တိုက်ပွဲ၏အစ
Vol. 1 Ch. 3
ခြံဝန်းဝင်ပေါက်ရှိသွေးလဓားအဖွဲ့သားများ၏အော်ဟစ်သတိပေးသံများကြောင့် ခြံဝန်းကျယ်ကြီးထဲတွင် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
အဖြူရောင်ဝတ်စုံဝတ်လူများကိုဦးဆောင်လာသည်က သက်လက်ပိုင်းအရွယ်လူနှစ်ယောက်ဖြစ်ကြသည်။
သူတို့ထဲမှအနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်လူက လက်ကိုဝေ့ယမ်းလိုက်ရာ တောက်ပသည့်အလင်းတန်းများထွက်ပေါ်လာပြီး ခြံဝန်းဝင်ပေါက်ရှိသွေးလဓားအဖွဲ့သားများဆီသို့လျှင်မြန်စွာတိုးဝင်သွားကြသည်။
“ သတိထား....”
“ ထန်း....ထန်း....”
“ အား...”
သံချင်းထိခတ်သံများ၊ အော်ဟစ်သံများဆူညံသွားပြီးနောက် သွေးလဓားအဖွဲ့သားငါးယောက်မှာ ချက်ခြင်းလိုလို လဲပြိုသွားကြသည်။။
သူတို့၏သိုင်းပညာကနိမ့်ကျခြင်းမရှိဘဲ အဆင့်မြင့်သိုင်းသမားများဖြစ်သည့်တိုင် အနက်ရောင်ဝတ်စုံဝတ်လူ၏လက်နက်ပုန်းများမှလွတ်မြောက်ရန်မစွမ်ဆောင်နိုင်ကြပေ။
သေးငယ်သည့်အဖြူရောင်ဓားပျံများက သွေးလဓားအဖွဲ့သားများ၏ခန္တာကိုယ်ထက်တွင်စိုက်ဝင်နေကြပြီး သူတို့၏မျက်နှာများထက်၌ ကြောက်ရွံ့ထိတ်လန့်ဟန်များအထင်းသားရှိနေဆဲပင်။
သို့သော် အနက်ရောင်ဝတ်စုံဝတ်လူနှင့် အစိမ်းရောင်ဝတ်စုံဝတ်လူတို့က သွေးလဓားအဖွဲ့သားများ၏အလောင်းကိုတစ်ချက်ကလေးမှပင်မကြည့်ဘဲကျော်ဖြတ်သွားကြသလို သူတို့၏နောက်ရှိအဖြူရောင်ဝတ်စုံဝတ်သိုင်းသမားများကလည်း ညာသံပေး၍ ခြံဝန်းထဲသို့သူ့ထက်ငါဦးအောင်ပြေးဝင်သွားကြသည်။
ဤသို့ဖြင့် အစောပိုင်းကတိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်တွင် မာန်သွင်းအော်ဟစ်သံ၊ လက်နက်ချင်းထိခတ်သံများနှင့် နာကျင်စွာအော်ဟစ်ညည်းတွားသံများက အဆက်မပြက်ထွက်ပေါ်လာပေတော့၏။။
&&&&
လွန်ခဲ့သည့်အချိန်အနည်းငယ်က
သွေးလဓားအဖွဲ့အစည်း၏ခြံဝန်းထဲတွင် အဖွဲ့သားတိုင်းသတိအပြည့်ဖြင့်ရှိနေကြသလို ခြံဝန်းအလယ်ရှိစံအိမ်ကြီးတွင်လည်း မီးများထိန်လင်းနေအောင်ထွန်းထားသည်။
စံအိမ်၏ဧည့်ခန်းမှာ အတော်ပင်ကျယ်ဝန်းလှပြီးပုံမှန်အချိန်များတွင် အဖွဲ့၏အစည်းအဝေးခန်းမအဖြစ်အသုံးပြုသည့်နေရာလည်းဖြစ်ပေသည်။
သို့သော်လည်း ယခုအခါတွင်ကား ခန်းမထဲတွင်လူငါးဦးသာရှိနေပြီး သူတို့၏အမူအယာများကလေးနက်တည်ကြည်နေကာ ခြံဝန်းထဲရှိလူများလို စိတ်တင်းကြပ်နေကြဟန်တူသည်။
“ မဟုတ်သေးဘူး ...ကျုပ်တို့သွေးလဓားအဖွဲ့ကလူတွေက မဟာမိတ်သိုင်းသမားနှစ်ယောက်ကိုသတ်ဖြတ်မိတယ်ဆိုပေမယ့် သူတို့ကဂိုဏ်းစစ်ပွဲကိုစမှာမဟုတ်လောက်ပါဘူး...”
အသက်လေးဆယ်ကျော်ခန့်ရှိပြီးတင်းမာခတ်ထန်သည့်မျက်နှာထားရှိသည့်လူတစ်ဦးကပြောလိုက်ခြင်းဖြစ်သည်။
ထိုလူ၏ပုံစံက ဒေါသထွက်နေဟန်တူပြီး သူ့စကားကိုဘေးဘက်ရှိတစ်ဦးကလည်းခေါင်းညိမ့်ထောက်ခံလိုက်သည် ။
“ ကူဖုန်းပြောတာမှန်တယ် ။ သူတို့က အဖြူရောင်သိုင်းလောကသားအမည်ခံထားပေမယ့် သိုင်းလောကတစ်ခုလုံးကိုအုပ်စိုးချင်တဲ့အတိုင်းပဲ ။
ပြီးတော့ အခုကိစ္စမှာ ကျုပ်တို့လူတွေနည်းနည်းလွန်တယ်ဆိုပေမယ့် ကျုပ်တို့မှာ အဆုံးအရှူံးမရှိတာမဟုတ်ဘူး...”
ဒုတိယလူ၏စကားကို ကျန်တစ်ယောက်ကလည်း သဘောတူဟန်တူသည်။
သူတို့၏သဘောထားများကြောင့် စာပေသမားပုံစံရှိသည့်လူတစ်ဦးကခေါင်းယမ်းရင်းဝင်ပြောလိုက်သည်။
“ အခုကိစ္စက ပုံမှန်ပြဿနာတွေနဲ့မတူဘူး။ ခရမ်းရောင်သွေးလဂိုဏ်းပျက်စီးပြီးတဲ့နောက်မှာ အနက်ရောင်သိုင်းလောကတစ်ခုလုံးအင်အားလျော့နည်းသွားသလို ခရမ်းရောင်သွေးလဂိုဏ်းကိုမယှဉ်နိုင်ခဲ့တဲ့ဒီကောင်တွေက သူတို့ရဲ့မကျေနပ်ချက်တွေကို ကျုပ်တို့အပေါ်ပုံကျချင်နေတာ။
အခု သေသွားတဲ့နှစ်ယောက်ထဲကတစ်ယောက်က ဟဲလောင်မိသားစုကလူဖြစ်နေတာ ပိုဆိုးတာပဲ။ ခမင်းတို့လည်းသိတဲ့အတိုင်း သိုင်းမဟာမိတ်ရဲ့ခေါင်းဆောင်ဆယ်ယောက်ထဲမှာ ဟဲလောင်ချန်းက ရက်စက်ပြီးအငြိုးကြီးတဲ့စိတ်ဓာတ်ရှိပြီးအနက်ရောင်သိုင်းသမားတွေကိုအမုန်းတီးဆုံးလူဆိုတာကို....”
စာပေသမားပုံစံရှိသည့်လူ၏ သုံးသပ်စကားကြောင့်ပထမလူကဒေါသထွက်သည့်လေသံဖြင့်အပြစ်တင်လိုက်သည်။
“ ကောချောင်...မင်းကအမြဲတမ်းတုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေတာ။ မင်းအကြောင်းကိုငါမသိတာမှတ်လို့ အခုလည်း သိုင်းမဟာမိတ်ကိုကြောက်နေတာမလား.... မင်းလိုလူမျိုးကိုဘာလို့ ဒုတိယအဖွဲ့ခေါင်းဆောင်ခန့်ထားတာလည်းမသိဘူး “
သူ၏ခနဲ့တဲ့တဲ့စွပ်စွဲစကားကြောင့် ကျန်နှစ်ယောင်၏အကြည့်က ကောချောင်ဆိုသည့်စာပေသမားထံသို့ကျရောက်သွားသလို ကောချောင်၏မျက်နှာသည်လည်းအေးစက်တင်းမာသွားသည်။
“ တိတ်စမ်း ကူဖုန်း...ငါကဂိုဏ်းစစ်ပွဲဖြစ်လာရင် ငါတို့ထိခိုက်မှာကိုပြောပြနေတာ။ သူတို့နဲ့အတတ်နိုင်ဆုံးပြဿနာမဖြစ်အောင်နေခိုင်းတာက သူတို့ကိုကြောက်နေတာမဟုတ်ဘူး...”
ကောချောင်ဆိုသည့် သူက သာမန်အချိန်များတွင်
အေးဆေးတည်ငြိမ်ကာ စဉ်းစဉ်းစားစားလုပ်ဆောင်သော်လည်း သွေးလဓားအဖွဲ့၏ဒုခေါင်းဆောင်ပီသစွာသူ၏သိုင်းပညာကအစွမ်းထက်ပြီး အဆိပ်ရှိသည့်သိုင်းထိပ်သီးတစ်ဦးဖြစ်သည်။
သို့သော် ဤခန်းမတွင်းရှိ လူအားလုံးက အဆင့်လွန်ထိပ်သီးများဖြစ်ကာ သူတို့၏သိုင်းပညာကများစွာကွာဟမနေ၍ ကျန်သူံးယောက်က ကောချောင်ကို လေးလေးစားစားမရှိခြင်းဖြစ်ပေသည် ။
ထို့အပြင် သူတို့၏သိုင်းပညာများမတိမ်းမယိမ်းဖြစ်သည့်အနေအထား၌ ကောချောင်က သွေးလဓားအဖွဲ့၏ဒုခေါင်းဆောင်ရာထူးကိုရရှိထားခြင်းက သူတို့လေးယောက်ကိုမကျေမနပ်ဖြစ်စေခြင်းဖြစ်သည် ။
သူ့လူများ၏အချင်းချင်းအငြင်းပွားမှုကိုကြည့်၍ စကားတစ်ခွန်းမှမဆိုသေးသည့်အသက်ငါးဆယ်အရွယ်လူကြီးမှာ စိတ်ရှုပ်ထွေးလာဟန်တူပြီး ရှေ့ရှိစားပွဲခုံကိုအားပြင်းပြင်းထုနှက်လိုက်သည်။
“ ဘုန်း...”
“ ကောချောင်... ကူဖုန်း...တော်ကြစမ်း အခုအချိန်က သဘောထားကွဲလွဲနေရမယ့်အချိန်မဟုတ်ဘူး...”
သူတို့ခေါင်းဆောင်၏တင်းမာခတ်ထန်သည့် လေသံကြောင့် စာပေသမားပုံစံရှိသည့်ကောချောင်၏မျက်နှာပြေလျော့သွားပြီး ကူဖုန်းတို့လေးယောက်သည်လည်းခေါင်းငုံ့သွားကြသည်။
သူတို့၏ခေါင်းဆောင်မှ သွေးလဓားအဖွဲ့၏ပင်မထောက်တိုင်ဖြစ်ရုံသာမက ဆယ်နှစ်အတွင်းယခုလိုပထမတန်းစားအဖွဲ့အစည်းဖြစ်သည်အထိ သူ၏ခွန်အားဖြင့်ကြိုးပမ်းခဲ့ခြင်းဖြစ်သည် ။
ထို့ကြောင့် သူတို့အားလုံးက ခေါင်းဆောင်ကို ချစ်ကြောက်ရိုသေမှုရှိရပေသည်။
သွေးလဓားအဖွဲ့ခေါင်းဆောင်က သူ့လူများ၏အမူအယာကိုအကဲခပ်၍ ဖြေးညင်းစွာပြောလိုက်သည်။
“ အခုကိစ္စကို အရမ်းကြီးစိုးရိမ်နေစရာမလိုပေမယ့် ပေါ့ပေါ့တန်တန်တွေးထားလို့လည်းမရဘူး။။
ကောချောင်ပြောသလိုမျိုး ကျုံဟွာတောင်တိုက်ပွဲကြောင့် အဖြူရောင်သိုင်းဂိုဏ်းတွေက ငါတို့အနက်ရောင်သိုင်းလောကကိုအမြင်မကြည်ကြဘူး။။
ဒါကြောင့်သိုင်းမဟာမိတ်အဖွဲ့က ဂိုဏ်းစစ်ပွဲကိုမစနိုင်ဘူးလိူ့ထင်ရပေမယ့် သေချာပေါက်ပြောလို့မရဘူး...ကောချောင် မင်းမှာ ဘာအကြံရှိလည်း...”
အဖွဲ့ခေါင်းဆောင်၏စကားက ကောချောင်ထံတွင်အဆုံးသက်သွားပြီး သူ၏တောက်ပသည့်မျက်လုံးများက အနည်းငယ်မျှော်လင့်နေဟန်တူသည်။။
အဆုံး၌ ကောချောင်က သူတို့ထဲတွင် ဉာဏ်ပညာအကောင်းဆုံးဖြစ်ပြီး ကိစ္စတိုင်းကိုလိမ္မာပါးနပ်စွာဖြေရှင်းနိုင်စွမ်းရှိပေသည်။
ခေါင်းဆောင်၏ မေးခွန်းကြောင့် ကောချောင်၏အမူအယာကတည်ကြည်သွားပြီး လေးနက်သည့်လေသံဖြင့်ပြောလိုက်သည် ။
“ တကယ်လို့ သိုင်းမဟာမိတ်ကသာကျုပ်တို့ကိုတိုက်ခိုက်ဖိူ့ဆုံးဖြတ်လာရင် ကျုပ်တို့တက်နိုင်တာသိပ်ပြီးမရှိဘူး။
ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ ကျုပ်တို့ရဲ့မဟာမိတ်အဖွဲ့တွေကိုဆက်သွယ်ထားပြီး အခုအခြေအနေကိုအကျိူးအကြောင်းပြောပြထားတယ်။
ပြီးတော့ ဂိုဏ်းစစ်ပွဲတွေဖြစ်ရင် နှစ်ဘက်အင်အားစုအသေအပျောက်များမယ့်အတွက် သူတို့က လွယ်လွယ်နဲ့စစ်ပွဲမစဘူးလို့ထင်ရတာအဲ။
ဒါပေမယ့်ဖြစ်နိုင်သမျှအဆိုးဆုံးအခြေအနေကိုကြိုတွေးပြီးပြင်ဆင်ထားသင့်တယ်။ တစ်ချိန်ထဲမှာပဲ ငါတို့ရဲ့အဖွဲ့ကမိန်းမတွေနဲ့ကလေးတွေကို ဘေးလွတ်ရာပို့ထားတော့သူတို့အတွက်နောက်ဆံမတင်းဘဲတိုက်ခိုက်နိုင်တာပေါ့ ။
ငါတို့ရဲ့သွေးလဓားအဖွဲ့က သာမန်ပထမတန်းစားအဖွဲ့တစ်ခုဆိုပေမယ့် သူတို့ငါတို့ကိုတိုက်ခိုက်လာရင် ကြီးကြီးမားမားပေးဆပ်စေရလိမ့်မယ်....”
ကောချောင်၏လေသံကလည်းအေးစက်နေပြီး သူ၏မျက်ဝန်းအစုံထဲတွင် အန္တရာယ်ရှိသည့်အရိပ်အယောင်များယှက်သမ်းသွားသည်။။
အစစအရာရာပြင်ဆင်ထားပြီးဖြစ်သည့်ကောချောင်၏အစီအစဉ်ကြောင့် ကျန်လူများလည်းအံ့အားသင့်သွားကြသလို ကောချောင်နှင့်အတိုက်အခံလုပ်ထားသည့်ကူဖုန်းတို့ပင်လေးစာစစိတ်ဖြစ်သွားကြမိ၏။
ထိုအခိုက် အပြင်ဘက်မှရုတ်တရက်ထွက်ပေါ်လာသည့်ဆူညံသံများကြောင့် ကောချောင်တို့လူစုမျက်နှာပျက်သွားကြပြီး ချက်ခြင်းလိုလိုခန်းမအပြင်သို့ပြေးထွက်သွားကြသည် ။
ခြံဝန်းထဲတွင် တိုက်ပွဲများက နေရာအနှံ့ဖြစ်ပွားနေသလိုအနီရောင်ဝတ်စုံဝတ်သွေးလဓားအဖွဲ့သားများ၏အလောင်းများက နေရာအနှံ့ပြန့်ကျဲနေကြသည်။
အဖြူရောင်ဝတ်စုံဝတ်လူများကအင်အားခြောက်ဆယ်ခန့်သာရှိမည်ဖြစ်သော်လည်း သူတို့ထဲတွင်အနိမ့်ဆုံးလူကပင် အဆင့်မြင့်သိုင်းအဆင့်ရှိရာ လူတစ်ရာကျော်သည့်သွေးလဓားအဖွဲ့သားများမှာ အောက်စည်းသို့ရောက်ရှိနေကြသည်။။
အထူးသဖြင့် အဖြူရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်ဖြစ်ဟန်တူသည့်လူနှစ်ယောက်ကလွန်စွာအစွမ်းထက်လှပြီး သူတို့၏လက်ထဲတွင် သွေးလဓားအဖွဲ့သားများမှာ အားနည်းသည့်မြက်ပင်များလိုအလွယ်တကူသတ်ဖြတ်ခံနေရသည်။
အဖြူရောင်ဝတ်စုံဝတ်လူများက ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည့်အပြင် အရည်အချင်းပိုင်းတွင်လည်းကွာဟမှုရှိရာ သွေးလဓားအဖွဲ့သားများမှာ တိုက်ပွဲအစပိုင်းကပင်အရေးနိမ့်နေပြီစ အချိန်တိုအတွင်းလူနှစ်ဆယ်ကျော်ပင်သတ်ဖြတ်ခံရ၍ ဒဏ်ရာရရှိသူများလည်းအတော်များများရှိနေသည်။
“ သွေးလဓားအဖွဲ့သားတို့ စံအိမ်ကိုဗဟိုပြုပြီး ပြန်ဆုတ်ခွာကြ...”
ကောချောင်၏ကြည်လင်ပြက်သားသည့်အသံက ခြံဝန်းတစ်ခုလုံးဟိန်းထွက်သွားပြီး ထိုအသံကိုကြားမှအလူးအလဲဖိနှိပ်ခံနေရသည့်သွေးလဓားအဖွဲ့သားများမှာ အားတက်လာကြသည်။။
တစ်ဖက်လူများကအင်အားနည်းသော်ငြား အစွမ်းထက်သိုင်းသမားများသာဖြစ်သည့်အပြင် အဆင့်လွန်ထိပ်သီးများပင်ပါဝင်နေရာ သူတို့အနေဖြင့်မခုခံနိုင်သည်ကအပြစ်ဆိုဖွယ်မဟုတ်ပေ။
ဤသို့ဖြင့် သွေးလဓားအဖွဲ့သားများက စံအိမ်ကိုကျောပေးရင်းလျှင်််မြန်စွာဆုတ်ခွာလာကြပြီး ပြင်းထန်သည့်တိုက်ပွဲက ရပ်တန့်သွားလေသည်။
“ ဟမ့်... အသုံးမဝင်တဲ့ခုခံမှုပဲ...”
အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်သက်လက်ပိုင်းက သွေးလဓားအဖွဲ့၏ထိပ်တန်းသိုင်းသမားတစ်ယောက်ကိုလက်သီးဖြင့်ထိုးလိုက်ရင်း အထင်သေးစွာရေရွတ်လိုက်သည်။။
ထိုလူက အဖြူရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်နှစ်ယောက်အနက်တစ်ယောက်ဖြစ်ပြီး သူနှင့်တိုက်ခိုက်နေသည့်သွေးလဓားအဖွဲ့၏ထိပ်တန်းအဆင့်သိုင်းသမားကား သိုင်းတစ်ကွက်ထဲဖြင့် နောက်ဘက်သို့လွင့်စင်သွားပေသည်။
ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ကိုပင် သိုင်းတစ်ကွက်ဖြင့်အနိုင်ယူနိုင်သည့်သူ၏သိုင်းပညာက ကြောက်မက်ဖွယ်ကောင်းလှပြီး အဖြူရောင်ဝတ်စုံဝတ်လူများကလည်း သွေးလဓားအဖွဲ့သားများကိုစက်ဝိုင်းပုံသဏ္ဍာန်ဝိုင်းထားလိုက်ကြသည်။