← Chapters

မိသားစုခွဲ ၆ ခု

Vol. 2 Ch. 16

မိသားစုခွဲ ၆ ခု

Vol. 2 Ch. 16

အင်စလေသည် ခန်းမအတွင်း၌ သူမ၏ ရွေးချယ်မှုအား အော်ဟစ်ဆန့်ကျင် ဆန္ဒပြနေကြသူများကို တွေ့လိုက်ရသည်။ လူမျိုးစုံရောနှောနေသောကြောင့် မည်သည့်မိသားစုခွဲမှဖြစ်ကြောင်း မြင်နိုင်ရန် ခက်သည်။ သို့သော် ထိုသူများ၏ လည်ပင်းရှိ တက်တူးမှတဆင့် ခွဲ၍ရသည်။

ဟမ်.. ကျားလား..

ထိုလူများမှာ ဝပ်နေသော ရွှေရောင်ကျားတစ်ကောင်ပုံ တူညီသော တက်တူးရှိသည်အား အင်စလေ မြင်လိုက်ရသည်။ ကျား၏မျက်လုံးများမှာ အပြာရောင်ဖြစ်ပြီး သူမလည်ပင်း၌ ဆွဲထားသည့် ဆွဲပြားကဲ့သို့ပင်။

အင်စလေ သဘောမကျဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

ဘယ်မိသားစုခွဲရဲ့ သင်္ကေတက ကျားလဲ.. ငါကျ လင်းပိုင်ဖြစ်နေချိန် သူတို့က ကျားတဲ့လား.. လုံးဝ မမျှတဘူးနော်..

အင်စလေ မကျေမနပ် ညည်းညူရင်း အခြားလူများ၏ လည်ပင်းရှိ တက်တူးများအား ကြည့်လိုက်သည်။ အချို့မှာ ဒိုဘာမင်ခွေး၊ အချို့မှာ ခြင်္သေ့နှင့် အချို့မှာ လင်းယုန် ဖြစ်ကြသည်။

အော်ခါ (killer whale) နှင့် ပုတ်သင်ညို တက်တူးရှိသူ အနည်းငယ်သာရှိသည်။

အင်စလေ တိရစ္ဆာန်ရုံသို့ ရောက်နေသလို ခံစားရသည်။

ကျား၊ ဒိုဘာမင်ခွေး၊ ခြင်္သေ့၊ လင်းယုန်၊ အော်ခါ နှင့် ပုတ်သင်ညို။

ဆိုတော့ မိသားစု ၆ စုပေါ့.. ပင်မမိသားစုရဲ့ သင်္ကေတက လင်းပိုင်ဆိုတော့ စုစုပေါင်း မိသားစု ၇ စု ရှိတာ‌ပေါ့..

အင်စလေ ဒုတိယအကြိမ် မျက်မှောင်ကြုတ်မိလိုက်သည်။ အဆိုပါ တိရစ္ဆာန်တက်တူးများ၏ နောက်ကွယ်တွင် နက်ရှိုင်းသော အဓိပ္ပါယ်တစ်ခု ရှိမည်ဟု သူမ ပိုမိုသေချာသွားသည်။

ယခုအခါ ကျားသင်္ကေတ အသုံးပြုသည့် မိသားစုအား သိရှိရန် လိုအပ်သည်။

ထိုလူများ အကြီးအကဲအား ဆန္ဒပြနေခြင်းကို အခွင့်ကောင်းယူကာ အင်စလေသည် အယ်လီယာနာအား မေးလိုက်သည်။

“အယ်.. ကျား.. ကျားက ဘာလဲ.. ဘာမိသားစုလဲ..”

အင်စလေသည် အယ်လီယာနာအား ဖက်တွယ်ထားရင်း မေးလိုက်သည်။ သူမ၏ အသံထွက်နှင့် ဝါကျတည်ဆောက်ပုံတို့မှာ ရှုပ်ထွေးသော်ငြား အယ်လီယာနာသည် ကလေးငယ် ပြောချင်သည်အား သိလိုက်သည်။

ဆက်ခံသူက မိသားစုခွဲတွေအကြောင်းမေးတာလား.. ကျားမိသားစုလေ..

အယ်လီယာနာမှာ ထူးချွန်ထက်မြက်သော အမျိုးသမီးတစ်ဦး မဟုတ်သည့်တိုင်အောင် စလိုအန်မိသားစု၏ မိသားစုသစ်ပင်အကြောင်း မသိခြင်းတော့ မဟုတ်ပေ။ ထို့ကြောင့် အင်စလေအား အလျင်အမြန် ဖြေပေးလိုက်သည်။

“ကျား.. ရီဂါမိသားစု.. ဒုတိယမိသားစုခွဲ.. စီးပွားရေး လက်နက်..”

အယ်လီယာနာသည် ကျားသင်္ကေတရှိသော မိသားစုမှာ ရီဂါမိသားစုဖြစ်ပြီး စလိုအန်မိသားစုခွဲတစ်ခုဖြစ်ကြောင်း ကြိုးစားပြောသည်။ ထိုမိသားစု၏ စီးပွားရေးမှာ လက်နက်ရောင်းချခြင်းဖြစ်သည်။

အယ်လီယာနာမှာ စကားပြောကောင်းသူမဟုတ်ကြောင်း အင်စလေ သိထားပြီးဖြစ်သည်။ ထို့ကြောင့် ဤအချက်အလက်များကပင် သူမအတွက် လုံလောက်၏။

“အွန်းအွန်း.. တေနတ်ရား..”

အင်စလေ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ရီဂါမိသားစုက လက်နက်တွေရောင်းတယ်ပေါ့.. ဟက်.. ဒါဆို တခြားမိသားစုခွဲတွေကကော..

“အမ်.. ထွေး (ခွေး) ယင်းရုန် (လင်းယုန်) ဩကာ (အော်ခါ) ပုတ်တင်နို (ပုတ်သင်ညို) ချင်တေ့ (ခြင်္သေ့) သူတို့ကကော”

အင်စလေ ကျန်ရှိသည့် မိသားစုခွဲများအကြောင်း မေးလိုက်သည်။ ထိုမိသားစုခွဲများ၏ စီးပွားရေးအကြောင်းကိုလည်း သိချင်သည်။

အယ်လီယာနာသည် အင်စလေ၏စိတ်အား ထွင်းဖောက်မြင်ရသကဲ့သို့ ဩရှရှအသံဖြင့် အလျင်အမြန် ရှင်းပြသည်။

“ဒိုဘာမင်.. ဒိုဘာမိသားစု.. မူးယစ်ဆေး”

"လင်းယုန်.. အဲလီမိသားစု.. လေကြောင်းလုပ်ငန်း"

"အော်ခါ.. ရာအောစ့်မိသားစု.. လုပ်ကြံသတ်ဖြတ်သူ.."

"ပုတ်သင်ညို.. ချဲလ်မိသားစု.. သူလျှို"

"ခြင်္သေ့.. လီယွန်နယ်မိသားစု.. အထူးစုံစမ်းရေးအေးဂျင့်.. သက်တော်စောင့်.. လူသတ်သမား.."

အယ်လီယာနာ၏ တုံးတိတိရှင်းပြချက်များအား နားထောင်ပြီးနောက် အင်စလေ ဆက်မမေးတော့ချေ။ အဆိုပါ မိသားစုခွဲများ၌ မူးယစ်ဆေးနှင့် သတ်ဖြတ်ခြင်းအား အထူးပြုသည့် မိသားစုများလည်း ပါဝင်သည်။

သောက်ခွေး.. ဒီစလိုအန်မိသားစုမှာ မူးယစ်ဆေးနဲ့ လုပ်ကြံသတ်ဖြတ်မှု အထူးပြုတဲ့ ဌာနတွေတောင် ရှိတာလား.. လေကြောင်းလုပ်ငန်း.. သူလျှိုနဲ့ လူသတ်သမားတွေတောင် ရှိနေသေးတယ်..

ဒါဆို စလိုအန်မိသားစုက တော်တော်လေးကြီးတယ်ဆိုတဲ့သဘောလား..

ထိုသို့တွေးရင်း အင်စလေ ကျားပုံတက်တူးရှိသည့်လူများအား အလိုလို ကြည့်လိုက်မိသည်။ ထိုလူများမှာ အယ်လီယာနာအား လက်မခံနိုင်ဆုံးသူများ ဖြစ်သည်။

သူတို့ရဲ့ ရည်ရွယ်ချက်ကဘာလဲ.. ဘာဖြစ်လို့ ကျေးကျွန်ဝယ်ဖို့ ပြောရတာလဲ.. သူတို့ကလည်း ကျေးကျွန်တွေ ရောင်းနေကြတဲ့သဘောလား..

အင်စလေ အယ်လီယာနာအား မေးချင်သော်ငြား ရုတ်တရက် လူအုပ်ကြီးမှာ ပို၍ပင် လှုပ်လှုပ်ရှားရှား တောင်းဆိုလာကြသည်။ အကြီးအကဲမှာ တိတ်ဆိတ်နေသောကြောင့် ထိုလူများသည် အယ်လီယာနာနေရာ၌ အစားထိုးရန် အတွက် သူတို့ကိုယ်ပိုင်မိသားစုများအား စတင်စန်းတင်လာကြသည်။ သို့သော်..။

ထိုလူများထဲမှ တစ်ဦးသည် အခြားသူများအား တိုက်ခိုက်ရန် စွမ်းရည်အသုံးပြုလိုက်သည်။

“ခင်ဗျား.. ကျုပ်တို့ မိသားစုခွဲကို သိက္ခာမချနဲ့..”

ဒိုဘာမင်တက်တူးနှင့် အရပ်မြင့်မြင့်လူသည် ရုတ်တရက် လေချွန်လိုက်ပြီး လေထုထဲမှ ဒိုဘာမင် ဒါဇင်ခန့် ထွက်လာသည်။

ဂီးးးး ဂါးးးး

ခွေး ၄ ကောင်မှာ လူကြီးတစ်ဦး၏ ဒူးအထိ မြင့်ပြီး ခန်းမအတွင်းရှိလူများအား မာန်ဖီနေသည်။

“အိုးး အိုး.. ခင်ဗျားက တိုက်ခိုက်ချင်တာလား.. ဟက်..”

ခြင်္သေ့တက်တူးရှိသူမှ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ လက်ဖျောက်တီးလိုက်ချိန်တွင် လက်ချောင်းထိပ်၌ လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။

အခြားမိသားစုခွဲများ၏ စော်ကားခံရသူများမှာလည်း စွမ်းရည်ကိုယ်စီ အသုံးပြုကြတော့သည်။

ခန္ဓာကိုယ်ပတ်လည်တွင် မီးဘောလုံးများ မျောနေကြသူများ၊ ရန်သူများအား ရေမွန်းအောင် ပြုလုပ်ကြသူများ။

အချို့မှာ မြင်ကွင်းကာစွမ်းအား ရှိပြီး ရန်သူမှာ ပါးစပ်အတွင်းမှ အမြုပ်တစီစီထွက်ကာ ရုတ်တရက် မေ့မျောသွားသည်။

မျက်တောင်တစ်ခတ်အတွင်း ခန်းမအတွင်းရှိ အခြေအနေမှာ အန္တရာယ်များလာသည်။

“ဖိုး.. ဖိုးဖိုး.. ဒါ..”

အင်စလေနှင့် အယ်လီယာနာတို့သည် မျက်လုံးပြာအကြီးအကဲထံ ချဉ်းကပ်လာပြီးနောက် အကြီးအကဲ၏နောက်၌ ပုန်းလိုက်သည်။ အင်စလေသည် အကြီးအကဲအား တုန်ယင်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သေးသည်။

ပြဿနာပဲ.. ဒီလူတွေက ဘာကိစ္စနဲ့ ရုတ်တရက်ကြီး ဒေါသကြီးလာရတာလဲ.. ဒီနေရာက မြင့်မြတ်တဲ့ခန်းမဆိုတာ မသိကြဘူးလား.. ငါ့ကို ခေါင်းဆောင်အဖြစ် ရွေးချယ်မဲ့နေကျမှ ဘာကိစ္စနဲ့ ပြဿနာရှာနေကြတာလဲ..

ဒါပေမဲ့.. ဒါပေမဲ့..

“မစိုးရိမ်ပါနဲ့.. ဒါက ပုံမှန်ပဲ.. သူတို့က အမြဲလိုလို တိုက်ခိုက်နေကြတာလေ..”

အကြီးအကဲမှ ကြားဖြတ်ပြောသည်။ ခပ်သာသာရယ်မောလိုက်သော်ငြား အင်စလေအား သူ၏ နောက်ကျောဘက်၌ ပုန်းကွယ်နေစေပြီး ကလေးအား သူမရှေ့ရှိ မြင်ကွင်းများအား မမြင်စေလိုပေ။

“သခင်မလေးက တစ်နေ့ကျရင် ဒီမိသားစုရဲ့ ခေါင်းဆောင်ဖြစ်လာမှာ.. ဒီလူတွေရဲ့ စိတ်အခြေအနေကို ကျင့်သားရသင့်တယ်..”

အကြီးအကဲသည် အင်စလေအား နောက်တစ်ဖန် အကြံပေးလိုက်သည်။

မာဖီးယားလောကရှိလူများမှာ စကားဖြင့်ပြောမည့်အစား လက်သီးဖြင့် ဖြေရှင်းရန်သာ ပိုလိုလားသည်။ ထို့ကြောင့် စွမ်းရည်အသုံးပြုသူ အများစုမှာ စူပါဟီးရိုးစသော အခြားသော အလုပ်အကိုင်များထက် မာဖီးယားမိသားစုများသို့ ဝင်ရောက်ရန် ရွေးချယ်ကြခြင်းဖြစ်သည်။

စွမ်းရည်အသုံးပြုသူများ၏ ပင်ကိုယ်သဘာဝကပင် အန္တရာယ်များလွန်း၏။

အကြီးအကဲမှ ထိုသို့မပြောသည့်တိုင်အောင် အင်စလေ အနှေးနှင့်အမြန် ဆိုသလို သိလာလိမ့်မည်ဟု ယုံကြည်သည်။ စွမ်းရည်အသုံးပြုသူများ၏ တိုက်ပွဲအား အင်စလေ၏ တုံ့ပြန်ပုံမှာ အလွန်တည်ငြိမ်နေသည်ကိုမူ အကြီးအကဲ သတိမပြုမိချေ။

စွမ်းရည်အသုံးပြုသူများအား ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဆိုပါလျှင်၊ သို့မဟုတ် စွမ်းရည်အသုံးပြုသူများအကြောင်း ပထမဆုံးအကြိမ် သိရှိရခြင်း ဖြစ်ပါလျှင် တုန်လှုပ်ထိတ်လန့်ခြင်း၊ သို့မဟုတ် အခြားသော တုံ့ပြန်မှုများ ဖြစ်လာနိုင်သည်။

သို့သော် အင်စလေသည် ခန်းမတစ်ခုလုံး တုန်လှုပ်နေစေသည့် အသေးစားတိုက်ပွဲအား တည်ငြိမ်မှုရှိရှိ ကြည့်နေခြင်းသာ။

အမှန်တကယ် တည်ငြိမ်ခြင်းတော့ မဟုတ်ပေ။ သူမ၏ ချူနီဗြောသွေးများ ပွက်ပွက်ဆူလာပြီဖြစ်၏။

All Chapters