ဒဏ္ဍာရီတစ်ခုမွေးဖွားမှု
Vol. 1 Ch. 1
သိုင်းလောက
သိုင်းလောကဆိုသည့်စကားလုံးကိုအဓိပ္ပာယ်ဖွင့်ဆိုရသော် သိုင်းပညာရပ်ကို လေးစားတန်ဖိုးထားသောလောကဟု အလွယ်မှတ်၍ရပေမည် ။
သိုင်းလောကဆိုသည့်စကားလုံးကို နိုင်ငံအုပ်ချုပ်မင်းလုပ်နေသည့်ဘုရင်မင်းမြတ်မှစ၍ သာမန်ပြည်သူများအထိကြားဖူးကြသည်။။
အထူးသဖြင့် ရန်ငြိုးများ ၊လက်စားချေမှုများအြည့်နှက်နေသည့်ထိုနေရာရှိ အံ့ဩဖွယ်စွမ်းရည်များကိုပိုင်ဆိုင်ထားကြသည့်သိုင်းသမားများ၊ ထူးဆန်းသည့်ဖြစ်ရပ်များ ၊ ကြောက်မက်ဖွယ်တိုက်ပွဲများ စသည်ဖြင့် သိုင်းလောကထဲတွင်ဖြစ်ပျက်နေသည်များကိုလူတိုင်းလိုလိုသိရှိကြသည်။။
သိုင်းလောကထဲတွင် တိုက်ပွဲများ၊ သတ်ဖြတ်မှုများက နေ့စဉ်နှင့်မျှဖြစ်ပျက်နေပြီး အစွမ်းထက်သိုင်းသမားများလည်းမကြာခဏထွက်ပေါ်လာတတ်သည်။။
ထို့ကြောင့် မည်မျှကြီးမားသည့်အကြောင်းအရာပင်ဖြစ်စေ အချိန်တစ်ခုကြာပြီးနောက်တွင်မေ့လျော့ခံရသည်မှာဓမ္မတာပင်ဖြစ်ပေသည်။။
သို့သော် သိုင်းလောကသားများအတွက်မည်သည့်အခါမှမေ့လျော့မသွားဘဲနှစ်ရာပေါင်းများစွာကြာသည်အထိအမှတ်ထင်ထင်ရှိနေမည့်ဖြစ်ရပ်တစ်ခုရှိနေသေးသည်။။
ထိုဖြစ်ရပ်က လွန်ခဲ့သည့်တစ်နှစ်နီးပါးကဖြစ်ပွားခဲ့သည့် ကျုံဟွာတောင်တိုက်ပွဲမှလွဲ၍အခြားမဟုတ်ပေ။
နှင်းငွေ့မိစ္ဆာသခင်ဆိုသည့် အစွမ်းထက်သိုင်းပညာရှင်တစ်ဦးက လွန်စွာအင်အားကြီးမားသည့်ခရမ်းရောင်သွေးလဂိုဏ်းကိုဦးဆောင်ကာ သိုင်းလောကတစ်ခုလုံးကိုသိမ်းပိုက်နိုင်လုနီးနီးအခြေအနေသို့ရောက်ရှိခဲ့သည် ။
ဂိုဏ်းကြီးခြောက်ဂိုဏ်းဦးဆောင်သည့်ထိပ်တန်းအင်အားစုကြီးများ၊ နဂါးစိမ်းဂိုဏ်းတဖြစ်လဲ သွေးလဖျက်ဆီးသူအဖွဲ့စသည့် ဂိုဏ်းအဖွဲ့များ၏စုပေါင်းဟန့်တားမှုကြောင့် နှင်းငွေ့မိစ္ဆာသခင်ကျရှုံးခဲ့ကာ သူ၏ခရမ်းရောင်သွေးလဂိုဏ်းသည်လည်းရှုံးနိမ့်ခဲ့ရသည်။
သို့သော် ထိုတိုက်ပွဲတွင် နှင်းငွေ့မိစ္ဆာသခင်၏ပြိုင်ဘက်ကင်းသိုင်းပညာကိုလူတိုင်းတုန်လှုပ်ခြောက်ချားခဲ့ရပြီး သူတစ်ဦးထဲဖြင့်ထိပ်တန်းအင်အားစုများမှသိုင်းဝိဇ္ဇာအားလုံးနီးပါးကို အပြက်အသက်အနိုင်ယူခဲ့ပေသည်။
အကယ်၍ နောက်ဆုံးအချိန်တွင်အဆင့်တတ်သွားသည့်ပထမဓားသခင်ကြောင့်သာမဟုတ်ပါက ယခုချိန်တွင်သိုင်းလောကတစ်ခုလုံးက နှင်းငွေ့မိစ္ဆာသခင်၏ခြေထောက်အောက်သို့ရောက်ရှိနေပေမည်။။
ထို့အပြင် ကောလဟာလများအရ ထိုနေ့ကဖြစ်ရပ်တွင် အမှောင်ကျေးရွာ၊ ဓားစံအိမ်စသည့် ဒဏ္ဍာရီအင်အားစုကြီးများပါဝင်နေသည်ဟုလည်းသိခဲ့ရပြီး ရေရေရာရာမရှိသဖြင့်ထိုအကြောင်းမှာလေနှင့်အတူပျောက်ကွယ်သွားခဲ့သည်။။
မည်သို့ပင်ဖြစ်စေ ထိုနေရာတွင်ရှိခဲ့သည့်လူများ၏စကားအရ နှင်းငွေ့မိစ္ဆာသခင်နှင့်ပထမဓားသခင်တို့၏သိုင်းပညာများကသိုင်းဝိဇ္ဇာအဆင့်ထက်ပင်ကျော်လွန်နေသည်ဟုဆိုကြသည်။
ယခုအချိန်၌ သိုင်းလောက၏ရောင်နီလာချိန်ဖြစ်ပြီး အင်အားစုအသီးသီးက သူတို့၏အင်အားများကိုပြန်လည်တည်ဆောက်နေကြကာ သိုင်းလောကတစ်ခုလုံးအခိုက်အတန့်အားဖြင့်အေးချမ်းနေသည်ဟုဆိုရပေမည်။
သို့သော် ထိုငြိမ်းချမ်းမှုကမည်သည့်အချိန်ထိခံနိုင်မည်ကိုတော့မည်သူမှ တပ်အပ်ပြောနိုင်မည်မဟုတ်ပေ....
&&&
တျန်ကျင်းပြည်နယ်
စူးဟိုင်မြို့
စူးဟိုင်မြို့မှာ ထျန်ကျင်းပြည်နယ်ရှိသေးငယ်သည့်မြို့လေးတစ်ခုဖြစ်ပြီးလူသုအရောက်အပေါက်နည်းပါးကာ သာမန်ဆန်သည့်မြို့လေးတစ်ခုဖြစ်၏။
စီးပွားရေးလုပ်ငန်းများများထွန်းကားခြင်းမရှိသလိုလည်ပတ်စရာခရီးသွားနေရာများလည်းမရှိဘဲ အထင်ကရနေရာဟူ၍ မြို့၏လီနှစ်ရာခန့်အကွာတွင်ရှိသည့်ကျုံဟွာတောင်တစ်ခုသာရှိပေသည်။။
လွန်ခဲ့သည့်တစ်နှစ်နီးပါးက ကျုံဟွာတောင်တိုက်ပွဲကြောင့် စူးဟိုင်မြို့လေးအတော်စည်ကားခဲ့သော်ငြား တိုက်ပွဲပြီးနောက်တွင်ပုံမှန်ပြန်ဖြစ်သွားကာ မြို့ကလေးသည်လည်း ယခင်အတိုင်းပြန်၍တိတ်ဆိတ်ခြောက်သွေ့သွားခဲ့သည်။။
နံနက်ခင်း၏နေရောင်က စူးဟိုင်မြို့လေးပေါ်သို့ဖြာကျနေပြီး မြို့လေးထဲတွင်သက်ဝင်လှုပ်ရှားနေသည့်လူများရှိနေသည်။။
တိတ်ဆိတ်ကာ အိမ်ခြေနည်းပါးသည့် မြို့အစွန်ရှိခြံဝန်းငယ်လေးထဲတွင် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်လူရွယ်တစ်ယောက် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်လျက်ရှိသည် ။
ထိုလူရွယ်၏ပုံစံက ဂနာမငြိမ်ဖြစ်နေပြီးနောက်သို့ပစ်ထားသည့်လက်တစ်ဖက်ကိုလက်သီးတင်းတင်းဆုပ်ထားကာ သူ၏မျက်နှာကလည်းစိတ်တင်းကြပ်နေဟန်တူသည်။
လူရွယ်၏အသက်က သုံးဆယ်ဝန်းကျင်သာရှိပြီးစူးရှတောက်ပသည့်မျက်လုံးကိုပိုင်ဆိုင်ထားကာ တည်ကြည်ခန့်ညားသည့်မျက်နှာနှင့် အတော်ပင်ချောမောသည့်ရုပ်ရည်ရှိသည်။
သို့သော်လည်း သူ၏ညာဘက်အင်္ကျီလက်စက တွဲလောင်းကျနေပြီးလက်တစ်ဖက်ပြတ်နေသည်ကိုစိတ်မကောင်းစွာတွေ့ရပေမည်။
အကယ်၍ အသေအချာနားထောင်ကြည့်ပါက ခြံဝန်းတစ်ခုလုံး တိတ်ဆိတ်နေသော်လည်း အိမ်ငယ်လေးထဲမှ တတွတ်တွတ်ပြောဆိုနေသည့် စကားသံအချို့နှင့် ကြိတ်၍အော်ဟစ်နေသည့်ညည်းတွားသံသဲ့သဲ့ကိုကြားနိုင်ပေမည်။
လူရွယ်နှင့်မလှမ်းမကမ်းရှိသစ်ပင်အောက်တွင် ခြေပစ်လက်ပစ်ထိုင်က အရက်တစ်အိုးကိုသောက်နေသည့်အဖိုးအိုတစ်ယောက်ရှိသည် ။
ထိုအဖိုးအိုက စုတ်ပြဲကာ အနားဖွာနေသည့်ဝတ်စုံကိုဝတ်ဆင်ထားပြီး ပိန်ပိန်ပါးပါးခန္တာကိုယ်ရှိသည်။
အလွန်အမင်းစိတ်လှုပ်ရှားနေသည့်လူရွယ်၏ ပုံသဏ္ဍာန်နှင့်ဆန့်ကျင်စွာသူ၏သွင်ပြင်ကအေးအေးလူလူဖြစ်နေပြီး အရက်အိုးထဲရှိလက်ကျန်အရက်တစ်ငုံကိုမော့သောက်၍ လူရွယ့်ကိုပြောလိုက်သည်။
“ ဟေ့...ဟုန်းလျန် အေးအေးဆေးဆေးနေစမ်းပါ မိန်းကလေးလျှံက ဘာမှမဖြစ်ပါဘူး...”
အဖိုးအို၏အေးဆေးတည်ငြိမ်သည့်စကားကြောင့် လူရွယ်၏မျက်နှာကအနည်းငယ်တင်းမာသွားပြီးအဖိုးအိုကို စူးစိုက်ကြည့်လိုက်သည်။
သို့သော် စကားတစ်ခွန်းမှမဆိုဘဲ ခြံဝန်းထဲရှိအိမ်ငယ်လေးဆီသို့ပြန်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည် ။
လူရွယ်၏အိန္ဒြေမရသည့်အဖြစ်ကြောင့်အဖိုးအို၏မျက်နှာထက်တွင်အပြုံးတစ်ခုထွက်ပေါ်လာသော်လည်း တစ်ချိန်ထဲမှာပင်စိတ်မကောင်းဖြစ်စွာဖြင့်ခေါင်းယမ်းလိုက်မိသည် ။
ထိုအချိန်တွင် အိမ်ငယ်လေးထဲမှစူးရှသည့်အသံတစ်ခုထွက်ပေါ်လာပေသည်။
“ အဲ့.....”
ကလေးငယ်တစ်ယောက်၏ငိုသံစူးစူးက တိတ်ဆိတ်နေသည့်အခြေအနေကိုဖြိုခွဲလိုက်ပြီး အဖြူရောင်ဝတ်စုံဝတ်လူရွယ်သာမက အေးအေးလူလူရှိနေသည့်အဖိုးအိုကိုပါ ဆက်ခနဲဖြစ်သွားစေသည်။
မကြာမီ အိမ်ငယ်လေးထဲမှ သက်လက်ပိုင်းအရွယ်အမျိူးသမီးတစ်ဦးထွက်လာသည်ကိုမြင်လိုက်ရပြီး လူရွယ်၏ခန္တာကိုယ်က ထိုအမျိူးသမီး၏အနီးသို့ ရိပ်ခနဲရောက်သွားတော့သည် ။
“ ဟဲ့...ကောင်လေးစန်းရဲ့ ...လန့်လိုက်တာ...”
သူမ၏အနီးသို့ချက်ခြင်းလိုလိုရောက်ရှိလာသည့်လူရွယ့်ကြောင့် အမျိူးသမီးက အနည်းငယ်ထိတ်လန့်သွားဟန်တူသော်လည်းလူရွယ်ကဂရုမစိုက်ဘဲ အလောတကြီးမေးလိုက်သည် ။
“ ဒေါ်လေးဝူ ညီမလျှံရော အဆင်ပြေရဲ့လား...”
လူရွယ်၏မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်သည့်အရိပ်အယောင်များကိုအထင်းသားတွေ့မြင်နိုင်ပြီး အမျိူးသမီး၏နောက်ကိုကျော်၍ အိမ်ငယ်လေးဆီသို့လှမ်းမျှော်ကြည့်နေသည် ။
သူ၏စိုးရိမ်ပူပန်မှုကိုကောင်းစွာသိရှိထား၍ ဒေါ်လေးဝူဆိုသည့် အမျိူးသမီးက ခေါင်းညိမ့်၍ပြန်ဖြေလိုက်သည်။
“ မစိုးရိမ်ပါနဲ့ မိန်းကလေးလျှံရော ကလေးပါဘာမှမဖြစ်ပါဘူး အခု သူကအားပြည့်အောင်နားနေတယ် ယောင်္ကျားလေးမွေးတယ်တော့ ကလေးကဒီမှာ...”
ဒေါ်လေးဝူက ပြောပြောဆိုဆိုဖြင့် သူမ၏လက်ထဲရှိဖြူဖွေးသည့်အဝတ်ဖြင့်ပတ်ထားသည့်နီတာရဲကလေးသေးသေးလေးကို ပြလိုက်သည်။။
ဒေါ်လေးဝူ၏စကားက လူရွယ်၏ပူပန်မှုများကိုဖြေလျော့စေပြီး သူကြားလိုက်ရသည့်နောက်ဆက်တွဲစကားကြောင့် လူရွယ်၏ခန္တာကိုယ်ကတောင့်တင်းသွားတော့သည်။
သူ၏မျက်နှာထက်တွင် မျှော်လင့်မထားခြင်း၊အံ့အားသင့်ခြင်းစသည့်အရိပ်အယောင်များထွက်ပေါ်လာပြီး ဒေါ်လေးဝူ၏လက်ထဲရှိမွေးကင်းစကလေးငယ်လေးကိုအလိုလိုလက်လှမ်းကာယူလိုက်မိသည်။
မွေးကင်းစကလေးငယ်လေးမှာ ပြင်ပအားကောင်းသည့်အလင်းရောင်ကြောင့် မျက်စေ့ကိုပင်ကောင်းစွာမဖွင့်နိုင်သေးဘဲ မျက်တောင်သာ အကြိမ်အနည်းငယ်လှုပ်ခတ်သွားသည်။
ကလေးမှာအစောပိုင်းက အနည်းငယ်ငိုကြွေးခဲ့သော်ငြားယခုအခါ ငြိမ်သက်တိတ်ဆိတ်နေပြီး မျက်လုံးတစ်ကြိမ်သာဖွင့်ကြည့်၍ ချက်ခြင်းလိုလိုပြန်မှိတ်သွားတော့သည် ။
သို့သော် ဖြူဖွေးနုနယ်သည့်အသားအရေ၊ တခဏသာမြင်တွေ့လိုက်ရသည့်ကြည်လင်တောက်ပသည့်မျက်ဝန်းများနှင့်ချစ်စဖွယ်ကောင်းလှသည့်ကလေးငယ်၏ပုံစံကြောင့် လူရွယ်၏ရင်ထဲတွင် မေတ္တာစိတ်များယိုဖိတ်ထားပြီးကြည်နူးပျော်ရွှင်သည့်ခံစားချက်များအလိုလိုထွက်ပေါ်လာကာ တွန့်ချိူးထားသည့်မျက်ခုံးနှစ်ခုပင်ဖြေးညင်းစွာပြေလျော့လာလေသည်။
ထို့နောက် သူ၏မျက်နှာထက်၌အပြုံးရိပ်ကလေးတစ်ခုထွက်ပေါ်လာပြီး ကလေးငယ်ကိုတစ်ဖက်ထဲသာကျန်ရှိတော့သည့်လက်ဖြင့် ယုယစွာထွေးပိုက်ထားတော့သည်။။
“ ကောင်လေး ဟုန်းလျန်...ငါ့ကိုလည်း ပေးကြည့်ပါဦး...”
သူ၏အနီးသို့မည်သည့်အချိန်ကရောက်ရှိနေမှန်းမသိရသည့်အဖိုးအို၏စကားကြောင့် လူရွယ်၏မျက်နှာထက်တွင်အလိုမကျသည့်အရိပ်အယောင်ထွက်ပေါ်လာရင်းခေါင်းယမ်းလိုက်သည်။
“ ဆရာကြီးစု ခင်ဗျားကအရက်နံ့တွေနံဟောင်နေတာ ကလေးကိုမထိနဲ့ဦး...”
လူရွယ်က စကားဖြင့်ငြင်းပယ်ရုံသာမကဘဲ ကလေးကိုပွေ့ချီရင်းတစ်ဖက်သို့လှည့်ကာ အဖိုးအိုကိုကျောပေးထားလိုက်သည်။
လူရွယ်၏ပြင်းထန်သည့်စကားများကြောင့်အဖိုးအိုလည်း ကိုယ့်ကိုယ်ကိုပြန်၍သတိထားလိုက်မိကာ သူ၏မျက်နှာထက်၌ရှက်ကိုးရှက်ကန်းအမူအယာတစ်ခုထွက်ပေါ်လာသည်။။
သို့သော် ကလေးငယ်၏ချစ်စဖွယ်ကောင်းလှသည့်သွင်ပြင်ကြောင့် လူရွယ့်နည်းတူ သူလည်းကလေးကို ထိကိုင်လိုစိတ်ပြင်းပြနေပြီး လူရွယ်၏တစ်ဖက်သို့ရိပ်ခနဲရောက်သွားကာ အလျှင်အမြန်လုယူလိုက်သည်။
အဖိုးအို၏လုပ်ရပ်ကိုကြိုတင်တွက်ဆထားသူပီပီ လူရွယ်၏ခန္တာကိုယ်ကနောက်သို့ပေါ့ပါးစွာရွေ့လျားသွားပြီး အဖိုးအို၏လက်က လေထုကိုသာဖမ်းဆုပ်မိလိုက်သည်။
ထိုလုပ်ရပ်ကြောင့် အဖိုးအို၏မျက်နှာလည်းအနည်းငယ်တင်းမာသွားပြီး သူ၏အင်္ကျီလက်စနှစ်ဖက်ကိုပင့်ကာ နှာခေါင်းရှုံ့လိုက်သည်။
“ ဟမ့်...မင်းရဲ့ဆရာတောင်ငါ့ကိုလေးလေးစားစားဆက်ဆံရမယ် မင်းကမထီလေးစားနဲ့ ...ငါက ကလေးကိုထိခိုက်မှာစိုးလို့ညှာနေတာကွ...”
အဖိုးအိုက လူရွယ်၏လက်ထဲရှိကလေးဆီသို့လက်လှမ်းရင်းပြောလိုက်သည်။
သို့သော် ကလေးငယ်ကိုပွေ့ပိုက်ထားသည့်လူရွယ်က လုံးဝအလျော့ပေးမည့်ပုံမရပေ။
ဤသို့ဖြင့် အဖိုးအိုနှင့်လူရွယ်တို့က ကလေးကိုလုရင်းအချင်းချင်းစကားများနေကြပြီး သူတို့၏ကလေးဆန်သည့်လုပ်ရပ်ကြောင့်ဒေါ်လေးဝူပင်ပြုံးလိုက်မိကာ တားဆီးမရနိုင်သည်ကိုလည်းသိရှိနေ၍ သတိပေးစကားဆိုလိုက်သည်။
“ ကောင်လေးစန်း သတိထားဦး ကလေးပြုတ်ကျဦးမယ် ငါအိမ်ထဲကိုပြန်လိုက်ဦးမယ်...”
ဒေါ်လေးဝူ၏စကားက လျှင်မြန်စွာရွေ့လျားနေကြသည့်လူနှစ်ယောက်ကိုရပ်တန့်သွားစေသည်။။
“ ကလေးကိုနာမည်ပေးပြီးပြီလား...”
“ ကလေးရဲ့နာမည်ကဘာလဲ...”
သူတို့၏စကားများက ပြိုင်တူလိုလိုထွက်ပေါ်လာကြသည်။