← Chapters

လောင်းကြေး

Vol. 41 Ch. 572

လောင်းကြေး

Vol. 41 Ch. 572

အဘိုးအိုမှာ သူ့ဖိအားကို အခြားသူတစ်ယောက်က ​တန်ပြန်ဖိနှိပ်ရဲနေသဖြငိ့ ဒေါသထွက်သွားပြီး ထိုသူအား တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော်... ထိုလူ မည်သူမှန်း တွေ့လိုက်ရသည့်အချိန်တွင်ကား သူ အလွန်ကြောက်လန့်သွားပြီး ဘာမှ ဆက်မလုပ်ရဲတော့ချေ။

" ချီပန်းကျန်း ပါလား.... "

အဘိုးအို တအံ့တသြ ရေရွတ်လိုက်သည်။

ထိုနာမည်ကို ကြားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။

" ဘယ်လို... သူက ချီပန်းကျန်းလား.. "

" ငရဲကိုးဘုံနတ်ဆိုး ချီပန်းကျန်းလား... သူ ကျင့်ကြံနေတာကနေ ထွက်လာပြီလား "

" သူက အရောင်အဝါကိုသုံးပြီး နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူရဲ့ အကြီးအကဲကို တကယ်ကြီး တားခဲ့တာလား.. ။ ဒါဆို.. သူက ကောင်းကင်ဘုံတံခါးဝအဆင့် ကျင့်ကြံခြင်းကို ကျော်ပြီး နတ်ဆိုးစိတ်ဝိဥာဥ်အဆင့်ကို ရောက်သွားပြီဆိုတဲ့ အဓိပ္ပါယ်ပေါ့. "

" သူ့အရွယ်လေးနဲ့ နတ်ဆိုးစိတ်ဝိဥာဥ် ကျင့်ကြံခြင်းအဆင့်ကို ရောက်တာတော့ ကြောက်စရာကြီးပါကွာ.. "

အားလုံး တစ်ယောက်တစ်ပေါက် ပြောကာ ချီပန်းကျန်းအား တအံ့တသြ လှမ်းကြည့်လိုက်ကြသည်။

အစောက တိုက်ခိုက်ရန် ပြင်နေခဲ့သည့် အကြီးအကဲမှာလည်း မျက်နှာကြီး သွေးဆုတ်ဖြူရော်နေလေပြီ ။

သူ အားတင်းပြုံးကာ ပြောလိုက်၏။

" သခင်လေး ပန်းကျန်းပြောတာ မှန်ပါတယ် ။ ကျုပ် ၊ မုန့်လန်က စဥ်းစားဆင်ခြင်ဉာဏ် မဲ့သွားတယ်ဗျာ "

ရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ အမြဲ ထိုသို့သာဖြစ်ကာ အစွမ်းထက်သူကို လေးစားကြစမြဲ ဖြစ်ပါသည်။

နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူ၏ အကြီးအကဲသည် ချီပန်းကျန်းထက် အသက်များစွာ ပိုကြီးသည့်တိုင် ...

မျက်နှာချင်းဆိုင် တွေ့ရသည့်အချိန်တွင်မူ ဦးညွှတ်အရိုအသေ ပေးလိုက်ရပါ၏။

ချီပန်းကျန်းက အဘိုးအို၏ စကားကို ကြားပြီးနောက် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။

" ရပါတယ်ဗျာ.. သခင်ကြီးက စည်းမျဥ်းတွေအတိုင်း လုပ်ရတာ ကျုပ်နားလည်ပါတယ် ။ ဒီကိစ္စက သခင်ကြီးရဲ့ အမှားမဟုတ်ပါဘူး "

ထို့နောက် သူ လူငယ်ဆီသို့ လျှောက်သွားကာ မျက်မှောင်ကြုံ့၍ မေးလိုက်၏။

" ဘာတွေ ဖြစ်နေတာလဲ "

ဖိအားအောက်မှ လွတ်သွားသည့် လူငယ်က ချက်ချင်းထရပ်ကာ ဆိုသည်။

" အကိုကြီး ၊ ဒီကိစ္စက ကျုပ်အမှား မဟုတ်ဘူးဗျ... "

လူငယ်က ထိုသို့ပြောပြီး မည်သို့ ဖြစ်ပျက်ခဲ့သည်ကိုပါ တဆက်တည်း ဆက်ပြောပြလိုက်သည်။

" ကျုပ်က အစကတော့ ဒီနှစ်ယောက်ကို ဆူဖို့ပဲ စဥ်းစားထားတာပါ ။ ဒါပေမယ့် ဟိုမိန်းမယုတ်က အကိုကြီးကို မလေးမစား လုပ်လာတာကြောင့်မို့ ကျုပ်က သူ့ကို သင်ခန်းစာပေးဖို့ လုပ်ခဲ့တာဗျ "

ချီပန်းကျန်းက သူ့ညီ၏ စကားဆုံးအောင် နားထောင်ပြီးနောက် ခေါင်းအသာညိတ်လိုက်၏။

ထို့နောက် သူ ပိုင်စီအား အေးစက်စက် မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။

" ငါ့ညီက မင်းကြောင့်မို့ အရှက်တကွဲ ဖြစ်ခဲ့ရတယ် ။ အဲ့အတွက် မင်း ဘာလုပ်ပေးမှာလဲ "

သူ အေးစက်စက်အသံဖြင့် မေးလိုက်သည်။

ပိုင်စီမှာ သူ့အကြည့်က သူမတစ်ကိုယ်လုံးအား ဖောက်ထွင်းမြင် နေသလိုပင် ခံစားလိုက်ရ၏။

" ကျွန်မ...... "

သူမ တုန်တုန်ယင်ယင် စကားစလိုက်သော်လည်း... မည်သို့ ပြန်ပြောရမည် မသိပါချေ။

ထိုအချိန်တွင် ချီပန်းကျန်းက အကြည့်လွှဲပြီး အေးစက်စက် ထပ်ပြောလာသည်။

" ငါသာ အခု မင်းကို သတ်လိုက်ရင် လူတွေက အားနည်းတဲ့သူကို အနိုင်ကျင့်တယ်ဆိုပြီး ငါ့ကို အပြစ်တင်ကြလိမ့်မယ် ။ အဲ့တော့.. မင်းကိုငါ အခွင့်ရေးတစ်ခု ပေးလိုက်မယ် "

သူ ထိုသို့ပြောနေရင်း လောထျန်းဘက် လှည့်ကြည့်ပြီး အပြုံးတစ်ဝက် မျက်နှာဖြင့် စကားဆက်လိုက်သည်။

" ​ဒီကောင်လေးက မြေကမ္ဘာနတ်ဆိုးရဲ့ အမွေအနှစ်ကို ရနိုင်တယ်လို့ မင်း ပြောခဲ့တယ်မဟုတ်လား ။ ဒါဆို ငါ ဒီနေ့.. သူနဲ့ လောင်းကစားတစ်ခု လုပ်လိုက်မယ် ။ တကယ်လို့.. သူက ဒီနတ်ဆိုးတစ်သောင်း သချ်ိုင်းဂူမှာ ငါ့ထက်အဆင့်ပိုမြင့်တဲ့ အမွေအနှစ်ကို ရနိုင်ခဲ့ရင် ငါ မင်းတို့ကို ဒီတိုင်း လွတ်ပေးမယ် "

" ဒါပေမယ့်.. သူရခဲ့တဲ့ အမွေအနှစ်က ငါ့လောက် မကောင်းရင်တော့ မင်းကို သတ်ပစ်ရလိမ့်မယ် "

သူ့စကားဆုံးသည်နှင့် အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြန်၏။

အားလုံးကလည်း ပိုင်စီအား သနားစရာ လူတစ်ယောက်သဖွယ် ကြည့်လိုက်ကြသည်။

သူတို့အမြင်တွင်မူ.. ပိုင်စီက သေလူတစ်ယောက် ဖြစ်နေလေပြီ ။

ချီပန်းကျန်းသည် သူတို့မျိုးဆက်၏ နတ်ဆိုးတစ်ပါးဖြစ်ရာ...

သူ့ ပါရမီကို မည်သူက ယှဥ်နိုင်ပါမည်နည်း ။

သွားယှဥ်လျှင်လည်း မိမိကိုယ်ကို ပြဿနာရှာသလိုသာ ဖြစ်သွားပေလိမ့်မည်။

သို့သော် ထိုအချိန်တွင်..

" ဒီလောင်းကြေးက အလုပ်ဖြစ်မှာ မဟုတ်ဘူး "

ဘေးမှ လောထျန်းက ရုတ်တရက် ပြောလာ၏။

" ဟင်.. မင်း ဘာပြောလိုက်တယ် "

ချီပန်းကျန်းက လောထျန်းအား မျက်မှောင်အနည်းငယ်ကြုံ့၍ ကြည့်လိုက်သည်။

အမှန်တွင်မူ သူ ယခုလောင်းကြေးအား သူ့ညီ၏ ဒေါသကို ဖြေပေးသည့်အနေဖြင့် လူသတ်ရန် တမင်သက်သက် အကြောင်းပြချက် ရှာလိုက်ခြင်းပင် ။

တဖက်လူက ယခုလို သူ့အား ပြန်ပြောရဲလိမ့်မည်ဟု သူ ထင်မထားခဲ့ပါ ။

ထိုစဥ် လောထျန်းက အေးအေးဆေးဆေး ပြန်ပြော၏။

" မင်းရဲ့ လောင်းကြေးက မတရားဘူးလေ ။ တကယ်လို့ ငါနိုင်ရင်ကျတော့ မင်းဘက်က ဘာမှမပေးပဲနဲ့ ၊ ငါရှုံးသွားရင် ငါ့ မိတ်ဆွေကို သတ်မယ်တဲ့လား ။ ဒါ မတရားတာပဲပေါ့ "

ချီပန်းကျန်းကလည်း အေးဆေးပင် ပြန်မေးလိုက်သည်။

" ဒါဆို မင်းက ဘာလုပ်ချင်တာလဲ "

လောထျန်း : " လောင်းကြေးရဲ့ ဒုတိယပိုင်းကိုတော့ ဒီတိုင်းဆက်ထားလို့ရပါတယ် ။ ဒါပေမယ့် ပထမပိုင်းကိုတော့ ပြောင်းရလိမ့်မယ်။ တကယ်လို့ ငါနိုင်သွားခဲ့ရင်.. မင်းကို ငါ သတ်မယ်လေ "

လောထျန်း၏ စကားဆုံးသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားတော့သည်။

အားလုံးလည်း လောထျန်းအား ' ဒီကောင် ရူးနေပြီလား ' ဆိုသည့် အကြည့်ဖြင့် တအံ့တသြ လှည့်ကြည့်လာကြ၏။

ချီပန်းကျန်းကို သတ်မတဲ့လား..

ချီပန်းကျန်းက မည်သူဆိုသည်ကို ထိုကောင်လေး မသိလေရော့သလား..

တဖက်မှ ချီပန်းကျန်းမှာလည်း လောထျန်း၏စကားကြောင့် နားမလည်နိုင် ဖြစ်သွားဟန်ပင် ။

တခဏကြာပြီးနောက်တွင်မူ.. သူ ခေါင်းမော့၍ ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

" စိတ်ဝင်စားစရာပဲကွ... ။ တစ်ယောက်ယောက်က ငါ့ကို အသက်နဲ့ လောင်းကြေးလာထပ်ရဲမယ်လို့ ထင်တောင် မထင်ထားမိဘူး ။ ကောင်းပြီလေ.. ငါ သဘောတူတယ် ။ ဒါပေမယ့် တကယ်လို့ ငါ နိုင်သွားရင် မင်းကိုပါ သတ်မှာနော် "

သူ ထိုသို့ပြောပြီး လောထျန်းအား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

သူ့အသွင်မှာလည်း လောထျန်းတစ်ယောက် သူ့အား ကြောက်ရွံ့သွားရသည့်ပုံကို မြင်ချင်နေသယောင်..

သို့သော်.. လောထျန်းက မျက်မှောင်ကြုံ့၍သာ ပြန်ပြောလာ၏။

" ဒါလဲ မတရားသေးဘူး "

" ဘာကွ... "

ချီပန်းကျန်း အံ့အားသင့်သွားရတော့သည်။

သူ့အသက်ကိုပင် လောင်းကြေးထဲ ထည့်ထားသည်ကို တဖက်လူက မတရားသေးဘူး တဲ့လား....

လောထျန်းက စကားဆက်သည်။

" ခုနက အသက်တစ်ချောင်းကို တစ်ချောင်းလေ ။ အခု မင်းက ငါ့အသက်ကိုပါ ဆွဲထည့်လာတော့ နှစ်ယောက်နဲ့ တစ်ယောက် ဖြစ်သွားပြီ ။ ဒါ မတရားဘူး.. စည်းမျဥ်းတွေကို ထပ်ပြောင်းမှ ဖြစ်မယ် "

လောထျန်းက ထိုသို့ပြောပြီး ချီပန်းကျန်း၏ ညီဘက် လှည့်ကြည့်လိုက်၏။

" တကယ်လို့ ငါနိုင်သွားရင်... မင်းကိုရော မင်းညီကိုရော သတ်မယ် "

" မျိုးမစစ်ကောင်... "

ချီပန်းကျန်း၏ညီ ဒေါသထွက်သွားကာ ချက်ချင်း တိုက်ခိုက်ရန်ပြင်လိုက်သည်။

သို့သော်.. ချီပန်းကျန်းက သူ့အား ချက်ချင်း တားလိုက်၏။

ထို့နောက် သူ လောထျန်းအား အေးစက်စက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီလေ ။ ဒီလောက်နှစ်တွေအကြာကြီးထဲမှာ ငါ့ကို ခုလိုမျိုး ပြန်ပြောရဲတာ မင်းက ပထမဆုံးပဲကွ ။ အဲ့တော့.. မင်းရဲ့ သတ္တိကို ချီးကျူးတဲ့အနေနဲ့ ဒီလောင်းကြေးကို ငါ လက်ခံတယ် "

ချီပန်းကျန်း၏ ညီမှာမူ ထိုစကားကို ကြားသည်နှင့် မျက်နှာထား ချက်ချင်းပြောင်းသွားတော့သည်။

ချီပန်းကျန်းက သူ့ဘက် တစ်ချက်လှည့်ကြည့်ပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

" ဘာလို့ အဲ့လိုဖြစ်နေတာလဲ ။ ငါ့ဘက်က ရှုံးစရာ အကြောင်းရှိတယ် ထင်လို့လား "

တဖက်လူငယ်မှာ ခေတ္တမျှ မှင်သက်နေပြီးမှ ခေါင်းယမ်း၍ ပြန်ပြောလိုက်သည်။

" လူံးဝ မရှုံးနိုင်ဘူး "

ချီပန်းကျန်းက လှောင်ပြုံး ပြုံးပြီး လောထျန်းဘက် ပြန်လှည့်ကြည့်လိုက်၏။

" ကောင်လေး ၊ မင်းဘဝရဲ့ နောက်ဆုံးအချိိန်ကို ကောင်းကောင်းကြီး ခံစားထားနော် ။ မင်း သိပ်မကြာခင် သေရတော့မှာကွ "

သူ ထိုသို့ပြောပြီးသည်နှင့် ဘေးသို့ လျှောက်သွားကာ တင်ပျင်ခွေထိုင်၍ စတင်ကျင့်ကြံနေလိုက်၏။

လောထျန်းမှာ ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားရပါသည်။

" သူက ဘာတွေ လုပ်နေတာလဲ "

လောထျန်း ပိုင်စီဘက်လှည့်၍ မေးလိုက်သည်။

ပိုင်စီက အောင့်သက်သက်ပြုံးရင်း ပြန်ပြော၏။

" သူက အမွေအနှစ်ယူဖို့ ကြိုစားတဲ့အခါ အကောင်းဆုံးအခြေအနေ ဖြစ်နေအောင်လို့ ကျင့်ကြံနေတာ ။ အဲ့ဒါ.. ဒီ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူက အမွေအနှစ်တွေကို ယူတဲ့နေရာမှာ သုံးတဲ့နည်းတစ်ခုပဲ "

လောထျန်း အံ့အားသင့်သွားကာ ဆက်မေးလိုက်သည်။

" အဲ့လိုနည်းတွေ လိုသေးတာလား.. "

သူ့စကားကြောင့် အနားတွင် ရှိနေသူများအားလုံး ဆူဆူညံညံ ပြန်ဖြစ်သွားကြသည်။

" ချီး... ငါက ဒီကောင့်ဆီမှာ လျှို့ဝှက်နည်းတွေ ရှိထားတယ်ထင်ပြီး ကြမ်းတယ်လို့ တွေးနေတာ ။ အခုတော့ ဒီတိုင်း မောက်မာပြီး အကြောက်အလန့်မဲ့နေတာပဲ "

" သူ့ သူငယ်ချင်းမကတော့ သနားစရာပါကွာ ။ ဒီတစ်ခေါက်တော့ သူတို့နှစ်ယောက်လုံး သေချာပေါက် သေရပြီ "

" ချီပန်းကျန်းလို လူကိုမှ သွားရန်စတာကိုးကွ "

အားလုံးက ထင်ရာကို ပြောဆိုလိုက်ကြသည်။

တဖက်မှ ပိုင်စီမှာလည်း လောထျန်းက အစွမ်းထက်သည်ကို သိထားပြီးသည့်တိုင် မျက်နှာမပျက်ဘဲ မနေပါချေ ။

နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူမှ အမွေအနှစ်ကို ရရန်မှာ အစွမ်းတစ်မျိုးတည်းနဲ့ မရကြောင်း သူမ သိထားသည် မဟုတ်ပါလား... ။

" သခင်လေးလောထျန်း... "

ထိုတခဏ၌ ပိုင်စီမှာ ငိုချလိုက်တော့မလိုပင် ။

သို့သော် လောထျန်းက လက်ကာပြပြီး ပြောလာ၏။

" စိတ်မပူပါနဲ့ ၊ အဲ့ကိစ္စကို ကျုပ်တာဝန် ထားလိုက်ပါ "

သူ ထိုသို့ပြောပြီး နတ်ဆိုးတစ်သောင်း အုတ်ဂူများဘက် လှည့်ကြည့်လိုက်သည်။

" ဒါတွေကိုရအောင် ဘယ်လိုလုပ်ရတယ်ဆိုတာ သင်မှပဲ "

လောထျန်း တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်၏။

ပိုင်စီ : " ............ "

ရအောင် ဘယ်လိုလုပ်ရမလဲ အခုမှ သင်မယ် တဲ့လား...

သူမ သေမင်းနဲ့ အလွန်နီးကပ်နေသလိုလည်း ခံစားလိုက်ရတော့သည်။

ထိုအချိန်တွင် ချီပန်းကျန်း၏ ညီက လှောင်ပြုံးဖြင့် ပြောလာ၏။

" အရူးကောင်.. မင်းကို သတ်ဖို့ဆို ငါ့အကိုတောင် မလိုဘူးကွ ။ မင်းကို ငါကိုယ်တိုင် တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်လို့ရတယ် "

သူ ထိုသို့ပြောကာ နတ်ဆိုးတစ်သောင်း သချိုင်းဂူဆီသို့ လျှောက်သွားလိုက်သည်။

" ကျုပ် ၊ ချီပန်းရွှမ်က ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ အကြီးအကဲတွေအားလုံးကို တောင်းဆိုပါတယ် ။ ကျေးဇူးပြုပြီး ကျုပ်ကို အမွေအနှစ်တွေ အပ်နှင်းပေးကြပါ "

စကားဆုံးသည်နှင့် သူ့ကိုယ်မှ အရောင်အဝါ လွင့်မျောလာပြီး.. သချ်ိုင်းဂူရှေ့တွင် ဒူးထောက်ချလိုက်၏။

နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူအတွင်းတွင် စစချင်း တိတ်ဆိတ်ငြိမ်သက်နေသာ်လည်း..

အချိန်အတန်ကြာပြီးနောက်တွင်မူ..

ဝီ...

ထောင့်တစ်ထောင့်ရှိ အုတ်ဂူတစ်ခု အရောင်လက်လာသည်။

" အဲ့အုတ်ဂူက နတ်ဆိုးစိတ်ဝိဥာဥ်အဆင့် အမွေအနှစ်လား... ။ ငါ အမွေအနှစ် ရသွားပြီကွ "

ချီပန်းရွှမ် ပျော်ရွင်စွာ အော်ရယ်လိုက်၏။

All Chapters