← Chapters

ကမ္ဘာတစ်ခု ပျက်စီးခြင်းအကြောင်းအရင်း

Vol. 186 Ch. 2779

ကမ္ဘာတစ်ခု ပျက်စီးခြင်းအကြောင်းအရင်း

Vol. 186 Ch. 2779

ကောင်းကင်ဘုံမျက်လုံးစစ်တပ်က ထွက်ခွာသွားသော်လည်း ခုနစ်စဉ်ကြယ်ဓားကမ္ဘာကို မကယ်တင်နိုင်တော့ပေ။

ခုနစ်စဉ်ကြယ်ဓားကမ္ဘာမှာ တပည့်ဂိုဏ်းသားကျင့်ကြံသူ ထောင်ဂဏန်းတချို့သာ ကျန်ခဲ့ပြီး သူတို့ကြားမှာ မည်သည့် အင်မော်တယ်ဘုရင်ပညာရှင်မှ မရှိတော့ပေ။ ပကတိအင်မော်တယ် ခုနစ်ဦးသာ ရှင်သန်နိုင်ခဲ့သည်။

ဆူဇီမို၏ ကုသမှုအောက်မှာ မုန့်ဟောင်က နိုးထလာခဲ့ပြီဖြစ်ပြီး သူ၏ ဒဏ်ရာများက သိသိသာသာ သက်သာပျောက်ကင်းလာကာ သူ၏ မျက်နှာက အသားရောင်ပြန်သန်းလာ၏။

“ဓားကမ္ဘာက စီနီယာတို့… ကျုပ်တို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

မုန့်ဟောင်နှင့် အခြားသူများက နိုးထလာသောအခါ သူတို့သည် ဆူဇီမိုနှင့် အခြားသူများကို အလောတကြီး ဦးညွှတ်လိုက်ကြ၏။

သို့သော်လည်း ရှင်သန်ကျန်ရစ်ခဲ့သော ကျင့်ကြံသူအများစုက ယခုအချိန်ထိ သတိပြန်မကပ်နိုင်ကြသေးပေ။ သူတို့က သူတို့၏ ဘေးပတ်လည်မှ အသက်မဲ့အလောင်းများကို အသက်မဲ့နေသော မျက်လုံးများဖြင့် ထုံထိုင်းနေသော အမူအရာများဖြင့် ကြည့်နေကြသည်။

ဤသည်က သူတို့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်သည်။

ဆူဇီမိုသည် မုန့်ဟောင်ကိုကြည့်ပြီး မေးလိုက်၏။

“ဘာဖြစ်ခဲ့တာလဲ… ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က ဘာလို့ရောက်လာတာလဲ”

ယခင်က ဘုရင်အေးစက်မျက်လုံးသည် အဲဒါကို အကြမ်းဖျင်းပြောဆိုခဲ့သော်လည်း သူက အသေးစိတ် ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။ ဓားကမ္ဘာရှိ မည်သူကမှ ဤကပ်ဘေး၏ အကြောင်းအရင်းကို မသိကြသေးပေ။

မုန့်ဟောင်က ခဏမျှ ငြိမ်သက်နေပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏။

“စီနီယာအစ်ကိုလီရွှမ်က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ကောင်းကင်ဘုံမျက်လုံး ပကတိစိတ်ဝိညာဉ်တစ်ဦးရဲ့ လိုက်လံဖမ်းဆီးခြင်းခံခဲ့ရတယ်… သူက ချောင်ပိတ်မိသွားတဲ့နောက် မတတ်သာဘဲ တန်ပြန်တိုက်ခိုက်ခဲ့ရပြီး ကောင်းကင်ဘုံမျက်လုံး ပကတိစိတ်ဝိညာဉ်ကို မျက်စိကွယ်စေခဲ့တယ်”

ပုံမှန်အခြေအနေမှာဆိုလျှင် ပကတိဧကနယ်ပယ်အထိ ကျင့်ကြံပြီးနောက် သူတို့သည် သူတို့၏ ကိုယ်ကာယများ ကြေမွပျက်စီးသွားမည်ဆိုလျှင်တောင် သူတို့၏ ဓမ္မစွမ်းအားများကိုသုံးကာ ပြန်လည်စုဖွဲ့နိုင်လေသည်။

သို့သော်လည်း ကောင်းကင်ဘုံမျက်လုံးကတော့ မတူပေ။

ကောင်းကင်ဘုံမျက်လုံးသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ အသန်မာဆုံးအစိတ်အပိုင်းဖြစ်သည်။ အဲဒါက နတ်ဘုရားစွမ်းအားများကနေတစ်ဆင့် ထိခိုက်ဒဏ်ရာရရှိသွားသည်နှင့် အဲဒါကို ပြန်လည်ကုသဖို့ ခဲယဉ်းလေသည်။

“ဟမ်”

ကုန်းစွန်းယွီက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“သူက သူ့ပစ်မှတ်ကို သတ်ဖြတ်ရာမှာ မအောင်မြင်ဘဲ သူ့ရဲ့ အစွမ်းအစညံ့ဖျင်းမှုကြောင့် သူ့ရဲ့ကောင်းကင်ဘုံမျက်လုံးက ကွယ်သွားခဲ့ရတယ်… ငါသာဆိုရင် သူ့ကို မျက်စိကွယ်စေရုံတင်မဟုတ်ဘူး… သတ်ပါသတ်ပစ်မှာ”

မုန့်ဟောင်က ကုန်းစွန်းယွီကိုကြည့်ပြီး သူ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟလိုက်၏။ သူက တစ်စုံတစ်ရာပြောချင်သော်လည်း တွေဝေတုံ့ဆိုင်းနေ၏။ နောက်ဆုံးမှာတော့ သူက ညင်သာစွာ သက်ပြင်းချလိုက်လေသည်။

ဓားကမ္ဘာမှာ ပကတိအင်မော်တယ်တစ်ဦးအနေဖြင့် ကုန်းစွန်းယွီမှာ ထိုသို့ပြောနိုင်သည့် နောက်ခံရှိထားလေသည်။

စီနီယာအစ်ကိုလီရွှမ်ကတော့ သူသည် ခုနစ်စဉ်ကြယ်ဓားကမ္ဘာမှ ပကတိအင်မော်တယ်တစ်ဦးသာ ဖြစ်လေသည်။ သူသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ သက်ရှိတစ်ဦးကို ဘယ်လိုလုပ် ဆန့်ကျင်နိုင်ပါ့မလဲ။ သူက တခြားရွေးချယ်စရာ မရှိသောကြောင့်သာ ကောင်းကင်ဘုံမျက်လုံး ပကတိစိတ်ဝိညာဉ်ကို မျက်စိကွယ်စေခဲ့ခြင်းဖြစ်လေသည်။

လုယွင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေက တိုက်ခိုက်မှုတွေက ကျင့်ကြံမှုနယ်ပယ်တူတွေက ပကတိစိတ်ဝိညာဉ်တွေအကြား တိုက်ခိုက်မှုပဲ… သူတို့က အထဲမှာ သေသွားရမယ်ဆိုရင်တောင် တခြားဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး… ထိခိုက်ဒဏ်ရာရတာကို ပြောမနေနဲ့”

“ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က ကောင်းကင်ဘုံမျက်လုံး ပကတိစိတ်ဝိညာဉ်တစ်ဦး မျက်စိကွယ်သွားတာနဲ့ပဲ ကမ္ဘာတစ်ခုလုံးက သက်ရှိတွေကို သတ်ဖြတ်ဖို့အတွက် စစ်တပ်တစ်တပ်ကို ဦးဆောင်လာခဲ့တာလား”

မုန့်ဟောင်က ပြောလိုက်၏။

“အဲဒီကောင်းကင်ဘုံမျက်လုံး ပကတိစိတ်ဝိညာဉ်က ဘုရင်အေးစက်မျက်လုံးရဲ့ အငယ်ဆုံးသားပဲ”

“အဲ့လိုကိုး”

ယုလန်နှင့် အခြားသူများက အကြည့်ချင်းဖလှယ်ပြီး တီးတိုးရေရွတ်လိုက်၏။

မုန့်ဟောင်က ဆက်ပြောလိုက်သည်။

“စီနီယာအစ်ကိုလီရွှမ်ကလည်း သူ့ကြောင့် ကြီးမားတဲ့ ကပ်ဘေးတစ်ခု ကျရောက်လာတော့မယ်ဆိုတာကို သိခဲ့တယ်… အဲဒါကြောင့် သူက ခုနစ်စဉ်ကြယ်ဓားကမ္ဘာကို ချက်ချင်းပြန်လာပြီး ဒီကိစ္စကို ဆရာ့ထံ တင်ပြခဲ့တယ်”

“တစ်ချိန်တည်းမှာပဲ ဘုရင်အေးစက်မျက်လုံးက စီနီယာအစ်ကိုလီရွှမ်ကို ထုတ်ပေးဖို့ ဆရာ့ဆီကို စာတစ်စောင်ပို့ခဲ့တယ်”

မုန့်ဟောင် ရည်ညွှန်းပြောဆိုသည့် ဆရာဆိုသူမှာ ခုနစ်စဉ်ကြယ်ဓားကမ္ဘာ၏ လောကအရှင် ဘုရင်တောင်ပိုင်းတောင်ကြား ဖြစ်လေသည်။

“ဒီကိစ္စက စီနီယာအစ်ကိုလီရွှမ်ရဲ့ အပြစ်မဟုတ်ဘူးဆိုတာကို ဆရာကလည်း သိတယ်… ဒါပေမဲ့ ဘုရင်အေးစက်မျက်လုံးက ဒီကိစ္စကို သေချာပေါက် ခွင့်မလွှတ်ဘူးဆိုတာကိုလည်း သူသိထားတယ်… အဲဒါကြောင့် သူက စီနီယာအစ်ကိုလီရွှမ်ကို တိတ်တဆိတ်ထွက်ပြေးစေဖို့ စီစဉ်ပေးပြီး သူက တခြားကမ္ဘာကြီးတွေဆီကို အကူအညီတောင်းစာပို့ခဲ့တယ်”

လုယွင်၊ ယုလန်နှင့် အခြားသူများက အကြည့်ချင်းဖလှယ်ပြီး ခေါင်းညိတ်လိုက်ကြ၏။

ဘုရင်တောင်ပိုင်းတောင်ကြားသည် ဓားကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ၏ နာမည်ဂုဏ်သတင်းနှင့် လိုက်ဖက်အောင် ရှင်သန်နေထိုင်ခဲ့ပြီး လောကအရှင်တစ်ဦးအဖြစ် တကယ်ပင် တာဝန်ယူတတ်လေသည်။ သူက သူ့တပည့်ကို ထုတ်ပေးရမည့်အစား အတတ်နိုင်ဆုံး ကာကွယ်ဖို့ ကြိုးစားခဲ့သည်။

သူ့နေရာမှာ သူတို့ဆိုလျှင်လည်း သူတို့သည် ပိုမိုကောင်းမွန်သည့် အဖြေတစ်ခုကို တွေးမိနိုင်ကြလိမ့်မည် မဟုတ်ပေ။

ထိုနေရာရောက်မှ မုန့်ဟောင်က သူ့၏ စကားကို ရပ်တန့်လိုက်၏။ သူက တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားလေသည်။

သူသည် မွန်းကျပ်လာသည့်အလား သည်းထန်စွာ မောဟိုက်နေ၏။ ဆူဇီမိုက ဗုဒ္ဓမေတ္တာစာတချို့ကို ရွတ်ဆိုပြီး မုန့်ဟောင်၏ ချောက်ချားနေသောစိတ်ကို တဖြည်းဖြည်းတည်ငြိမ်စေရန် ကူညီပေးလိုက်၏။

မုန့်ဟောင်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဆက်ပြောလိုက်၏။

“ဒါပေမဲ့ ဘုရင်အေးစက်မျက်လုံးက ဒီနေရာကို ကြိုရောက်နှင့်နေပြီး ခုနစ်စဉ်ကြယ်ဓားကမ္ဘာကို ချိပ်ပိတ်ထားပြီးပြီ… စီနီယာအစ်ကိုလီရွှမ်က သေသွားရရုံတင်မဘူး… ဆရာ့ရဲ့ သတင်းစကားပေးပို့မှုကလည်း အပြင်ဘက်ကို မရောက်နိုင်ခဲ့ဘူး”

“အဲဒီအပြုအမူက ဘုရင်အေးစက်မျက်လုံးကို ဒေါသချောင်းချောင်းထွက်သွားစေခဲ့တယ်… သူက ခုနစ်စဉ်ကြယ်ဓားကမ္ဘာကို ချိပ်ပိတ်ပြီး အပြစ်ပေးတဲ့အနေနဲ့ ဒီမှာရှိတဲ့ သက်ရှိတစ်ဝက်ကို သတ်ဖြတ်လိုခဲ့တယ်”

ထိုနေရာအရောက်မှာ မုန့်ဟောင်က ဆက်လက်၍ မပြောဆိုနိုင်တော့ပေ။

ခုနစ်စဉ်ကြယ်ဓားကမ္ဘာမှ ကျန်ရှိနေသော ဓားကျင့်ကြံသူများကလည်း တိတ်တဆိတ်ဖြင့် မျက်ရည်များ ဝဲလာကြသည်။

လုယွင်နှင့် အခြားသူများက တွေဝေရှုပ်ထွေးသော အမူအရာများဖြင့် သက်ပြင်းချလိုက်ကြ၏။

ဘုရင်တောင်ပိုင်းတောင်ကြားသည် တပည့်တစ်ဦးကိုပင် ထုတ်မပေးလိုခဲ့ပေ။ ထို့ကြောင့် သူသည် ခုနစ်စဉ်ကြယ်ဓားကမ္ဘာမှ သက်ရှိထက်ဝက်ကို အသေခံခိုင်းစရာ အကြောင်းမရှိပေ။

ခုနစ်စဉ်ကြယ်ဓားကမ္ဘာမှ ကျင့်ကြံသူများသည် ဓားတာအိုကို ကျင့်ကြံထားပြီး သူတို့သည် ကွေးညွှတ်ခံရဖို့ထက် အချိုးခံဖို့ကိုသာ ပိုမိုလိုလားလေသည်။ သူတို့က သေရမည်ကို သေချာပေါက် စောင့်ဆိုင်းနေလိမ့်မည် မဟုတ်ပေ။

သူသည် သူ၏ ဓားကျင့်ကြံသူများကို ဦးဆောင်ပြီး အသေအကြေတိုက်ခိုက်ကာ ခုခံဆန့်ကျင်ခဲ့ပေလိမ့်မည်။

နောက်ဆုံး လူထောင်ဂဏန်းတချို့သာ ကျန်တော့လျှင်တောင် မုန့်ဟောင်နှင့် အခြားသူများသည် အညံ့ခံခြင်းမရှိဘဲ သူတို့၏ နောက်ဆုံးလက်ကျန်ခွန်အားတစ်မျှင်ကျန်သည့်အထိ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ သက်ရှိများနှင့် အသေအကြေတိုက်ခိုက်ခဲ့ကြလေသည်။

ဘုရင်အေးစက်မျက်လုံး၏ မျက်လုံးထဲမှာ ခုနစ်စဉ်ကြယ်ဓားကမ္ဘာကဲ့သို့ အဆင့်နိမ့်ကမ္ဘာတစ်ခုမှ သက်ရှိများသည် ပုရွက်ဆိတ်များသာ ဖြစ်လေသည်။

သူတို့က သူ့ကို ဘယ်လိုတောင် လှည့်စားပြီး ခုခံဆန့်ကျင်ရဲတာလဲဟု တွေးခဲ့ပေလိမ့်မည်။

သူ၏ အမျက်ဒေါသဖြင့် သူက ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးဖို့ အမိန့်ပေးခဲ့လေသည်။

ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပြီး သက်ရှိပေါင်း သန်းရာချီကို သတ်ဖြတ်ခဲ့ပြီးတာတောင် ဘုရင်အေးစက်မျက်လုံးနှင့် အခြားသူများ၏ မျက်လုံးထဲမှာ သူတို့သည် ပုရွက်ဆိတ်အချို့ကို ဖိခြေသတ်ဖြတ်ရုံသာဖြစ်ပြီး အဲဒါကို စိတ်ထဲမှာ ထည့်မထားကြပေ။

ယုလန်က ညင်သာစွာ သက်ပြင်းချလိုက်၏။

“ဘုရင်တောင်ပိုင်းတောင်ကြားက သူရဲကောင်းတစ်ယောက်အဖြစ် အမြဲတမ်းကျော်ကြားခဲ့တယ်… သူက အကြင်နာမေတ္တာတရားကြီးမားတယ်… အခုသူက ဒီလိုမျိုးကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ရပြီဆိုတော့… အာ…”

လုယွင်က အေးစက်စွာ ပြောလိုက်၏။

“ဘုရင်အေးစက်မျက်လုံးက အရမ်းကို ရက်စက်ကြမ်းတမ်းလွန်းတယ်… သူက သူ့ရဲ့ အငယ်ဆုံးသား အစွမ်းအစညံ့ဖျင်းပြီး ကောင်းကင်ဘုံမျက်လုံး ကန်းသွားတာနဲ့ သူက ကမ္ဘာတစ်ခုလုံးက သက်ရှိတွေကို သတ်ဖြတ်ခဲ့တယ်”

ပီထျန်ရှင်းက ပြောလိုက်၏။

“ဘုရင်အေးစက်မျက်လုံးရဲ့ အပြုအမူက တခြားကမ္ဘာတွေကို ကောင်းကောင်းအချက်ပြလိုက်တာနဲ့ အတူတူပဲ… သူတို့ကို တခြားသူတွေက အလွယ်တကူ ရန်စစော်ကားလို့ မရဘူးဆိုတာကို သတိပေးလိုက်တာပဲ… တခြားကမ္ဘာတွေက ကောင်းကင်ဘုံမျက်လုံးကမ္ဘာကို သေချာပေါက် စိုးရိမ်ကြောက်လန့်လာလိမ့်မယ်”

ယုလန်က ပြောလိုက်၏။

“ငါသိရသလောက်ဆိုရင် ကောင်းကင်ဘုံမျက်လုံးကမ္ဘာမှာ ယင်ယန်မျက်လုံးနဲ့ မွေးဖွားလာတဲ့ ပကတိစိတ်ဝိညာဉ်တစ်ဦးရှိတယ်… သူက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကိုတောင်မှ နားလည်ဆင်ခြင်ထားပြီး သူ့မှာ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရည်ခွန်အား ရှိတယ်… သူက အထက်ဘုံလောကရဲ့ ပကတိစိတ်ဝိညာဉ်တွေအားလုံးထဲမှာ ထိပ်ဆုံးငါးယောက်ထဲမှာ ရှိလောက်တယ်”

“ဘုရင်အေးစက်မျက်လုံးက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ငါတို့သွားမယ်ဆိုတာကို ခန့်မှန်းမိသွားပြီ… ငါတို့က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်နဲ့ ကြုံတွေ့ရမယ်ဆိုရင် ပြဿနာရှိလာတော့မယ်”

လုယွင်က သုန်မှုန်သော အမူအရာဖြင့် ပြောလိုက်၏။

“ကောင်းကင်ဘုံမျက်လုံးကမ္ဘာက ဒီဘက်မျိုးဆက်မှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ထားတဲ့ ပကတိစိတ်ဝိညာဉ်တစ်ဦးမကကို ပိုင်ဆိုင်ထားတယ်”

ပီထျန်ရှင်းက ပြောလိုက်၏။

“ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ရဲ့ ကောင်းကင်ဘုံမျက်လုံးက သူတို့ရဲ့ နတ်ဘုရားစွမ်းအားတွေအပေါ် နားလည်ဆင်ခြင်မှုကို တခြားမျိုးနွယ်တွေထက် များစွာသာလွန်စေတယ်… မျိုးဆက်တိုင်းမှာ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က အနည်းဆုံး အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ထားတဲ့ ပကတိစိတ်ဝိညာဉ်တစ်ဦးကို မွေးထုတ်ပေးနိုင်ကြတယ်”

“ငါတို့တွေက အခုချိန်မှာ နောက်ပြန်လှည့်သင့်တယ်လို့ မင်းတို့က ပြောချင်တာလား”

ဖုန့်ရှုက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ငါတို့က ဒီကိုရောက်လာခဲ့ပြီပဲ… ငါတို့က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ရောက်ဖို့ သုံးရက်တောင် မလိုတော့ဘူး”

လုယွင်၊ ယုလန်နှင့် ပီထျန်ရှင်းတို့ကလည်း နှုတ်ဆိတ်ကာ တွေးဝေတုံ့ဆိုင်းနေကြ၏။

ဖုန့်ရှုက ပြောလိုက်၏။

“နောက်ပြီး ငါတို့တွေက ဒီတစ်ခေါက် သောကြာဂြိုဟ် မဟူရာရွှေကျောက်တုံးအတွက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို သွားကြမှာပဲ… ငါတို့ အဲဒါကို လက်လွတ်သွားမယ်ဆိုရင် ငါတို့ အဲဒါကို ဘယ်အချိန်မှ ပြန်ပြီးကြုံတွေ့ရမလဲ မသိနိုင်ဘူး”

ယုလန်က ပြောလိုက်၏။

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ တိုက်ခိုက်ခြင်းကို ပိတ်ပင်တားမြစ်ထားတယ်ဆိုမှတော့ စိုးရိမ်စရာ ဘာမှမရှိဘူး… ဒါပေမဲ့ ငါတို့တွေက သောကြာဂြိုဟ် မဟူရာရွှေကျောက်တုံးကို လဲလှယ်ရယူချင်တယ်ဆိုရင် ရွှင်ကျန်းနဲ့ တခြားသူတွေက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်ရောက်ရလိမ့်မယ်”

ယုလန်က လင်းရွှင်ကျန်း၊ ဝမ်တုန်နှင့် တခြားသူများကို စိုးရိမ်ပူပန်သော အမူအရာများဖြင့် ကြည့်လိုက်လေသည်။

လင်းရွှင်ကျန်းက မှင်သေသေဖြင့် ပြောလိုက်၏။

“ဆရာ… ဘာမှမပူနဲ့… ကျွန်မတို့က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရမယ်ဆိုရင်တောင် ကျွန်မတို့ ချက်ချင်းထွက်လာလို့ရတာပဲ”

“အမှန်ပဲ… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားနဲ့ဆိုရင် ကျုပ်တို့တွေက အချိန်မရွေးထွက်လာလို့ရတာပဲ… ဘာအန္တရာယ်မှ ရှိမှာမဟုတ်ဘူး”

ဝမ်တုန်က ထပ်ပြောလိုက်လေသည်။

ယုလန်က ခဏမျှ စဉ်းစားတွေးတောပြီး ခေါင်းညိတ်ပြလိုက်၏။

“ကောင်းပြီလေ… ငါတို့က ဒီကိုရောက်လာပြီဆိုမှတော့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို တစ်ချက်တော့သွားကြည့်ရမှာပဲ”

“ငါတို့က သောကြာဂြိုဟ် မဟူရာရွှေကျောက်တုံးကို ရယူနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ… ငါတို့ မတတ်နိုင်ဘူးဆိုရင်လည်း အဲဒါကို အတင်းအကျပ် ဖိအားပေးမနေနဲ့။”

All Chapters