← Chapters

အန္တရာယ်ကြားမှသွေးလဓား

Vol. 1 Ch. 2

အန္တရာယ်ကြားမှသွေးလဓား

Vol. 1 Ch. 2

အဖိုးအိုနှင့်လူရွယ်တို့၏ပြိုင်တူမေးခွန်းနှစ်ခုကြောင့်ဒေါ်လေးဝူက ပြန်လှည့်ကြည့်လာပြီးပြုံး၍ပြောလိုက်သည်။

သူ့ရဲ့နာမည်ကရှောင်ယောင်

မိန်းကလေးလျှံကိုယ်တိုင်ပေးထားတာ သူ့မျိူးရိုးနာမည်ရောဆိုရင် တုန်းဖန်းရှောင်ယောင်ပေါ့ ။

“ အပူအပင်ကင်းတဲ့အဓိပ္ပာယ်ပဲ အတော်ကောင်းတယ်...”

အဖိုးအိုက သူ၏မုတ်ဆိတ်တိုနံ့နံ့များကိုပွတ်သတ်ရင်းရေရွတ်လိုက်၏ ။

“ တုန်းဖန်းရှောင်ယောင် ...”

လူရွယ်ကမူ သူ၏လက်ထဲရှိကလေးငယ်ကိုကြည့်ရင်း ခပ်တိုးတိုးပြောလိုက်သည်။ သူ၏မျက်ဝန်းများထဲတွင်တော့ နွေးထွေးကြင်နာမှုများပြည့်နှက်နေပေသည်။

ထိုအခိုက် အဖိုးအိုက တစ်စုံတစ်ခုကိုခံစားမိလိုက်၍ ခြံဝန်းဝင်ပေါက်ဆီသို့ကြည့်လိုက်သည်။

လူရွယ်လည်းအဖိုးအိုကြည့်နေသည့်နေရာသို့လိုက်လံကြည့်ရှုလိုက်ရာ ခြံပေါက်ဝ၌ရပ်နေသည့်လူတစ်ယောက်ကိုတွေ့လိုက်ရသည်။

အဝါရောင်ဝတ်စုံကိုဝတ်စုံထားသည့်အသက်သုံးဆယ်ဝန်းကျင်ရှိမည့်လူတစ်ဦးက ခြံဝတွင်ရပ်ရင်း လူရွယ်နှင့်အဖိုးအိုတို့ကိုစိုက်ကြည့်နေသည်။

သူ၏ဝတ်စုံက ဟောင်းနွမ်းသော်လည်း ကောင်းစွာလျှော်ဖွတ်ထား၍သန့်ရှင်းနေပြီးသာမန်ရုပ်ရည်သာရှိသည့်တိုင် စူးရှတောက်ပသည့်မျက်လုံးအစုံကအတွင်းအားကောင်းသူတစ်ယောက်ဖြစ်ကြောင်းဖော်ပြနေသည်။

ထိုလူ၏နောက်ကျောတွင်ဓားရှည်တစ်ချောင်းကိုသိုင်းလွယ်ထားပြီး သူ၏ခန္တာကိုယ်မှဓားတစ်စင်းလိုအငွေ့အသက်များထွက်ပေါ်နေရာအစွမ်းထက်ဓားသမားတစ်ဦးဖြစ်ကြောင်းပြောစရာမလိုဘဲနှင့်သိနိုင်သည်။

ဖိတ်ခေါ်မထားဘဲရောက်ရှိလာသည့်ဧည့်သည်ကြောင့် အဖိုးအိုရောလူရွယ်ပါစိတ်အလိုမကျဖြစ်သွားစဉ် အဝါရောင်ဝတ်စုံဝတ်လူက သူတို့၏အနီးသို့ဖြေးညင်းစွာလျှောက်လာလေသည်။

“ လူငယ်လေး မင်းကဝါဆန်းကလား...”

သူတို့၏အနီးသို့ရောက်လာသည့်လူစိမ်းကိုကြည့်ရင်း အဖိုးအိုကမေးလိုက်ခြင်းဖြစ်သည်။။

အဖိုးအို၏အမူအယာက တည်ကြည်လေးနက်နေပြီး အစောပိုင်းကလူရွယ့်ကိုဆက်‌ဆံသည်နှင့်ကွဲပြားနေသည်။

အဖိုးအို၏လေသံကရင်းနှီးခြင်းမရှိသည့်တိုင် အဝါရောင်ဝတ်စုံဝတ်လူကစိတ်မကွက်ဘဲ လက်သီးတစ်ဖက်ဆုပ်အရိုအသေပေးရင်းယဉ်ကျေးသည့်အမူအယာဖြင့်ဆိုလိုက်သည်။

“ ဟုတ်ပါတယ် ကျုပ်က ဝါဆန်းဂိုဏ်းသားတစ်ယောက်ပါ ဂိုဏ်းချုပ်ကြီးစု ဒီနေရာမှာ ဂိုဏ်းချုပ်ကြီးကိုတွေ့မယ်လို့တောင်ထင်မထားဘူး...”

ထိုလူ၏လေသံကယဉ်ကျေးသော်လည်း မောက်မာခြင်းနှိမ့်ချခြင်းမရှိပေ။

စင်စစ် အဖိုးအို၏ဂုဏ်ပုဒ်က သိုင်းလောကတစ်ခုလုံးလေးစားရသည့်ပုဂ္ဂိုလ်အနည်းငယ်မှတစ်ဦးမဟုတ်လား...။

“ ဒီကိုလာခဲ့တာ မင်းက ဘာကိစ္စရှိလို့လဲ...”

အဝါရောင်ဝတ်စုံဝတ်လူ၏စကားအသွားအလာအရ သူ့ဆီသို့ဦးတည်လာခြင်းမဟုတ်သည်ကိုရိပ်စားမိ၍အဖိုးအိုကမေးလိုက်ခြင်းဖြစ်သည်။။

မျှော်လင့်ထားသည့်အတိုင်းပင် အဝါရောင်ဝတ်စုံဝတ်လူကအသာပြုံး၍ပြန်ဖြေလိုက်သည်။။

“ ကျုပ်က ဒီနေရာကိုလာခဲ့တာက သူ့ကိုတွေ့ချင်လို့ပဲ ....မင်းက သိုင်းထိပ်သီးဆယ်ယောက်စာရင်းဝင် ထိုက်ကျိဓားစန်းဟုန်းလျန် မဟုတ်လား...”

သူ၏စကားကအဖိုးအိုကိုအနည်းငယ်အံ့အားသင့်သွားစေပြီး လူရွယ်၏အမူအယာလည်းပြောင်းလဲသွားသည်။

အဝါရောင်ဝတ်စုံဝတ်လူက သူတို့၏မျက်နှာများကိုအကဲခပ်ရင်းဆက်ပြောလိုက်သည် ။

“ ကျုပ်က တောင်ပေါ်ကဆင်းလာတာမကြာသေးဘူး ရည်ရွယ်ချက်က ကျုပ်ရဲ့ဓားပညာကိုစမ်းသပ်ချင်လို့ သိုင်းလောကထဲကနာမည်ကြီးသိုင်းသမားတွေကိုလိုက်လံစိန်ခေါ်နေတယ်ဆိုပါတော့။

အရင်တုန်းကကျော်ကြားခဲ့တဲ့သိုင်းထိပ်သီးဆယ်ယောက်ထဲက လေးယောက်ကိုကျုပ်အနိုင်ယူခဲ့ပြီးပြီ...သုံးယောက်ကတော့ပျောက်ကွယ်နေတယ် ။ ရှောင်လင်ကဗုဒ္ဓလက်ဝါးကိုယ်တော်နဲ့ ခွန်လွန်ရဲ့လက်ကိုးချောင်းရသေ့တို့ကိုပဲကျုပ်ရှုံးနိမ့်ခဲ့တာ...”

သူ၏စကားက အဖိုးအိုနှင့်လူရွယ်တို့ကိုနောက်ထပ်တစ်ကြိမ်အံ့အားသင့်သွားစေခဲ့ပြန်သည်။

ထိပ်သီးဆယ်ယောက်ဆိုသည့်စာရင်းက စွန်းအိမ်တော်မှပြုစုထားခြင်းဖြစ်ပြီး ထိုအထဲတွင် သိုင်းလောကအတွင်းရှိရာနှင့်ချီသည့် အဆင့်လွန်ထိပ်သီးများအနက် အစွမ်းအထက်ဆုံးဆယ်ယောက်သာပါဝင်ခြင်းဖြစ်၏။

ထို့ကြောင့် ထိပ်သီးဆယ်ယောက်စာရင်းတွင်ပါဝင်ရန်မည်မျှခက်ခဲသည်ကိုသိရှိနိုင်ပြီးထိုစာရင်းရှိထက်ဝက်နီးပါးကိုအနိုင်ယူပြီးခဲ့သည့်အဝါရောင်ဝတ်စုံဝတ်လူကပို၍ပင်အံ့ဩဖွယ်ကောင်းသေးသည်။

“ စိတ်မကောင်းပါဘူး ...ကျုပ်သိုင်းလောကကထွက်ခွာပြီးပြီ ။ ပြီးတော့ နောက်တစ်ကြိမ်ဓားပြန်ကိုင်ဖို့စိတ်ကူးမရှိတော့ဘူး...”

လူရွယ်၏အဖြေက အနည်းငယ်အေးစက်နေပြီး သူ၏မျက်လုံးများထဲတွင်မှုန်မှိုင်းသည့်အရိပ်အယောင်များရှိနေသည်။

ထိုအခိုက် သူတို့၏အနီးရှိအဖိုးအိုလည်းအလိုက်တသိထွက်ခွာသွားပြီဖြစ်၍ အဝါရောင်ဝတ်စုံဝတ်လူနှင့်လူရွယ်တို့သာကျန်ရှိနေတော့သည်။

လူရွယ်၏အဖြေကိုကြိုတင်တွက်ဆထားမိဟန်ဖြင့် အဝါရောင်ဝတ်စုံဝတ်လူက ခေါင်းတဆက်ဆက်ညိမ့်ရင်း စိတ်မကောင်းဖြစ်ဟန်ဖြင့်ပြောလိုက်သည်။

“ တကယ့်ကိုစိတ်မကောင်းစရာပဲ ....။ မင်းလိုလူတော်တစ်ယောက်သိုင်းလောကကထွက်ခွာသွားတာ။ မင်းရှိတဲ့နေရာကိုအချိန်ကုန်ခံပြီးကြိုးစားရှာခဲ့ရတဲ့ကျုပ်အတွက်လည်း အလဟာသဖြစ်တာပေါ့ ။

ကျုပ်တစ်ချိန်လုံးတောင်ပေါ်ကမဆင်းပေမယ့် မင်းနဲ့ငရဲဓားဝမ်းတုတို့ပါဝင်တဲ့ ပထမအကြိမ်စန်နုန်ကျတိုက်ပွဲအကြောင်းကိုလည်းကြားပါတယ်။

တကယ်ဆိုဒီလူနဲ့လည်းကျုပ်ယှဉ်ပြိုင်ချင်သေးတာ။ စိတ်မကောင်းစရာက သူကဒုတိယအကြိမ်စန်နုတ်ကျတိုက်ပွဲမှာ အနက်ရောင်သိမ်းငှက်ရဲ့လက်ချက်ကြောင့် သူသေဆုံးသွားတာပဲ.....”

အဝါရောင်ဝတ်စုံဝတ်လူ၏စကားက လူရွယ်၏မျက်နှာကိုတင်းမာခတ်ထန်သွားစေပြီး သူ၏မျက်ဝန်းထဲတွင်ပင်အေးစက်သည့်အရိပ်အယောင်များထွက်ပေါ်လာသည် ။

“ ကျုပ်ရှေ့မှာ ဒီကောင့်အကြောင်းကိုမပြောမိစေနဲ့ နောက်ပြီး ကျုပ်မင်းနဲ့လုံးဝယှဉ်ပြိုင်မှာ်ဟုတ်ဘူး....”

လူရွယ်၏လေသံကကြောက်မက်ဖွယ်ကောင်းနေသလို သူကိုယ်တိုင်ပင်သတိမထားမိဘဲ သူ၏ခန္တာကိုယ်မှ ထက်ရှသည့်ဓားတစ်စင်းလိုအငွေ့အသက်များထွက်ပေါ်နေသည်။

လူရွယ်၏ပြောင်းလဲသွားသည့်ပုံစံကို အံ့ဩထိတ်လန့်ခြင်းမရှိဘဲအဝါရောင်ဝတ်စုံဝတ်လူက သဘောကျစွာရယ်မောလိုက်သည်။

“ ဟား..ဟား...မင်းဘယ်လောက်ပဲ ဓားမကိုင်တော့ပါဘူးပြောပြော မင်းရဲ့ခန္တာကိုယ်ထဲမှာ စစ်မှန်တဲ့ဓားသမားတစ်ယောက်ရဲ့အရှိန်အဝါတွေစီးဆင်းနေသေးတယ်။

အခုအချိန်မှာ ကျုပ်တို့မယှဉ်ပြိုင်လိုက်ရပေမယ့် တစ်နေ့နေ့မှာ မင်းသိုင်းလောကထဲကိုပြန်ဝင်လာရင်တော့ သေချာပေါက်ယှဉ်ပြိုင်ကြတာပေါ့...”

အဝါရောင်ဝတ်စုံဝတ်လူ၏စကားသံက ထိုနေရာတွင်ကျန်ခဲ့ပြီး သူ၏ခန္တာကိုယ်ကလေပြင်းတစ်ခုလိုလျှင်မြန်စွာရွေ့လျား၍ခြံဝန်းအတွင်းမှထွက်ခွာသွားတော့သည်။

အဝါရောင်ဝတ်စုံဝတ်လူထွက်ခွာသွားသည့်တိုင် သူ၏စကားလုံးများကြောင့်လူရွယ်တစ်ယောက် တွေဝေနေဆဲဖြစ်ပြီး ထိုနေရာသို့ တစ္ဆေတစ်ကောင်လိုရုတ်တရက်ရောက်လာသည့်အဖိုးအိုက သက်ပြင်းတစ်ချက်ချ၍ ဖြေးညင်းစွာပြောလိုက်သည်။

“ ဟုန်းလျန် တစ်ချို့အရာတွေက ကိုယ်တိုင်သက်မှတ်လို့ရတာမဟုတ်ဘဲ အလိုလိုဖြစ်ပျက်လာတာပဲ ။

ငါ့သဘောကိုပြောရရင်တော့ မင်းလိုလူတော်တစ်ယောက်အခုလိုလက်လျော့အရှုံးပေးနေတာကိုမမြင်ချင်ဘူး။ မင်းရဲ့ဆရာလည်းဒီလိုပဲနေမှာ။

အဆုံးမှာတော့ မင်းဘာကိုရွေးချယ်မယ်ဆိုတာ မင်းကိုယ်တိုင်ဆုံးဖြတ်ရမှာပဲ....”

အဖိုးအို၏စကားများက လူရွယ်၏ရင်ထဲရှိရှုပ်ထွေးမှုများကိုအလင်းပြလိုက်သည့်အလား သူ၏မျက်လုံးများကိုတောက်ပသွားစေပြီး တိတ်ဆိတ်နေသည့်အိမ်ငယ်လေးဆီသို့တစ်ချက်ကြည့်လိုက်ကာ သူ၏လက်ထဲရှိကလေးငယ်ကိုပြန်ကြည့်၍ ခပ်တိုးတိုးရေရွတ်လိုက်သည်။

“ ကျုပ်ဘာဆက်လုပ်ရမယ်ဆိုတာ သိပါပြီ။ ဒါပေမယ့် အခုတော့ သာမန်ဘဝလေးနဲ့အေးအေးချမ်းချမ်းနေချင်သေးတယ်...”

&&&&&

ညအချိန်

အေးစက်သည့်လေပြင်းများက တဟူးဟူးတိုက်ခတ်နေပြီး ဆီးနှင်းအချို့ကလည်းကျဆင်းနေသည် ။

ထိုအချိန်အခါမျိုးတွင် လူတိုင်းလိုလိုစောင်ခြုံထဲတွင်ကွေး၍ နွေးထွေးစွာအိပ်စက်လေ့ရှိသော်လည်း တောအုပ်တစ်ခုအတွင်းရှိခြံဝန်းကျယ်ကြီးထဲတွင်ကား လူများလှုပ်ရှားသွားလာနေကြသည်။

ထိုလူများအနက်အများစုက လက်နက်ကိုယ်စီကိုင်‌ဆောင်ကာ ကင်းလှည့်နေခြင်းဖြစ်ပြီး သူတို့၏အနီရောင်ဝတ်စုံများထက်တွင် ဖြူဖွေးသည့်နှင်းမှုန်များကပ်ညိလျက်ရှိသည်။။

သို့‌သော် ထိုလူတို့၏ရင်ထဲတွင်အေးချမ်းခြင်းမရှိဘဲ ခပ်တင်းတင်းစုကြုံ့ထားသည့်မျက်ခုံးများနှင့် တင်းမာခတ်ထန်နေသည့်အမူအယာများက သူတို့၏စိတ်အတွင်းရှိပူပန်မှုကိုဖော်ပြနေသည်။

စင်စစ် ထိုခြံဝန်းကျယ်ကြီးက ယန်မြို့တစ်ဝိုက်တွင်မသိသူမရှိကျော်ကြားသည့် သွေးလဓားအဖွဲ့အစည်းဖြစ်ပြီး အနက်ရောင်သိုင်းလောကတွင် ထင်ရှားသည့် ပထမတန်းစားအဖွဲ့အစည်းတစ်ခုဖြစ်ပေသည်။

အဆင့်လွန်ထိပ်သီးငါးယောက်ဦးဆောင်ကာ ထိပ်တန်းအဆင့်သိုင်းသမားအယောက်နှစ်ဆယ်ခန့်နှင့်အဆင့်မြင့်သိုင်းသမားသုံးဆယ်ကျော်ရှိသည့်အပြင် စုပေါင်းအင်အားတစ်ရာကျော်သည့်သူတို့၏အဖွဲ့အစည်းကသိုင်းလောကတွင်ပင်အင်အားတောင့်တင်းသည့်အထဲ၌ပါဝင်သည် ။

သို့သော် သူတို့အဖွဲ့အစည်းက မထိပါးသင့်သည့်အင်အားစုတစ်ခုကိုထိပါးမိသဖြင့် ယခုလိုစိုးတထိတ်ထိတ်ဖြစ်နေခြင်းဖြစ်ကာ ကြီးမားသည့်အန္တရာယ်ကအချိန်မရွေးကျရောက်လာနိုင်၍ ယခုလိုသတိအပြည့်ရှိနေခြင်းဖြစ်သည်။

“ ဝှစ်...ဝှစ်....”

လေတိုးသံများကအဆက်မပြက်ထွက်ပေါ်လာပြီး များစွာသောလူရိပ်များက သွေးလဓားအဖွဲ့အစည်း၏ခြံဝန်းဆီသို့လျှင်မြန်စွာချဉ်းကပ်လာကြသည်။

ထိုလူရိပ်များက လက်နက်မျိူးစုံကိုင်ဆောင်ထားသည့်သိုင်းသမားများဖြစ့်ပြီး ညအမှောင်တွင်သူတို့၏အဖြူရောင်ဝတ်စုံများက ထင်ရှားလျက်ရှိသည်။

ထူးဆန်းသည့်အချက်ကား ညအချိန်၌လှုပ်ရှားကြသည့်သိုင်းသမားအတော်များများက အနက်ရောင်ဝတ်စုံကိုရွေးချယ်ဝတ်ဆင်လေ့ရှိပြီးအမှောင်ကိုအားပြုကာ သူတို့၏ရည်ရွယ်ချက်ပြီးမြောက်ရန်ဆောင်ရွက်လေ့ရှိကြသည်။

သို့သော်လည်း ယခုလူများကတော့ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကြသည့်အတွက် လျှို့ဝှက်လှူပ်ရှားရန်မဖြစ်နိုင်သည့်တိုင် သူတို့၏ပုံစံကလည်း တိတ်တဆိတ်လှုပ်ရှားမည့်ပုံမရပေ။

ခြံဝန်းတံတိုင်းရှေ့တွင်စောင့်ကြပ်နေသည့်သွေးလဓားအဖွဲ့မှသိုင်းသမားအချို့က အဖြူရောင်ဝတ်စုံဝတ်လူများချဉ်းကပ်လာသည်ကိုမြင်လိုက်ရ၍ ထိတ်လန့်တုန်လှုပ်သွားကြပြီး သူတို့၏လက်နက်များကိုဆွဲထုတ်ရင်း ချက်ခြင်းလိုလိုအော်ဟစ်သတိပေးလိုက်ကြသည်။

“ သိုင်းမဟာမိတ်ကလူတွေရောက်လာပြီဟေ့...”

All Chapters