အသင်္ချေဓားဝင်္ကပါ
Vol. 186 Ch. 2777
တကယ်တမ်းမှာတော့ ဘုရင်အေးစက်မျက်လုံးနှင့် အခြားသော အင်မော်တယ်ဘုရင်ပညာရှင်ငါးဦးသည် ဓားကမ္ဘာမှ လူတိုင်း၏ လှုပ်ရှားမှုကို သတိထားမိနေခဲ့ပြီးသားဖြစ်သည်။
သို့သော်လည်း ဘုရင်အေးစက်မျက်လုံးက အကြောက်အလန့်မရှိသလို ဂရုမစိုက်ပေ။
ဓားကမ္ဘာမှ လူအုပ်စုက ဤဖြစ်ရပ်ကို တားဆီးလိုသည်ဆိုလျှင်တောင် သူတို့က တားဆီးနိုင်ကြမည် မဟုတ်ပေ။ ဓားကမ္ဘာမှ လူအုပ်စုမှာ အင်မော်တယ်ဘုရင်ပညာရှင်လေးဦးသာ ပါလာလေသည်။ ကျန်ရှိနေသော ဆယ်ယောက်က ပကတိအင်မော်တယ်များသာ ဖြစ်ကြသည်။
အောက်ဘက်မှာရှိသော တိုက်ပွဲနယ်မြေအများစုသည် တိုက်ခိုက်နေကြသော ကောင်းကင်အင်မော်တယ်များနှင့် ပကတိအင်မော်တယ်များနှင့် ပြည့်နှက်နေသည်။
ဓားကမ္ဘာမှ အင်မော်တယ်ဘုရင်ပညာရှင်လေးဦးက သူတို့ကို ကယ်တင်လိုသည်ဆိုလျှင် သူတို့အနေဖြင့် ကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်ဖို့က မသင့်လျော်ပေ။ ကျန်ရှိနေသော ပကတိအင်မော်တယ်ဆယ်ဦးသည် ကောင်းကင်ဘုံမျက်လုံးကမ္ဘာ၏ ပကတိအင်မော်တယ်ရာချီ ပါဝင်သော စစ်သည်ပေါင်းသိန်းချီကို ဘယ်လိုလုပ်ခုခံနိုင်ပါ့မလဲ။
ဒါ့အပြင် ဓားကမ္ဘာ၏ တောင်ထွတ်သခင်လေးဦးက တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားသည်ဆိုလျှင်တောင် အင်မော်တယ်ဘုရင်ခြောက်ဦးက သူတို့နှင့် တိုက်ခိုက်နိုင်သေးလေသည်။
ခဏတာ ကြန့်ကြာသွားသည်နှင့်အမျှ ခုနစ်စဉ်ကြယ်ဓားကမ္ဘာမှာ ကျန်ရှိနေသော လူထောင်ချီက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ စစ်သည်ပေါင်းသိန်းချီကြားမှာ နစ်မြုပ်သွားပေလိမ့်မည်။
လုယွင်နှင့် အခြားသူများက သူတို့ကို ကယ်တင်ဖို့ ဆုံးဖြတ်ထားပြီး ဓားကမ္ဘာသို့ စစ်ကူတောင်းမည်ဆိုလျှင်တောင် အဲဒါက ပို၍ပင် ကြန့်ကြာလိမ့်မည်ဖြစ်ပြီး သူတို့မှာ အချိန်လုံးဝရလိမ့်မည် မဟုတ်ပေ။
ဘုရင်အေးစက်မျက်လုံးသည် အားလုံးကို တွက်ချက်ထားပြီးသား ဖြစ်သောကြောင့် အေးဆေးတည်ငြိမ်နေခြင်းဖြစ်သည်။
ယုလန်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဘုရင်အေးစက်မျက်လုံး… ရှင်တို့တွေက ခုနစ်စဉ်ကြယ်ဓားကမ္ဘာနဲ့ ဘယ်လိုနက်ရှိုင်းတဲ့ ရန်ငြိုးရန်စရှိထားလဲ ကျွန်မမသိဘူး… ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အားလုံးကို သတ်ဖြတ်စရာမလိုဘူး… အားလုံးကို အမြစ်ပြတ်ချေမှုန်းသုတ်သင်တဲ့ ဒီလိုမျိုး လူမဆန်တဲ့လုပ်ရပ်ကို လုပ်စရာမလိုဘူး”
ပီထျန်ရှင်းက ထပ်ပြောလိုက်၏။
“အမှန်ပဲ… မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဆိုရင်တောင် ခုနစ်စဉ်ကြယ်ဓားကမ္ဘာက လူတစ်ယောက်မကျန်က ခင်ဗျားတို့ကို ဆန့်ကျင်ထားမိစရာ အကြောင်းမရှိဘူး”
ဘုရင်အေးစက်မျက်လုံးက လှောင်ရယ်လိုက်ပြီး သူ၏ နှာရောင်ပေါ်ရှိ သွေးရောင်အမှတ်အသားက ပြန့်ကား၍ အက်ကွဲလာပုံရလေသည်။ အေးစက်နေသော အော်ရာတစ်ခု ဖြာထွက်လာပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်၏။
“တောင်ပိုင်းတောင်ကြားက သူ့တပည့်ကို မရမက ကာကွယ်ပေးချင်နေတာကိုး… နောက်ပြီး သူက ငါ့ကိုတောင်မှ လှည့်စားရဲသေးတယ်… အခုလိုမျိုး အစုလိုက်အပြုံလိုက်သတ်ဖြတ်ရတဲ့အတွက် သူ ငါ့ကို အပြစ်တင်လို့မရဘူး”
“သူက ငါ့ကို စိန်ခေါ်ရဲတယ်ဆိုမှတော့ သူက အဲဒီတန်ဖိုးကို ပြန်ပေးဆပ်ရမယ်… သူနဲ့အတူ သူ့ရဲ့ ခုနစ်စဉ်ကြယ်ဓားကမ္ဘာကလည်း သေဆုံးရမယ်”
ဘုရင်တောင်ပိုင်းတောင်ကြားသည် ခုနစ်စဉ်ကြယ်ဓားကမ္ဘာ၏ လောကအရှင်ဖြစ်လေသည်။
ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ ကမ္ဘာတိုင်းတွင် အခြေအနေများက ကွဲပြားခြားနားလေသည်။
ကမ္ဘာတချို့မှာ လောကအရှင်များရှိပြီး တချို့သောကမ္ဘာများကို ဧကရာဇ်များစွာက အုပ်ချုပ်ကြလေသည်။ ဥပမာ ဓားကမ္ဘာဖြစ်လေသည်။
အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများဟူ၍ ပိုင်နက်နယ်မြေများ ခွဲခြားအုပ်ချုပ်သော ကောင်းကင်ဘုံကမ္ဘာကဲ့သို့ ကမ္ဘာများလည်း ရှိလေသည်။
လုယွင်သည် ထိုစကားကို ကြားသောအခါ ဒေါသချောင်းချောင်းထွက်သွား၏။ သူ၏ မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်က တဖျပ်ဖျပ်လက်လာပြီး အော်ပြောလိုက်၏။
“မင်းက ဘုရင်တောင်ပိုင်းတောင်ကြားနဲ့ သူ့တပည့်အတွက်ကြောင့်နဲ့ မင်းရဲ့အမျက်ဒေါသကို ခုနစ်စဉ်ကြယ်ဓားကမ္ဘာတစ်ခုလုံးအပေါ် ပုံချပြီး သက်ရှိပေါင်းသန်းရာချီကို ဒီလိုမျိုး သတ်ဖြတ်လိုက်တာလား… ဘုရင်အေးစက်မျက်လုံး… မင်းက အရမ်းကို ဆိုးမိုးဗိုလ်ကျပြီး ရက်စက်ကြမ်းကြုတ်လွန်းရာ ကျမနေဘူးလား”
“ဟမ်”
ဘုရင်အေးစက်မျက်လုံးက အကြောက်အလန့်မရှိဘဲ လုံးဝအလျှော့မပေးပေ။ သူက အေးစက်စွာ ပြောလိုက်၏။
“ဒါက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ရဲ့ လုပ်ထုံးလုပ်နည်းပဲ… မင်း ငါ့ကို ဘာများလုပ်နိုင်မှာမို့လဲ”
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ နောက်ထပ်ဘုရင်တစ်ပါးက လှောင်ရယ်လိုက်၏။
“မင်းတို့လူတချို့နဲ့ သူတို့ကို ကယ်တင်နိုင်မယ်လို့ ထင်နေလို့လား… ဟဲဟဲ… မင်းတို့တွေကို ကိုယ့်အလုပ်ကိုယ်အာရုံစိုက်ပြီး သူများကိစ္စမှာ ဝင်မပါဖို့ ငါအကြံပေးလိုက်မယ်… မဟုတ်ရင် နောင်တရဖို့ နောက်ကျသွားလိမ့်မယ်”
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ နောက်ထပ်ဘုရင်တစ်ဦးကလည်း လှောင်ရယ်ကာ ပြောလိုက်၏။
ထိုစဉ်မှာပင် အင်မော်တယ်ယာဉ်ပျံပေါ်မှ ပုံရိပ်နှစ်ခုက တစ်ချိန်တည်းနီးပါးမှာပင် တိုက်ပွဲနယ်မြေသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။
တစ်ခဏချင်းမှာပင် သူတို့နှစ်ယောက်က တိုက်ပွဲနယ်မြေသို့ ရောက်ရှိလာခဲ့လေသည်။ သူတို့ထဲမှတစ်ယောက်က ဓားတစ်လက်ကို ကိုင်စွဲထားပြီး သူမ၏ ပုံရိပ်က အေးစက်နေသော ဓားအလင်းရောင်ထဲမှာ နူးညံ့သိမ်မွေ့နေ၏။ သူမသည် မြွေနဂါးတစ်ကောင်ကဲ့သို့ ကြော့ရှင်းနေပြီး အဲဒါက လင်းရွှင်ကျန်းဖြစ်လေသည်။
လင်းရွှင်ကျန်းသည် အင်မော်တယ်ဓားတစ်လက်ကို ကိုင်စွဲထားပြီး သူမ သွားလေရာနေရာတိုင်း မည်သူကမှ ၎င်း၏ ထက်ရှမှုကို ခံနိုင်ရည်မရှိပေ။ သွေးများက ပန်းထွက်လာပြီး ကောင်းကင်ဘုံမျက်လုံး ပကတိစိတ်ဝိညာဉ်များက လေထဲကနေ တစ်ယောက်ပြီးတစ်ယောက်လဲကျကာ သေဆုံးသွားကြသည်။
တစ်ခဏချင်းမှာပင် လင်းရွှင်ကျန်းသည် အထွတ်အထိပ် ကောင်းကင်ဘုံမျက်လုံး ပကတိစိတ်ဝိညာဉ်လေးဦးကို သတ်ဖြတ်ပစ်လိုက်လေသည်။
နောက်ထပ်ပုံရိပ်တစ်ခုက ခုနစ်စဉ်ကြယ်ဓားကမ္ဘာကျင့်ကြံသူများအလယ်ကို ဆင်းသက်ရောက်ရှိသွားပြီး သူ၏ နုနယ်ဖြူဖွေးသော လက်ဖဝါးကို ဆန့်ထုတ်ကာ ကောင်းကင်ဘုံမျက်လုံး ပကတိစိတ်ဝိညာဉ်တစ်ဦး၏ ဦးခေါင်းကို ခြေမွှဖျက်ဆီးရင်း ခုနစ်စဉ်ကြယ်ဓားကမ္ဘာမှ အလံကိုင်ထားသည့် ပကတိအင်မော်တယ်ကို ကယ်တင်ပေးလိုက်လေသည်။
ထိုသူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်များရှိလေသည်။ သူက နဝမမြောက်တောင်ထွတ်သခင် ဆူဇီမိုပင် ဖြစ်လေသည်။
ခုနစ်စဉ်ကြယ်ဓားကမ္ဘာမှ အလံကိုင်ပကတိအင်မော်တယ်ကို မုန့်ဟောင်ဟုခေါ်လေသည်။ သူသည် တစ်ခါက ဂုဏ်ပြုလက်ဆောင်တစ်ခုနှင့်အတူ ဓားသင်္ချိုင်းတောင်ထွတ်သို့ ခုနစ်စဉ်ကြယ်ဓားကမ္ဘာမှ အင်မော်တယ်ဘုရင်တစ်ဦးနှင့်အတူ လိုက်ပါလာခဲ့ဖူးလေသည်။ ဆူဇီမိုက သူ့ကို မှတ်မိလေသည်။
ယခုအချိန်မှာ မုန့်ဟောင်သည် ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။ သူ၏ အော်ရာက အားနည်းနေပြီး သူက ခြေကုန်လက်ပန်းကျနေပြီဖြစ်သည်။ သူသည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ သူ၏ ကျားကုတ်ကျားခဲနှင့် မယိမ်းယိုင်သော စိတ်စွမ်းအားတစ်ခုနှင့်သာ သူ၏ သတိကို ထိန်းထားနိုင်လေသည်။
သူသည် သူ၏ ပုခုံးပေါ်မှာ သွေးများစိုရွှဲနေသည့် အလံတိုင်ကို ကိုင်စွဲထားပြီး အဲဒါကို မှီထားလေသည်။ သူက အလံကို သယ်ထားတာလား သို့မဟုတ် အလံက သူ၏ ယိုယွင်းနေသော ခန္ဓာကိုယ်ကို ထောက်ပေးထားတာလား မသိရပေ။
ကောင်းကင်ဘုံမျက်လုံး ပကတိစိတ်ဝိညာဉ်တစ်ဦးက မုန့်ဟောင်ကို ပစ်မှတ်ထားခဲ့ပြီး ခံစစ်အလွှာများကို ချိုးဖျက်ကာ သူ့ထံသို့ ဝင်ရောက်လာခဲ့သည်။ သူရောက်ရှိလာသည့်အချိန်မှာ မုန့်ဟောင်က လုံးဝမခုခံနိုင်တော့ပေ။
ဆူဇီမိုက သူ့ကို ဤနေရာမှာ မသေဆုံးစေလိုဘဲ ကယ်တင်ပေးလိုက်သည်။
“ဓားကမ္ဘာ... အဲဒါ ခင်ဗျားပဲ”
မုန့်ဟောင်၏ နီရဲနေသော မျက်လုံးများက ဆူဇီမိုကို မှတ်မိသွားပုံရပြီး တီးတိုးရေရွတ်လိုက်၏။ ထို့နောက် ချက်ချင်းပင် သူက စိတ်ကို လွှတ်ချလိုက်ပြီး ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ နေရာမှာပင် သတိလစ်သွားလေသည်။
ဆူဇီမိုက လက်တစ်ဖက်ဖြင့် သူ့ကို ဖေးမကာ မြေပြင်ပေါ်မှာ ညင်သာစွာ ချပေးလိုက်၏။ သူက အခြားလက်တစ်ဖက်နှင့် ခုနစ်စဉ်ကြယ်ဓားကမ္ဘာ၏ အလံကို ကိုင်စွဲကာ တိုက်ပွဲနယ်မြေတွင် သွေးများစိုရွှဲနေသည့် အလံကို လွှင့်ထူပေးလိုက်လေသည်။
တကယ်တမ်းမှာ ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများကလည်း ဆက်လက်၍ ရပ်ကြည့်မနေနိုင်တော့ပေ။
သို့သော်လည်း နှစ်ဦးနှစ်ဖက်ရှိ အင်မော်တယ်ဘုရင်ပညာရှင်များက အချေအတင်စကားများနေကြဆဲဖြစ်သည်။
သူတို့က တိုက်ခိုက်ချင်သည်ဆိုလျှင်တောင် သူတို့က စိုးရွံ့နေပြီး မဆင်မခြင်မပြုမူရဲပေ။ ယခု ဆူဇီမိုနှင့် လင်းရွှင်ကျန်းက တိုက်ပွဲနယ်မြေသို့ ဝင်ရောက်သွားပြီး ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများကလည်း သွေးများဆူပွက်လာသည်ဟု ခံစားရကာ ဆက်လက်၍ ထိန်ချန်မနေတော့ဘဲ ရှေ့သို့ပြေးတက်သွားလေသည်။
လက်ရှိအခြေအနေအရ လုယွင်၊ ယုလန်နှင့် အခြားသော တောင်ထွတ်သခင်နှစ်ဦးအနေဖြင့် ဝင်ရောက်တိုက်ခိုက်ဖို့က တကယ်ပင် မသင့်လျော်ပေ။
အင်မော်တယ်ဘုရင်ပညာရှင်များကြား ကြီးမားသည့်တိုက်ပွဲတစ်ခု ဖြစ်ပွားလာသည်နှင့် အခြေအနေသည် ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်လာပြီး ကမ္ဘာများကြား စစ်ပွဲတစ်ခုကိုပင် ဖြစ်ပေါ်လာစေနိုင်သည်။ ဓားကမ္ဘာနှင့် ကောင်းကင်ဘုံမျက်လုံးကမ္ဘာ နှစ်ခုစလုံးသည် ထိပ်တန်းကမ္ဘာကြီးများဖြစ်ကြသည်။ ထို့သို့ဖြင့် လုယွင်နှင့် အခြားတောင်ထွတ်သခင်သုံးဦးသည် အလွန်တရာသတိထားနေရ၏။
လင်းရွှင်ကျန်းနှင့် အခြားပကတိအင်မော်တယ်များအနေဖြင့် အကောင်းဆုံးဖြေရှင်းနည်းမှာ ခုနစ်စဉ်ကြယ်ဓားကမ္ဘာမှ ကျင့်ကြံသူများကို ကယ်တင်ရန်ဖြစ်သည်။
"ဟဲဟဲ"
ဘုရင်အေးစက်မျက်လုံးက ဆူဇီမိုနှင့်အခြားသူများ ဝင်ရောက်တိုက်ခိုက်လာသည်ကို တွေ့မြင်သောအခါ သူက လှောင်ပြောင်ထေ့ငေါ့လိုက်၏။
“မင်းတို့တွေက တော်တော်ဘဝင်မြင့်နေတာပဲ”
“ဟုတ်ပါ့မလား”
လုယွင်၊ ယုလန်နှင့် အခြားသူများက ထိုစကားကို ကြားသောအခါ လှောင်ရယ်လိုက်ကြ၏။
သူတို့သည် စောစောက တိုက်ပွဲနယ်မြေကို အကြမ်းဖျင်းစစ်ဆေးကြည့်ထားခဲ့သည်။ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ဘက်မှာ ပကတိစိတ်ဝိညာဉ်ပညာရှင် ရာချီရှိနေသော်လည်း သူတို့ကြားမှာ ထိပ်တန်းပြန်ဝင်စားမွန်းစတားများကို ရှာမတွေ့ခဲ့ပေ။
သူတို့ကြားမှာ အသန်မာဆုံးသူများသည် ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများနှင့်သာ အကြမ်းဖျင်းယှဉ်နိုင်ပြီး လင်းရွှင်ကျန်းကို လုံးဝဒုက္ခမပေးနိုင်ပေ။
လျစ်လျူရှု၍ ရသလောက်ဖြစ်သော တိုက်ခိုက်ရည်ခွန်အားနှင့် နဝမမြောက်တောင်ထွတ်မှ ဆူဇီမိုနှင့် ပေမင်ရွှယ်က လွဲလျှင် ဓားကမ္ဘာဘက်မှ အခြားသောလူရှစ်ဦးသည် တောင်ထွတ်ရှစ်ခုမှ နံပါတ်တစ် ပကတိအင်မော်တယ်များဖြစ်ကြလေသည်။
သူတို့ရှစ်ယောက်က တစ်ဦးချင်းခွဲ၍ တိုက်ခိုက်မည်ဆိုလျှင်တောင် သူတို့သည် ကောင်းကင်ဘုံမျက်လုံးစစ်သည်တော်သိန်းချီကြားမှာ လွှမ်းမိုးနိုင်စွမ်းရှိကြလေသည်။
ယခု ခုနစ်စဉ်ကြယ်ဓားကမ္ဘာမှ ကျန်ရှိနေသော ကျင့်ကြံသူများကို ကယ်တင်ရန်အတွက် သူတို့ရှစ်ဦးသည် လင်းရွှင်ကျန်း၏ ဦးဆောင်မှုနှင့်အတူ တိုက်စစ်၊ ခံစစ် နှစ်မျိုးစလုံးကို အသုံးချနိုင်သည့် ဓားဝင်္ကပါတစ်ခုကို စုဖွဲ့လိုက်လေသည်။
ဤဓားဝင်္ကပါသည် ဓားကမ္ဘာ၏ ဘေးပတ်လည်မှာ အသင်္ချေဓားဝင်္ကပါ၏ အရိုးရှင်းဆုံးပုံစံတစ်ခု ဖြစ်လေသည်။
သူတို့ရှစ်ယောက်က တောင်ထွတ်ရှစ်ခုကို ကိုယ်စားပြုလေသည်။
အဲဒါက ရိုးရှင်းသောပုံစံတစ်ခုဖြစ်သော်လည်း သူတို့ရှစ်ယောက်စလုံးသည် ထိပ်တန်းပကတိအင်မော်တယ်ပညာရှင်များဖြစ်ကြသည်။ သူတို့သည် အသင်္ချေဓားဝင်္ကပါနှင့် အသားကျနေပြီးသားဖြစ်ပြီး အလိုအလျောက်နားလည်မှုရှိကာ ထိုဓားဝင်္ကပါ၏ စွမ်းပကားကို ၎င်း၏ အကန့်အသတ်ထိ မြှင့်တင်နိုင်ကြလေသည်။
ဓားသံက အဆက်မပြတ် ပဲ့တင်ထပ်ထွက်ပေါ်လာ၏။
အသင်္ချေဓားချီတစ်ခုက လေဟာနယ်ကို ဆုတ်ဖြဲပြီး ရောထွေးယှက်ဖြာသွားလေသည်။ ဓားချီက ထက်ရှသော အနားစောင်းတစ်ခုနှင့်အတူ လေထဲသို့ ပျံတက်သွားပြီး အရာရာတိုင်းကို နုတ်နုတ်စင်းပစ်နိုင်သည့်အလား မထိုးဖောက်နိုင်သော ဓားပိုက်ကွန်တစ်ခုကို ဖြစ်ပေါ်လာစေ၏။
လင်းရွှင်ကျန်း၊ ဝမ်တုန်နှင့် အခြားသူများသည် ဓားဝင်္ကပါတစ်ခုကို စုဖွဲ့ကာ ဆူဇီမို၊ ပေမင်ရွှယ်နှင့် ခုနစ်စဉ်ကြယ်ဓားကမ္ဘာမှ ကျင့်ကြံသူထောင်ချီကို အလယ်မှာထားကာ ကာကွယ်ပေးလိုက်ကြသည်။
သူတို့သည် ပကတိစိတ်ဝိညာဉ်ရာချီနှင့် ကောင်းကင်ဘုံမျက်လုံးစစ်သည်သိန်းချီ၏ တိုက်ခိုက်မှုများကို ခုခံလိုက်ကြသည်။
ထိုမျှသာမက သူတို့ရှစ်ယောက်စုဖွဲ့ထားသည့် အသင်္ချေဓားဝင်္ကပါအောက်မှာ ကောင်းကင်ဘုံမျက်လုံးပကတိစိတ်ဝိညာဉ်များစွာက နေရာမှာတင် အဆက်မပြတ်သေဆုံးလာကြ၏။
အသင်္ချေဓားဝင်္ကပါထဲသို့ ဝင်ရောက်မိသည့် မည်သည့်သက်ရှိမဆို သွေးမြူတစ်ခုအဖြစ် နုတ်နုတ်စင်းခံရပေလိမ့်မည်။