နတ်မိမယ်အလားထင်ယောင်ထင်မှား
Vol. 1 Ch. 5
အချိန်များကတရွေ့ရွေ့ကုန်ဆုံးသွားပြီး မျက်စေ့တမှိတ်အတွင်းအချိန်ဆယ်နှစ်ကျော်ပင်ကုန်ဆုံးခဲ့ပြီဖြစ်သည်။
ယခုနှစ်များတွင် သိုင်းလောက၌ကြီးမားသည့်ဖြစ်ရပ်ဟူ၍မဖြစ်ပွားတော့ဘဲ ရုတ်တရက် သိုင်းလောကအတွင်းဝင်ရောက်လာသည့် မိုးကြိုးရဲတိုက်၊ ပညာရှိစံအိမ်၊ ပန်းတစ်ရာတောင်ကုန်းစသည့်အင်အားစုများသာတည်ရှိသည်။
ထိုအင်အားစုများက ယခင်က ခပ်လျှိုလျှိုသာနေကြသော်လည်း သိုင်းလောကအတွင်းသို့ဝင်ရောက်ပြီဟုကြေညာခဲ့သလို သူတို့၏အင်အားက ထိပ်တန်းအဆင့်ရှိကြသည်။
သို့သော် သူတို့အင်အားစုသုံးခုလုံးက သိုင်းလောကအရေးများကိုစိတ်ဝင်စားပုံမရသည့်အတွက် ကျန်သိုင်းလောကသားများလည်း အချိန်အတော်ကြာသတိထားနေကြပြီးနောက် များစွာဂရုမစိုက်ကြတော့ပေ။
သိုင်းလောကထဲတွင်အချင်းချင်းရန်စောင်နေသည့်ဂိုဏ်းအဖွဲ့များဟူ၍ အဖြူရောင်သိုင်းလောကတွင်အင်အားကြီးမားလာသည့် သိုင်းမဟာမိတ်နှင့် အနက်ရောင်သိုင်းလောက၏ထိပ်တန်းအင်အားစုငါးခုစုဖွဲ့ထားသည့် အမှောင်လောကအဖွဲတို့သာရှိပေသည်။
ထိုအင်အားစုနှစ်ခုက တစ်ခုနှင့်တစ်ခုလုံးဝမျက်နှာချင်းဆိုင်မရသည့်အဆင့်သို့ရောက်ရှိနေသည့်တိုင် သူတို့၏အင်အားကမတိမ်းမယိမ်းဖြစ်နေရာ မည်သူမှဂိုဏ်းစစ်ပွဲကိုမစတင်ဘဲ တစ်ဖက်ကိုတစ်ဖက် သတိထားစောင့်ကြည့်နေဆဲဖြစ်သည်။
ထို့ကြောင့် သိုင်းလောက၏ငြိမ်းချမ်းမှုက ဆက်လက်တည်တံ့နေဆဲဖြစ်သည်ဟုအကြမ်းဖျင်းဆိုနိုင်ပေသည်။
&&&&
မြောက်ပိုင်းတောင်တန်းဒေသ
ရွှမ်းစုမြို့
မြောက်ပိုင်းတောင်တန်းဒေသမှာ သိုင်းလောက၏အစိတ်အပိုင်းငါးခုတွင်အပါအဝင်ဖြစ်ပြီး နာမည်ကျော်ဂိုဏ်းအဖွဲ့အစည်းများနည်းပါးသော်ငြား အစွမ်းထက်သည့်တစ်ကိုယ်တော်သိုင်းသမားအများအပြားရှိပေသည်။။
မြောက်ပိုင်းတောင်တန်း၏မြေမျက်နှာသွင်ပြင်က တောင်တန်းချောက်နက်ပေါများပြီး အခြားသိုင်းလောကများနှင့်ကွဲပြားမှုရှိ၍ မြောက်ပိုင်းရှိသိုင်းသမားများမှာ လူတိုင်းလိုလိုကိုယ်ဖော့ကောင်းမွန်ကြသည်သာဖြစ်သည်။
မြောက်ပိုင်းသိုင်းလောကရှိရွှမ်းစုမြို့လေးသည်လည်း မြောက်ပိုင်း၏မြို့တော်စင်းရွယ်လောက်စည်ကားမှုမရှိသော်ငြား အလယ်အလက်အဆင့်ရှိပြီး သိုင်းသမားများစွာသွားလာလှုပ်ရှားကြလေ့ရှိပေသည်။
ဘဝသစ်စားသောက်ဆိုင်
ရွှမ်းစုမြို့လယ်ရှိကျော်ကြားသည့်စားသောက်ဆိုင်တစ်ခုဖြစ်ပြီး သင့်တင့်မျှတသည့်ဈေးနှုန်း၊ အရသာကောင်းမွန်သည့်အစားအသောက်များကြောင့် ဘေးပတ်ဝန်းကျင်ရှိမြို့ရွာများသို့ပါကျော်ကြားသည့်စားသောက်ဆိုင်ဖြစ်သည်။
ယနေ့တွင်လည်း စားသောက်ဆိုင်၏အောက်ထပ်တစ်ထပ်လုံးတွင်စားသုံးသူများပြည့်နှက်နေကာ ဈေးနှုန်းအနည်းငယ်ကြီးမြင့်သည့်အပေါ်ထပ်တွင်ပင် စားပွဲလွတ်အနည်းငယ်သာရှိနေသည်။
ဆိုင်ထဲတွင်စားသောက်နေကြသည့်လူများ၏အသံနှင့်ဆူညံနေသလို ကိုယ့်အာရုံနှင့်ကိုယ်ရှိနေကြသည်။။
ရုတ်တရက် ဆိုင်ထဲရှိအသံအတော်များများကတိုးသွားပြီး ဆိုင်ဝင်ပေါက်အနီးရှိလူများမှာ ကျောက်ရုပ်များလိုတောင့်တင်းသွားကြ၏။
သူတို့၏အမူအယာကထူးခြားနေပြီး နေရာတစ်ခုထဲသို့စူးစိုက်ကြည့်နေကြကာ အချို့လူများဆိုလျှင်စားသောက်ဖွယ်ရာများကို ကိုင်မြှောက်ရင်းတန်းလန်းကြီးဖြစ်နေကြသည် ။
ဝင်ပေါက်နှင့်ဝေးသည့်နေရာမှလူများလည်း အခြားလူများ၏အသံများတိုးသွားသည်ကိုသတိပြုမိရာ သူတို့လည်းကျန်လူများငေးမောနေရာသို့ကြည့်လိုက်မိကြပြီး သူတို့ကိုယ်တိုင်လည်း တွေဝေငေးမောသွားကြသည်။
ဆိုင်ဝင်ပေါက်တွင် သွယ်လျလှပသည့်ပုံရိပ်ကလေးတစ်ခုရှိနေပြီး အစိမ်းရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသည့်မိန်းကလေး၏ပုံစံကလွန်စွာထူးခြားလှသည်။
လှပ၍အချိုးကျသည့်ခန္တာကိုယ်၊ မြင်မြင်စမျှစူးစမ်းလေ့လာနေသောကြည်လင်သည့်မျက်ဝန်းလေးများနှင့် အပြစ်ဆိုဖွယ်မရှိသည့်မျက်နှာလေးတို့က ကြည့်မိသူတိုင်း၏စိတ်ဝိညာဉ်ကိုလုံးဝဖမ်းစားနိုင်စွမ်းရှိပေသည်။။
နက်မှောင်ရှည်လျားသည့်ဆံကေသာများကိုခပ်မြင့်မြင့်ထုံးဖွဲ့ထားခြင်းက ဧကရီတစ်ပါး၏ဟန်ပန်နှင့်ဆင်တူကာ ပန်းချီကားထဲမှထွက်လာသည့်မိန်းကလေးဟုပင်ထင်ရစေသည်။
မိန်းမလှလေး၏မျက်နှာက ဟန်အမူအယာကင်းမဲ့နေသော်လည်း ထိုပုံသဏ္ဍာန်လေးကပင်လွန်စွာဆွဲဆောင်မှုရှိနေပြီးလူလောကနှင့်ကင်းကွာသည့်နတ်မိမယ်လေးအလားပင်။
ပို၍ဆန်းကြယ်သည်က ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်း၊ မနာလိုခြင်း၊ နှစ်သက်ခြင်းစသည့်ခံစားချက်များကင်းစင်နေသည့်သူမ၏အကြည့်များဖြစ်ပြီး သေမျိုးကမ္ဘာသို့ဆင်းသက်လာသည့်နတ်ဘုရားမတစ်ပါးနှင့်ပင်ဆင်တူနေသည်။
မိန်းမချင်းပင်ချစ်မြတ်နိုးသွားစေနိုင်သည့်မိန်းမလှလေးကြောင့် ဆိုင်အောက်ထပ်ရှိလူတိုင်းဆွဲဆောင်ခံလိုက်ရခြင်းဖြစ်ကာ တမင်လုပ်ယူခြင်းမဟုတ်သည့်တိုင် သူမ၏အပြုအမူတစ်ခုချင်းစီတိုင်းက ကျက်သရေရှိ၍လှပနေသည်။
ထို့ကြောင့် မိန်းမလှလေးကိုတွေ့မြင်လိုက်သည့်မည်သူမဆို အံ့ဩငေးမောနေခြင်းဖြစ်ပြီး ဆူညံပွတ်လောရိုက်နေသည့်ဆိုင်အောက်ထပ်တစ်ခုလုံး သုဿာန်တစပြင်လို တိတ်ဆိတ်သွားတော့သည်။
အကယ်၍ အသေအချာကြည့်မည်ဆိုပါက သူမ၏အင်္ကျီလက်စနှစ်ဖက်တွင် အဖြူရောင်ငွေချည်ဖြင့်ထိုးထားသည့်သေးငယ်သည့်နဂါးတစ်ကောင်စီ၏ပုံကို တွေ့မြင်ကြပေမည်။
မိန်းမလှလေးလည်း ဆိုင်အောက်ထပ်ရှိစားပွဲတိုင်းလိုလိုလူများပြည့်နေသည်ကိုမြင်သည်နှင့် မသိမသာလေးမျက်မှောင်ကြုတ်လိုက်မိကာ တင့်တယ်လှပသည့်ကိုယ်ဟန်လေးဖြင့် ဆိုင်အပေါ်ထပ်သို့ဖြေးညင်းစွာတက်သွားတော့သည်။။
မိန်းမလှလေးပျောက်ကွယ်သွားမှ အယောက်သုံးဆယ်နီးပါးရှိမည့်လူများမှာ သတိဝင်လာကြလေသည်
ခေါက်ဆွဲဖက်များကိုတူဖြင့်ညှပ်၍စားသောက်မည်ကြံနေသူက ပါးစပ်ပေါက်အစားနှာခေါင်းပေါက်ထဲသို့သွတ်လိုက်မိသည်။။
ရေနွေးကြမ်းတစ်ခွက်ကိုငှဲ့သောက်နေသူက အောက်သို့စီးကျနေသည်အထိငှဲ့နေမိပြီးနောက်အပူလောင်သည့်အခါမှ အလန့်တကြားထခုန်လေသည်။
“ ဖြောင်း...”
ကျယ်လောင်သည့်အသံကြီးတစ်ခုက ဟိန်းထွက်လာသည်။
အဆိုးဆုံးက မိန်းမလှလေးရပ်ခဲ့သည့်နေရာနှင့်အနီးဆုံးရှိလူများဖြစ်ကာ လူတစ်ယောက်က သူနှင့်အတူထိုင်နေသည့်အဖော်၏ပါးကိုဖြောင်းခနဲမည်အောင်ရိုက်ချလိုက်ခြင်းဖြစ်သည်။
“ ဘာလုပ်တာလဲကွ...”
သူ့သူငယ်ချင်း၏လုပ်ရပ်ကြောင့် အနည်းငယ်ကြောင်တောင်တောင်ဖြစ်နေသည့်အလူကနီရဲနေသည့်ပါးတစ်ဖက်ကိုအုပ်ကိုင်ကာ ဒေါသတကြီးမေးလိုက်ခြင်းဖြစ်သည်။
“ စောစောကငါမြင်လိုက်ရတာ အိပ်မက်လာလို့ပါဟ...”
ထိုလူ၏အဖြေကြောင့် ပါးရိုက်ခံရသူပင်စကားတစ်ခွန်းမှမဆိုနိုင်ဘဲ ဆိုင်အပေါ်ထပ်သိူ့သမင်လည်ပြန်လှည့်လိုက်လိုက်ရင်းဖြေးညင်းစွာခေါင်းညိမ့်ပြလိုက်သည်။
“ ဟုတ်တယ် ငါလည်းဒီလိုပဲထင်နေတာ...”
“ ဘုရားရေ ဒီလောက်အထိလှပတဲ့မိန်းကလေးရှိသေးတူလား...”
“ ဒီမိန်းကလေးကိုသာရရင် ငါ့ရဲ့အသက်ဆယ်နှစ်တောင်အဆုံးရှုံးခံနိုင်ပါရဲ့...”
အံ့ဩခြင်း၊ တုန်လှုပ်ခြင်း၊ တပ်မက်ခြင်းစသည့်ခံစားချက်များစွာဖြင့်ရေရွတ်သံများကအဆက်မပြက်ထွက်ပေါ်နေပြီး အများစုမှာ တိုင်ပင်မထားဘဲဆိုင်အပေါ်ထပ်သို့ဝရုန်းသုန်းကားပြေးတက်သွားကြတော့၏။
ဆိုင်အပေါ်ထပ်တွင်လည်း အစောပိုင်းကလိုတူညီသည့်အဖြစ်အပျက်မျိုးဖြစ်ပျက်နေကာ လူတိုင်းလိုလိုပင်အစိမ်းရောင်ဝတ်စုံဝတ်မိန်းမလှလေးကိုငေးကြည့်နေမိကြသည်။
မိန်းမလှလေးကား သူမလာရာလမ်းတစ်လျှောက်တွင် လူအများစု၏ယခုလိုပုံစံကိုမြင်တွေ့ခဲ့ပြီးဖြစ်၍ ထူးထူးထွေထွေတွေးတောမနေဘဲ စားပွဲလွတ်တစ်လုံးတွင်ဝင်ထိုင်ကာ အနီးတွင်ငေးကြောင်နေသည့်ဆိုင်လုလင်လေးကိုကြည့်၍ အနည်းငယ်အေးစက်သည့်အသံဖြင့်ပြောလိုက်သည်။
“ ကျမကို သက်သက်လွတ်ခေါက်ဆွဲတစ်ပွဲပေးပါ...”
မိန်းမလှလေး၏လေသံက နွေးထွေးမှုကင်းမဲ့သော်ငြား ထိုအသံကိုကြားမိသူတိုင်းက သူမကိုမည်သူမှအပြစ်မြင်နိုင်ကြမည်မဟုတ်ပေ ။
ထိုအချိန်တွင် ဆိုင်အောက်ထပ်မှ တဝုန်းဝုန်းပြေးတက်လာသည့်လူများကြောင့်အပေါ်ထပ်ရှိလူများလည်းသတိဝင်လာကြပြီး အချို့ယုံကြည်မှုရှိသည့်လူများက မိန်းမလှလေး၏စားပွဲအနီးသို့ချဉ်းကပ်သွားကြသည်။
“ မိန်းကလေး မင်းရဲ့အမည်လေးကိုသိခွင့်ရှိမလား...”
“ ဘေးဆုတ်စမ်း....မိန်းမလှလေး ကျုပ်က ဒီမြို့မှာကျော်ကြားတဲ့သူဌေးရှီပါ မိန်းကလေးကိုကျုပ်နေ့လည်စာ စားဖို့ဖိတ်ချင်လို့...”
=
သာမန်လူများမှစ၍ ကြွယ်ဝသည့်သူဌေးများ၊ အရာရှိများ ၊ သိုင်းသမားများအဆုံးမိန်းမလှလေး၏အာရုံစိုက်မှုကိုရရှိစေရန် အလုအယက်ကြိုးပမ်းနေကြသည်။
ထူးခြားသည့်အချက်ကား သူတို့အချင်းချင်းတွန်းထိုး နေကြသည့်တိုင်မိန်းမလှလေး၏စားပွဲအနီးသို့မည်သူမှမကပ်ဝံ့ပေ။
အကြောင်းကား မိန်းမလှလေး၏ခနယတသီးတသန့်ဆန်၍အေးစက်သည့်အရှိန်အဝါက သူတို့ကို အလိုလိုသိမ်းငယ်သွားစေ၍ဖြစ်သည်။
“ ထပ်ဖြစ်ပြန်ပြီလား...”
မိန်းမလှလေးက သူမတစ်ဦးထဲကြားနိုင်သည့်လေသံဖြင့်ရေရွတ်လိုက်သည်။ သူမ၏ ကြည်လင်သည့်မျက်ဝန်းထဲတွင်တော့စိတ်ပျက်မှုအချို့ရှိနေပေသည် ။
သူမ၏အိမ်မှထွက်လာသည့်နှစ်ရက်အတွင်းလူများ၏တူညီသည့်အပြုအမူများကိုကြုံတွေ့ခဲ့ရပြီး မည်သည့်အတွက် ယခုလိုဖြစ်နေကြသည်ကိုစဉ်းစားမရပေ။
သို့သော် သူတိူ့၏အပြုအမူများက သူမကိုစိတ်အနှောင့်အယှက်ဖြစ်စေပြီး ယခုလည်းကောင်းစွာစားသော်မရတော့သည်ကိုသိရှိလိုက်၍ ဖြေးညင်းစွာထရပ်ရင်း သူမ၏ခန္တာကိုယ်ကလူအုပ်ကိုကျော်၍လျှင်မြန်စွာရွေ့လျားသွားတော့သည်။
သူမ၏လှုပ်ရှားမှုကလွန်စွာပေါ့ပါးညင်သာလှပြီးအနီးရှိလူများပင်ကောင်းစွာမမြင်လိုက်ရပေ။ ထိုအထဲတွင် ထိပ်တန်းအဆင့်သိုင်းသမားများပင်ချွင်းချက်မဟုတ်ပေ။
“ မိန်းမလှလေးမရှိတော့ဘူး ...”
မည်သူကစတင်၍အော်ဟစ်လိုက်သည်မသိရသည့်အသံတစ်ခုက ဆိုင်အပေါ်ထပ်တစ်ခုလုံးသို့ပျံ့နှံ့သွားပြီး လူအားလုံး စားပွဲအလွတ်ကိုသာအံ့ဩတုန်လှုပ်စွာဖြင့်ကြည့်လိုက်မိကြ၏ ။
ထိုအချိန်တွင် အခြားလူများကိုမင်တပ်မိရာမှနိုးထလာသည့်လူတစ်ယောက်လည်းရှိနေသေးသည်။
ထိုလူက အပေါ်ထပ်၏အကောင်းဆုံးနေရာတွင်စားသောင်နေသည့်လူငယ်တစ်ယောက်ဖြစ်ကာ သူ၏မျက်နှာထက်၌ စွဲလမ်းရူးသွပ်ခြင်းများပြည့်နှက်လျက်ဘေးရှိအဖြူရောင်ဝတ်စုံဝတ်လူများကိုပြောလိုက်သည်။
“ ကျုပ်အဲဒီမိန်းကလေးကိုချစ်မိသွားပြီ။ ကျုပ်တို့ရဲ့အင်အားကိုအသုံးပြုပြီးသူ့ကိုအမြန်ဆုံးရှာဖွေပေးပါ...ကျုပ် သူ့ကိုရမှဖြစ်မယ်...”
လူငယ်၏တောက်ပသည့်မျက်ဝန်းထဲတွင်တော့ တောက်ပသည့်အရောင်များရှိနေသည် ။
&&&&
သေးငယ်သည့်ခြံဝန်းလေးတစ်ခု
သပ်ရပ်လှပသည့်အိမ်ငယ်လေးကခြံဝန်းအလယ်တွင်တစ်လုံးထဲတည်ရှိနေသည်။
ခြံဝန်း၏နောက်ဘက်တွင် အသစ်စက်စက်ဖြစ်ဟန်တူသည့်မြေပုံမို့မို့တစ်ခုရှိနေပြီး မှတ်တိုင်နေရာ၌စိုက်ထူထားသည့်စာလုံးများမှာ “ တုန်းဖန်းလျှံ အသက် နှစ်ဆယ့်ရှစ်နှစ် “ ဟူ၍ဖြစ်ပေသည်။
မြေပုံ၏ရှေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြစ်သည့်အဖြူရောင်ဖျင်ကြမ်းဝတ်စုံဝတ်ကလေးငယ်တစ်ဦးဒူးထောက်နေပြီး အနည်းငယ်ဖြူဖျော့၍အားနည်းဟန်ရသည့်မျက်နှာထက်တွင် ဝမ်းနည်းပူဆွေးမှုများရှိနေသည်။
ယနေ့က သူ၏မိခင်ဖြစ်သူသေဆူံးသွားသည့်ခုနစ်ရက်မြောက်နေ့ဖြစ်ပြီး ယခုအချိန်ထိ ဖြစ်ပျက်ခဲ့သမျှကို အိပ်မက်တစ်ခုဟုသာထင်မြင်နေမိသည်။
ငယ်စဉ်ကပင် ရောဂါကြောင့် သာမန်ကလေးများထက်အားနည်းသည့်သူ့ကို အရိပ်တကြည့်ကြည့်ဂရုစိုက်ပေးခဲ့သည့်မိခင်၊ စာပေ၊ အနုပညာမှစ၍ သူတတ်သင့်သမျှအတတ်ပညာအမျိုးမျိုးတို့ကိုသင်ကြားပေးခဲ့ပြီး အနုပညာမျိုးစုံတွင်နှံ့စပ်ကျွမ်းကျင်လှသည့်သူ၏မိခင် ၊ ထိုအမျိူးသမီးရုတ်တရက်သေဆုံးသွားရခြင်းကို သူလုံးဝမယုံကြည်နိုင်သေးပေ။
ကလေးငယ်၏ရုပ်ရည်က အတော်လေးကြည့်ကောင်းပြီး ဖြောင့်တန်းနေသည့်မျက်ခုံးများ၊ မိခင်၏အမွေကိုဆက်ခံရရှိခဲ့ဟန်တူသည့် ကြည်လင်စူးရှသးသော မျက်ဝန်းအစုံ၊ အချိုးကျပေါ်လွင်သည့်နှာတံမြင့်မြင့်နှင့် ပိရိသေသပ်သည့်နှုတ်ခမ်းတို့က နောင်တစ်ချိန်တွင် ယောင်္ကျားပီသချောမောလာမည်ဟုဖော်ပြနေသည် ။
သို့သော်လည်း လူငယ်၏အသားအရေက သာမန်ထက်ဖြူဖျော့နေကာ သူ၏ပိန်ပိန်ပါးပါးခန္တာကိုယ်ကလည်း အတော်လေးအားနည်းဟန်တူသည်။
မှန်ပေသည်။
ထိုကလေးငယ်က ရောဂါကြောင့်အခြားကလေးများထက်အားနည်းပြီး သူငယ်စဉ်ကပင် သူ၏မိခင်နှင့်နှစ်ယောက်တစ်ကမ္ဘာနေခဲ့ရခြင်းဖြစ်သည်။
“ ရှောင်အာ ငါတို့သွားသင့်ပြီ...”
တည်ငြိမ်အေးဆေးသည့်အသံတစ်ခုကနောက်ဘက်မှထွက်ပေါ်လာသည်။
ထိုအသံကတည်ငြိမ်သော်လည်း ဖုံးကွယ်ထားသည့်ဝမ်းနည်းမှုများပါဝင်နေသည်ဟုထင်ရသည်။