← Chapters

အပြစ်သားကုန်းမြေဆယ်ခု

Vol. 186 Ch. 2781

အပြစ်သားကုန်းမြေဆယ်ခု

Vol. 186 Ch. 2781

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် သိပ်ပြီးကြီးမားသည့်ပုံမပေါ်ဘဲ အလွန်တရာဗလာကျင်းနေ၏။ လူတိုင်း၏မြင်ကွင်းထဲကို ကြိုဆိုဝင်ရောက်လာသည်မှာ ကြယ်တာရာကောင်းကင်၏ အလယ်တွင် လွင့်မျောနေသော အထီးကျန်ကျွန်းတစ်ကျွန်း ဖြစ်လေသည်။

မျက်စိစူးစရာ အကောင်းဆုံးအရာမှာ ကျွန်း၏ ဘေးပတ်လည်ကနေ ဆန့်ထွက်နေသော တုတ်ခိုင်ကြီးမားသည့် ချိန်းကြိုးဆယ်ချောင်းဖြစ်ပြီး အဆက်မပြတ်ဆန့်တန်းကာ ကြယ်တာရာကောင်းကင်ထက်ဝက်ကို ဖြန့်ကြက်ထားလေသည်။

ချိန်းကြိုးများ၏ အစွန်းက ဝေးကွာလွန်းသော အမှောင်ထုထဲမှာ ပျောက်ကွယ်သွားလေသည်။ အဲဒါက မည်သည့်နေရာသို့ ဦးတည်နေသည်ကို မသိရပေ။

ချိန်းကြိုးတစ်ချောင်းချင်းစီသည် ၎င်း၏ လုံးပတ်က လူဆယ်ယောက်ဖက်စာလောက်အထိ ကြီးမားတုတ်ခိုင်လေသည်။ သူတို့က သံချေးများတက်နေပြီး ခြစ်ရာအမှတ်အသားများဖြင့် ပြည့်နှက်နေ၏။

လုယွင်က ကြယ်တာရာကောင်းကင်၏ အလယ်မှာရှိသော အထီးကျန်ကျွန်းကို ကြည့်ကာ ပြောလိုက်၏။

“အဲဒါက မွန်မြတ်ကျွန်းပဲ… အဲဒါက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ပြင်ပကျင့်ကြံသူတွေ ခြေချနိုင်တဲ့ တစ်ခုတည်းသောနေရာပဲ”

“အဲဒီချိန်းကြိုးတွေက ဘာတွေလဲ”

ဆူဇီမိုက မေးလိုက်၏။

“အဲဒီချိန်းကြိုးတွေရဲ့ တခြားတစ်ဖက်က ဘယ်နေရာနဲ့ ချိတ်ဆက်ထားတာလဲ”

လုယွင်က ရှင်းပြလိုက်၏။

“မွန်မြတ်ချိန်းကြိုးဆယ်ချောင်းက ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေကို အကျဉ်းချထားတဲ့ အပြစ်သားကုန်းမြေဆယ်ခုနဲ့ ချိတ်ဆက်ထားတယ်ဆိုတဲ့ ဒဏ္ဍာရီရှိတယ်… အဲဒီနေရာက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ တားမြစ်နယ်မြေပဲ… ဘယ်သူကမှ မဝင်ရောက်နိုင်ဘူး”

“အပြစ်သားကုန်းမြေလား”

“ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေလား”

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး မွန်မြတ်ချိန်းကြိုးဆယ်ချောင်း၏ အခြားတစ်ဖက်ကို အတွေးနက်စွာဖြင့် ငေးကြည့်နေ၏။

သူတို့၏ အကြည့်များသည် တခြားတစ်ဖက်မှာရှိသော အမှောင်ထုကို မထိုးဖောက်နိုင်ရုံသာမက သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကပင် ထိုနေရာသို့ မရောက်ရှိနိုင်ပေ။ အဲဒါက ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး သူတို့သည် မည်သည့်အရာကိုမှ ထောက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။

ဘာကြောင့်ရယ်မသိ ဆူဇီမိုသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ဖော်မပြတတ်သော သက်တောင့်သက်သာမရှိမှုကို ခံစားနေရ၏။ သူ၏ ဘေးပတ်လည်မှ အရာရာတိုင်းက တင်းကျပ်လေးလံနေလေသည်။

ငါးရက်ကြာ အနားယူကုသပြီးနောက် မုန့်ဟောင်နှင့် ခုနှစ်စင်ကြယ်ဓားကမ္ဘာမှ ရှင်သန်ကျန်ရစ်ခဲ့သော ကြည့်ရှုသူထောင်ချီက အခြေအနေအတော်လေး ကောင်းမွန်လာပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်ကြပြီဖြစ်သည်။

လူတိုင်းသည် အင်မော်တယ်ယာဉ်ပျံ၏ အနားယူရာအခန်းထဲကနေ တစ်ယောက်ပြီးတစ်ယောက် လျှောက်လှမ်းထွက်လာကြ၏။ သူတို့က ဒဏ္ဍာရီလာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို စူးစမ်းလိုစိတ်ဖြင့် လှည့်ပတ်ကြည့်ရှုလိုက်ကြ၏။

ယာဉ်ပျံ၏ ဦးစွန်းမှာ မတ်တတ်ရပ်ရင်း လုယွင်က အင်မော်တယ်ယာဉ်ပျံပေါ်မှ ကျင့်ကြံသူများစွာကိုကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။

“မင်းတို့အများစုက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ပထမဆုံးအကြိမ်ရောက်လာတာဖြစ်ရမယ်… ဒီမှာ အားလုံးကို ပြောပြရမယ့် စည်းမျဉ်းစည်းကမ်းတစ်ချို့ရှိတယ်”

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ စွမ်းအားကြီးမားတဲ့ ကန့်သတ်ချုတ်နှောင်စွမ်းအားတစ်ခုရှိတယ်… သတ်မှတ်ထားတဲ့နေရာကလွဲရင် ဘယ်သူကမှ တခြားနေရာတွေမှာ ခိုက်ရန်ဖြစ်ပွားလို့မရဘူး… မဟုတ်ရင် အဲဒီသူတွေက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ ကန့်သတ်ချုပ်နှောင်စွမ်းအားနဲ့ အညှာတာမဲ့စွာ သတ်ဖြတ်ခြင်းခံရလိမ့်မယ်”

“မင်းတို့တွေ အဲဒါကို အာရုံခံမိချင်မှ ခံမိလိမ့်မယ်… ဒါပေမဲ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ငါ့လိုမျိုး အင်မော်တယ်ဘုရင်ပညာရှင်တွေတောင်မှ ကောင်းကင်လိုဏ်ဂူတွေကို မထုတ်ဖော်နိုင်ဘူး”

“ဧကရာဇ်ပညာရှင်တွေ စုဖွဲ့ထားတဲ့ လောကတွေတောင်မှ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ရောက်လာတဲ့အခါ ဖိနှိမ်ခံရလိမ့်မယ်လို့ ပြောတယ်”

လူတိုင်းက ထိုစကားကိုကြားသောအခါ ရင်တစ်ချက်ထိတ်သွား၏။

ဧကရာဇ်ပညာရှင်များပင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ကန့်သတ်ခံထားရပေလိမ့်မည်။

လုယွင်က ထပ်ပြောလိုက်၏။

“နောက်ပြီး ဘာအန္တရာယ်ကိုမှ မစွန့်စားနဲ့… ဥပမာ မွန်မြတ်ကျွန်းပေါ်မှာ ပဋိပက္ခဖြစ်လို့မရဘူး”

လုယွင်က ဆက်ပြောလိုက်၏။

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက အရမ်းကို ထူးခြားတယ်… မင်းတို့တွေက ဘယ်သူတွေပဲဖြစ်ဖြစ်… ဘယ်နေရာကနေပဲ လာလာ… မင်းတို့တွေက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ဝင်ရောက်လာပြီးရင် ဆယ်ရက်ပဲ နေလို့ရမယ်… မင်းတို့တွေက ဆယ်ရက်ပြည့်လို့မှ ထွက်မသွားဘူးဆိုရင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ သတ်ဖြတ်ခြင်းခံရလိမ့်မယ်”

“မင်းတို့ ထွက်သွားပြီးတဲ့နောက် နောက်နှစ်တစ်ထောင်ကြာပြီးမှ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ပြန်လည်ဝင်ရောက်နိုင်မယ်”

ဤစည်းမျဉ်းစည်းကမ်းက အနည်းငယ်ထူးဆန်းသည်ဟု ခံစားရသော်လည်း လူတိုင်းက အဲဒါကို နားလည်သဘောပေါက်လေသည်။

ထိုစည်းမျဉ်းစည်းကမ်းကြောင့် မဟုတ်လျှင် ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ မျိုးနွယ်စုတစ်သောင်းသက်ရှိများစွာသည် ဤနေရာသို့ ဝင်ရောက်လာကြမည်ဖြစ်ပြီး ထွက်ခွာလိုကြလိမ့်မည် မဟုတ်ပေ။ ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးက သူတို့အားလုံးကို ဝင်ဆံ့စေနိုင်မည် မဟုတ်ပေ။

ရုတ်တရက် ဆူဇီမိုက မေးလိုက်၏။

“စောစောက ညီအစ်ကိုလု ပြောတဲ့ သတ်မှတ်ထားတဲ့နေရာဆိုတာ အရင်က ခင်ဗျားပြောခဲ့တဲ့ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေလား”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ လာရာလမ်းမှာ လုယွင်သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေအကြောင်း ထုတ်ဖော်ပြောဆိုခဲ့လေသည်။

သို့သော်လည်း သူက အသေးစိတ်ရှင်းမပြနိုင်ခင် သူတို့သည် ခုနှစ်စင်ကြယ်ဓားကမ္ဘာ၏ ပြဿနာနှင့် ကြုံတွေ့ခဲ့ရသည်။

လုယွင်က ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်တယ်… မင်းက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ စိတ်ရှိတိုင်းတိုက်ခိုက်နိုင်တယ်… ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေရဲ့ ဝင်ပေါက်ဝက မွန်မြတ်ကျွန်းပေါ်မှာရှိတယ်”

လင်းရွှင်ကျန်းတို့အုပ်စုကလွဲလျှင် ကျင့်ကြံသူအများစုသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ပထမဆုံးအကြိမ်ရောက်ရှိလာခြင်းဖြစ်ပြီး သူတို့က စဉ်းစားရခက်နေကြသည်။

လုယွင်က ပြောလိုက်၏။

“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေက ရှေးဟောင်းတိုက်ပွဲမြေနဲ့ ဆင်တူတယ်… အဲဒါက တည်ဆောက်မှုပုံသဏ္ဍာန်ငယ်လိုမျိုးပဲ… အဲဒါကို ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေလို့ ခေါ်တဲ့အကြောင်းအရင်းကတော့ အဲဒီအထဲမှာ ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်သက်ရှိတွေ အများကြီးရှိနေလို့ပဲ”

“အဲဒီဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေက အပြစ်သားကုန်းမြေဆယ်ခုကနေ လာတာလား… ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေက အတိအကျ ဘာကိုရည်ညွှန်းခေါ်ဆိုတာလဲ”

ဆူဇီမိုသည် ဤဝေါဟာရကို လုယွင်ထံမှ နောက်တစ်ဖန်ကြားသိလိုက်ရသည်။

လုယွင်က ပြောလိုက်၏။

“အထဲမှာရှိတဲ့ ဆိုးယုတ်မိစ္ဆာတွေဆိုတာ ယက္ခမျိုးနွယ်နဲ့ အဆူရာမျိုးနွယ်လို ရက်စက်ကြမ်းတမ်းပြီး လူမဆန်တဲ့ စွမ်းအားကြီးမားတဲ့ သက်ရှိတစ်ချို့ကို ခေါ်ဆိုတာပဲ”

“ဟမ်”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

သိုင်းတာအိုပင်မခန္ဓာကနေတစ်ဆင့် တစ္ဆေတာအိုမှ သက်ရှိများသည် ဒဏ္ဍာရီလာ ယက္ခမျိုးနွယ်ဖြစ်သည်ကို သူကြားသိခဲ့ရသည်။

တစ္ဆေတာအိုနှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသည် မဖျက်ဆီးနိုင်သည့် လောကအဟန့်အတားများ ခြားနေသည့် သီးခြားလောကနှစ်ခုဖြစ်လေသည်။

သိုသော်ယခု ယက္ခမျိုးနွယ်သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ပေါ်ထွက်လာပြီး သူတို့ကို ဆိုးယုတ်မိစ္ဆာများဟု ခေါ်ဆိုကြလေသည်။

အဆူရာမျိုးနွယ်သည် အဆူရာတာအိုကနေ မွေးဖွားပေါ်ထွက်လာသော ထူးခြားသည့် သက်ရှိတစ်မျိုးဖြစ်လေသည်။

တစ္ဆေတာအိုနှင့် အဆူရာတာအိုမှ သက်ရှိများကို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ဆိုးယုတ်မိစ္ဆာများအဖြစ် ရည်ညွှန်းခေါ်ဆိုလေသည်။

ငရဲတာအိုမှ တမလွန်မျိုးနွယ်သည်လည်း မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဆိုးယုတ်မိစ္ဆာများ၏ တစ်စိတ်တစ်ပိုင်းဖြစ်နေမည်ဆိုလျှင် အံ့အားသင့်စရာမရှိပေ။

ဆူဇီမိုက လေးနက်သောအသံဖြင့် မေးလိုက်၏။

“အပြစ်သားစိတ်ဝိညာဉ်တွေဆိုတာ ဘာအဓိပ္ပာယ်လဲ”

လုယွင်က ရှင်းပြလိုက်၏။

“ရှေးဟောင်းခေတ်မှာတုန်းက မျိုးနွယ်စုတချို့က သက်ရှိတွေက ဆိုးယုတ်မိစ္ဆာတွေရဲ့ ညှို့ငင်ဖမ်းစားခြင်းခံခဲ့ရတယ်လို့ဆိုတယ်… သူတို့တွေက ကြီးလေးတဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့ကြတယ်… အဲဒီသူတွေက သူတို့ရဲ့မျိုးဆက်တွေပဲ”

ယုလန်က ပြောလိုက်၏။

“အပြစ်သားစိတ်ဝိညာဉ်တွေရဲ့ အဲဒီမျိုးဆက်တွေကြားမှာ မျိုးနွယ်စုအတော်များများ ပါဝင်တယ်… အဲဒီမှာ လူသားကျင့်ကြံသူတွေတောင်မှ ပါဝင်တယ်… ဒါပေမဲ့ သူတို့က ဆိုးယုတ်စိတ်ဝိညာဉ်တွေဖြစ်ပြီး ဆိုးယုတ်မိစ္ဆာတွေနဲ့ လုံးဝမကွာခြားဘူးဆိုတာကို မင်းတို့တွေ သိထားရမယ်… အချိန်ကျလာရင် သနားညှာတာမှုပြနေစရာမလိုဘူး”

လင်းရွှင်ကျန်း၊ ဝမ်တုန်နှင့် အခြားသူများက ခေါင်းညိတ်ပြလိုက်၏။

သူတို့သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို အရင်က ရောက်ရှိဖူးပုံရပြီး ဤကဲ့သို့သော ကိစ္စများနှင့် စိမ်းသက်မနေပေ။

ဆူဇီမိုက တိတ်တဆိတ်ဖြင့် မျက်မှောင်အနည်းငယ်ကြုတ်ထား၏။

ထိုသို့ဆိုလျှင် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆိုးယုတ်မိစ္ဆာများစွာသည် ရှေးဟောင်းခေတ်တုန်းက ယက္ခမျိုးနွယ်နှင့် အဆူရာမျိုးနွယ်တို့၏ မျိုးဆက်များဖြစ်ကြပေလိမ့်မည်။

သို့သော်လည်း တစ်ချိန်တည်းမှာပင် နောက်ထပ်မေးခွန်းတစ်ခုက ဆူဇီမို၏ ရင်ထဲမှာ ပေါ်ထွက်လာ၏။

“သူတို့တွေက အပြစ်သားစိတ်ဝိညာဉ်တွေ ဖြစ်တယ်ဆိုမှတော့ သူတို့က အရင်တုန်းက ဘယ်လိုကြီးလေးတဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့ကြလို့လဲ”

ဆူဇီမိုက ရုတ်တရက်မေးလိုက်၏။

ပီထျန်ရှင်းက ပြောလိုက်၏။

“အဲဒီဆိုးယုတ်စိတ်ဝိညာဉ်တွေက ဆိုးယုတ်မိစ္ဆာတွေရဲ့ ညှို့ငင်ဖမ်းစားခြင်းခံခဲ့ရတယ်… သူတို့တွေက မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေနဲ့ ရန်သူတွေဖြစ်လာခဲ့တယ်… သူတို့က ဆိုးယုတ်မိစ္ဆာတွေဘက်ကနေ ကူညီပေးပြီး ကြီးလေးတဲ့ပြစ်မှုတွေကို ကျူးလွန်ခဲ့ကြတယ်”

ဆူဇီမိုက ထပ်မံ၍မေးလိုက်၏။

“ဒါပေမဲ့ အဲဒါတွေက ရှေးဟောင်းခေတ်တုန်းက အရေးကိစ္စတွေပဲ… အခုဒီမှာရှိတဲ့ ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေက သူတို့ရဲ့မျိုးဆက်တွေဖြစ်ရုံပဲ… သူတို့က ရှေးဟောင်းခေတ်က အရေးကိစ္စတွေနဲ့ ဘာများပတ်သက်လို့လဲ”

ယုလန်က ပြောလိုက်၏။

“ရောင်းရင်းဆူ… ရှင် အဲဒါကို အခုချိန်မှာ သိချင်မှသိလိမ့်မယ်… ဒါပေမဲ့ အဲဒီဆိုးယုတ်မိစ္ဆာတွေက ပင်ကိုသဘာဝအလျောက် ရက်စက်ကြမ်းကြုတ်ကြတယ်…. သူတို့တွေက အထက်ဘုံက သက်ရှိတွေအပေါ် အရမ်းကို ရန်လိုစိတ်ရှိကြတယ်… မျိုးဆက်ဘယ်လောက်ပဲ ဖြတ်သန်းလာခဲ့ပါစေ… သူတို့ရဲ့ ပင်ကိုသဘာဝက ပြောင်းလဲမသွားဘူး”

ဆူဇီမိုက အဲဒါနှင့်ပတ်သက်၍ အနည်းငယ် နားလည်သဘောပေါက်မှု ရှိလေသည်။

ငရဲမှ သက်ရှိများသည် သူက အထက်ဘုံလောကကနေ လာသည်ဟု ကြားသိရသောအခါ သူတို့အများစုသည် သူ့အပေါ်မှာ သိပ်သည်းပြင်းထန်သော ရန်လိုစိတ်နှင့် သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ကြလေသည်။

“အထဲမှာရှိတဲ့ အပြစ်သားစိတ်ဝိညာဉ်တွေကရော”

ဆူဇီမိုက မေးလိုက်၏။

“သူတို့တွေက ဒီဘက်မျိုးဆက်မှာ မွေးဖွားလာခဲ့တယ်… မရေမတွက်နိုင်တဲ့ မျိုးဆက်ပေါင်းများစွာ ခြားသွားခဲ့ပြီ… သူတို့တွေက ရှေးဟောင်းခေတ်က သူတို့ရဲ့ ဘိုးဘေးတွေအမှားနဲ့ ဘာမှမသက်ဆိုင်တော့ဘူး… သူတို့က အဲဒီအပြစ်ဒဏ်တွေအားလုံးကို ဘာလို့ခံစားနေရတာလဲ”

လုယွင်၊ ယုလန်နှင့် အခြားသူများက ခဏမျှ မှင်တက်သွားကြသည်။

တစ်ယောက်ယောက်က ကြီးလေးသည့်ပြစ်မှုကို ကျူးလွန်ခဲ့သော်လည်း သူတို့က အပြစ်ဒဏ်ကို ခံယူပြီးသွားခဲ့ပြီဖြစ်သည်။

သို့သော်လည်း သူတို့၏ မျိုးဆက်များသည် မျိုးဆက်ဘယ်လောက်များများ ဖြတ်သန်းလာခဲ့ပါစေ၊ သို့မဟုတ် နှစ်ပေါင်းဘယ်လောက်များစွာ ကြာခဲ့ပါစေ၊ ထိုအပြစ်ဒဏ်ကို ခံစားနေကြရဆဲဖြစ်သည်။

ဤလူများ၏ မျိုးဆက်များသည် သူတို့မွေးဖွားလာသည့်ခဏမှာပင် အပြစ်သားအမှတ်အသားကို လက်ခံရရှိပြီး အပြစ်ဒဏ်ကို မလွဲမသွေလက်ခံယူရလေသည်။ သူတို့မှာ ပြန်လည်ပြင်ဆင်ခွင့် သို့မဟုတ် တကြော့ပြန် ဦးမော့လာခွင့် လုံးဝမရှိပေ။

သို့သော်လည်း ဤမျိုးဆက်များသည် အတိတ်ကာလတုန်းက အပြစ်သားများနှင့် ဘာများသက်ဆိုင်လို့လဲ။

ခဏနေပြီးနောက် ယုလန်က တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။

“အပြစ်သားစိတ်ဝိညာဉ်တွေရဲ့ အဲဒီမျိုးဆက်တွေရဲ့ ခန္ဓာကိုယ်ထဲမှာ မကောင်းမှုဒုစရိုက်သွေးတွေက စီးဆင်းနေမှာပဲ”

ထိုသို့ပြောလိုက်သော်လည်း ယုလန်၏ လေသံက သေချာရေရာမှုမရှိပေ။

လုယွင်နှင့် အခြားသော တောင်ထွတ်သခင်များကလည်း အလေးအနက် စဉ်းစားတွေးတောနေကြ၏။

ကုန်းစွန်းယွီက ဆူဇီမိုကိုကြည့်ပြီး ပြုံးပြလိုက်၏။

“တောင်ထွတ်သခင်… ခင်ဗျားက ဆိုးယုတ်တိုက်ပွဲမြေကို ဝင်ရောက်တဲ့အခါ သိရပါလိမ့်မယ်… ခင်ဗျားက အထဲမှာ သနားကြင်နာမှုကို ပြနေမယ်ဆိုရင်တောင် အဲဒီဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေက ခင်ဗျားကို လွှတ်ပေးမှာ မဟုတ်ဘူး”

“အဲဒီဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေက တခြားသူတွေအတွက် ရက်စက်ကြမ်းကြုတ်ကြတယ်… ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ သူတို့သေရင်သေ… မသေရင် ခင်ဗျားသေရလိမ့်မယ်…. အဲဒီမှာ တခြားရွေးချယ်စရာမရှိဘူး။”

All Chapters