← Chapters

တိုက်ပွဲ၏အစ

Vol. 1 Ch. 4

တိုက်ပွဲ၏အစ

Vol. 1 Ch. 4

"ဟဲလောင်ချန်း မင်းလုပ်ဝံ့တယ်ပေါ့....”

သွေးလဓားအဖွဲ့ခေါင်းဆောင်၏လေသံက အေးစက်လှပြီးသူ၏တင်းမာခတ်ထန်သည့်မျက်နှာထက်တွင် သတ်ဖြတ်လိုရိပ်များပြည့်နှက်လျက်ရှိသည် ။

အစောပိုင်းကပင် ထိုပြဿနာကို‌ဖြေရှင်းရန်သူတို့ဆွေးနွေးနေကြသော်ငြား တစ်ဖက်လူများက ယခုလို ရုတ်တရက်ဝင်တိုက်မည်ဟုထင်မှတ်မထားပေ။

ပုံမှန်အားဖြင့် အဖြူရောင်သိုင်းလောကသားမှာ ပြဿနာတစ်ခုကိုတတ်နိုင်သမျှအဆုံးအရှုံးနည်းသည့်နည်းဖြင့်ဖြေရှင်းလေ့ရှိသည့်အတွက် ဟဲလောင်ချန်း၏လုပ်ရပ်ကိုသူတို့အားလုံးနားမလည်နိုင်ဖြစ်ရသည်။

သိုင်းလောကတွင် ဂိုဏ်းအဖွဲ့အစည်းများကြား၌ ရန်ငြိုးများ၊ မကြေလည်မှုများရှိကြသည်က မထူးဆန်းဘဲ ဂိုဏ်းစစ်ပွဲကိုတော့အကြောင်းမရှိဘဲမစတင်ကြပေ။

အကြောင်းကား ဂိုဏ်းစစ်ပွဲစတင်သည်နှင့်တစ်ဖက်ဖက်က လုံးဝပျက်စီးသွားမှသာရပ်တန့်၍ရပြီး အင်အားအဆမတန်ကွာခြားခြင်းမရှိပါက အနိုင်ရသည့်ဘက်သည်လည်းများစွာဆုံးရှူံးလေ့ရှိပေသည်။

ယခု ဟဲလောင်ချန်း၏အဖွဲ့အစည်းဖြစ်သည့် သိုင်းမဟာမိတ်အဖွဲ့က ထိပ်သီးအင်အားစုများစုစည်းတည်ထောင်ထားခြင်းဖြစ်သည့်တိုင် တည်ထောင်သည့်အချိန်ကတစ်နှစ်မပြည့်သေး၍ ပထမတန်းစားအင်အားစုတစ်ခုသာသာပင်ရှိသေးသည် ။

သူတို့၏သွေးလဓားအဖွဲ့ကလည်း ပထမတန်းစားအဖွဲ့အစည်းတစ်ခုဖြစ်၍ သိုင်းမဟာမိတ်အနေဖြင့်ဂိုဏ်းစစ်ပွဲမစနိုင်ဟုတွေးခဲ့ခြင်းဖြစ်သည် ။

ထို့ကြောင့် ယခုအခါ အနုနည်းဖြင့်ဖြေရှင်းဆွေးနွေးမည့်အစားဂိုဏ်းစစ်ပွဲကိုပင်စတင်လာ၍ ဟဲလောင်ချန်၏လုပ်ရပ်ကို သူတို့အံ့ဩဒေါသထွက်နေကြခြင်းပင်။

“ ကျန်းရွဲ့ .. မင်းတို့သွေးလဓားက ငါတို့ရဲ့လူကိုသတ်ဖြတ်ပြီးတာတောင် ငါ့လုပ်ရပ်ကိုမေးခွန်းထုတ်နေရသေးတာလား...”

အနက်‌ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် ဟဲလောင်ချန်း၏စကားကြောင့် သွေးလဓားအဖွဲ့ခေါင်းဆောင်ကျန်းရွဲ့၏မျက်နှာက ပို၍တင်းမာလာပြီး သူ၏နောက်ရှိအဆင့်လွန်ထိပ်သီးများလည်း လက်နက်များကိုဆွဲထုတ်လိုက်ကြသည်။

နှစ်ဘက်အခြေအနေက ပို၍ဆိုးရွားလာသဖြင့် သွေးလဓားအဖွဲ့၏ဒုခေါင်းဆောင်ဖြစ်သည့် ကောချောင်လည်း ဟဲလောင်ချန်း၏ဘေးရှိအစိမ်းရောင်ဝတ်စုံဝတ်လူကိုကြည့်၍အလျှင်အမြန်ပြောလိုက်သည်။

“ ဒီက မိတ်ဆွေက ကျော်ကြားတဲ့ ထန်မိသားစုက လေလိုက်ဓားပျံထန်ချင်းရှန်မဟုတ်လား... ကျုပ်တို့ကြားထဲမှာ ဆွေးနွေးလို့ရနိုင်ပါသေးတယ်...”

တစ်ဖက်လူများ၏အင်အားကသူတို့ထက်လျော့နည်းသော်လည်း တိုက်ပွဲကြီးဖြစ်ပွားပါက သွေးလဓားအဖွဲ့ချေမှုန်းခံရမည်ကိုရိပ်စားမိ၍ ကောချောင်က အလျော့ပေးသည့်လေသံဖြင့်ညှိနှိုင်းလိုခြင်းဖြစ်သည် ။

သူ၏စကားကြောင့် ထန်ချင်းရှန်ဆိုသည့်အစိမ်းရောင်ဝတ်စုံဝတ်လူ၏အမူအယာကအနည်းငယ်ပြောင်းလဲသွားသော်လည်း သက်ပြင်းတစ်ချက်ချ၍ ခေါင်းယမ်းလိုက်မိသည်။

“ ဒီတစ်ကြိမ်ကိစ္စကို ကျုပ်တို့ခေါင်းဆောင်ရှစ်ယောက်ထဲကတစ်ဝက်ကျော်ထောက်ခံခဲ့တယ်။ ကျုပ်ဘာမှမတတ်နိုင်ဘူး...”

ထန်ချင်းရှန်သည်လည်း ကျော်ကြားသည့်အဆင့်လွန်ထိပ်သီးတစ်ဦးဖြစ်သည့်အပြင် သိုင်းမဟာမိတ်၏ခေါင်းဆောင်ရှစ်ဦးထဲမှတစ်ဦးဖြစ်သည်။

သူ၏သဘောအရဆိုလျှင်လည်း လူများစွာသေဆုံးနိုင်သည့် ဂိုဏ်းစစ်ပွဲစတင်မည့်အစား သွေးလဓားအဖွဲ့၏ခေါင်းဆောင်များနှင့်ညှိနှိုင်းမိ‌မည်ဖြစ်သည် ။

သို့သော်လည်း သိုင်းမဟာမိတ်၏အခြားခေါင်းဆောင်များကသွေးလဓားအဖွဲ့ကိုချေမှုန်းရန်စိတ်အားထက်သန်နေရာ သူကိုယ်တိုင်လည်းဘာမှမတတ်နိုင်ပေ။

ထန်ချင်းရှန်၏မတတ်သာသည့်ပုံစံကြောင့် ကောချောင်၏မျက်နှာအနည်းငယ်ပျက်ယွင်းသွားသလို ဟဲလောင်ချန်းကသူ၏လက်သီးနှစ်ဖက်ကိုပွတ်သတ်၍ အေးစက်စွာပြုံးလိုက်သည် ။

“ အသုံးမဝင်ဘူးကောချောင် မင်းကသွေးလဓားအဖွဲ့ရဲ့ဦးနှောက်ဆိုတာ ငါသိထားတယ် ။ဒါပေမယ့် အခုငါသွေးလဓားအဖွဲ့ကိုချေမှုန်းမယ့်ကိစ္စကို မင်းလည်းဟန့်တားနိုင်တာမဟုတ်ဘူး...။

ဒီနေ့ မင်းတို့သွေးလဓားအဖွဲ့ကိုချေမှုန်းပြီး ငါတို့သိုင်းမဟာမိတ်ရဲ့အင်အားကို လူတိုင်းသိအောင် ကြေငြာပြရမယ်...”

‌သူ၏စကားကြောင့်ကောချောင်၏စိတ်ထဲတွင် တစ်ဖက်လူများ၏ရည်ရွည်ချက်ကိုရိပ်စားမိ၍ အနည်းငယ်အေးစိမ့်သွားသည်။

စင်စစ် ဟဲလောင်ချန်းက မစဉ်းမစားလုပ်တတ်သူမဟုတ်ဘဲ ရက်စက်ပြက်သားကာ ဉာဏ်များသူလည်းဖြစ်ပေသည်။

သိုင်းမဟာမိတ်က သွေးလဓားအဖွဲ့ကိုနမူနာအဖြစ်အသုံးပြုပြီး ကျန်ရှိနေသည့်အနက်ရောင်သိုင်းဂိုဏ်းများကိုချိန်းခြောက်ကာ သူတို့၏အင်အားကိုပြသလိုခြင်းဖြစ်သည် ။

ဤသည်က တစ်ချက်ခုတ်နှစ်ချက်ပြက်အစီအစဉ်ဖြစ်ပြီး အနည်းငယ်ရက်စက်သည့်အတွက် ဘေးဘက်ရှိထန်ချင်းရှန်ပင်သဘောမကျဖြစ်နေဟန်တူသည်။

သို့သော် ထိုအကြံအသည်ကိုရိပ်မိသည့်တိုင် သူတတ်နိုင်သည့်အရာမရှိပေ။

ဟဲလောင်ချန်း၏စကားက သူတို့ကိုစော်ကာားပြောဆိုနေ၍ သွေးလဓားအဖွဲ့ခေါင်းဆောင်ကျန်းရွဲ့လည်း သူ၏ခါးရှိဓားကိုရွှမ်းခနဲဆွဲထုတ်၍အော်ဟစ်လိုက်သည်။

“ တိုက်ဆိုလည်းတိုက်ကြတာပေါ့...ညီအစ်ကိုတို့ နားထောင် ဒီကောင်တွေကိုအကုန်မသတ်ရင် ဒီနေ့က ငါတို့ရဲ့အဆူံးသတ်ဖြစ်သွားလိမ့်မယ်။။ဒါကြောင့် သတ်ကြ...”

ကျန်းရွဲ့၏အော်ဟစ်သံဆုံးသည်နှင့် သွေးလဓားအဖွဲ့သားများလည်းပြန်လည်စိတ်အားတက်ကြွလာကြပြီး အဖြူရောင်ဝတ်စုံဝတ်သိုင်းမဟာမိတ်အဖွဲ့သားများဆီသို့ တဖန်ပြန်၍တိုးဝင်သွားကြသည်။

“ တိုက်ခိုက်ကြ...”

မာန်သွင်းအော်ဟစ်သံများ ၊ လက်နက်ချင်းထိခတ်သံများ ဆူညံနေကြပြီး ပြင်းထန်သည့်တိုက်ပွဲက နောက်တစ်ကြိမ်ပြန်၍ဖြစ်ပေါ်လာတော့သည်။

ကောချောင်၊ ကူဖုန်းနှင့်သွေးလဓားအဖွဲ့၏‌သိုင်းထိပ်သီးများလည်း သူတို့၏လက်နက်များကိုဆွဲထုတ်ရင်း သိုင်းမဟာမိတ်၏ထိပ်သီးများကို ပြေးဝင်တိုက်ခိုက်လိုက်ကြသည်။

သွေးလဓားအဖွဲ့ခေါင်းဆောင်ကျန်းရွဲ့နှင့် ဟဲလောင်ချန်းတို့ကား ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြပြီး အစွမ်းထက်ထိပ်သီးများပီသစွာ သူတို့၏တိုက်ပွဲကလွန်စွာကြောက်မက်ဖွယ်ကောင်းနေသည် ။

ဤသို့ဖြင့် လွန်ခဲ့သည့်အချိန်အနည်းငယ်ကပင်အေးဆေးနေသည့်ခြံဝန်းကျယ်ထဲတွင် တိုက်ခိုက်သတ်ဖြတ်နေသူများနှင့်ပြည့်နှက်နေပြီး သွေးများကနေရာအနှံ့ပတ်ဖြန်းနေသလို လဲကျသေဆုံးသူများ၏အလောင်းကလည်း နေရာအနှံ့မြင်တွေ့လာရပေသည်။

တိုက်ပွဲဖြစ်နေသည့်ခြံဝန်း၏အပြင်ဘက်ရှိ သစ်ပင်ကြီးတစ်ပင်၏အထက်တွင် အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့်လူရိပ်တစ်ခုကငြိမ်သက်စွာရှိနေပြီး ကြောက်မက်ဖွယ်ကောင်းလှသည့်တိုက်ပွဲကိုအေးဆေးစွာကြည့်ရှုနေသည် ။

ခေါင်းစွပ်အောက်ရှိသူ၏မျက်ဝန်းထဲများက ခံစားချက်ကင်းမဲ့နေပြီး လူများစွာသေဆုံးနေသည်ကို မည်သို့မှခံစားရဟန်မတူပေ ။

အချိန်အတော်ကြာတိုက်ခိုက်ပြီးနောက် ခြံဝန်းထဲရှိတိုက်ပွဲက ပြီးဆုံးသွားချေပြီ။

‌လူအင်အားများပြားသည့်တိုင် အဆင့်မြင့်သိုင်းသမားနည်းပါးသည့်သွေးလဓားအဖွဲ့သားများက သိုင်းမဟာမိတ်၏အစွမ်းထက်သိုင်းသမားများကိုမခုခံနိုင်ခဲ့ပေ။

သူတို့၏ခေါင်းဆောင်ကျန်းရွဲ့၊ ဒုခေါင်းဆောင်ကောချောင်နှင့် အခြားအဆင့်လွန်ထိပ်သီးနှစ်ဦးသေဆုံးပြီးနောက်တွင် ကျန်ရှိနေသည့်အဖွဲ့သားများသည်လည်းတိုက်ခိုက်ရန်စိတ်မပါကြတော့ဘဲ ထွက်ပြေးသူကထွက်ပြေး၍ အများစုက လက်နက်ချအညံ့ခံသွားခဲ့ကြသည်။

မူလက အင်အားတစ်ရာကျော်ရှိသည့်သွေးလဓားအဖွဲ့မှာ လူငါးဆယ်ကျော်သာကျန်ရှိခဲ့ပြီး သိုင်းမဟာမိတ်၏လူခြောက်ဆယ်အနက်ဆယ်ယောက်ကျော်သာသေဆုံးခဲ့ပြီး အင်အားများပြားသည့်ရန်သူများကို အရည်အချင်းကွာဟမှုကြောင့် အပြက်အသက်အနိုင်ယူနိုင်ခဲ့သည်။

ထိုမြင်ကွင်းကြောင့် သစ်ပင်ထက်ရှိအနက်ရောင်ဝတ်ရုံရှင်က ခေါင်းတစ်ချက်ညိမ့်လိုက်ပြီး သစ်ပင်ပေါ်မှ ပေါ့ပါးစွာခုန်ဆင်း၍ အမှောင်ထဲသို့တိုးဝင်ပျောက်ကွယ်သွားတော့သည်။

ထူးဆန်းသည့်အချက်ကား ထိုလူ၏တည်ရှိမှုကို ဟဲလောင်ချန်းနှင့် ထန်ချင်းရှန်တို့လိုအစွမ်းထက်ထိပ်သီးများပင်မရိပ်မိကြခြင်းဖြစ်၏ ။

&&&

မကြာမီရက်များအတွင်းသိုင်းလောက၌သတင်းတစ်ခုပျံ့နှံ့လာသည်။

ထိုသတင်းက အနက်ရောင်သိုင်းလောကတွင် ကျော်ကြားသည့် သွေးလဓားဂိုဏ်းကို သိုင်းမဟာမိတ်ကဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

အဆင့်လွန်ထိပ်သီးငါးယောက်ရှိပြီး အဖွဲ့သားတစ်ရာကျော်သည့်သွေးလဓားဂိုဏ်းက အင်အားတောင့်တင်းသည့်ပထမတန်းစားအဖွဲ့တစ်ခုဖြစ်သော်လည်း သိုင်းမဟာမိတ်ကိုရန်စခဲ့ခြင်းက သူတို့၏အဆုံးသက်ဖြစ်သွားခဲ့သည်။

ထိုသတင်းကို သိုင်းလောက၏နေရာအနှံ့တွင်ပြောဆိုနေကြသလို အနက်ရောင်သိုင်းလောကရှိဂိုဏ်းအဖွဲ့များကား စိုးရိမ်မှုများတိုးပွားလာကြသည် ။

အကြောင်းကား နှင်းငွေ့မိစ္ဆာသခင်နှင့်ခရမ်းရောင်သွေးလဓားဂိုဏ်းပျက်စီးပြီးနောက်တွင် အနက်ရောင်သိုင်းလောကက အတော်လေးအင်အားလျော့နည်းသွားခဲ့ပြီး ပျက်စီးလုဆဲ‌ဆဲဖြစ်ခဲ့ရသည့်အဖြူရောင်သိုင်းလောကသားများကလည်းအနက်ရောင်သိုင်းဂိုဏ်းများကိုမျက်မုန်းကျိုးနေကြသည့်အတွက်ဖြစ်၏။

နှင်းငွေ့မိစ္ဆာသခင်ကို သိုင်းလောကရှိသိုင်းဝိဇ္ဇာများစွာပူးပေါင်းဟန့်တားခဲ့သည်ကိုပင်အနိုင်မယူနိုင်ခဲ့ဘဲ ပထမဓားသခင်သာပေါ်ထွက်မလာပါက ယခုအချိန်တွင်သိုင်းလောက၏သမိုင်းကြောင်းလည်းပြောင်းလဲသွားနိုင်ပေသည်။

ထို့ကြောင့် သူတို့အနေဖြင့်ဆိုရလျှင် နှင်းငွေ့မိစ္ဆာသခင်လိုလူတစ်ယောက်ထပ်မံပေါ်ထွက်လာမည်ကိုစိုးရွံ့နေပြီး ထိုအကြောင်းပြချက်ဖြင့် အနက်ရောင်သိုင်းလောကကိုဖိနှိပ်လိုခြင်းဖြစ်သည်။

အကယ်၍ ပုံမှန်အချိန်များတွင်ဆိုပါက အဖြူအနက်ညီညွတ်မျှတရေးကိုဦးစားပေး‌သည့်နဂါးစိမ်းဂိုဏ်းကြီးက ဝင်ရောက်ဟန့်တားလိမ့်မည်ဖြစ်သော်လည်း ကျုံဟွာတောင်တိုက်ပွဲအပြီးတွင် နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင် သိုင်းလောကမှပျောက်ကွယ်သွားသလို သိုင်းပညာမြင့်မားသည့်ဂိုဏ်းထိမ်းကြီးများသည်လည်းအနားယူသွားကြပေသည် ။

ထို့ကြောင့် လက်ရှိသိုင်းလောက၏အခြေအနေက အဖြူရောင်သိုင်းဂိုဏ်းများကြီးစိုးနေပြီး အနက်ရောင်သိုင်းလောကသားများအနေဖြင့်ထိတ်လန့်တကြားဖြစ်နေသည်ဟုဆိုနိုင်ပေသည်။

အဖြူရောင်သိုင်းလောက၏ဘက်တွင်ထင်ရှားလာသည့်အဖွဲ့အစည်းက သိုင်းမဟာမိတ်ဖြစ်ပြီး ထိုအဖွဲ့အစည်းက အနက်ရောင်သိုင်းလောကအပေါ်အတော်လေးသတိထား၍စောင့်ကြည့်နေပေသည်။

သိုင်းမဟာမိတ်ဆိုသည့်အဖွဲ့အစည်းက ကျုံဟွာတောင်တိုက်ပွဲအပြီးတွင်ဖွဲ့စည်းခဲ့သည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ထိပ်တန်းအင်အားစုရှစ်ခုက ဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

သိုင်းမဟာမိတ်တွင်ခေါင်းဆောင်ရှစ်ဦးရှိပြီး သူတို့ရှစ်ယောက်က ထိပ်တန်းအင်အားစုရှစ်ခုမှလူများဖြစ်ပြီး သူတို့၏လက်အောက်တွင်လူနှစ်ဆယ်စီရှိကြပေသည်။

အနက်ရောင်သိုင်းလောကထဲတွင် ထိပ်တန်းအဆင့်အင်အားစုများကျန်ရှိနေသော်လည်း သိုင်းမဟာမိတ်ကိုအာခံရန်က အတော်လေးစွန့်စားရာကျပေမည်။

သိုင်းမဟာမိတ်တွင်သိုင်းဝိဇ္ဇာအဆင့်မရှိ၍ ထိပ်တန်းအင်အားစုတစ်ခုဟုမသက်မှတ်နိုင်သော်လည်း သူတို့၏နောက်တွင်ကျောထောက်နောက်ခံပေးထားသည့်ထိပ်တန်းအင်အားစုရှစ်ခုအထိရှိနေရာ ထိပ်တန်းအင်အားစုများပင်သူတို့ကိုရန်မစဝံ့ကြပေ။

ထိုအခြေအနေကိုပြောင်းလဲရန် အနက်ရောင်သိုင်းလောက၏ ထိပ်တန်းအင်အားစုငါးခုတွေ့ဆုံခဲ့ပြီး သူတို့၏ဆွေးနွေးပွဲအပြီးတွင် ငါးဖွဲ့မဟာမိတ်ဆိုသည့်အဖွဲ့အစည်းတစ်ခုထွက်ပေါ်လာကာ သူတိူ့၏ရည်ရွည်ချက်က အဖြူရောင်သိုင်းလောက၏ သိုင်းမဟာမိတ်ကိုဆန့်ကျင်ရန်နှင့် အနက်ရောင်သိုင်းလောကကိုကာကွယ်ရန်ဖြစ်သည်။။

အနက်ရောင်သိုင်းဂိုဏ်းကြီးငါးခု၏အင်အားက လွန်စွာကြီးမားလှပြီး သိုင်းမဟာမိတ်အဖွဲ့၏လှုပ်ရှားမှုများကိုပင်အနည်းငယ်အဟန့်အတားဖြစ်သွားစေခဲ့သည်။

ဤသို့ဖြင့် တင်းမာနေသည့်သိုင်းလောက၏အခြေအနေက ခေတ္တငြိမ်သက်သွားပြီးအတွင်းဘက်တွင်ကား ဖွဲမီးကဲ့သို့တအုံ့နွေးနွေးတောက်လောင်နေပေသည်။။

ငြိမ်းချမ်းနေသည့်ထိုအခြေအနေလေးအချိန်မည်မျှအထိဆက်လက်တည်တံ့နေမည်ကိုတော့.....

All Chapters