← Chapters

ခုနစ်လွှာဓားနှင့်ယှဉ်ပြိုင်ပွဲ

Vol. 1 Ch. 6

ခုနစ်လွှာဓားနှင့်ယှဉ်ပြိုင်ပွဲ

Vol. 1 Ch. 6

ကလေးငယ်လည်းအချိန်အတော်ကြာဒူးထောက်နေခဲ့သည့်မြေပုံကိုငေးစိုက်ကြည့်ပြီး နောက်ဆုံးအနေဖြင့် ဂါရဝပြု၍ထရပ်လိုက်သည်။

ရုတ်တရက် သွေးစီးဆင်းမှုအားနည်းသည့်အတွက်ကြောင့် သူ၏ဦးခေါင်းထဲတွင်မိုက်ခနဲခံစားလိုက်ရ၍ ကလေးငယ်၏ခန္တာကိုယ်လည်းအနည်းငယ်ယိုင်သွားခဲ့သည်။

သို့သော်လည်း နွေးထွေးသည့်လက်တစ်ဖက်က ကလေးငယ်ကိုဖမ်းထိမ်းပေးထားပြီး အစောပိုင်းကလူ၏စကားသံကထွက်ပေါ်လာပြန်သည်။

“ သတိထားမှပေါ့...”

ကလေးငယ်မော့ကြည့်လိုက်သည့်အခါသူ၏ခန္တာကိုယ်ကိုကူညီပေး‌ထားသည့်သက်လက်ပိုင်းလူတစ်ဦးကိုတွေ့လိုက်ရသည်။

အဖြူရောင်ဖျင်ကြမ်းဝတ်စုံကိုပင်ဝတ်ဆင်ထားသည့်ထိုလူ၏ပုံသဏ္ဍာန်ကခန့်ညားချောမောနေသော်လည်း ပုံမှန်ဆိုလျှင်တောက်ပသညိ့မျက်ဝန်းအစုံတို့က မှိန်‌ဖျော့အားနည်းနေသည်။

အသက်လေးဆယ်ကျော်နေပြီဖြစ်သည့်တိုင် ရှိရင်းစွဲအသက်ထက်နုပျိုသော်လည်း ဖျင်ကြမ်းဝတ်စုံဝတ်လူ၏ညာဘက်အင်္ကျီလက်စက တွဲလောင်းကျနေပြီး သူ့ကိုကူညီပေးထားသည့်ဘယ်လက်တစ်ခုသာအကောင်းပကတိရှိပေသည် ။

ထိုလူက သူ့မိခင်ပြီးပါက သူအရင်းနှီးဆုံးလူဖြစ်ပြီး သွေးမတော်သားမစပ်သည်ကိုသိရှိသည့်တိုင် ဖခင်တစ်ဦးသဖွယ်သဘောထားရသူလည်းဖြစ်ပေသည်။

“ ဦးလေးစန်း... “

ဖျင်ကြမ်းဝတ်စုံဝတ်လူ၏နွေးထွေးသည့်မျက်ဝန်းများကိုကြည့်ရင်း ကလေးငယ်၏တင်းခံထားသည့်စိတ်ဓာတ်ပြိုပျက်သွားကာ ဝမ်းနည်းစွာဖြင့်ငိုကြွေးလိုက်မိသည်။

ထိုဖြစ်ရပ်ကို ဖျင်ကြမ်းဝတ်စုံဝတ်လူက စိတ်မကောင်းစွာဖြင့်ကြည့်ရှုနေကာ သူ၏တစ်ဖက်ထဲသောလက်ဖြင့် ကလေးငယ်ကိုပွေ့ဖတ်၍ ဦးခေါင်းကိုအသာပွတ်သတ်ပေးလိုက်သည်။

သူ၏မျက်နှာက မူလအတိုင်းတည်ငြိမ်အေးဆေးဟန်တူသော်လည်း မျက်ဝန်းထဲတွင်ဝမ်းနည်းသည့်အရိပ်အငွေ့များပြည့်နှက်နေပြီး နောက်ကျောဘက်တွင်ကျန်ရစ်ခဲ့သည့်မြေပုံကိုလှည့်မကြည့်မိစေရန်အားတင်း၍ ကလေးငယ်ကိုပွေ့ဖတ်ကာ ဖြေးညင်းစွာလျှောက်လာခဲ့တော့သည်။

အိမ်ငယ်လေး၏ရှေ့ဘက်ခပ်လှမ်းလှမ်းရှိ သစ်ပင်အောက်တွင် သစ်သားကွက်ပျစ်တစ်ခုရှိနေကာ ထိုသစ်သားကွက်ပျစ်လေးက ဆယ်နှစ်ကျော်တည်ရှိခဲ့၍အိုဟောင်းနေသည့်တိုင် ကောင်းမွန်ဆဲဖြစ်သည်။

ကွက်ပျစ်ပေါ်တွင် အသင့်ပြင်ဆင်ပြီးသည့်အဝတ်ထုပ်နှစ်ခုရှိနေပြီး ကလေးငယ်လည်း ဖျင်ကြမ်းဝတ်စုံဝတ်လူ၏လက်မှရုန်းထွက်၍ သူ့အဝတ်ထုပ်ကိုသူကောက်ယူလိုက်သည်။

ကလေးငယ်၏မျက်ဝန်းထဲတွင် မခြောက်သေးသည့်မျက်ရည်စများရှိနေပြီး သူ၏စိတ်ထဲတွင်ဝမ်းနည်းမှုများရှိနေသေးသော်လည်းသူ့မိခင်၏ဆန္ဒအတိုင်းသန်မာသည့်ယောင်္ကျားတစ်ယောက်ဖြစ်လို၍ တခဏသာငိုကြွေးပြီး မာန်တင်းခဲ့ခြင်းဖြစ်၏။

ကလေးငယ်၏သန်မာသည့်စိတ်ခွန်အားကြောင့် ဖျင်ကြမ်းဝတ်စုံဝတ်လူ၏မျက်နှာထက်တွင် အပြုံးရိပ်တစ်ခုထွက်ပေါ်လာပြီး သူ၏အဝတ်ထုပ်ကိုလည်းကောက်ယူလိုက်သည်။

ထိုအခါကွက်ပျစ်ပေါ်တွင်ကျန်ရစ်ခဲ့သည့်တစ်ခုတည်းသောအရာက ဟောင်းနွမ်းနေပုံရသည့်ဓားတစ်ချောင်းသာဖြစ်သည်။

အနက်ရောင်ဓားအိမ်နှင့် သုံးပေခန့်ရှည်သည့်ဓားရှည်က အတော်ပင်ဟောင်းနွမ်းနေပြီးဆယ့်တစ်နှစ်တုအချိန်အတွင်းတစ်ကြိမ်မှအသုံးမပြုခဲ့၍ အတွင်းရှိဓားပင် သံချေးတတ်ကောင်းတတ်နေနိုင်ပေသည်။

ထိုဓားကိုမြင်တွေ့လိုက်ရ၍ ကလေးငယ်၏မျက်နှာထက်တွင်အံ့အားသင့်သည့်အမူအယာများအထင်းသားထွက်ပေါ်နေပြီးဘေးဘက်ရှိဖျင်ကြမ်းဝတ်စုံဝတ်လူကိုလည်းအံ့ဩဟန်ဖြင့်ကြည့်ရှုလိုက်မိ၏ ။

အကြောင်းက သူတို့အတူနေခဲ့သည့်ဆယ်နှစ်တာအတွင်း ထိုလူဓားကိုင်သည်ကိုတစ်ကြိမ်မှမတွေ့ဖူး၍ဖြစ်ပြီး ယခင်က သိုင်းလောကသားတစ်ယောက်ဖြစ်ခဲ့သည့်အကြောင်းကိုကားအနည်းငယ်ကြားဖူးခဲ့ပေသည်။

ဟောင်းနွမ်းနေသည့်ဓားကိုကြည့်ရှုနေရင်း ဖျင်ကြမ်းဝတ်စုံဝတ်လူ၏မျက်နှာထက်တွင်စိတ်ရှုပ်ထွေးသည့်အမူအယာတစ်ခုရှိနေသည် ။

ထိုဓားက သူနှင့်ဆယ်နှစ်တာအတွင်းတိုက်ပွဲများစွာအတူတိုက်ခိုက်ခဲ့သလို သိုင်းလောကမှအနားယူခဲ့သည့်ဆယ့်တစ်နှစ်အတွင်းလည်း ငြိမ်သက်တိတ်ဆိတ်စွာရှိနေခဲ့သည်။

ခြုံငုံ၍ဆိုရလျှင် သူ့ကိုအနှစ်နှစ်ဆယ်ကျော်အတူရှိခဲ့သည့်ထိုဓားကိုစွန့်လွှတ်ရန်မဖြစ်နိုင်သော်လည်း ထိုဓားနှင့်ပတ်သတ်၍နာကျင်စရာမှတ်ဉာဏ်အချို့ကလည်းကျန်ရှိနေဆဲပင်။

“ ရွှပ်...”

ဖျင်ကြမ်းဝတ်စုံဝတ်လူက ဓားအိမ်အတွင်းရှိဓားရှည်ကိုဆွဲထုတ်လိုက်သည်။

ပုံမှန်ဆိုလျှင် အသွားသုံးပေခန့်ရှိသည့်ဓားရှည်က ထိပ်ပိုင်းတွင်ကျိုးနေကာ လက်မအနည်းငယ်ပြက်တောက်နေသည် ။

ဓားရှည်၏ထိပ်ပိုင်းက ထက်ရှသည့်လက်နက်တစ်ခုခုဖြင့်အဖြတ်ခံထားရသလိုပျက်တောက်နေသော်လည်း ဆယ်နှစ်ကျော်အသုံးမပြုဘဲထားသည့်တိုင် သံချေးမတတ်ဘဲတောက်ပနေသည့်ဓားရှည်က အံ့ဩဖွယ်ကောင်းပေသည်။

သူ၏ဘဝတွင်အကြီးမားဆုံးရန်သူနှင့်ရင်ဆိုင်ချိန်တွင် ကျိူးသွားခဲ့သည့်ထိုဓား ၊ သူ၏ညာဘက်လက်ကိုဖြတ်တောက်သွားခဲ့သည့်ရန်သူ၊ အဆုံးဆုံးအချက်က ထိုရန်သူကို သူလက်စားချေခွင့်မရမီ ရန်သူကသေဆုံးသွားခြင်းဖြစ်သည်။

ကလေးငယ်သည်လည်း ဖျင်ကြမ်းဝတ်စုံဝတ်လူ၏မျက်နှာထက်တွင်သူတစ်ကြိမ်မှမမြင်ဖူးသည့်အမူအယာများကိုမြင်တွေ့နေရ၍ အတော်ပင်အံ့အားသင့်နေမိသည်။

သူသိရှိသည့်ဦးလေးစန်းက အေးဆေးတည်ငြိမ်သည့်စရိုက်ရှိသော်လည်း ကြင်နာတတ်ပြီးသူ့ကိုအမြဲလိုလိုဂရုစိုက်သူလည်းဖြစ်သည်။

ထိုကဲ့သို့လူတစ်ယောက်၏မျက်နှာထက်တွင် ယခုလိုစိတ်ရှုပ်ထွေးခြင်း၊ နာကျင်ခြင်း ၊ ဒေါသ စသည့်ခံစားချက်များရောယှက်နေသည်ကိုသူမြင်တွေ့ရမည်ဟုမျှော်လင့်မထားမိပေ ။

အချိန်အတော်ကြာထိုအတိုင်းရပ်နေပြီးနောက် ဖျင်ကြမ်းဝတ်စုံဝတ်လူ၏မျက်လုံးများကမှိတ်သွားပြီး ပြန်ဖွင့်လာသည်နှင့်ကွက်ပျစ်ပေါ်ရှိဓားကို ဓားအိမ်အတွင်းပြန်ထည့်၍ဖျက်ခနဲကောက်ယူလိုက်သည် ။

သူ၏မျက်လုံးများက ယခင်အချိန်များလိုစူးရှတောက်ပလာပြီး စိတ်ရှုပ်ထွေးမှု၊ တွေဝေမှုများကင်းမဲ့ကာ ပကတိတည်ငြိမ်နေသည် ။

စိတ်ထဲတွင်ရှိနေသည့်အနှောင်အဖွဲ့များကိုလွှတ်ချလိုက်ပြီးနောက်တွင် ဖျင်ကြမ်းဝတ်စုံဝတ်လူ၏ခန္တာကိုယ်မှ အစွမ်းထက်သည့်အရှိန်အဝါများပြန်လည်ထွက်ပေါ်လာပြီး အေးစက်ကာ ထက်ရှသည့်ဓားတစ်လက်နှင့်တူသည့်ထိုအရှိန်အဝါက ဘေးဘက်ရှိကလေးငယ်ကိုအလွန်အမင်းအံ့အားသင့်စေပြန်သည်။

သူ၏စိတ်ထဲရှိဝန်ထုပ်ဝန်ပိုးများကိုလျော့ချလိုက်ပြီးနောက်တွင် ဖျင်ကြမ်းဝတ်စုံဝတ်လူ၏ပုံစံက အခြားလူတစ်ယောက်လိုပြောင်းလဲသွားပြီး ကလေးငယ်ကိုကြည့်ကာ ညင်သာစွာပြောလိုက်သည်။

“ သွားရအောင်...”

ဖျင်ကြမ်းဝတ်စုံဝတ်လူ၏တည်ငြိမ်သည့်စကားကြောင့်ကလေးငယ်လည်းဖြေးညင်းစွာခေါင်းညိမ့်ပြလိုက်သည်။

သူတို့နှစ်ယောက်က ခြေလှမ်းအနည်းငယ်သာသွားရသေးသော်လည်း ရပ်တန့်သွားကြသည်။

အကြောင်းကား ခြံဝန်းဝင်ပေါက်၌ အဝါဖျော့ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်လူတစ်ယောက်ပိတ်ရပ်ထားခြင်းကြောင့်ဖြစ်သည်။

ထိုလူ၏ဝတ်စုံကအရောင်‌လွင့်နေပြီဖြစ်သည့်တိုင် သန့်ရှင်းနေပြီး ခမောက်ကြီးတစ်လုံးကိုဆောင်းထားကာ နောက်ကျောတွင်ဓားရှည်တစ်လက်ကိုချိတ်ဆွဲထားသည်။

“ ဆိုတော့ ...ငါဒီ‌တစ်ခေါက်လာတာ အချိန်မှန်နဲ့တူတယ်...”

အဝါရောင်ဝတ်စုံဝတ်လူက ဖျင်ကြမ်းဝတ်စုံဝတ်လူ၏နောက်ကျောရှိဓားရှည်ကိုစူးစိုက်ကြည့်ရင်း အားရဝမ်းသာဖြစ်ဟန်ဖြင့်ရေရွတ်လိုက်၏။

သူ၏စကားကြောင့် ဖျင်ကြမ်းဝတ်စုံဝတ်လူလည်း ပြန်အကဲခပ်ရင်း တည်ကြည်စွာပြောလိုက်သည် ။

“ မင်းပဲလား...”

ဝါဆန်းဂိုဏ်း၏ဝတ်စုံကိုဝတ်ဆင်ထားပြီး ပဟေဠိဆန်သည့်ထိုလူကလွန်ခဲ့သည့်ဆယ်နှစ်ကျော်က ဤခြံဝန်းလေးသို့တစ်ခေါက်ရောက်လာခဲ့ဖူးသည်။

ထိုလူ၏ရည်ရွယ်ချက်က သူနှင့်သိုင်းပညာယှဉ်ပြိုင်ရန်ဖြစ်ပြီး ထိုအချိန်က သိုင်းလောကမှအနားယူမည်ဟုဆုံးဖြတ်ထားသည့်အတွက် လက်မခံခဲ့ခြင်းပင်။

ယခုတော့ အခြေအနေများပြောင်းလဲသွားသည့်အပြင် သူ၏ရည်ရွယ်ချက်ကိုခိုင်ခိုင်မာမာချမှတ်ထားပြီးဖြစ်ရာ နောက်တစ်ကြိမ်ဓားကိုင်ရန်၍ ထိုလူနှင့်ယှဉ်ပြိုင်ရန်ဆန္ဒရှိနေပေသည်။

“ ဟား..ဟား...ဒီတစ်ခါတော့ မင်းကိုယ်တိုင်က စိတ်ပါလက်ပါနဲ့ယှဉ်ပြိုင်တော့မယ်နဲ့တူတယ် ။ မင်းမရှိတဲ့နောက်မှာ ဝူတန်းရဲ့မျိုးဆက်တွေက ထိုက်ကျိဓားသိုင်းကိုအပြည့်အစုံမဆက်ခံနိုင်ကြဘူး။ ဒီနေ့တော့ ငါပြီးပြည့်စုံတဲ့ထိုက်ကျိဓားသိုင်းကိုရင်ဆိုင်ခွင့်ရတော့မယ်နဲ့တူတယ်...”

အဝါရောင်ဝတ်စုံဝတ်လူက သူ၏ခမောက်ကြီးကိုချွတ်လိုက်ရင်းသဘောကျစွာရယ်မောလိုက်သည်။

သက်လက်ပိုင်းအရွယ်ရှိသည့်သူ၏ရုပ်ရည်က လူအများကြားတွင်အလွယ်တကူရောနှောနေနိုင်ပြီး ထူးခြားမှုမရှိဘဲ အရောင်တလက်လက်တောက်ပနေသည့်မျက်ဝန်းအစုံက စွန်ရဲတစ်ကောင်လိုစူးရှလှသည်။

ထင်မှတ်မထားသည့်အခြေအနေကြောင့် ကလေးငယ်၏စိတ်ထဲတွင်အနည်းငယ်ထိတ်လန့်သွားပြီး ဖျင်ကြမ်းဝတ်စုံဝတ်လူ၏အနီးသို့အလိုလိုတိုးကပ်သွားမိသည်။

ဦးလေးစန်းဟု သူသိထားသည့်ဖျင်ကြမ်းဝတ်စုံဝတ်လူနှင့်သူ၏ဆက်ဆံ‌ရေးက သားအဖသဖွယ်ရင်းနှီးသော်လည်း ထိုလူ၏အကြောင်းကိုသူတစ်စိုးတစ်စိမှမသိရပေ။

ထို့အပြင် သူတိူ့ဆီသိူ့ တစ်ခါတစ်ရံလာရောက်လည်ပတ်တတ်သည့်အဖိုးစုထံမှ သိုင်းလောကဆိူသည့်နေရာနှင့် အံ့ဩဖွယ်အစွမ်းအစများပိုင်ဆိူင်ထားသည့်သိုင်းသမားများအကြောင်းကိုအနည်းငယ်ကြားဖူးသည့်တိုင် သိုင်းသမားအချင်းချင်းတိုက်ခိုက်နေသည့်မြင်ကွင်းကိုပင်သူမမြင်ဖူးခဲ့။

ထို့ကြောင့် ယခုအခါသိုင်းသမားတစ်ယောက်ဖြစ်ဟန်တူသည့်အဝါရောင်ဝတ်စုံဝတ်လူနှင့် ဦးလေးစန်းတို့တိုက်ခိုက်တော့မည့်ကိုသိရသည့်အခါ အနည်းငယ်ထိတ်လန့်မိခြင်းဖြစ်ပေသည်။

ကလေးငယ်၏ထိတ်လန့်စိတ်ကိုသတိပြုမိ၍ ဖျင်ကြမ်းဝတ်စုံဝတ်လူက သူ၏လက်ကိုအားပေး‌သည့်အနေဖြင့်ဆုပ်ကိုင်ရင်းလေးနက်စွာပြောလိုက်သည်။

“ ရှောင်အာ ဟိုနားကကွက်ပျစ်ပေါ်မှာသွားပြီးစောင့်နေ ဦးလေးတို့တိုက်ပွဲက သိပ်မကြာပါဘူး...”

သူယုံကြည်လေးစားရသည့်လူ၏စကားဖြစ်၍ ကလေးငယ်လည်းအနည်းငယ်တွန့်ဆုတ်နေသည့်တိုင် ခေါင်းညိမ့်ပြ၍ မနီးမဝေးရှိကွက်ပျစ်လေးဆီသို့အပြေးသွားလိုက်တော့သည်။

သူတို့၏ကိစ္စများကိုအစအဆူံးမြင်တွေ့နေရသော်လည်း အဝါရောင်ဝတ်စုံဝတ်လူကလုံးဝမမြင်တွေ့ဟန်ဖြင့်လျစ်လျူရှုနေကာ ဖျင်ကြမ်းဝတ်စုံဝတ်လူကို စိတ်အားထက်သန်စွာမေးလိုက်သည်။

“ မင်းရဲ့ကိစ္စတွေပြီးရင် ငါတို့တိုက်ခိုက်လို့ရပြီလား...”

သူ၏လေသံထဲတွင်ဖူံးကွယ်မရသည့်တက်ကြွမှုတို့ရှိနေသလို နောက်ကျောရှိဓားကိုလည်း ရွှမ်းခနဲ ဆွဲထုတ်လိုက်သည်။

အဝါရောင်ဝတ်စုံဝတ်လူ၏လက်ထဲရှိဓားက သာမန်ဓားများထက်သိသိသာသာပါးလွှာနေသော်လည်း သူ၏ထက်ရှမှုကသံသယဖြစ်ဖွယ်မရှိဘဲ အမြင်ဖြင့်ပင်လွန်စွာကောင်းမွန်သည့်ဓားကောင်းတစ်လက်ဖြစ်သည်ကိုမြင်တွေ့နိုင်သည်။

ထိုအချက်ကိုသတိပြုမိ၍ ဖျင်ကြမ်းဝတ်စုံဝတ်လူလည်း ခေါင်းညိမ့်၍မှတ်ချက်ပြုလိုက်သည်။

“ ဓားကောင်းတစ်လက်ပဲ...”

သူ၏ချီးကျူးစကားကြောင့် အဝါရောင်ဝတ်စုံဝတ်လူ၏မျက်နှာထက်၌ အပြုံးတစ်ခုပေါ်လာပြီး သူ၏လက်ထဲရှိဓားသွားကိုအသာပွတ်သတ်၍လက်ဖြင့်တစ်ချက်ခေါက်လိုက်သည် ။

“ ဒန်....”

အဝါရောင်ဝတ်စုံဝတ်လူ၏လက်ထဲတွင်အားများစွာမထည့်သော်ငြား ဓားသွားကအဆက်မပြက်တုန်ခါနေပြီး စူးရှကျယ်လောင်သည့်အသံကကြည်လင်ပီသစွာထွက်ပေါ်လာသည်။

“ ဒါက ဝါဆန်းရဲ့ဓားသင်္ချိုင်းက ခုနစ်လွှာဓားပဲလေ ပါးလွှာပြီးလျှင်မြန်ထက်ရှတယ်။ သူ့ရဲ့ခိုင်ခန့်မှုက ရတနာစာရင်းဝင်လက်နက်တွေနဲ့ယှဉ်ရင်နည်းနည်းလိုသေးတယ်ဆိုပေမယ့်ငါ့အတွက်တော့ ရတနာစာရင်းဝင်လက်နက်တွေနဲ့တောင်မလဲနိုင်ဘူး...”

ဓားသွားကိုပွတ်သတ်ရင်းပြောနေသည့်သူ၏လေသံထဲတွင် နက်ရှိုင်းသည့်သဘောကျနှစ်သက်မှုကိုထင်ရှားစွာတွေ့မြင်နိုင်သည်။

All Chapters