အဆင့်ငါးဆင့် တက်ခြင်း
Vol. 41 Ch. 573
နတ်ဆိုးစိတ်ဝိဥာဥ်အဆင့် အမွေအနှစ်မှာ အမှန်တကယ်လည်း အလွန်ရခဲလှပါသည်။
ထို့ကြောင့် အခြားသူများမှာလည်း ထိုမြင်ကွင်းကိုကြည့်ရင်း လေးစားအားကျစိတ် ဖြစ်သွားကြ၏။
" ချီပန်းကျန်း ရဲ့ညီ ပီသပါပေတယ်ကွာ "
" မင်းပြောတော့ ချီပန်းရွှမ်က အဲ့လောက် ပါရမီမရှိဘူးဆို.. ။ သူ့မှာ အဲ့လိုပါရမီမျိုး ရှိမယ်လို့ ငါ လုံးဝ ထင်မထားဘူးကွာ "
အားလုံး သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။
ချီပန်းရွှမ်၏ ရယ်သံမှာလည်း ကျယ်သထက် ကျယ်လာ၏။
အမှန်တွင်မူ.. သူကိုယ်တိုင်ပင် ထိုသို့ရလဒ်မျိုး ရလာမည်ဟု မျှော်လင့်မထားခဲ့ပါချေ။
သူ လောထျန်းအား အပြုံးဖြင့် လှည့်ကြည့်လိုက်သည်။.
" ကောင်လေး ၊ မြင်ပြီလား.. ။ ငါ့ရဲ့ ပါရမီက မင်းကို စက္ကန့်ပိုင်းလေးအတွင်း သတ်ဖို့တောင် လုံလောက်တယ်ကွ "
သို့သော်... ဘေးတွင် ရပ်နေသည့် လောထျန်းကမူ သူ့ကိုကြည့်ရင်း မျက်လုံးပြူးသွားပါသည်။
" အမ်... နောက်လှည့်ကြည့်လိုက်ပါလား "
လောထျန်း ပြောလိုက်၏။
" ဟမ်... နောက်လှည့်ကြည့်ရမယ်.. ။ ဘာကို လှည့်ကြည့်ရမှာလဲ.. မင်း တမင်သက်သက် အချိန်ဆွဲနေတာလား.. ။ စိတ်ကူးယဥ်မနေနဲ့နော်.. အသုံးမဝင်ဘူး "
ချီပန်းရွှမ်က နှုတ်ခမ်းကွေးအောင်ပင် ပြုံးလိုက်သည်။
သို့သော် ထိုအချိန်မှာပင် လူအုပ်ဆီမှ တအံ့တသြ ရေရွတ်သံများ ရုတ်တရက်.. စီခနဲ ထွက်လာပါ၏။
ချီပန်းရွှမ်မှာလည်း ထိုအသံများကို ကြားသည်နှင့် တစ်ခုခု လွဲနေပြီမှန်း ရိပ်မိကာ နောက်လှည့်ကြည့်လိုက်သည်။
မြင်လိုက်ရသည့် မြင်ကွင်းကြောင့်... သူ အံ့သြမှင်သက်သွားတော့၏။
အဘယ့်ကြောင့်ဆိုသော်.. အမွေအနှစ် အလင်းတန်းက တဖြည်းဖြည်း မျောလွင့်သွားပြီးနောက် ခပ်လှမ်းလှမ်းရှိ လူငယ်တစ်ယောက်ရှေ့၌ ဆင်းသက်လိုက်သည်ကို သူ မြင်လိုက်ရသောကြောင့်ပင်...
လူငယ်မှာလည်း သူ့ရှေ့မှ အမွေအနှစ်အလင်းတန်းကို ကြည့်ကာ ခဏတာမျှ အံ့အားသင့်နေပြီးနောက်မှ ပျော်ရွှင်စွာ ဆိုလိုက်၏။
" ဒီ အမွေအနှစ်က ငါ့ဟာလား... ငါ နတ်ဆိုးစိတ်ဝိဥာဥ်အဆင့် အမွေအနှစ်ကို တကယ်ကြီး ရခဲ့တာပေါ့.. "
အားလုံးမှာလည်း အခြေအနေကို နားလည်လိုက်ကြတော့သည်။
ထိုအမွေအနှစ်က ချီပန်းရွှမ်နှင့် မည်သို့မှ မပတ်သက်ပါချေ...
" ဟင်.. မဖြစ်နိုင်တာ... ဒါဆို ငါ့ရဲ့ အမွေအနှစ်က ဘယ်မှာလဲ "
ချီပန်းရွှမ် တုန်လှုပ်စွာ ပြောလိုက်သည်။
လောထျန်းက ခပ်လှမ်းလှမ်းသို့ တစ်ချက်ငဲ့ကြည့်ရင်း ပြော၏။
" ဟိုနားလေးဟာက မင်းဟာထင်တယ် "
အားလုံးကလည်း လောထျန်း၏ လက်ညိုးညွှန်ရာဘက် ကြည့်လိုက်ကြသည်။
ထိုစဥ်တွင် နတ်ဆိုးတစ်သောင်းသချ်ိုင်းဂူ အပြင်ဘက်ဆုံးနားလေးမှ မှိန်ဖျော့ဖျော့ အမွေအနှစ် အလင်းတန်းတစ်ခုက သူတို့ရှိရာဘက်သို့ ဖြည်းညင်းစွာ မျောလွင့်လာ၏။
သို့သော်... ထိုအမွေအနှစ် အလင်းတန်းမှာ မှေးမှိန်အားနည်းလွန်းပြီး လေတစ်ချက် တိုက်သည်နှင့်ပင် လွင့်ပါသွားတော့မယောင်...
စူးစမ်းလိုသူတစ်ယောက်က အနားကပ်သွားပြီး အလင်းတန်းအား ကြည့်ကာ ကျယ်လောင်စွာ အော်ပြောလာသည်။
" ဒါ... တုကျဲ့အဆင့် အမွေအနှစ်ပဲ.. "
" တုကျဲ့အဆင့်တဲ့... ဒါ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူထဲမှာ အဆင့်အနိမ့်ဆုံး မဟုတ်လား "
" ချီး.. ငါက ချီပန်းရွှမ်ကို ပါရမီရှင်တစ်ယောက်လို့ ထင်နေတာ ။ အခုတော့ သူက တုကျဲ့အဆင့်ပဲ ရခဲ့တာတဲ့လား "
" ငါ ထင်တာတော့ သူ့က အဲ့ဒီ တုကျဲ့အဆင့် အမွေအနှစ်ကိုတောင် ကံကောင်းပြီး ရခဲ့တာထင်တယ် "
" အဟုတ်ပဲ... သူသာ ချီပန်းကျန်းရဲ့ ညီ မဟုတ်ရင် တုကျဲ့အဆင့် အမွေအနှစ်ကိုတောင် ရမှာမဟုတ်ဘူး "
အားလုံး၏ ထင်ရာပြောသော စကားများကို ဘေးမှ နားထောင်နေသည့် ချီပန်းရွှမ်မှာ မျက်နှာ ပျက်သထက် ပျက်လာတော့သည်။
" ချီး... တုကျဲ့အဆင့် အမွေအနှစ်လောက်ကများ ငါ့ဆီ လာရဲနေတယ်ပေါ့လေ.. ထွက်သွားစမ်း "
ချီပန်းရွှမ် ဒေါသတကြီး အော်လိုက်၏။
သူ ထိုသို့အော်လိုက်သည်နှင့် တရွေ့ရွေ့လာနေသော အမွေအနှစ်အလင်းတန်းကလည်း ရုတ်ချည်း ရပ်တန့်သွားသည်။
" ဟမ့်... အမှိုက်ကောင် ၊ မင်းကများ ငါ့ရဲ့ အမွေအနှစ်ကို အထင်သေးရဲတယ်ပေါ့လေ ။ မင်းမှာသာ ကံလေးနည်းနည်း မကောင်းထားရင် မင်းကိုငါ လှည့်ကြည့်မှာကို မဟုတ်ဘူးကွ "
အလင်းတန်းမှ အေးစက်စက် အသံတစ်သံလည်း ထွက်လာသည်။
ထို့နောက်တွင်ကား အလင်းတန်းက နောက်လှည့်၍ မူလနေရာသို့ ပြန်သွား၏။
ထိုမြင်ကွင်းကို ကြည့်နေသော အားလုံးဆီမှ ဆူညံသံများ ပွက်လောရိုက်သွားပြန်သည်။
" ငါ ခန့်မှန်းထားတာ မှန်နေတာပဲ ။ သူက အဆိုးဆုံး အမွေအနှစ်ကိုတောင် ကံကောင်းပြီး ရသွားခဲ့တာ "
" ဆိုးလိုက်တာကွာ.. သူက တကယ်ရော ချီပန့်ရွှမ်ရဲ့ ညီ ဟုတ်ရဲ့လား "
အားလုံး၏ ပြောစကားများကြောင့် ချီပန်းရွှမ်မှာ မျက်နှာ ပိုပျက်သွားတော့သည်။
သူ့ မူလအစီအစဥ်မှာ လောထျန်းရှေ့၌ ဟိတ်ကြီးဟန်ကြီးဖြင့် ကြွားဝါရန် ဖြစ်သော်လည်း..
အဆုံးသတ်က ယခုလိုတဲ့လား.. ။
" မင်းက အဲ့ဒါနဲ့ ငါ့ကို ချက်ချင်းသတ်မယ်ပေါ့ "
ထိုစဥ် သူ့နောက်မှ လောထျန်း၏အသံ ထွက်လာ၏။
" မင်း... "
ချီပန်းရွှမ်တစ်ယောက် ချက်ချင်း ဒေါသူပုန် ထသွားတော့သည်။
" ဟမ့်.. အနည်းဆုံးတော့ ငါက တုကျဲ့အဆင့် အမွေအနှစ်ကို ရခဲ့သေးတယ်ကွ။ မင်းတို့ နှစ်ယောက်သာဆို တုကျဲ့အဆင့်တောင် ရမှာမဟုတ်ဘူး "
သူ အံကြိတ်၍ ပြန်ပြောလိုက်သည်။
လောထျန်းက အပြုံးဖြင့် ပြော၏။
" တကယ်ကြီးလား... ။ အင်းလေ.. မင်းက အဲ့လိုပြောမှတော့လဲ.. ပိုင်စီ.. ကြိုးစားကြည့်ပါလား "
လောထျန်းက ပြောပြောဆိုဆိုပင် ပိုင်စီဘက် လှည့်ကြည့်လိုက်သည်။
ပိုင်စီမှာ သူ့စကားကို ကြားပြီး လန့်သွားကာ မျက်နှာလည်း သွေးဆုတ်ဖြူရော်သွား၏။
" သခင်လေးလောထျန်း ၊ ကျွန်မ မလုပ်နိုင်လောက်ဘူးနော် "
" ဟင်.. ဘာဖြစ်လို့လဲ "
လောထျန်း မျက်မှောင်ကြုံဲ့ပြီး မေးလိုက်သည်။
ပိုင်စီက တုန်လှုပ်နေဟန်ဖြင့် သူမ၏ အကျ်ီစကို ဆွဲလိမ်ရင်း ပြန်ပြော၏။
" ကျွန်မရဲ့ ပါရမီက သာမာန်ပဲရှင့် ။ ကျွန်မ ဒီ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူကို အရင်ကလဲ ရောက်ဖူးတယ် ။ ဒါပေမယ့်.. တုကျဲ့အဆင့် အမွေအနှစ်ကိုတောင် မရခဲ့ဘူး "
လောထျန်း မျက်မှောင်ကြုံ့ရင်း ဆက်ပြောလိုက်သည်။
" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ မင်းရဲ့ ပါရမီက ချီပန်းရွှမ်ထက်တောင် ပိုကောင်းသေးတာကို ။ အာ... သဘောပေါက်ပြီ ။ မင်းဆီမှာ ကံကောင်းခြင်းတွေ လိုနေတာပဲ "
သူတို့ပြောစကားများကို ဘေးမှ နားထောင်နေသော ချီပန်းရွှမ်က ရုတ်တရက် လှောင်ပြုံးဖြင့် ပြောလာ၏။
" ဘာလဲ... ကြိုးတောင် မကြိုးစားရဲဘူးပေါ့ "
လောထျန်း သူ့ဘက် လှည့်ကြည့်လိုက်သည်။
" စိတ်မပူပါနဲ့.. မကြာခင် မင်းတွေ့ရမှာပါ "
ထိုသို့ပြောပြီး သူ ပိုင်စီဘက် ထပ်လှည့်ကြည့်လိုက်၏။
" မင်းပါးစပ် ဟလိုက် "
" ဟင်... "
ပိုင်စီမှာ လောထျန်းက ဘာကိုလုပ်ချင်နေမှန်း မသိသဖြင့် လန့်သွားသော်လည်း သူပြောသည့်အတိုင်း ပါးစပ် ဟလိုက်ပါသည်။
တဖက်မှ လောထျန်းက သူ့စိတ်ဝိဥာဥ်အစွမ်းကို သုံးကာ မူလနတ်ဆိုးဆေးရည်အား ထုတ်လိုက်၏။
" အဲ့ဆေးရည် တစ်စက်လေးကတောင် နတ်ဆိုးခန္ဓာကိုယ်ကို အဆင့်တစ်ဆင့် တိုးစေတယ်တဲ့ ။ သူ့ကို ငါးစက်လောက်ပေးပြီး ဘယ်လိုဖြစ်မလဲ စမ်းကြည့်လိုက်မယ် "
လောထျန်း စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။
ထို့နောက် သူ ဆေးရည်ပုလင်းထဲမှ ဆေးရည်ငါးစက် ထုတ်ပြီး ပိုင်စီ၏ ပါးစပ်ထဲသို့ ထည့်လိုက်၏။
" ဟင်.... သခင်လေးလောထျန်း ၊ ကျွန်မ ပါးစပ်ထဲကို ဘာကြီး ထည့်လိုက်တာလဲ "
ပိုင်စီမှာ ဆေးရည်ကို မြိုချပြီးနောက် အံ့သြမှင်သက်နေရှာသည်။
ထို့နောက်တွင်မူ...
ဝုန်း..
ကြောက်မက်ဖွယ် အစွမ်းတစ်ခုက သူမ၏ ခန္ဓာကိုယ်အတွင်း ပေါက်ကွဲနေသည်ကို ခံစားလိုက်ရပါ၏။
သူမ၏ ခန္ဓာကိုယ်အစွမ်းလည်း ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် တိုးလာနေသည်။
တစ်စက္ကန့်မျှ အကြာမှာပင်..
ဝီ...
သူမ အနောက်ဘက်၌ နတ်ဆိုးအရိပ်တစ်ခု ပေါ်လာ၏။
" ကျွန်မရဲ့.. နတ်ဆိုးခန္ဓာကိုယ်က အဆင့်တက်သွားတာလား.
ပိုင်စီတစ်ယောက် အံ့သြတုန်လှုပ်သွားတော့သည်။
ဘေးမှလူများမှာလည်း ထိုမြင်ကွင်းကိုကြည့်ကာ တုန်လှုပ်သွားကြ၏။
" ဘာတွေဖြစ်နေတာလဲ... ဒီလို အချိန်ကြီးမှာ နတ်ဆိုးခန္ဓာကိုယ်ကို အဆင့်တက်အောင် လုပ်နေတာလား.. "
" ဒီကောင်မလေးက အဲ့လောက် ကံကောင်းတာလား "
အားလုံး၏ သူမကိုကြည့်သော အကြည့်တွင်လည်း မနာလို အားကျမှုများ ပြည့်လျက်..
ထိုအချိန်တွင် အခြားတစ်ခုကို ပိုင်စီ သတိထားမိသွားပြန်၏။
" အစွမ်းထက်လိုက်တဲ့ အားပဲ.... ဟင်... ခုထိ မပြီးသေးဘူးနဲ့တူတယ် "
သူမ တအံ့တသြ ရေရွတ်လိုက်သည်။
ထို့နောက်..
ဝီ...
အခြား နတ်ဆိုးအရိပ်တစ်ခု သူမနောက်တွင် ထပ်ပေါ်လာသည်။
" ဘယ်လိုဖြစ်ပြီး... "
အားလုံးမှာ ၎င်းကိုကြည့်ကာ ဟန်ချက်ပင် ပျက်ကုန်ကြတော့၏။
သူမ၏ နတ်ဆိုးခန္ဓာကိုယ် အဆင့်တစ်ခု တက်သွားခြင်းက ကံကောင်းပြီး အကြောင်းတိုက်ဆိုင်၍ဟု ပြော၍ရသေးသော်လည်း..
ယခုလို နှစ်ကြိမ်ဆက်တိုက် အဆင့်တက်ခြင်းကမူ အဓိပ္ပါယ် ကွဲသွားလေပြီ ။
သို့သော်.. ထို့ထက်ပို အံ့သြစရာအရာများ ဆက်ဖြစ်လာပါ၏။
ဝီ... ဝီ... ဝီ ....
တခဏလေးအတွင်းမှာပင် ပိုင်စီ၏ နတ်ဆိုးခန္ဓာကိုယ်က အဆင့်သုံးဆင့် ထပ်တက်သွားတော့သည်။
အားလုံးလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။
အထူးသဖြင့်.. လူအုပ်ထဲမှ အစွမ်းထက် ကျင့်ကြံသူအချို့မှာ လောထျန်းနှင့် ပိုင်စီတို့အား သေချာစိုက်ကြည့်နေကြပြီး.. မည်သို့ ဖြစ်နေသည်ကို တဖြည်းဖြည်းချင်း နားလည်သွားကြသည်။
သို့သော်... နားမလည်သည့် လူက ပိုများပါ၏။
" ဒီကောင်မလေးက သူ့ရဲ့ နတ်ဆိုးခန္ဓာကိုယ်ကို အဆင့်ငါးခုအထိ ဆက်တိုက်တက်သွားအောင် လုပ်ခဲ့တာလား။ သူ့ရဲ့ အရင်နတ်ဆိုးခန္ဓာကိုယ်က အဆင့်သုံးလောက်ပဲ ရှိသေးတာမလား ။ အခု အဆင့် ၈ ကို တန်းရောက်သွားတာပေါ့ "
" ဘုရားရေ... အဆင့် ၈ နတ်ဆိုးခန္ဓာကိုယ်ပဲ... ။ အစွမ်းထက်တဲ့ နတ်ဆိုးစိတ်ဝိဥာဥ်အဆင့် သခင်ကြီး
တချို့တောင် သူတို့ရဲ့ ခန္ဓာကိုယ်ကို အဲ့လောက်အဆင့်ထိ မသန့်စင်နိုင်ကြဘူးလေ.. ဟုတ်တယ်မလား "
" ဒီကောင်မလေးရဲ့ ခန္ဓာကိုယ်အစွမ်း တစ်ခုတည်းကို ကြည့်ပြီး ပြောရင်တောင်.. သူက ချီပန်းကျန်းလောက်ကို ကောင်းနေပြီ "
အားလုံး၏ ပိုင်စီအပေါ် ကြည့်သောအကြည့်များ ပြောင်းလဲသွားကြသည်။
ထိုစဥ်တွင် လောထျန်းက အပြုံးဖြင့် ပြော၏။
" ကဲ.. အခု နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူကိုသွားပြီး ထပ်ကြိုးစားကြည့်တော့ "