ကောင်းကင်ဘုံမျက်လုံးကမ္ဘာ
Vol. 186 Ch. 2776
ခုနှစ်စင်ကြယ်ဓားကမ္ဘာကဲ့သို့ အဆင့်နိမ့်ကမ္ဘာတစ်ခုမှာ အသန်မာဆုံး ပညာရှင်က အင်မော်တယ်ဘုရင်မျှသာ ဖြစ်သည်။
ခုနှစ်စင်ကြယ်ဓားကမ္ဘာကို ဖျက်ဆီးရခြင်းသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ မည့်သည့် ကောင်းကင်အဆင့် အဖွဲ့အစည်းမဆို ပြုလုပ်နိုင်သော တစ်စုံတစ်ရာဖြစ်သည်။
ထိုကဲ့သို့သော အဆင့်နိမ့်ကမ္ဘာတစ်ခုသည် အထက်ဘုံလောကမှာ ရှင်သန်လိုသည်ဆိုလျှင် သူတို့သည် ပါးလွှာသောရေခဲပြင်ပေါ်မှာ လမ်းလျှောက်နေရသည့်အလား တစ်ချိန်လုံးသတိထားနေရပေလိမ့်မည်။
သူတို့သည် ထိပ်တန်းကမ္ဘာကြီးတချို့ကို မှီခိုလျှင်မှီခို မဟုတ်လျှင် ဘေးပတ်ဝန်းကျင် ကမ္ဘာများနှင့် မိတ်ဆွေဖွဲ့ထားရပေမည်။ ထိုသို့ဆိုလျှင်တောင် သူတို့သည် ဤကပ်ဘေးကနေ မလွတ်မြောက်နိုင်ကြပေ။
ထိုစဉ်မှာပင် လုယွင်၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး ဘေးပတ်ဝန်းကျင်ရှိ ကြယ််များထဲမှ ကြယ်တစ်စင်းပေါ်သို့ ဆင်းသက်သွားလေသည်။
“အဲဒီမှာ လှုပ်ရှားမှုရှိနေတယ် တစ်ချက်လောက်သွားကြည့်ရအောင်”
ဓားကမ္ဘာမှ လူတိုင်းသည် အင်မော်တယ်ယာဉ်ပျံပေါ်တွင် မတ်တတ်ရပ်ကာ အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ကြေမွနေသော ကြယ်ရှိရာသို့ ဦးတည်လိုက်ကြလေသည်။
သိပ်မကြာခင် လူတိုင်းက ကြေမွနေသောကြယ်၏ အစပ်သို့ရောက်ရှိလာကြသည်။
ကြယ်ပေါ်မှာ အဖွဲ့အစည်းနှစ်ခုက ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်နေကြသည်။ အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲ၍ သွေးချီက တလိပ်လိပ်ထိုးတက်နေ၏။
တစ်ဘက်မှာ ကျင့်ကြံသူများ သိန်းနှင့်ချီ ရှိနေပြီး သူတို့အများစုက ကောင်းကင်အင်မော်တယ်များ ဖြစ်ကြသည်။ သူတို့ကြားမှာ သူတို့၏ အလံများကို ဝေ့ယမ်းကာ သတ်ဖြတ်အော်ရာများကို ထုတ်ဖော်ထားသည့် ပကတိအင်မော်တယ်ရာချီရှိလေသည်။
တစ်ဘက်မှာတော့ လူအရေအတွက် တစ်သောင်းကျော်ကျော်သာလျှင် ကျန်တော့လေသည်။ သူတို့သည် ကျင့်ကြံသူပေါင်းသိန်းချီပါဝင်သည့် စစ်တပ်ဖြင့် ဝန်းရံခံထားရပြီး သွေးအလိမ်းလိမ်းဖြင့် တိုက်ခိုက်နေကြရ၏။
အဖွဲ့အစည်းနှစ်ခုကြား ကွာဟချက်က အရမ်းကို ကြီးမားလေသည်။ အရေအတွက်အရဖြစ်စေ၊ ခွန်အားအရဖြစ်စေ မိုးနှင့်မြေလို ကွာခြားနေသည်။
ဝန်းရံပိတ်ဆို့ခံထားရသော ကျင့်ကြံသူအုပ်စုထဲမှာ ပကတိအင်မော်တယ်ဆယ်ဦးထက် ပိုမရှိတော့ပေ။
ထိုသို့ဆိုလျှင်တောင် သူတို့အုပ်စုက အကြောက်အလန့်ကင်းမဲ့ပြီး တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပေးထားကြသည်။ သူတို့က သူတို့၏ နောက်ဆုံးလက်ကျန်ခွန်အားတစ်မျှင်ကျန်သည့်အထိ တိုက်ခိုက်ကြရင်း နောက်ဆုံးမှာ သွေးအိုင်ထဲသို့ လဲကျသွားကြသည်။
လေထဲမှာ ကြောက်စရာကောင်းသော အော်ရာများနှင့် အင်မော်တယ်ဘုရင်ခြောက်ပါးက မတ်တတ်ရပ်နေကြ၏။
သူတို့က ဤမြင်ကွင်းကို အေးစက်စွာဖြင့် ငုံ့ကြည့်နေလေသည်။
အင်မော်တယ်ဘုရင်ပညာရှင်ခြောက်ဦးက တိုက်ခိုက်မည်ဆိုလျှင် အထဲမှာပိတ်မိနေသော ကျင့်ကြံသူတစ်သောင်းကျော်ကျော်သည် အသက်တစ်ရှိုက်စာထက် ပိုခံလိမ့်မည်မဟုတ်ပေ။
အင်မော်တယ်ဘုရင်များ၏ အကြည့်များက အေးစက်နေပြီး လှောင်ပြောင်သရော်မှုများနှင့် ရက်စက်မှုများဖြင့် ပြည့်နှက်နေ၏။
ဤသည်က တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်လေသည်။
ပိတ်မိနေသော ကျင့်ကြံသူများကြားမှာ ဒဏ်ရာများဖြင့် ပြည့်နှက်နေသည့် ပကတိအင်မော်တယ်တစ်ဦး ရှိလေသည်။
သူ၏ မျက်နှာက ဖြူဖျော့နေပြီး သူ၏ အော်ရာက အားနည်းနေ၏။ သူက ဆက်လက်၍ မတိုက်ခိုက်နိုင်တော့ပေ။
သို့သော်လည်း သူ၏ မျက်လုံးများက ပြူးနေဆဲဖြစ်ပြီး သူ့မှာ အနိုင်မခံ အရှုံးမပေးလိုသော အော်ရာရှိလေသည်။
သူက သူ့လက်ထဲရှိ အလံတံခွန်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ကိုင်မြှောက်ထားလေသည်။
အလံပေါ်မှ ရုပ်ပုံသည် ကြယ်တာရာကောင်းကင်ထဲရှိ ခုနှစ်စင်ကြယ်ကို ကိုယ်စားပြုပေးနေ၏။
ခုနှစ်စင်ကြယ်ဓားကမ္ဘာရှိ ကျင့်ကြံသူနှင့် သက်ရှိပေါင်း သန်းရာချီထဲမှာ တစ်သောင်းကျော်ကျော်သာလျှင်ကျန်တော့ပြီး အရေအတွက်က ဆက်လက်၍ လျော့ကျနေဆဲဖြစ်သည်။
ခုနှစ်စင်ကြယ်ဓားကမ္ဘာဘက်မှာ လာရောက်သတ်ဖြတ်နေသော ကျင့်ကြံသူများဘက်မှာတော့ သူတို့၏ အလံပေါ်ရှိ ရုပ်ပုံက အတော်လေးထူးဆန်းနေပြီး တုန်လှုပ်စရာကောင်းနေသည်။ အဲဒါသည် ဓားကမ္ဘာမှ လူတိုင်းရှိရာဘက်သို့ စိုက်ကြည့်နေပုံရသော ဧရာမမျက်လုံးတစ်လုံးဖြစ်လေသည်။
“သူတို့တွေက ကောင်းကင်ဘုံမျက်လုံးကမ္ဘာကလာတာဘဲ”
ဖုန့်ရှုက သုန်မှုန်နေသော အမူအရာဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
ထိုကျင့်ကြံသူအုပ်စုသည် လူသားများနှင့် ဆင်တူသော်လည်း သူတို့က သူတို့၏ လျှို့ဝှက်အတတ်များနှင့် ဓမ္မတာအိုများကို ထုတ်ဖော်သည့်အခါ သူတို့၏ မျက်ခုံးများကြားမှာ မျက်လုံးတစ်ဖက်ပွင့်လာသည်ကို ဆူဇီမိုက သတိထားမိနေခဲ့ပြီဖြစ်သည်။
အဲဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက သူနှင့် ထိတွေ့ဆက်ဆံခဲ့ဖူးသည့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ဖြစ်လေသည်။
ပီထျန်ရှင်းက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဦးဆောင်လာတဲ့ အင်မော်တယ်ဘုရင်က ကောင်းကင်ဘုံမျက်လုံးကမ္ဘာရဲ့ ဘုရင်အေးစက်မျက်လုံး ဖြစ်လောက်တယ်… သူက စွမ်းအားကြီးမားတယ်… လျှော့တွက်လို့ မရဘူး”
“သူတို့ကို ကယ်ကြမယ်”
လုယွင်က အင်မော်တယ်ယာဉ်ပျံနှင့်အတူ တိုက်ပွဲနယ်မြေသို့ ဝင်ရောက်တော့မည့် ဆဲဆဲဖြစ်သည်။
သို့သော်လည်း ယုလန်က သူ့ကို တားဆီးပြီး အသံနှိမ့်၍ ပြောလိုက်၏။
“ကောင်းကင်ဘုံမျက်လုံးကမ္ဘာကလည်း ထိပ်တန်းကမ္ဘာကြီးတစ်ခုပဲ… ကျွန်မတို့တွေက မဆင်မခြင်တိုက်ခိုက်မယ်ဆိုရင် အဲဒါက ဓားကမ္ဘာအတွက် စွမ်းအားကြီးမားတဲ့ နောက်ထပ်ရန်သူတွေကို ထပ်တိုးလာစေလိမ့်မယ်”
“ခုနှစ်စင်ကြယ်ဓားကမ္ဘာက ဓားကမ္ဘာနဲ့ ဆက်ဆံရေးကောင်းရှိတယ်ဆိုပေမယ့် သူတို့က ကျမတို့ရဲ့လက်အောက်ခံကမ္ဘာတစ်ခုမဟုတ်ဘူး… ကျွန်မတို့တွေက ဒီကိစ္စမှာ ဝင်ပါစရာမလိုဘူးထင်တယ်”
လုယွင်က သူ၏ ဘေးပတ်လည်မှ ငရဲခန်းနှင့်တူသော မြင်ကွင်းနှင့် ကြယ်ပေါ်မှာ စိတ်ပျက်အားငယ်စွာဖြင့် ခုခံတိုက်ခိုက်နေဆဲဖြစ်သော ခုနှစ်စင်ကြယ်ကမ္ဘာ ကျင့်ကြံသူအုပ်စုကို ကြည့်လိုက်လေသည်။ သူ၏ ရင်ထဲမှာ ပူဆွေးသောကနှင့် မကျေမချမ်းဖြစ်မှုက ပြည့်နှက်လာပြီး သူကမေးလိုက်၏။
“ကောင်းကင်ဘုံမျက်လုံးကမ္ဘာက ထိပ်တန်းကမ္ဘာတစ်ခု ဖြစ်နေတာနဲ့ဘဲ သူတို့တွေက တခြားသက်ရှိတွေကို ထင်တိုင်းကျဲသတ်ဖြတ်ပြီး သူတို့လုပ်ချင်ရာ လုပ်လို့ရတယ်လို့ ဆိုလိုတာလား”
“သူတို့က ငါတို့ရဲ့လက်အောက်ခံကမ္ဘာက မဟုတ်တာနဲ့ဘဲ ငါတို့တွေက ခုနှစ်စင်ကြယ်ဓားကမ္ဘာက ကျင့်ကြံသူတွေကို ဒုက္ခတောထဲမှာ ဒီတိုင်းထားခဲ့ရတော့မှလား”
“ဓားကမ္ဘာက ရန်သူတွေထပ်တိုးလာမှာ စိုးရိမ်တာနဲ့ပဲ ငါတို့က ဒီနေ့မြင်သမျှအရာရာတိုင်းကို မမြင်ချင်ယောင်ဆောင်ပေးထားရမှာလား”
ယုလန်သည် လုယွင်၏ မေးခွန်းများမှာ မှင်တက်သွားလေသည်။
ဖုန့်ရှုက အသံနှိမ့်၍ပြောလိုက်၏။
“ငါတို့တွေက စောစောရောက်လာမယ်ဆိုရင် အဆင်ပြေလိမ့််မယ်… ဒါပေမဲ့ အခုတော့ ခုနှစ်စင်ကြယ်ဓားကမ္ဘာမှာ ဒီလောက်များတဲ့လူတွေက သေဆုံးခဲ့ရပြီ… သူတို့က အယောက်တစ်သောင်းကျော်ပဲ ကျန်တော့တယ်”
“ငါတို့တွေနဲ့ လူအယောက်တစ်သောင်းကျော်ကျော်အတွက်နဲ့ ကောင်းကင်ဘုံမျက်လုံးကမ္ဘာနဲ့ ရန်သူတွေဖြစ်ဖို့ဆိုတာ နဲနဲတော့ မဆင်မခြင်လုပ်ရာ ကျမယ့်ပုံပဲ”
လုယွင်က ဖုန့်ရှုကို မမှိတ်မသုန်စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်းမေးလိုက်၏။
“ဒါဆို ကျန်ရှိနေတဲ့ ခုနှစ်စင်ကြယ်ဓားကမ္ဘာက ကျင့်ကြံသူတစ်သောင်းကျော်ကျော်က လူသားတွေမဟုတ်ကြတော့ဘူးလား သူတို့တွေက သေသင့်သေထိုက်လို့လား”
ပီထျန်ရှင်းက တစ်စုံတစ်ရာပြောချင်သော်လည်း တွေဝေတုံ့ဆိုင်းနေ၏။
တောင်ထွတ်သခင် ယုလန်နှင့် တောင်ထွတ်သခင် ဖုန့်ရှုသည် သူတို့ကို မကယ်တင်လိုသောကြောင့် မဟုတ်ဘူးဆိုတာ သူသိသည်။ သူတို့က အကျိုးအပြစ်ကို ချိန်ဆပြီး ဓားကမ္ဘာ၏ ရှုထောင့်ကနေ ထိုစကားကို ပြောလိုက်ခြင်းဖြစ်လေသည်။
သို့သော်လည်း ထိုစကားလုံးများသည် အနည်းငယ်အေးစက်၍ လွန်ကဲရာကျသည့်ပုံပေါ်နေ၏။
ရုတ်တရက် လုယွင်က သူ၏ မျက်လုံးထဲရှိ မျှော်လင့်စောင့်စားမှုနှင့်အတူ ဆူဇီမိုကို လှည့်ကြည့်လိုက်၏။
“ညီကိုဆူ မင်းရော ဘယ်လိုထင်လဲ”
ဤနေရာမှာ တောင်ထွတ်သခင်ငါးဦးရှိနေ၏။ တစ်ယောက်က နှုတ်ဆိတ်နေပြီး သုံးယောက်က ကန့်ကွက်မည်ဆိုလျှင် လုယွင်အနေဖြင့် သူတို့ကို ကယ်တင်လိုသည်ဆိုလျှင်တောင် သူတစ်ယောက်တည်း ဝင်ရောက်ဖို့က မသင့်လျော်ပေ။
ဆူဇီမိုက ပြောလိုက်၏။
“ကျူပ်တို့ မျိုးဆက်က ကျင့်ကြံသူတွေက လူတွေကို ကယ်တင်တဲ့အချိန်မှာတောင် သတိထားလွန်းနေရမယ်ဆိုရင် ကျုပ်တို့အနေနဲ့ နောက်ပိုင်းမှာ ဓားတာအိုကို ဆက်ပြီးကျင့်ကြံနေစရာ မလိုတော့ဘူး”
“ဟုတ်တာပေါ့ကွာ”
လုယွင်က ထိုစကားကို ကြားသောအခါ တက်ကြွလာခဲ့လေသည်။
ယုလန်နှင့် ဖုန့်ရှုက ရှက်ရွံ့စွာဖြင့် ညင်သာစွာ သက်ပြင်းချလိုက်၏။
ဝမ်တုန်နှင့် ကုန်းစွန်းယွီကဲ့သို့ ဓားတောင်ထွတ်များမှ ပကတိအင်မော်တယ်များက ဆက်လက်၍ မချုပ်တည်းနိုင်ကြတော့ပေ။
သူတို့သည် တောင်ထွတ်သခင်နှစ်ဦးနှင့် မတူဘဲ များစွာစဉ်းစားတွေးတောမနေကြပေ။ သူတို့က လူငယ်များ ဖြစ်ပြီး သွေးဆူလွယ်ကာ ဓားတာအို ကျင့်ကြံထားကြလေသည်။ သူတို့က သူတို့၏ ရင်ထဲမှာ တရားမျှတမှုကို ကိုင်ဆွဲထားကြသည်။
မမျှတမှုကို တွေ့မြင်သောအခါ သူတို့က ရှေ့သို့ထွက်ကာ ရပ်တည်ပေးရပေမည်။
“သွားကြမယ်”
ယုလန်က ဆုံးဖြတ်ချက်ကို အလျင်အမြန်ချလိုက်၏။
ခဏမျှ သဘောထားမတိုက်ဆိုင်မှု အပြီး၌ တောင်ထွတ်သခင်ငါးဦးက သဘောတူညီမှုကို အလျင်အမြန်ပြန်လည်ရရှိလာကာ တိုက်ပွဲမြေသို့ ဦးတည်လိုက်ကြလေသည်။ တစ်ခဏချင်းမှာပင် ဓားကမ္ဘာမှလူတိုင်းက ဆင်းသက်လာကြ၏။
“ရပ်လိုက်ကြစမ်း”
လုယွင်က ကောင်းကင်လိုဏ်ဂူနယ်ပယ်၏ အင်အားကြီးမားသော စွမ်းပကားကို ထုတ်ဖော်ကာ တိုက်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းခြုံစေလိုက်၏။
တိုက်ပွဲနယ်မြေမှာတိုက်ခိုက်နေသော လူအများစုသည် ပကတိအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များဖြစ်ကြသည်။
သူတို့သည် အင်မော်တယ်ဘုရင်တစ်ဦး၏ စိတ်ဝိညာဉ်အသိစိတ်ဖိအားကို မခုခံနိုင်ဘဲ တစ်ယောက်ပြီးတစ်ယောက် ရပ်တန့်လိုက်ကြ၏။
အစက ဆူညံပွက်လောရိုက်နေသော တိုက်ပွဲက ခဏမျှရပ်တန့်သွားလေသည်။
သို့သော်လည်း သိပ်မကြာခင် နောက်ထပ်အင်မော်တယ်ဘုရင်တစ်ဦး၏ စွမ်းအားက တလိပ်လိပ်တိုးဝင်လာပြီး လုယွင်၏ စိတ်ဝိညာဉ်အသိစိတ်ဖိအားကို ချေဖျက်လိုက်လေသည်။
တိုက်ပွဲနယ်မြေရှိ ကျင့်ကြံသူများအပေါ် ဖိအားကလည်း သိသိသာသာ လျော့ကျသွားသည်။
တိုက်ခိုက်လိုက်သောသူသည် အင်မော်တယ်ဘုရင်ခြောက်ဦးထဲမှ ခေါင်းဆောင်ဖြစ်ပြီး သူက လုယွင်၏ စိတ်ဝိညာဉ်အသိစိတ်ဖိအားကို ချေဖျက်လိုက်လေသည်။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ လူးများသည် သူတို့၏ စိတ်လွတ်လက်လွတ်သတ်ဖြတ်ခြင်းများဖြင့် အသားကျနေခဲ့ပြီဖြစ်သည်။ သူတို့က အလွယ်တကူ ဘယ်လိုလုပ်ရပ်တန့်နိုင်ပါ့မလဲ။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ လူတိုင်းက သူတို့၏ လွတ်လပ်မှုကို ပြန်လည်ရရှိလာပြီး သူတို့၏ အင်မော်တယ်ဘုရင်းများက အခြေအနေကို ထိန်းသိမ်းပေးထားသည်ကို တွေ့မြင်သည့်ခဏမှာပင် သူတို့က ဆက်လက်၍ နောက်ဆံတင်းမနေတော့ဘဲ နောက်တစ်ဖန် အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် ခုနှစ်စင်ကြယ်ဓားကမ္ဘာမှ လူအုပ်ကြီးထဲသို့ ဆက်လက်ပြေးဝင်သွားလေသည်။
ဒါ့အပြင် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ လူများသည် နောက်ပိုင်းမှာ တစ်စုံတစ်ရာဖြစ်ပျက်တော့မည်ကို ခန့်မှန်းမိပုံရပြီး ပိုမိုပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်လာကြသည်။
သူတို့သည် ခုနှစ်စင်ကြယ်ဓားကမ္ဘာမှ ကျန်ရှိနေသော ကျင့်ကြံသူများကို တတ်နိုင်သမျှမြန်မြန် သတ်ဖြတ်လိုလေသည်။
ခုနှစ်စင်ကြယ်ဓားကမ္ဘာကျင့်ကြံသူများဘက်မှာ အစကတည်းက များစွာမကျန်ရှိတော့ဘဲ ခဏတိုင်းမှာ သူတို့၏ အရေအတွက်က လျော့ကျနေ၏။ ယခု သူတို့မှာ ထောင်ဂဏန်းတချို့သာလျှင် ကျန်တော့လေသည်။
လုယွင်၏ အမူအရာက သုန်မှုန်သွား၏။
အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးအနေဖြင့် သူသည် တိုက်ပွဲနယ်မြေသို့ တိုက်ရိုက်မဝင်ရောက်နိုင်ပေ။
သူသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ ပကတိအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များကို တိုက်ခိုက်မည်ဆိုလျှင် အားနည်းသူကို အနိုင်ကျင့်ရာကျပေလိမ့်မည်။
လုယွင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး လေထဲတွင်ရှိသော ကောင်းကင်ဘုံမျက်လုံးကမ္ဘာမှ အင်မော်တယ်ဘုရင်ခြောက်ပါးထံ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။
“ကောင်းကင်ဘုံမျက်လုံးကမ္ဘာက တာအိုရောင်းရင်းတို့ ခုနှစ်စင်ကြယ်ကမ္ဘာက ဖျက်ဆီးခံရလုနီးပါးဖြစ်နေပြီ… ဒီနေရာမှာ သက်ရှိပေါင်းသန်းရာချီကလည်း သေဆုံးပြီးပြီ… အားလုံးက အခုချိန်မှာ ရပ်တန့်ပြီး သူတို့အားလုံးကို မသတ်ဖြတ်ဖို့ ကျုပ်မျှော်လင့်တယ်”
သူသည် ကောင်းကင်ဘုံမျက်လုံးကမ္ဘာမှ ပညာရှင်များနှင့် အကျိုးသင့်အကြောင်သင့် ပြောဆိုဖို့ကြိုးပမ်းလိုက်၏။
သူတို့သည် ကောင်းကင်ဘုံမျက်လုံးကမ္ဘာနှင့် တိုက်ရိုက်ပဋိပက္ခကို ရှောင်လွှဲနိုင်လျှင် အကောင်းဆုံးဖြစ်သည်။
“လက်စသတ်တော့… အနိဋ္ဌာရုံဓားတောင်ထွတ်က တောင်ထွတ်သခင်ပဲ”
အေးစက်မျက်လုံးဟု အမည်ရသော ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ ခေါင်းဆောင်က ဓားကမ္ဘာမှ လူအုပ်စုကို ကြည့်ပြီးနောက် မျက်ခုံးအနည်းငယ်ကြည့်ကာ ပြောလိုက်၏။
“ငါသိရသလောက်ဆိုရင် ခုနှစ်စင်ကြယ်ဓားကမ္ဘာက ဓားကမ္ဘာနဲ့ ဘာမှမသက်ဆိုင်ဘူး… အားလုံးပဲ ဒုက္ခမများရအောင် မင်းတို့တွေ တခြားသူတွေရဲ့ ကိစ္စတွေမှာ ဝင်မပါတာ ပိုကောင်းလိမ့်မယ်။”