ပါရမီရှင် ချီပန်းကျန်းနှင့် မြေကမ္ဘာနတ်ဆိုး သုံးယောက်၏ အမွေအနှစ်
Vol. 41 Ch. 574
" ဟုတ်... ဟုတ်ကဲ့.. "
ပိုင်စီမှာ အံ့သြမှုပင် မပြယ်သေးပါချေ။
လောထျန်း၏ စကားကိုကြားပြီးနောက် သူမ သတိပင်မထားမိဘဲ ခေါင်းညိတ်ပြကာ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူရှေ့သို့ လျှောက်သွားလိုက်သည်။
" တပည့် ပိုင်စီက သခင်ကြီးတို့ဆီက အမွေအနှစ်ကို ရိုရိုသေသေ တောင်းခံပါတယ် "
သူမ တုန်တုန်ယင်ယင် ဆိုလိုက်သည်။
အားလုံးကလည်း သူမကိုသာ သေချာ စိုက်ကြည့်နေကြ၏။
ထိုအချိန်မှာပင်..
ဝီ...
ခပ်လှမ်းလှမ်း တောင်ကုန်း၏ အလယ်နားလောက်ရှိ အုတ်ဂူတစ်ခုဆီမှ နတ်ဆိုးအလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
" အမွေအနှစ်အလင်းတန်း ပဲဟေ့ "
တစ်ယောက်က တအံ့တသြ အော်ပြောလိုက်သည်။
" မြေကမ္ဘာနတ်ဆိုးအဆင့် အုတ်ဂူဆီကလား... ၊ သူက မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ်ကို တကယ်ကြီး ရသွားခဲ့တာပေါ့ "
" ဒါ... တစ်ယောက်ယောက်က မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ် ရသွားတာကို မမြင်ရတာတောင် နှစ်တွေအများကြီး ကြာသွားခဲ့ပြီ "
" ငါတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ နောက်ထပ် ပါရမီရှင်တစ်ယောက် ပေါ်လာတော့မှာလား "
အားလုံးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း အံ့သြမှင်သက်နေကြတော့သည်။
မရေမတွက်နိုင်သော မျက်လုံးများက ပိုင်စီအား ကြည့်နေကြသလို..
လောထျန်းကို ကြည့်နေသည့် မျက်လုံးများလည်း များစွာပင် ရှိပါ၏။
ပိုင်စီ၏ နတ်ဆိုးခန္ဓာကိုယ် အဆင့်များစွာ တက်သွားပြီး မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ်ကို ရသွားခြင်းမှာ လောထျန်းကြောင့် ဆိုသည်ကို သူတို့ နားလည်ပါသည်။
" မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး ။ သူက မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ်ကို ဘယ်လိုလုပ်ပြီး ရသွားတာလဲ ။ ဒီမိန်းမက ငါ့တုန်းကလိုမျိုး တခြားသူတစ်ယောက်ရဲ့ အမွေအနှစ်ကို သူ့ဟာလို့ အထင်မှားနေတာပဲ ဖြစ်မယ် "
ထိုအချိန်တွင် ချီပန်းရွှမ်မှာ အဖြစ်မှန်ကို လက်မခံနိုင်ဘဲ ငြင်းရန် ကြိုးစားနေဆဲပင် ။
သို့သော် ထိုစဥ်မှာပင် ...
ဝီ... အမွေအနှစ် အလင်းတန်းက ပိုင်စီရှေ့သို့ တိုက်ရိုက်ပျံသန်း ရောက်ရှိလာကာ သူမ၏ကိုယ်အား လွှမ်းခြုံထားလိုက်သည်။
ပိုင်စီ တစ်ကိုယ်လုံး ဆတ်ခနဲတုန်သွားပြီး မျက်လုံးများ မှိတ်လိုက်၏။
အချိန်အတန်ငယ် ကြာပြီးနောက်တွင်ကား အလင်းတန်း ပြန်ပျောက်ကွယ်သွားကာ ပိုင်စီ၏ မှတ်ဉာဏ်ထဲတွင် အကြောင်းအရာများစွာ ပေါ်လာတော့သည်။
" ဒါ... မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ်လား... ။ ကျွန်မ သဘောပေါက်ပါပြီ... ကျွန်မရဲ့ အနာဂါတ်ကျင့်ကြံခြင်း လမ်းစဥ်ကိုလဲ သိပါပြီ ။ ကျေးဇူးတင်ပါတယ် သခင်ကြီး "
ပိုင်စီက အုတ်ဂူရှိရာ တောင်ဘက်သို့ မျက်နှာမူပြီး ဒူးထောက်ချလိုက်၏။
ဘေးမှာ လူများမှာလည်း ထိုမြင်ကွင်းကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတော့သည်။
" အဲ့ဒါ တကယ်ကြီး မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ်ပဲကွ ။ လုံးဝ မမှားဘူး "
" အနာဂါတ်ရဲ့ အစွမ်းထက်ကျင့်ကြံသူကြီးပဲ... "
အားလုံး ထိုသို့ပြောနေကြစဥ်တွင်..
ချီပန်းရွှမ် တစ်ယောက်မှာကား.. မျက်နှာဆိုးရွားစွာ ပျက်လျက်..
သူ အထင်သေးအမြင်သေး ဆက်ဆံခဲ့သည့် ပိုင်စီက မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ်ကို အမှန်တကယ် ရသွားခဲ့လေပြီ ။
ဤမျှ လွယ်သတဲ့လား...
လက်ရှိတွင် ဖြစ်နိုင်ပါက.. သူ မြေကြီးထဲ တွင်းတစ်ခုတူးပြီး ဝင်ပုန်းနေချင်စိတ်သာ ရှိပါတော့သည်။
" ဘယ်လိုလဲ.. ငါတို့ကို ချက်ချင်း သတ်နိုင်သေးလား "
ထိုစဥ် သူ့ဘေးနားမှ လောထျန်းက အပြုံးဖြင့် မေးလာ၏။
" မင်း... "
ချီပန်းရွှမ်၏ မျက်နှာထား ပြောင်းသွားပြီးနောက် .. ဒေါသတကြီး ပြောလိုက်သည်။
" မင်းက ဘာတွေ မောက်မာချင်နေတာလဲ ။ အမွေအနှစ်ကို ရခဲ့တာ သူလေ ။ မင်းနဲ့ ငါ့အကိုနဲ့ လုပ်ထားတဲ့ လောင်းကြေးကို မမေ့နဲ့ဦး ။ မင်း ရှုံးသွားရင် မင်းတို့နှစ်ယောက်လုံး သေရမှာ "
အားလုံးမှာ သူ့စကားကို ကြားပြီး ခေါင်းယမ်းလိုက်ကြ၏။
သူတို့ နားလည်း မလည်နိုင်တော့ပါ...
ချီပန်းကျန်းလို လူတစ်ယောက်တွင် ထိုသို့ စိတ်မနှံ့သည့် ညီတစ်ယောက် ရှိနေသတဲ့လား...
ပိုင်စီက လောထျန်းကြောင့်သာ ထိုအမွေအနှစ်အား ရခဲ့သည်ကို သူ မမြင်ခဲ့ဘူးလား..
ပိုင်စီက ကြောက်စရာကောင်းသည် မှန်သော်လည်း.. လောထျန်းက သူမထက်ပင် ပိုဆိုးနိုင်သည် မဟုတ်ပါလား..
သို့သော် ထိုစဥ်တွင်..
ဝုန်း....
အားလုံးနောက်မှ အစွမ်းထက် အရောင်အဝါတစ်ခု ထွက်လာသည်။
" ချီပန်းကျန်းပဲဟေ့... သူ အသင့်ဖြစ်နေပြီ "
တစ်ယောက်က တအံ့တသြ အော်ပြောလိုက်သည်။
အားလုံးကလည်း ချီပန်းကျန်း ရပ်နေသည့်ဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
ထိုအချိန်တွင် သူ့တစ်ကိုယ်လုံး၌ နတ်ဆိုးအစွမ်းများ လွှမ်းခြုံနေကာ ယခင်လို အခြေအနေနှင့် လုံးဝ မတူတော့ပါချေ။
" အကိုကြီး ၊ ဟို မိန်းမက.... "
ချီပန်းရွှမ်ကလည်း သူ့ကိုတွေ့သည်နှင့် ချက်ချင်း တိုင်ပြောရန် ပြင်လိုက်သည်။
သို့သော် ချီပန်းကျန်းက လက်ကာပြ၍ အေးစက်စက်
ပြောလာ၏။
" ငါ အားလုံး ကြားပြီးသွားပြီ "
သူ ထိုသို့ပြောပြီး ပိုင်စီထံ လျှောက်သွားကာ ခေါင်းညိတ်၍ ဆိုလိုက်သည်။
" မင်းက မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ်ကို ရလိမ့်မယ်လို့ ငါ တစ်ခါမှတောင် မတွေးထားမိဘူး ။ မင်းကို ငါ လျှော့တွက်ခဲ့မိတာပဲ "
" အခု.. မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ် ။ အခုချက်ချင်း ဒူးထောက်ပြီး ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုပါ ။ ဒါဆိုရင် အရင်ဖြစ်ခဲ့တဲ့ ကိစ္စတွေအားလုံးကို ငါ မသိချင်ယောင် ဆောင်ပေးမယ် "
ချီပန်းကျန်းက ပိုင်စီအား အထင်သေးသည့်အကြည့်ဖြင့် ငုံ့ကြည့်ရင်း ပြောလိုက်သည်။
ပိုင်စီမှာလည်း ထိုအချိန်တွင် ချီပန်းကျန်းး အကြည့်ကြောင့် အလွန်ကြောက်လန့်တုန်လှုပ်နေပါ၏။
သို့သော်.. သူမ ခေါင်းယမ်း၍ ပြန်ပြောလိုက်သည်။
" ကျွန်မ... ရှင့်ကို သခင်အဖြစ် အသိအမှတ် မပြုချင်ဘူး "
အကယ်၍ ယခင်နေ့ကသာ သူမကို ထိုစကားမျိုး လာပြောပါက သူမ အလွယ်တကူ ခေါင်းညိတ်လက်ခံမိမည် မလွဲပေ။
သို့သော်.. ယနေ့တွင်မူ သူမ ငြင်းရပေလိမ့်မည်။
ထိုစကားကို ကြားသည်နှင့် ချီပန်းကျန်း၏ မျက်လုံးထဲ၌ လူသတ်အရိပ်အငွေ့များ ဖျတ်ခနဲ လက်သွား၏။ သို့သော် သူ ခေါင်းအသာညိတ်ကာ ပြောလိုက်ပါသည်။
" ကောင်းပြီလေ ၊ ဒါဆိုရင် မင်းတို့နှစ်ယောက်လုံး အတူတူသေကြရမှာပေါ့ "
ထို့နောက် သူ လောထျန်းဘက် လှည့်ကြည့်လိုက်၏။
" ကောင်လေး ၊ ပါရမီရှင်အစစ်က ဘယ်လိုဆိုတာ ဒီနေ့ မင်းသိအောင် ပြပေးမယ် "
သူ ထိုသို့ပြောကာ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူဆီသို့ ခြေတစ်လှမ်းတိုးလိုက်သည်။
" နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူက သခင်ကြီးတို့ ၊ ကျုပ်က ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ လူငယ်မျိုးဆက်တွေထဲမှာ ရှေ့အရောက်ဆုံးသူတစ်ယောက် ဖြစ်တဲ့ ၊ ချီပန်းကျန်း ပါ ။ လက်ရှိ နတ်ဆိုးငယ်တစ်ပါးလဲ ဖြစ်ပါတယ် ။ ဘယ်သခင်ကြီးကများ ကျုပ်ကို အမွေအနှစ်တွေ ယုံကြည်အပ်နှင်းချင်မလဲ သိချင်ပါတယ်ဗျာ "
သူ့အော်သံ ထွက်လာသည့် အသံလှိုင်းလုံးများက နေရာအနှံ့ ပျံ့သွားသဖြင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
ထိုအချိန်မှာပင်..
ဝီ...
ခပ်လှမ်းလှမ်း တောင်တစ်ဝက်လောက်ဆီမှ နတ်ဆိုးအလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွား၏။
" မြေကမ္ဘာနတ်ဆိုးအဆင့်လား.. နောက်ထပ် မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ်ပဲဟေ့.. "
တစ်ယောက်၏ အံ့သြတကြီး အော်သံ ထွက်လာသည်။
" ဘုရားရေ... ဒီနေ့ မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ် ရတာကို နှစ်ကြိမ်တောင် မြင်ရတာပါလား.. "
ထိုသူ၏ စကားဆုံးစဥ်မှာပင်...
ဝီ...
ဒုတိယ အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားပြန်သည်။
" ဟင်... မြေကမ္ဘာနတ်ဆိုးအဆင့် ဒုတိယတစ်ခုလား... "
အားလုံး အံ့သြတုန်လှုပ်ကုန်ကြ၏။
သို့သော် ထိုစဥ်မှာပင်..
ဝီ...
တတိယမြောက် အလင်းတန်းက ကောင်းကင်ယံသို့ ထပ်တက်သွားပြန်သည်။
ဤတစ်ကြိမ်တွင်လည်း အားလုံး တုန်လှုပ်သွားကြပြန်၏။
" အံ့သြစရာကြီးကွာ... မြေကမ္ဘာနတ်ဆိုးအဆင့် သခင်ကြီး သုံးယောက်ရဲ့ အသိအမှတ်ပြုတာကို ခံရတာလား "
" ချီပန်းကျန်းက တကယ်ကို အစွမ်းထက်တာပဲ ။ လက်ရှိခေတ်ရဲ့ နတ်ဆိုးငယ်လို့ ခေါ်ထိုက်ပါပေတယ် "
အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ပြီး မလေးစားဘဲ မနေနိုင်ကြပါချေ။
ထိုစဥ်မှာပင် အလင်းတန်း သုံးခုလုံးက ချီပန်းကျန်းရှေ့သို့ ရောက်လာကြသည်။
ဝီ...
ထိုအလင်းတန်းသုံးခု၏ လွှမ်းခြုံခြင်း ခံလိုက်ရသော ချီပန်းကျန်းမှာ နတ်ဆိုးကြီး တစ်ပါးအသွင် ဖြစ်နေကာ ပြိုင်ဘက်ကင်းသူတစ်ယောက်၏ ဟန်ပန်မျိုးဖြင့် အားလုံးကို ငုံ့ကြည့်နေ၏။
" ဟားဟား.. ကျုပ်အကိုကြီးဖြစ်ဖို့ တကယ်ကို ထိုက်တန်ပါတယ်ဗျာ ။ အကိုက မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ် သုံးခုတောင် ရသွားခဲ့တာပဲ ။ ဟိုကောင်လေး... မင်း ခုနက မောက်မာပြနေခဲ့တာနော်။ အခု မင်းနဲ့ ငါ့အကိုကြားက ကွာဟချက်ကို သိပြီလား ။ ဒါကိုမှ ပါရမီရှင်လို့ ခေါ်တာကွ "
ချီပန်းရွှမ်က ၎င်းကိုကြည့်ရင်း အားပါးတရ အော်ရယ်၍ ပြောလိုက်သည်။
ထို့နောက် သူ လောထျန်းနှင့် ပိုင်စီတို့ဘက် လှည့်ကြည့်ကာ လှောင်ပြောင်သည့် အမူအရာ လုပ်ပြလိုက်၏။
သူ့အသွင်မှာ အနိုင်ရသူ စစ်သူကြီးတစ်ယောက်လိုပင်..
" ဒါ.... "
တဖက်မှ ပိုင်စီမှာလည်း ထိုမြင်ကွင်းကို ကြည့်ပြီး စိုးရိမ်ထိတ်လန့်သွားရပါသည်။
ချီပန်းကျန်းက အစွမ်းထက်သည်ကို သူမ သိသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ယခုလောက် အစွမ်းထက်လိမ့်မည်ဟုမူ ထင်မထားခဲ့ပါ ။
ယခု သူက မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ် သုံးခုကို တစ်ပြိုင်နက်တည်း ရခဲ့သတဲ့လား..
၎င်းမှာ မယုံနိုင်စရာကြီးပင်..
ဝှစ်..
ထိုစဥ်တွင် ချီပန်းကျန်းက အမွေအနှစ် သုံးခုလုံးကို လက်ခံရယူပြီးသွားခဲ့ပြီး လေထဲမှ ဆင်းသက်လာ၏။
သူ့အသွင်မှာလည်း ယခင်ကလို လုံးဝ ဟုတ်မနေတော့ပါ...
" ဂုဏ်ယူပါတယ် သခင်လေး သခင်လေးပန်းကျန်း "
ထိုစဥ်တွင် နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူမှ အကြီးအကဲကလည်း ချီပန်းကျန်းဘေးသို့ ရောက်လာကာ အပြုံးဖြင့် ဆိုလိုက်သည်။
သူ အစောက ချီပန်းရွှမ်အား တိုက်ခိုက်ခဲ့သည့်အတွက် ချီပန်းကျန်းအား ရန်စစော်ကားသလို ဖြစ်သွားခဲ့ကြောင်း အသိသာပါပင် ။
ထို့အပြင်.. ယခု ချီပန်းကျန်းက မြေကမ္ဘာနတ်ဆိုးအဆင့် အမွေအနှစ် သုံးခုကို လက်ခံရခဲ့သည်ဖြစ်ရာ.. သူ့အနာဂါတ်က အကန့်အသတ်မဲ့ ထွန်းလင်းလာတော့မည်မှာ သေချာပါသည်။
ထို့ကြောင့်လည်း ယခင် ရှိထားခဲ့သော ပြဿနာများကို ပြေလည်စေရန်အတွက် အဘိုးအို ကြိုးစားနေခြင်းပင် ။
သို့သော် ချီပန်းကျန်းက သူ့အား လျစ်လျူရှုထားပြီး လောထျန်းဘက်သို့သာ ကြည့်၍ ပြောလိုက်သည်။
" ကောင်လေး .. ကိုယ့်ကိုကိုယ်ပဲ သေကြောင်းကြံမလား ။ ဒါမှမဟုတ်... ငါကိုယ်တိုင်ပဲ လုပ်ပေးရမလား "
ထိုစဥ်တွင် လောထျန်း၏ အပြောကိုပင် မစောင့်ဘဲ ဘေးရှိ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူမှ အကြီးအကဲက ဝင်ပြောလာ၏။
" သခင်လေး ချီပန်းကျန်း ၊ ကျုပ်က ဒီလောင်းကြေးရဲ့ မျက်မြင်သက်သေတစ်ယောက်ပါ ။ သခင်လေးကိုယ်တိုင် တိုက်ခိုက်ဖို့ မလိုပါဘူးဗျာ ။ ကျုပ်ကိုယ်တိုင် သူ့ကို သတ်လိုက်ပါမယ် "
သူ ထိုသို့ပြောပြီး လောထျန်းဘက် လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာထားလည်း ချက်ချင်း ပြောင်းသွားတော့၏။
" ကောင်လေး ၊ နောက်ဆုံးစကားအနေနဲ့ ဘာစကားပြောချင်လဲ "
သူ အေးစက်စက် မေးလိုက်သည်။
စာစဉ်ပြီး၏