မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ တံဆိပ်ပြား
Vol. 186 Ch. 2783
မွန်မြတ်စံအိမ်သည် မွန်မြတ်ကျွန်း၏ အလယ်မှာရှိပြီး ကျွန်းပေါ်မှာ အမြင့်မားဆုံးနှင့် အကြီးမားဆုံး အဆောက်အအုံဖြစ်လေသည်။ ၎င်းသည် အလွန်တရာ ထင်ရှားပေါ်လွင်နေ၏။ ဓားကမ္ဘာမှ လူတိုင်းသည် မွန်မြတ်စံအိမ်ရှိရာသို့ ဦးတည်လာခဲ့ပြီး လမ်းမှာ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများစွာနှင့် ကြုံတွေ့ခဲ့ရသည်။
အခြားသောကမ္ဘာများမှ ကျင့်ကြံသူများနှင့် သက်ရှိအများစုသည် ဓားကမ္ဘာမှ လူတိုင်းနှင့် ကြုံတွေ့ရသည့်အခါ လေးစားသမှုအချို့ကို ပြသကြပေလိမ့်မည်။
တခြားသော ထိပ်တန်းကမ္ဘာကြီးများမှ သက်ရှိအချို့ပင်လျှင် လုယွင်နှင့် အခြားသူများကို တွေ့မြင်သည့်အခါ နှုတ်ဆက်ကြပေလိမ့်မည်။
သို့သော်လည်း ဆူဇီမိုတို့အုပ်စုသည် လူအရေအတွက်များပြားလွန်းပြီး ဆွေးနွေးပြောဆိုသံများစွာကို ထွက်ပေါ်လာစေ၏။
“ဓားကမ္ဘာက လူတွေ ဒီလောက်အများကြီး ဘာလို့ရောက်လာတာလဲ… သူတို့တွေက ကမ္ဘာမြေနဲ့ ကောင်းကင်အင်မော်တယ်တွေကိုတောင်မှ ခေါ်လာသေးတယ်”
“အဲဒီလူတွေရဲ့ ဝတ်စားဆင်ယင်ပုံက ဓားကမ္ဘာနဲ့ မတူသလိုပဲ… သူတို့က ခုနစ်စဉ်ကြယ်ဓားကမ္ဘာက ဖြစ်ပုံရတယ်”
“ဪ ဒါနဲ့… ခုနစ်စဉ်ကြယ်ဓားကမ္ဘာက လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖျက်ဆီးခံလိုက်ရတယ်လို့ ငါကြားတယ်… သက်ရှိပေါင်း သန်းရာချီကာ ကောင်းကင်ဘုံမျက်လုံးကမ္ဘာရဲ့ သတ်ဖြတ်သုတ်သင်ခြင်း ခံရပြီး ခုနှစ်စင်ကြယ်ဓားကမ္ဘာက အပျက်အစီးပုံဘဝ ပြောင်းလဲသွားပြီ”
“အဲဒီလူအုပ်စုက ခုနစ်စဉ်ကြယ် ဓားကမ္ဘာက ကျန်နေတဲ့ ကျင့်ကြံသူတွေပဲ ဖြစ်ရမယ်”
ကျင့်ကြံသူများနှင့် သက်ရှိများစွာသည် အပြန်အလှန်ဆွေးနွေးပြောဆိုပြီးနောက် အကြမ်းဖျင်းခန့်မှန်းမိသွားပြီဖြစ်သည်။
သိပ်မကြာခင် ဓားကမ္ဘာမှ လူတိုင်းက မွန်မြတ်စံအိမ်ရှေ့သို့ ရောက်ရှိလာကြသည်။
လုယွင်က ပြောလိုက်၏။
“ပကတိစိတ်ဝိညာဉ်တိုင်းက မွန်မြတ်စံအိမ်မှာ ကိုယ်ပိုင်သရုပ်သကန် တံဆိပ်ပြားတစ်ခုကို ရယူနိုင်တယ်… တံဆိပ်ပြားရဲ့ရှေ့မှာ စိတ်ဝိညာဉ်အသိစိတ်တစ်ခုကို ချန်ထားပြီး မင်းတို့ရဲ့နာမည်ကို ရေးထိုးလိုက်… နောက်ဘက်မှာ မင်းတို့ရဲ့ တိုက်ပွဲဝင်အမှတ်တွေကို ပြပေးလိမ့်မယ်”
“စိတ်ဝိညာဉ်အသိစိတ်အမှတ်အသားလား”
ဆူဇီမိုက အတွေးနက်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
သူသည် တစ်စုံတစ်ရာကို ရုတ်တရက် အမှတ်ရသွားသည်။ သူသည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသို့ ပထမဆုံး ရောက်ရှိလာစဉ်က သူသည် မင်းသားယွမ်ကျော ကျင်းပသည့် အမဲလိုက်ပွဲမှာ ပါဝင်ခဲ့ရလေသည်။
ထိုအချိန်မှာတုန်းက မင်းသားယွမ်ကျောသည် လူတိုင်းကို တံဆိပ်ပြားတစ်ခုစီ ဖြန့်ဝေပေးပြီး ၎င်းအပေါ်မှာ သူတို့၏ စိတ်ဝိညာဉ်အသိစိတ်အမှတ်အသားကို ချန်ထားခဲ့ခိုင်းလေသည်။
တကယ်တော့ မင်းသားယွမ်ကျောသည် ထိုစိတ်ဝိညာဉ်အသိစိတ်အမှတ်အသားကိုသုံးပြီး လူတိုင်းကို စောင့်ကြည့်ကာ သူတို့၏ စိတ်ဝိညာဉ်အသိစိတ်အမှတ်အသားများနှင့်အတူ ကျင့်ကြံသူတိုင်း၏ တည်နေရာတိုင်းနှင့် လှုပ်ရှားမှုတိုင်းကို ထိန်းချုပ်ထားခဲ့လေသည်။
ဆူဇီမို၏ စိုးရိမ်ပူပန်မှုကို ပြောနိုင်သည့်အလား လုယွင်က ပြောလိုက်၏။
“ညီအစ်ကိုဆူ ဘာမှစိုးရိမ်စရာမလိုဘူး… ဒီမွန်မြတ်ကောင်းကင်ဘုံတံဆိပ်ပြားက ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့တာ… အဲဒီမှာ ပြဿနာတစ်ခုခု ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး”
ဆူဇီမိုက ပြုံး၍ ရှင်းပြမနေပေ။
တကယ်တော့ မွန်မြတ်ကောင်းကင်ဘုံတံဆိပ်ပြားမှာ သေစေနိုင်သော အန္တရာယ်တစ်ခုခု ရှိနေမည်ဆိုလျှင်တောင် ဤကဲ့သို့သော လှည့်ကွက်များက သူ့အပေါ်မှာ ဆက်လက်၍ မခြိမ်းခြောက်နိုင်တော့ပေ။
ယင်ယန်အဆောင်သုတ္တန်ကို ကျင့်ကြံပြီးနောက် တက္ကသိုလ်၏ ဂိုဏ်းချုပ်ပင်လျှင် သူနှင့်ပတ်သက်သည့် အရာရာတိုင်းကို မတွက်ချက်နိုင်တော့ပေ။
ယင်ယန်အဆောင်သုတ္တန်၏ ဓမ္မတာအိုနှင့်အတူ ဆူဇီမိုသည် ၎င်းအပေါ်မှာ သူ၏ စိတ်ဝိညာဉ်အသိစိတ်အမှတ်အသားကို ချန်ပေးခဲ့နိုင်လေသည်။
သို့သော်လည်း သူတို့က မိုင်ပေါင်းဘီလီယံချီ ကွာဝေးနေမည်ဆိုလျှင်တောင် သူသည် အတွေးတစ်ချက်နှင့်အတူ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားပေါ်မှာ သူ၏ စိတ်ဝိညာဉ်အသိစိတ်အမှတ်အသားကို ပြန်ဖျက်နိုင်လေသည်။
လုယွင်က ဆက်ပြောလိုက်သည်။
“မွန်မြတ်ကောင်းကင်ဘုံတံဆိပ်ပြားကို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာပဲ သုံးလို့ရတယ်… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကနေ မထွက်ခွာခင် မင်းက မွန်မြတ်စံအိမ်မှာ တံဆိပ်ပြားကို ပြန်သိမ်းထားခဲ့ရမယ်… အဲဒီတိုက်ပွဲအမှတ်တွေက ဆက်ရှိနေမှာ… မင်းက နောက်တစ်ခါလာတဲ့အခါ အဲဒါကို ဆက်ပြီး အသုံးပြုနိုင်တယ်”
ခဏမျှ ရပ်တန့်ပြီးနောက် လုယွင်က ဆက်ပြောလိုက်၏။
“တကယ်တော့ သက်ရှိတစ်ဦးက အပြင်မှာ သေဆုံးသွားမယ်ဆိုရင် သူ့ရဲ့မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားက ပိုင်ရှင်မရှိတော့ဘူးဆိုတဲ့ သဘောပဲ… အဲဒီအပေါ်မှာရှိတဲ့ တိုက်ပွဲအမှတ်တွေကလည်း ပျောက်ကွယ်သွားလိမ့်မယ်”
“ဝမ်တုန်… ရွှင်ကျန်း... မွန်မြတ်စံအိမ်ကိုသွားပြီး မင်းတို့ရဲ့တံဆိပ်ပြားတွေကို ပြန်ယူလာခဲ့… တံဆိပ်ပြားမရှိသေးတဲ့သူတွေက မွန်မြတ်စံအိမ်ကနေ အဲဒါကို ရယူနိုင်တယ်”
လင်းရွှင်ကျန်းနှင့် ဝမ်တုန်၏ ဦးဆောင်မှုအောက်မှာ ဆူဇီမို၊ ပေမင်ရွှယ်၊ မုန့်ဟောင်နှင့် အခြားသော ပကတိအင်မော်တယ်အချို့သည် မွန်မြတ်စံအိမ်၏ ဘယ်ဘက်မှာရှိသော ခန်းမထဲသို့ ဝင်ရောက်လိုက်ကြ၏။
ခန်းမထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး သူ၏ ဘေးပတ်လည်မှာ လွင့်မျောနေသည့် သေးငယ်သော အလင်းစက်များကို တွေ့မြင်လိုက်ရ၏။
လင်းရွှင်ကျန်း၊ ဝမ်တုန်နှင့် အခြားသူများက သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်လိုက်ပြီး အလင်းစက်တစ်ခုစီက သူတို့ရှိရာသို့ လွင့်မျောလာလေသည်။ အဲဒါက သူတို့၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ တံဆိပ်ပြားများ ဖြစ်ကြသည်။
ဆူဇီမိုသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်လိုက်သည့်အခါ တံဆိပ်ပြားတစ်ခုက လွင့်မျောလာလေသည်။ ၎င်းကို ကျောက်စိမ်းနှင့် ဆင်တူသည့် တစ်မူထူးခြားသော ပစ္စည်းတစ်မျိုးဖြင့် ပြုလုပ်ထားသော်လည်း အဲဒါက ကျောက်စိမ်းမဟုတ်သလို ကျောက်သားတစ်ခုခုလည်း မဟုတ်ပေ။ နှစ်ဖက်စလုံးက ဗလာကျင်းနေ၏။
ဆူဇီမိုက သူ၏ စိတ်ဝိညာဉ်အသိစိတ်နှင့်အတူ တံဆိပ်ပြား၏ တစ်ဖက်ခြမ်းမှာ ဆူကျူးဟူသော စာလုံးကို ရေးထိုးလိုက်လေသည်။ ထို့နောက် ချက်ချင်းပင် တံဆိပ်ပြား၏ နောက်ဘက်မှာ တိုက်ပွဲရမှတ်ဟူသော စာလုံးက ပေါ်ထွက်လာ၏။
တိုက်ပွဲရမှတ်စာလုံး၏ နောက်မှာက ဗလာကျင်းနေပြီး မည်သည့်ကိန်းဂဏန်းကိုမှ ပြသမထားပေ။
ပေမင်ရွှယ်၊ မုန့်ဟောင်နှင့် အခြားသူများကလည်း တူညီစွာ ပြုလုပ်လိုက်ကြ၏။
ခဏနေပြီးနောက် လူတိုင်းသည် ခန်းမထဲကနေ ထွက်ခွာပြီး မွန်မြတ်စံအိမ်၏ ဝင်ပေါက်ဝသို့ ပြန်လည်ရောက်ရှိလာကြသည်။
လုယွင်က မွန်မြတ်စံအိမ်၏ ဝင်ပေါက်ဝမှာ ကမ္ဘာမြေအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်ထောင်ချီကို ကြည့်ပြီး လေးနက်စွာဖြင့် ပြောလိုက်၏။
“အရင်ဆုံး ဂေဟာတစ်ခု ငှားရမ်းရအောင်… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ အန္တရာယ်တစ်ခုခု မရှိဘူးဆိုပေမဲ့ ဒီခရီးစဉ်မှာ ငါတို့က လူအရေအတွက် များလွန်းတယ်… ငါတို့က ဂေဟာတစ်ခုကို ငှားရမ်းမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေနိုင်တယ်”
ပကတိစိတ်ဝိညာဉ် သို့မဟုတ် ထိုထက်ပိုမိုသန်မာသော ပညာရှင်များသာလျှင် မွန်မြတ်စံအိမ်ထဲသို့ ဝင်ရောက်နိုင်ကြသည်။ ဓားကမ္ဘာသို့ ယခုတင် ဝင်ရောက်လာသော ခုနစ်စဉ်ကြယ်ဓားကမ္ဘာမှ ကျင့်ကြံသူများထဲမှ စံအိမ်ထဲသို့ ဝင်ရောက်ဖို့ အဆင့်မမီသူ ထောင်ချီရှိနေလေသည်။
ယုလန်က မျက်မှောင်အနည်းငယ် ကျုံ့လိုက်၏။
“လူထောင်ချီ ဝင်ဆံ့နိုင်မယ့် ဂေဟာတစ်ခုကို ငှားရမ်းဖို့ဆိုတာ အဲဒါက တစ်နေ့ကို တိုက်ပွဲဝင်အမှတ် ဆယ်မှတ်လောက် ကျနေလိမ့်မယ်”
“အဲဒါက တိုက်ပွဲရမှတ် ဆယ်မှတ်ပဲမလား… အဲဒါက သိပ်ပြီး မများဘူးမလား”
ဆူဇီမိုက အကဲစမ်းမေးမြန်းလိုက်သည်။
ယုလန်က သူမ၏ ခေါင်းကို ခါပြီး ရှင်းပြလိုက်၏။
“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ တိုက်ပွဲရမှတ်တွေကို ရဖို့ဆိုတာ အရမ်းကို ခဲယဉ်းတယ်… သုခဘုံလေဟာနယ်နယ်ပယ် ဆိုးယုတ်မိစ္ဆာတစ်ဦး ဒါမှမဟုတ် အပြစ်သားစိတ်ဝိညာဉ်တစ်ဦးကို သတ်ဖြတ်တာက တိုက်ပွဲရမှတ် ဆယ်မှတ်ပဲ ထိုက်တန်တယ်ဆိုတာ သိထားရမယ်”
“ပေါင်းစည်းခြင်းနယ်ပယ် ဆိုးယုတ်မိစ္ဆာတွေက တိုက်ပွဲရမှတ်တစ်မှတ်ပဲ ထိုက်တန်တယ်… အာကာသသက်ရှိနယ်ပယ် ဆိုးယုတ်မိစ္ဆာတွေက ရမှတ်သုံးမှတ် ထိုက်တန်ပြီး ဗလာနယ်ဝိညာဉ်နယ်ပယ် ဆိုးယုတ်မိစ္ဆာတွေက ရမှတ်ခြောက်မှတ် ထိုက်တန်တယ်”
မုန့်ဟောင်က ငေးမောမှင်တက်သွား၏။
“ဘုရားရေ... ဂေဟာတစ်ခုကို တစ်ရက်ငှားရမ်းဖို့အတွက် ကျုပ်တို့တွေက သုခဘုံလေဟာနယ်နယ်ပယ် ဆိုးယုတ်မိစ္ဆာတစ်ဦးကို သတ်ဖြတ်ရမယ်ဆိုတဲ့ သဘောပေါ့”
ယုလန်က ပြောလိုက်၏။
“အမှန်ပဲ…. ငါတို့တွေက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ဆယ်ရက်နေမယ်ဆိုရင် ငါတို့က တိုက်ပွဲရမှတ်တစ်ရာကို အလွယ်တကူ သုံးစွဲရလိမ့်မယ်”
ဖုန့်ရှုက ပြောလိုက်၏။
“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ လူတွေအများကြီးရှိတယ်… ဂေဟာတစ်ခုကို ငှားရမ်းတာက အနည်းဆုံး တခြားကမ္ဘာက သက်ရှိတွေက ငါတို့ကို စုံစမ်းထောက်လှမ်းမှာကို တားဆီးပေးနိုင်တယ်… ငါတို့အနေနဲ့ အထဲမှာ လွတ်လွတ်လပ်လပ် ပြောဆိုလို့ရတယ်… ငါတို့က တစ်ခုခုလုပ်စရာ ရှိမယ်ဆိုရင် အဲဒါက ပိုပြီးတော့ သင့်လျော်တယ်”
ထိုစဉ်မှာပင် လင်းရွှင်ကျန်းက ရုတ်တရက် မှင်သေသေဖြင့် ပြောလိုက်၏။
“ဆရာ… ဂေဟာတစ်ခု ငှားရအောင်… တိုက်ပွဲရမှတ် တစ်ရာကို ကျွန်မပြန်ရှာနိုင်ပါတယ်”
“ကောင်းပြီလေ”
လင်းရွှင်ကျန်း၏ စကားကို ကြားသောအခါ ယုလန်က ဆက်လက်၍ မငြင်းဆန်တော့ပေ။
သိပ်မကြာခင် ဓားကမ္ဘာမှ လူတိုင်းသည် မွန်မြတ်စံအိမ်အနီးနားမှာ လစ်လပ်နေသော ဂေဟာတစ်ခုကို ရှာဖွေတွေ့ရှိလိုက်ကြ၏။ ဂေဟာ၏ ဝင်ပေါက်ဝမှာ တံဆိပ်ပြားတစ်ခုပုံစံ အချိုင့်ရာတစ်ခု ရှိနေ၏။
လင်းရွှင်ကျန်းက ရှေ့သို့တက်လှမ်းပြီး သူမ၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို တံခါးပေါ်ရှိ အချိုင့်ရာပေါ်မှာ တင်လိုက်လေသည်။ အဲဒါက ကွက်တိအံကျနေ၏။
ထို့နောက်ချက်ချင်းပင် ဂေဟာက ဝင်းလက်တောက်ပလာပြီး တံခါးက ပွင့်သွားလေသည်။
ဓားကမ္ဘာမှ ပကတိအင်မော်တယ်များကြားမှာ ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများတွင် တိုက်ပွဲအကျိုးဆောင်ရမှတ် ဆယ်မှတ်ထက် ပိုမရှိပေ။
လင်းရွှင်ကျန်း၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ တံဆိပ်ပြားပေါ်မှာသာ တိုက်ပွဲရမှတ်များစွာ ရှိနေပြီး သူမက ဤဂေဟာကို ငှားရမ်းနိုင်လေသည်။
ဆူဇီမိုက အဲဒါကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည်။
စစချင်း ဂေဟာ၏ ဘေးပတ်လည်မှာ အပြင်လူများ အတင်းအကျပ် ဝင်ရောက်လာခြင်းကို တားဆီးပေးထားသည့် စွမ်းအားကြီးမားသော အဟန့်အတားတစ်ခု ရှိနေ၏။ ထိုအဟန့်အတားကို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ တံဆိပ်ပြားထဲရှိ တိုက်ပွဲရမှတ်များနှင့်သာ ဖယ်ရှားနိုင်လေသည်။
ကမ္ဘာမြေအင်မော်တယ်နှင့် ကောင်းကင်အင်မော်တယ်ထောင်ချီကို ဂေဟာထဲမှာ အထိုင်ချပေးပြီးနောက် လုယွင်က ကောင်းကင်ထက်ကို မော့ကြည့်လိုက်၏။
“အချိန်က အဖိုးတန်တယ်… ငါတို့တွေ နောက်ကျလို့ မဖြစ်ဘူး… မင်းတို့တွေက မွန်မြတ်စံအိမ်ကို အခုပဲသွားပြီး ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်ရောက်ဖို့အတွက် ပြင်ဆင်သင့်တယ်လို့ ငါထင်တယ်”
လူတိုင်းသည် မွန်မြတ်စံအိမ်မှာ ဆယ်ရက်သာ နေနိုင်မည်ဖြစ်သည်။
ယခုအချိန်မှာ လူတိုင်းသည် တိုက်ပွဲရမှတ်တစ်မှတ်ကိုမှ မရရှိနိုင်ခင် လင်းရွှင်ကျန်းသည် တိုက်ပွဲရမှတစ်ရာကို သုံးစွဲခဲ့ရပြီးလေပြီ။
“ကောင်းပြီလေ”
ကုန်းစွန်းယွီ၊ ဝမ်တုန်နှင့် အခြားသူများက အားတက်သရောရှိလာပြီး စိတ်အားထက်သန်စွာဖြင့် သူတို့၏ လက်ဖဝါးများကို ပွတ်သပ်လိုက်ကြ၏။
တောင်ထွတ်သခင်ငါးဦးသည် လင်းရွှင်ကျန်း၊ ဝမ်တုန်၊ မုန့်ဟောင်နှင့် အခြားသော ပကတိအင်မော်တယ်များနှင့်အတူ ဂေဟာထဲကနေ ထွက်ခွာပြီး မွန်မြတ်စံအိမ်သို့ နောက်တစ်ဖန် ရောက်ရှိလာကြ၏။
“မွန်မြတ်စံအိမ်ကို အကြမ်းဖျင်း အပိုင်းနှစ်ပိုင်း ခွဲထားတယ်”
လုယွင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဘယ်ဘက်ခြမ်းမှာ တစ်မူထူးခြားတဲ့ ရတနာများစွာရှိတဲ့ စေတီတစ်ဆူ ရှိတယ်… ညာဘက်ခြမ်းကတော့ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဦးတည်နေတယ်”
ဖုန့်ရှုက ပြောလိုက်၏။
“အရင်ဆုံး ဘယ်ဘက်ခြမ်းက ရတနာစေတီဆီကို သွားရတာပေါ့… သောကြာဂြိုဟ် မဟူရာရွှေကျောက်တုံးက တိုက်ပွဲရမှတ် ဘယ်လောက်များများတန်လဲ သွားကြည့်ကြမယ်… အဲဒါမှ ငါတို့က အခြေအနေကို စဉ်းစားချင့်ချိန်နိုင်လိမ့်မယ်”
ဓားကမ္ဘာမှ လူတိုင်းသည် မွန်မြတ်စံအိမ်ထဲသို့ ဝင်ရောက်လာကြ၏။
ဘယ်ဘက်ခြမ်းသို့ ချိုးကွေ့လာပြီးနောက် သူတို့သည် ငွားငွားစွင့်စွင့် မြင့်မားသော စေတီတစ်ဆူရှေ့သို့ ရောက်ရှိလာကြသည်။ အဲဒါက မွန်မြတ်စံအိမ်၏ ရတနာစေတီ ဖြစ်လေသည်။