← Chapters

ဓားသွေးကျောက်သဖွယ်

Vol. 1 Ch. 7

ဓားသွေးကျောက်သဖွယ်

Vol. 1 Ch. 7

“ ဓားသင်္ချိုင်းက ဓားခုနစ်လက်စုံစုံလင်လင်ထွက်‌ပေါ်လာရင် လွတ်လပ်တဲ့ဓားသမားတွေရဲ့အထွတ်အထိပ်ခေတ်ကိုပြန်ရောက်လာလိမ့်မယ်...”

ဖျင်ကြမ်းဝတ်စုံဝတ်လူကခပ်တိူးတိုးရေရွတ်လိုက်မိသည်။

ထိုဆိုရိုးက သိုင်းလောကအတွင်းများစွာပျံ့နှံ့ခြင်းမရှိသော်ငြား လွန်ခဲ့သည့်နှစ်ရာပေါင်းများစွာကပင်တည်ရှိခဲ့ခြင်းဖြစ်သည်။

ရှောင်လင်၏ဒဏ်ကျဆောင်၊ ဝူတန်း၏ဓားလိုဏ်ဂူတို့လိုပင် ဝါဆန်းတွင်လည်းဓားသင်္ချိူင်းဟူ၍ရှိသည်။

အစောင့်အကြပ်လွန်စွာတင်းကြပ်ပြီးဂိုဏ်းသားတိုင်းပင်ဝင်ခွင့်မရှိသည့်ထိုနေရာက ဝါဆန်းဂိုဏ်းချုပ်အဆက်ဆက်၏လက်သုံးတော်ဓားများမြုပ်နှံထားသည့်နေရာဖြစ်ကာ နာမည်ကျော်ဓားများလည်း များပြားစွာရှိနေသည်။

ကောလဟာလများအရ ဝါဆန်း၏ဓားသင်္ချိူင်းတွင် ရတနာစာရင်းဝင်လက်နက်များနှင့်ပင်ယှဉ်နိုင်သည့်ဓားခုနစ်လက်ရှိပြီး ထိုဓားခုနစ်လက်လုံးသာစုံစုံလင်လင်‌ပေါ်ထွက်သည့်နေ့သို့ရောက်ရှိလာပါက ဓားသမားများ၏ခေတ်သစ်သို့ရောက်လိမ့်မည်ဟုဆိုကြသည်။

ထိုဓားခုနစ်လက်၏ပိုင်ရှင်များက သိုင်းလောကကိုကိုင်လှုပ်နိုင်သည့်ပုဂ္ဂိုလ်များဖြစ်ခဲ့ကြပြီး သိုင်းလောကမှအနားယူသည့်အခါ ဝါဆန်း၏ဓားသင်္ချိုင်းတွင်သူတို့၏ဓားများကိုစိုက်ထူထားရစ်ခြင်းဖြစ်၏။

သို့သော်လည်း ဓားသင်္ချိုင်း၏အဓိကဓားခုနစ်လက်မဆိုထားနှင့် ထိုအထဲရှိအခြားဓားများကိုပင်ရယူနိုင်သူနည်းပါးလှပြီး ထိုဓားများကိုရရယူအသုံးပြုရန်က သိုင်းပညာမြင့်မားရမည့်အပြင် ဓားကိုနုတ်ယူနိုင်သည့်ကံကြမ္မာရှိရန်လည်းလိုအပ်ပေသည်။

ထိုအကြောင်းအရာများကိုတော့ ဝါဆန်းဂိုဏ်းသားများသာပြည့်ပြည့်စုံစံသိကြပြီး သူကိုယ်တိုင်က ဝူတန်းဂိုဏ်းသားတစ်ယောက်ဖြစ်ခဲ့ဖူး၍ ယခုလိုအနည်းအကျဉ်းသိနေခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဓားသင်္ချိုင်းရှိအဓိကဓားခုနစ်လက်ထဲတစ်လက်ကိုကိုင်စွဲထားနိုင်သည့်အချက်ကိုကြည့်၍ အဝါရောင်ဝတ်စုံဝတ်လူက သာမန်ဓားသမားတစ်ယောက်မဟုတ်သည်ကိုသိရှိနိူင်ပေသည်။

“ မင်းရဲ့လက်နက်ထုတ်လိုက်ပါ စန်းဟုန်းလျန်....”

အဝါရောင်ဝတ်စုံဝတ်လူက အနည်းငယ်စိတ်မရှည်ဟန်ဖြင့်ပြောလိုက်သည်။

တိုက်ခိုက်ရန်လွန်စွာတက်ကြွနေပြီးစိတ်အားထက်သန်လှသည့်ထိုလူ၏ပုံစံကြောင့် စန်းဟုန်းလျန်ဆိုသည့်ဖျင်ကြမ်းဝတ်စုံဝတ်လူလည်း သက်ပြင်းတစ်ချက်ချ၍ သူ၏နောက်ကျောမှဓားကိုဆွဲထုတ်လိုက်သည်။

“ မင်းကတော့ တကယ့်ကို ဓားရူးတစ်ယောက်ပဲ...”

စန်းဟုန်းလျန်၏စကားကြောင့် အဝါရောင်ဝတ်စုံဝတ်လူက သဘောကျစွာပြုံး၍ခေါင်းညိမ့်လိုက်သည်။

“ ဟုတ်တယ် ကျုပ်ကိုသိုင်းလောကသားတွေက ဓားရူးလို့ခေါ်ကြတယ်...သတိထားပါ “

စကားဆုံးသည်နှင့်အဝါရောင်ဝတ်စုံဝတ်လူက ရှေ့သို့ဖျက်ခနဲတိုးဝင်လာပြီး သူ၏လက်ထဲရှိဓားက စန်းဟုန်းလျန်၏လည်ပင်း‌ဆီသို့လျှင်မြန်စွာတိုးဝင်လာသည်။

သူ၏ခုနစ်လွှာဓားက လွန်စွာပါးလွှာထက်ရှသည့်အပြင် လေထုကိုအသာအယာထိုးခွင်းသွားနိုင်သည့်အတွက် ဝါဆန်း၏နာမည်ကျော်ဓားခုနစ်လက်တွင်ပါဝင်နေသည်က အထူးအဆန်းတော့မဟုတ်ပေ။

“ ထန်း....”

ကျယ်လောင်သည့်အသံကြီးကထွက်ပေါ်လာပြီး သူတို့နှစ်ဦးစလုံးခြေတစ်လှမ်းစီနောက်ဆုတ်ပေးလိုက်ကြရသည်။

ယခုထိတ်တိုက်တွေ့ဆုံမှုအရ သူတို့၏အတွင်းအားများကညီမျှနေသည်ဟုတွေးနိုင်သော်လည်း အဝါရောင်ဝတ်စုံဝတ်လူက အဝေးမှနေ၍အရှိန်အဟုန်ဖြင့်တိုးဝင်တိုက်ခိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် စန်းဟုန်းလျန်၏အတွင်းအားက အဝါရောင်ဝတ်စုံဝတ်လူထက်အနည်းငယ်သာလွန်နေသည်ကိုတွေ့မြင်‌နိုင်ပြီး အဝါရောင်ဝတ်စုံဝတ်လူကား ထိုအချက်ကိုဂရုမစိုက်ဘဲ စန်းဟုန်းလျန်၏လက်ထဲရှိဓားကိုသာစိုက်ကြည့်နေသည်။

“ မင်းကိုအထင်သေးတာမဟုတ်ပေမယ့် ဒီဓားနဲ့ကျုပ်ကိုယှဉ်ပြိုင်ဖို့မဖြစ်နိုင်ဘူးနော်...”

အစောပိုင်းကထိတ်တိုက်တွေ့ဆုံမှုတွင် စန်းဟုန်းလျန်၏ဓားအထက်၌သေးငယ်သည့်ပဲ့ရာလေးတစ်ခုထွက်ပေါ်လာပြီး သူ၏ဓားကကောင်းမွန်သည့်ဓားတစ်လက်ဖြစ်သည့်တိုင် တစ်ဖက်လူ၏ခုနစ်လွှာဓားကိုမမှီပေ။

ထို့အပြင် စန်းဟုန်းလျန်၏ဓားက ထိပ်ပိုင်းတွင်ကျိုးနေပြီး ထိုဓားဖြင့် နာမည်ကျော်ဓားတစ်လက်ကိုယှဉ်ပြိုင်ရန်က တစ်ပန်းရှူံးနေပေမည်။

“ တစ်လက်မတိုလေ ပိုပြီးကြောက်ဖို့ကောင်းလေပဲ...”

စန်းဟုန်းလျန်၏လေသံကတည်ငြိမ်နေပြီး သူ၏‌ဓားကိုနောက်သို့ဆွဲယူကာ တိုက်စစ်ဆင်လိုက်သည်။

တောက်ပသည့်ဓားအရိပ်များက စန်းဟုန်းလျန်ထံမှထွက်ပေါ်လာပြီး အဝါရောင်ဝတ်စုံဝတ်လူထံသို့မျက်စေ့တမှိတ်အတွင်းများပြားစွာတိုးဝင်သွားတော့သည်။

အဝါရောင်ဝတ်စုံဝတ်လူကလည်း ခေသူမဟုတ်ရာ လူချင်းနီးကပ်နေသည့်အခြေအနေတွင်ပင် နောက်သို့မဆုတ်ဘဲ သူ၏လက်ထဲရှိဓားကိူလျှင်မြန်စွာဝေ့ယမ်း၍ခုခံလိုက်သည်။

“ ထန်း ...ထန်း....”

ဓားချင်းထိခတ်သံများကအဆက်မပြက်ထွက်ပေါ်နေကာ သူတို့၏ဝန်းကျင်တွင်ဓားလှိုင်းများကပျံ့နှံ့နေသည်။

မလှမ်းမကမ်းရှိသစ်ပင်အောက်ရှိကလေးငယ်ကား ပြင်းထန်လှသည့်တိုက်ပွဲကိုမျက်တောင်မခတ်တမ်းငေးမောနေမိပြီး သူ၏ဘဝတစ်လျှောက်ယခုလိုတိုက်ပွဲမျိုးကိုပထမဆုံးတွေ့ဖူးခြင်းဖြစ်သည် ။

အထူးသဖြင့် သူ၏ရှေ့တွင် တစ်ကြိမ်မှသိုင်းပညာထုတ်ဖော်ပြသခြင်းမရှိသည့်ဦးလေးစန်းက ယခုအခါလွန်စွာအစွမ်းထက်နေသည့်ဓားသမားတစ်ဦးဖြစ်သည်ကိုအံ့ဩဖွယ်သိလိုက်ရပြီး သူ၏စိတ်ထဲရှိစိတ်လှုပ်ရှားမှုများလည်းမြင့်တက်လာရပေသည်။

စင်စစ် အဖိုးစုထံမှ သိုင်းလောကပုံပြင်များကိုကြားဖူးထားသာ့် ကလေးငယ်ကိုယ်တိုင်က သိုင်းပညာကိုလွန်စွာတတ်‌မြောက်လိုသည့်တိုင် တင်းတင်းကြပ်ကြပ်တားမြစ်ထားသည့် သူ၏မိခင်ကြောင့် သိုင်းပညာသင်ယူခွင့်မရခဲ့ပေ။

ယခုအခါသူနှင့်လွန်စွာရင်းနှီးသည့်ဦးလေးစန်းကိုယ်တိုင်ကအစွမ်းထက်ဓားသမားတစ်ယောက်ဖြစ်နေ၍သူ၏ရင်ထဲတွင်ဖိနှိပ်ထားရသည့် သိုင်းပညာသင်ယူလိုစိတ်များတဖွားဖွားပြန်လည်ထွက်ပေါ်လာသည်။

ကလေးငယ်တစ်ယောက်အတွေးထဲတွင်နစ်မျောနေစဉ်မှာပင် စန်းဟုန်းလျန်နှင့် အဝါရောင်ဝတ်စုံဝတ်လူတို့၏တိုက်ပွဲက အထွတ်အထိပ်သို့ရောက်ရှိနေပြီဖြစ်သည်။

စန်းဟုန်းလျန်၏ဓားသိုင်းက တိကျသေသပ်ကာ ဟာကွက်မရှိသလောက်ဖြစ်ပြီး တိုက်စစ်ခံစစ်မျှတသည့အတွပ် အဝါရောင်ဝတ်စုံဝတ်လူကိုဖိအားပေးတိုက်ခိုက်နိုင်ပေသည်။

သို့သော်လည်း အဝါရောင်ဝတ်စုံဝတ်လူက ယခုအချိန်ထိအရေးမနိမ့်သေးဘဲ ရှုပ်ထွေးလှသည့်ဓားကွက်များဖြင့် အပြန်အလှန်ခုခံတိုက်ခိုက်နေသည်။

သူ၏ဓားကွက်များကလျှင်မြန်ရှုပ်ထွေးကာ တစ်ကွက်ပြီးတစ်ကွက်ဆင့်ကဲပြောင်းလဲလာ၍ စန်းဟုန်းလျန်ပင်သတိကြီးကြီးထားနေရသည်။

“ ဟားဟား..ပြီးပြည့်စုံတဲ့ထိုက်ကျိဓားသိုင်း...ဒီလိုပြိုင်ဘက်မျိုးကတွေ့ရခဲတယ်...ငါမင်းကို ဓားသိုင်းတစ်ခုထဲနဲ့အနိုင်ယူချင်ပေမယ့် မတတ်နိုင်တော့ဘူး ...”

အဝါရောင်ဝတ်စုံဝတ်လူကကျယ်လောင်စွာအော်ဟစ်ရယ်မောရင်း လှည့်ပတ်ရွေ့လျားတိုက်ခိုက်ကာ သူ၏တိုက်စစ်ကိုအရှိန်မြှင့်လိုက်သည်။

အတွင်းအားအရာတွင် စန်းဟုန်းလျန်ထက်အနည်းငယ်လျော့နည်းသော်လည်း သူ၏ခြေလှမ်းကွက်များကလွန်စွာအစွမ်းထပ်လှပြီး ဝါဆန်း၏နာမည်ကျော်လေရူးခြေလှမ်းဖြစ်ပုံရသည်။

စန်းဟုန်းလျန်မှာ ဝူတန်းထိုက်ကျိဓားသိုင်း၏မာကျောမှုပုံစံကိုကောင်းစွာအောင်မြင်ထား၍ အစပိုင်းတွင်ဖိအားပေးတိုက်ခိုက်နိုင်သော်လည်း တစ်ဖက်လူက လေရူးခြေလှမ်းကွက်နှင့်ရှုပ်ထွေးသည့်ဓားကွက်များကိုတွဲဖက်အသုံးပြုလာရာ ခုခံရန်အခက်ကြုံလာတော့သည်။

“ ရွှပ်...”

အဝါရောင်ဝတ်စုံဝတ်လူ၏ဓားက စန်းဟုန်းလျန်၏အင်္ကျီစကိုဖျက်တောက်သွားပြီး သူ၏ခန္တာကိုယ်နှင့်တစ်လက်မသာလွဲချော်သွားသည်။

သူ၏ဓားသိုင်းကလျှင်မြန်ရှုပ်ထွေးလှသည့်အပြင်ရှုထောင့်ပေါင်းစုံမှလှည့်ပတ်တိုက်ခိုက်နိုင်သည့်လေရူးခြေလှမ်းကိုအသုံးပြုလာရာ စန်းဟုန်းလျန်လည်းတဖြေးဖြေးဖြင့်အရေးနိမ့်လာခြင်းဖြစ်ပေသည်။

“ ဒီတစ်ကြိမ်တော့ ငါအနိုင်ရတော့မယ်နဲ့တူတယ်။ မင်းကလွန်ခဲ့တဲ့ဆယ်နှစ်အတွင်းမှာ ဓားပညာမလေ့ကျင်ထားဘူးနဲ့တူတယ်...”

အဝါရောင်ဝတ်စုံဝတ်လူ၏စကားကြောင့် စန်းဟုန်းလျန်လည်းမသိမသာမျက်မှောင်ကြုတ်သွားပြီး မြေပြင်ကြိခြေတစ်ချက်ဆောင့်ကာ နောက်ဘက်သို့ခုန်ဆုတ်လိုက်သည်။

သူတို့၏တိုက်ပွဲကအသေအကြေတိုက်ပွဲမဟုတ်ဘဲ ဓားပညာယှဉ်ပြိုင်ရုံသာဖြစ်၍ အဝါရောင်ဝတ်စုံဝတ်လူက အခွင့်ကောင်ယူကာ လိုက်လံတိုက်ခိုက်ခြင်းမရှိဘဲ နေရာတွင်ရပ်၍ ခပ်ပြုံးပြုံးမျက်နှာဖြင့်မေးလိုက်သည်။

“ မင်းအရှူံးပေးပြီလား...”

သူ၏ရိသဲ့သဲ့စကားကိုကြားသည့်တိုင် စန်းဟုန်းလျန်၏အမူအယာကပြောင်းလဲခြင်းမရှိဘဲ လက်ထဲရှိဓားကိုလေထဲသို့အကြိမ်နည်းငယ်ဝေ့ယမ်းလိုက်သည် ။

“ ဒီဓားကိုအခုမှငါအသားကျလာတာ။ ပြီးခဲ့တဲ့ခုနစ်နှစ်လုံးလုံး ငါဓားပညာပြင်းပြင်းထန်ထန်လေ့ကျင့်‌ခဲ့ပြီး ဓားသိုင်းအသစ်တစ်ခုဖန်တီးနိုင်ခဲ့ပေမယ့် သစ်သားဓားကိုပဲအသုံးပြုခဲ့တော့ သူ့ရဲ့အစွမ်းကိုကောင်းကောင်းမသိခဲ့ရဘူး..။ မင်းက ငါ့ရဲ့ပထမဆုံးဓားသွေးကျောက်ဖြစ်လာလိမ့်မယ်...”

စန်းဟုန်းလျန်၏တည်ကြည်သည့်မျက်နှာနှင့် လေးနက်သည့်စကားများကြောင့် အဝါရောင်ဝတ်စုံဝတ်လူ၏မျက်လုံးများကတောက်ပသွားပြီး စိတ်အားတက်ကြွစွာဖြင့်ပြောလိုက်သည် ။

“ ကောင်းတယ် သိပ်ကောင်းတယ် မင်းကငါ့ကိုစိတ်မပျက်စေရဘူးပဲ... “

စကားဆုံးသည်နှင့်သူ၏ခန္တာကိုယ်က ရိပ်ခနဲရွေ့လျားလာပြီး ရှုပ်ထွေးလျှင်မြန်သည့်ဓားကွက်များက နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်သည်။

စန်းဟုန်းလျန်က သူ၏နေရာတွင်တည်ငြိမ်စွာရပ်နေရင်း လက်ထဲမှဓားကိုအသာအယာလှုပ်ယမ်း၍ အဝါရောင်ဝတ်စုံဝတ်လူ၏ဓားကွက်ကိုချေဖျက်လိုက်သညိ။

“ ထန်း...”

ကျယ်လောင်သည့်အသံနှင့်အတူ အဝါရောင်ဝတ်စုံဝတ်လူ၏ဓားကွက်ကပျက်စီးသွားသော်လည်း သူ၏လက်ထဲရှိဓားကဆက်လက်တိုးဝင်နေပြီး စန်းဟုန်းလျန်ကိုဆက်လက်တိုက်ခိုက်လိုက်သည်။

ဤသည်က သူအသုံးပြုနေသည့်ဓားသိုင်း၏ကြောက်မက်ဖွယ်ကောင်းပုံဖြစ်ကာ လျှင်မြန်ပြီးအဆုံးမရှိသည့်ရှုပ်ထွေးမှုများက လွန်စွာအစွမ်းထက်လှပြီး သာမန်အဆင့်လွန်ထိပ်သီးများကို သိုင်းကွက်အနည်းငယ်ဖြင့်ပင်အနိုင်ယူနိုင်ပေမည်။

အစောပိုင်းက တိုက်ပွဲအတွင်း၌ထိုပြောင်းလဲမှုများကိုတွေ့ကြုံဖူးထား၍ စန်းဟုန်းလျန်၏ပုံစံကတည်ငြိမ်နေဆဲဖြစ်သည်။

ယခင်အကြိမ်များက ထိုသို့ဆင့်ကဲတိုက်ကွက်များကိုရင်ဆိုင်ရပါက သူ့အနေဖြင့်ခုခံရှောင်တိမ်းရန်သာတတ်နိုင်သော်လည်း ယခုကား မတူညီတော့ပေ။

All Chapters