်၍ သူသာ ကောင်းကင်ဘုံနတ်ဆိုးအဆင့် အမွေအနှစ်ကို ရလိုက်ပါက ပျောင်ပိုင်မြို့၏ အခြေခံအုတ်မြစ်မှာလည်း တိုးသွားနိုင်ပါသည်။

သို့သော် ထိုအချိန်မှာပင်..

" ဟား ဟား.. ရယ်ရလွန်းလို့ သေတော့မှာပဲကွာ "

သူတို့နှစ်ယောက်နောက်မှ ရယ်သံကျယ်ကြီး တစ်သံ ထွက်လာ၏။

လောထျန်းနှင့် ပိုင်စီတို့ နောက်လှည့်ကြည့်လိုက်ရာ သူတို့အား လှောင်ပြုံးဖြင့် ကြည့်နေသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။

" အခုမှ ကွေ့ရှအဆင့်ကိုရောက်စ ကောင်လေးတစ်ယောက်ကများ ကောင်းကင်ဘုံနတ်ဆိုးရဲ့ အမွေအနှစ် ရှိမရှိကို မေးနေသေးတယ်ပေါ့ ။ ငါ မေးပါဦးမယ်.. တကယ်လို့ ရှိတယ်ဆိုရင်ရော မင်းနဲ့ ဘာဆိုင်လို့လဲ ပြောပါဦး "

လူငယ်က လောထျန်းအား အေးစက်စက်ကြည့်၍ ပြောလာသည်။

လောထျန်း မျက်မှောင်ကြုံ့သွား၏။

သူ့မေးခွန်းက မည်သူ့ကို စော်ကားလိုက်ပါသနည်း..

သူက ဒီတိုင်း နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူနှင့် ပတ်သက်သည့် သတင်းများကို သိချင်၍ မေးနေသည်ကို တဖက်လူက အဘယ့်ကြောင့် ဆတ်ဆတ်ထိမခံ ဖြစ်နေရပါသနည်း ။

လောထျန်း ပြန်ပြောရန် ပြင်လိုက်စဥ်မှာပင်.. သူ့ဘေးမှ ပိုင်စီမှာလည်း ဒေါသထွက်သွားသည် ။

" ဟားဟား .. နင်က ကိုယ့်ကိုကိုယ် ဘာထင်နေတာလဲ ။ ငါတို့ချင်း ပြောနေတဲ့စကားက နင်နဲ့ဘာဆိုင်လို့လဲ ။ နင်ကရော မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ်ကို ရနိုင်မယ် ထင်နေတာလား "

သူမ အေးစက်စက် ပြန်ပြောလိုက်၏။

လူငယ်က မျက်မှောင်အနည်းငယ်ကြုံ့၍ ပြန်ပြောသည်။

" ငါက မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ်ကို မရနိုင်ပေမယ့် မင်းတို့ နှစ်ယောက်လုံးထက်တော့ ပိုအစွမ်းထက်တယ်ကွ ။ ပြီးတော့.. အဲ့အမွေအနှစ်ကို ငါမရနိုင်ရင်တောင် ငါ့အကိုကြီးက သေချာပေါက်ရမှာ "

ပိုင်စီ မျက်မှောင်ကြုံ့သွားကာ ပြန်မေးလိုက်သည်။

" နင့် အကိုကြီးက ဘယ် မသာမို့လဲ "

ထိုမေးခွန်းကို ကြားသောအခါ လူငယ်၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတန်းများ ဖျတ်ခနဲလက်သွားပြီး အေးစက်စက်အသံဖြင့် ပြန်ပြော၏။

" မင်းက ငါ့အကိုကြီးကို မလေးမစား လုပ်ရဲတယ်ပေါ့လေ.. သေချင်နေပြီလား "

ဝုန်း..

စကားဆုံးသည်နှင့် သူ့ကိုယ်မှ အစွမ်းထက် အရောင်အဝါတစ်ခုလည်း ပေါက်ထွက်လာကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင်..

ဝီ..

အစွမ်းထက်သော ဖိအားတစ်ခုက သူ့အား ရုတ်ချည်း လွှမ်းခြုံလာ၏။

ဘုတ်..

ထို့နောက်တွင်... လူငယ် မြေကြီးပေါ်သို့ ဒူးထောက်ကျသွားသည်။

" ဒီ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူမှာ ဘယ်လိုအကြမ်းဖက်မှုမျိုးမှ ခွင့်မပြုထားဘူးဆိုတာ မသိဘူးလား ။ မင်း မိဘတွေက သင်မပေးလိုက်ဘူးလား "

အေးစက်စက် အသံတစ်သံလည်း ထွက်လာ၏။

လူငယ်မှာ မြေကြီးတွင်သာ ဒူးထောက်လျက်သား ရှိနေပြီး လုံးဝ မလှုပ်ရှားနိုင်ပါချေ။

သို့သော် ထိုအချိန်တွင်..

အခြား ဖိအားတစ်ခု ရုတ်တရက် ရောက်လာကာ တဖက်လူ၏ ဖိအားကို ပိတ်ဆို့လာသည်။

" သခင်ကြီး ၊ ကျုပ်ညီက ဒီတိုင်း သူ့အစွမ်းကို လေ့ကျင့်ချင်ရုံပါ ။ တကယ်လဲ တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလေ။ ခုလို သူ့ကို တန်းပြီး ဖိနှိပ်လိုက်တာက မသင့်တော်ဘူးလို့ မထင်ဘူးလား "

ထိုစကားသံနှင့်အတူ လူရိပ်တစ်ခု လေထဲမှ ဖြည်းညင်းစွာ ဆင်းသက်လာ၏။

All Chapters