ကျောက်တုံးမျိုးနွယ်
Vol. 186 Ch. 2784
ရတနာစေတီထဲသို့ ဝင်ရောက်လာပြီးနောက် ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားလေသည်။ မရေမတွက်နိုင်သော ရှားပါးရတနာများကို နေရာတိုင်းမှာ ခင်းကျင်းပြသထားသည်။
ဆေးလုံးများ၊ နတ်ဘုရားလက်နက်များ၊ လောကဆိုင်ရာ ရတနာများ၊ ကျင့်ကြံရေးနည်းစနစ်များ၊ လျှို့ဝှက်အတတ်များ၊ အင်မော်တယ်ဆေးပင်များ၊ အင်မော်တယ်သတ္တုရိုင်းများနှင့် တောကောင်ဥများ…။
အဲဒီမှာ သက်ရှိသက်မဲ့ပစ္စည်းများအပါအဝင် အရာရာတိုင်းကို ရရှိနိုင်လေသည်။ အကုန်လုံးကို ရတနာစေတီ၏ ပထမထပ်မှာ ခင်းကျင်းပြသထားသည်။
မုန့်ဟောင်သည်လည်း ရတနာစေတီသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ပြီး တအံ့တဩဖြစ်နေကြသည်။
ရတနာတစ်ခုချင်းစီကို အရွယ်အစားအမျိုးမျိုးနှင့် ရတနာဘောင်များထဲမှာ ချိပ်ပိတ်ကာ ထည့်ထားပြီး သူတို့အပေါ်မှာ မတူညီသော ကိန်းဂဏန်းများကို ရေးထိုးထားလေသည်။
နံပါတ်တစ်ခုချင်းစီ၏ ဘေးမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားတစ်ခုအရွယ် အချိုင့်ရာတစ်ခု ရှိလေသည်။ လုယွင်က အသံနှိမ့်၍ ပြောလိုက်၏။
“အဲဒီအပေါ်မှာရှိတဲ့ နံပါတ်တွေက ရတနာတစ်ခုချင်းစီအတွက် ဖလှယ်ရယူဖို့လိုအပ်တဲ့ တိုက်ပွဲရမှတ်တွေကို ဖော်ပြထားတာပဲ…. မင်းတို့တွေက ရတနာတစ်ခုခုကို ရယူချင်တယ်ဆိုရင် မင်းတို့ရဲ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို အဲဒီအပေါ်မှာ တင်ရမယ်… မင်းတို့မှာ လုံလောက်တဲ့ တိုက်ပွဲရမှတ်တွေ ရှိနေမယ်ဆိုရင် ရတနာဘောင်က သူ့ဘာသာသူ ပွင့်သွားပြီး မင်းတို့က အထဲမှာရှိတဲ့ရတနာကို ယူသွားနိုင်တယ်”
“ရတနာစေတီကို ဘယ်သူကမှ စောင့်ကြပ်မနေဘူးဆိုပေမဲ့ အထဲမှာရှိတဲ့တစ်ခုခုကို လုယူခိုးယူရဲတဲ့ ဘယ်သူမဆို သတ်ဖြတ်ခံရလိမ့်မယ်”
ဆူဇီမိုသည် သာမန်ကာလျှံကာ တစ်ချက်ကြည့်ပြီးနောက် မလှမ်းမကမ်း ရတနာဘောင်တစ်ခုထဲမှာ ကောင်းမွန်စွာ ထိန်းသိမ်းထားသည့် တာအိုသစ်သီးတစ်လုံးကို တွေ့မြင်လိုက်ရ၏။
ပုံမှန်အခြေအနေမှာဆိုလျှင် ပကတိစိတ်ဝိညာဉ်အများစုသည် တာအိုသစ်သီးများကို သူတို့၏ ခန္ဓာကိုယ်များထဲမှာ ကျင့်ကြံထားကြပေလိမ့်မည်။
ဓမ္မတာအိုများနှင့် မျိုးနွယ်စုများအပေါ်မူတည်ပြီး သူတို့၏ အမည်နှင့် အခေါ်အဝေါ်များက ကွဲပြားသွားရုံမျှသာ ဖြစ်လေသည်။
သို့သော်လည်း ဤကဲ့သို့ ကောင်းမွန်စွာထိန်းသိမ်းထားသည့် တာအိုသစ်သီးတစ်လုံးကို ရရှိဖို့က မလွယ်ကူပေ။
တာအိုသစ်သီးတစ်လုံးချင်းစီမှာ ထိုသက်ရှိ၏ တစ်ဘဝစာ ကျင့်ကြံထားခဲ့သော ဓမ္မတာအို လေးနက်သိမ်မွေ့မှုများ ပါဝင်နေ၏။ တစ်ယောက်ယောက်က တာအိုသစ်သီးတစ်လုံးကို ချေဖျက်စုပ်ယူနိုင်မည်ဆိုလျှင် ထိုကျင့်ကြံသူ၏ ကျင့်ကြံမှုက ကြီးမားစွာ မြင့်တက်လာပေလိမ့်မည်။
ထိုရတနာဘောင်ပေါ်မှာ တစ်ဆယ်ဆိုသော ကိန်းဂဏန်း ရှိနေ၏။
တိုက်ပွဲရမှတ် ဆယ်မှတ်။
ဆူဇီမိုသည် တိတ်တဆိတ် မှင်တက်သွားလေသည်။ ကောင်းမွန်စွာ ထိန်းသိမ်းထားသည့် တာအိုသစ်သီးတစ်လုံးက တိုက်ပွဲရမှတ် ဆယ်မှတ်သာ လိုအပ်လေသည်။
ဓားကမ္ဘာမှ လူတိုင်းသည် လှည့်ပတ်ကြည့်ရှုရင်း ရတနာစေတီခန်းမထဲမှာ လျှောက်လှမ်းဝင်ရောက်လာ၏။
အမြုတေမနက်ခင်း ကောင်းကင်သလင်း - တိုက်ပွဲရမှတ် ၁၀၀
ခရမ်းရောင်သွေး အင်မော်တယ်မှို - တိုက်ပွဲရမှတ် ၂၀၀
သွေးအသွင်ပြောင်းအပ် - တိုက်ပွဲရမှတ် ၂၅၀
လူတိုင်းက အနက်ပိုင်းသို့ လျှောက်လှမ်းလာစဉ် ဘေးပတ်လည်မှာရှိသော ရတနာများအတွက် လိုအပ်သည့် တိုက်ပွဲရမှတ်များက ပို၍တိုးလာလေသည်။
သိပ်မကြာခင် ဆူဇီမိုသည် ရင်းနှီးနေကျ ရတနာတစ်ခုကို တွေ့မြင်လိုက်ရ၏။
ဗောဓိစေ့…
အရင်တုန်းက ဤရတနာကို အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာသည် စင်ကြယ်ခံ့ညားကောင်းကင်ဘုံ၏ လျှို့ဝှက်ကုန်းမြေထဲမှာ ချထားခဲ့လေသည်။ အဲဒါက ဆူဇီမို၏ ကျင့်ကြံမှုအတွက် အလွန်တရာ အသုံးတည့်ခဲ့ပြီး အဲဒါက အထက်ဘုံလောကမှာပင်လျှင် အလွန်တရာရှားပါးပြီး အဖိုးတန်သောရတနာတစ်ခုဖြစ်သည်။
ဗောဓိစေ့အတွက် တိုက်ပွဲရမှတ် ၅၀၀ လိုအပ်လေသည်။
ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ပေါင်းစည်းခြင်းနယ်ပယ် ဆိုးယုတ်မိစ္ဆာတစ်ဦးကို သတ်ဖြတ်ခြင်းက တိုက်ပွဲရမှတ် တစ်မှတ်ကိုသာ ရရှိပေမည်။
သုခဘုံလေဟာနယ်နယ်ပယ် ဆိုးယုတ်မိစ္ဆာတစ်ဦးကသာ တိုက်ပွဲရမှတ် ဆယ်မှတ် ထိုက်တန်လေသည်။
တိုက်ပွဲရမှတ် ၅၀၀ ကို ရရှိဖို့က မလွယ်ကူပေ။
သူတို့ရောက်ရှိလာခဲ့သည်မှာ တစ်နာရီကြာသွားခဲ့သည်။ သူတို့သည် ရတနာစေတီ ပထမထပ်ခန်းမ၏ တစ်ဝက်ကိုသာ လျှောက်လှမ်းလာရသေးလေသည်။ ဓားကမ္ဘာမှ လူများသည် သောကြာဂြိုဟ် မဟူရာရွှေကျောက်တုံးကို ယခုအချိန်ထိ မတွေ့မြင်ရသေးပေ။
လုယွင်၊ ယုလန်နှင့် အခြားသူများက မျက်မှောင်ကြုတ်လိုက်ကြ၏။
သောကြာဂြိုဟ် မဟူရာရွှေကျောက်တုံးသည် တိုက်ပွဲရမှတ်များစွာကို လိုအပ်နေမည်ဆိုလျှင် လင်းရွှင်ကျန်းနှင့် အခြားသူများအပေါ် ဖိအားက တိုးလာပေလိမ့်မည်။ သူတို့သည် ဤခရီးစဉ်ကနေ လက်ဗလာနှင့် လှည့်ပြန်သွားရဖို့ အခွင့်များလာ၏။
လူတိုင်းသည် ပထမထပ်ခန်းမ၏ အဆုံးနားအထိ လျှောက်လှမ်းလာကြသည်။ နောက်ဆုံးမှာ သူတို့သည် ရတနာဘောင်တစ်ခုထဲတွင် သောကြာဂြိုဟ် မဟူရာရွှေကျောက်တုံးကို တွေ့မြင်လိုက်ရသည်။
သောကြာဂြိုဟ် မဟူရာရွှေကျောက်တုံးသည် လက်သည်းခွံအရွယ်သာရှိပြီး အဲဒါက တိုက်ပွဲရမှတ်တစ်ထောင် ကျသင့်လေသည်။
ယုလန်က ညင်သာစွာ သက်ပြင်းချလိုက်၏။
“တိုက်ပွဲရမှတ် တစ်ထောင်တဲ့… ဒါက ရတနာစေတီရဲ့ ပထမထပ်မှာ အဖိုးတန်ဆုံးရတနာပဲ”
ဆူဇီမိုသည် လုယွင်၊ ယုလန်နှင့် အခြားသူများ၏ မျက်နှာများပေါ်ရှိ အခက်တွေ့နေသော အမူအရာများကို တွေ့မြင်သောအခါ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ဝင်ရောက်ရခြင်းသည် သူတွေးထင်ထားသည်ထက် များစွာပိုမိုခက်ခဲပြီး ပို၍အန္တရာယ်များလောက်သည်ကို သူက နားလည်သဘောပေါက်လိုက်၏။
တိုက်ပွဲရမှတ် တစ်ထောင်ဆိုသည်မှာ ဆယ်ရက်အတွင်း သူတို့က တစ်ရက်မှာ တိုက်ပွဲရမှတ် တစ်ရာကို စုဆောင်းရမည်ဟု ဆိုလိုလေသည်။
သူတို့သည် သုခဘုံလေဟာနယ် ပကတိစိတ်ဝိညာဉ်ဆယ်ဦးကို သတ်ဖြတ်ရမည်ဟုလည်း ဆိုလိုလေသည်။
ဆူဇီမိုသည် ယခင်က ယက္ခမျိုးနွယ်နှင့် အဆူရာမျိုးနွယ်တို့နှင့် ခဏတစ်ဖြုတ် တိုက်ခိုက်ခဲ့ဖူးပြီး ဤကဲ့သို့သော သက်ရှိများက ဘယ်လောက်ကြောက်စရာကောင်းသလဲ သိထားလေသည်။ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ သူတို့ကို ကိုင်တွယ်ဖို့က တကယ်ပင် ဒုက္ခများပေလိမ့်မည်။
ဆူဇီမိုက ခဏမျှ စဉ်းစားတွေးတောပြီး ပြောလိုက်၏။
“ကျုပ်တို့က လုံလောက်တဲ့ တိုက်ပွဲရမှတ်ကို တစ်ခါတည်းမစုဆောင်းနိုင်ဘူးဆိုရင် နှစ်တစ်ထောင် စောင့်ဆိုင်းပြီးမှ နောက်တစ်ခါ ပြန်လာလို့ရတယ်မလား”
“ဒါပေါ့ ရတယ်”
လုယွင်က ပြောလိုက်၏။
“ဒါပေမဲ့ မင်းနောက်တစ်ခါ ပြန်လာတဲ့အချိန်မှာ သောကြာဂြိုဟ် မဟူရာရွှေကျောက်တုံးက ရှိချင်မှ ရှိတော့လိမ့်မယ်… နောက်ပြီး တိုက်ပွဲရမှတ် တစ်ထောင်ကို စုဆောင်းဖို့ဆိုရင် မင်းက ဆိုးယုတ်မိစ္ဆာတွေ အများကြီးကို သတ်ဖြတ်ရလိမ့်မယ်… ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ စွမ်းအားကြီးမားတဲ့ ဆိုးယုတ်မိစ္ဆာတွေက သေချာပေါက် မင်းကိုပစ်မှတ်ထားလာလိမ့်မယ်”
“မင်းက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို နောက်တစ်ခါ ဝင်ရောက်တဲ့အချိန်မှာ အားနည်းတဲ့ ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေက ကောင်းကောင်းပုန်းကွယ်နေကြလိမ့်မယ်… မင်းက အထဲမှာရှိတဲ့ စွမ်းအားကြီးမားတဲ့ ဆိုးယုတ်မိစ္ဆာတွေရဲ့ ပစ်မှတ်ထားခံရပြီး တိုက်ပွဲရမှတ် အတော်များများကို စုဆောင်းဖို့အခွင့်အရေး ရရှိချင်မှ ရရှိတော့လိမ့်မယ်”
ဖုန့်ရှုက ပြောလိုက်၏။
“ငါသိရသလောက်ဆိုရင် သမိုင်းတစ်လျှောက်မှာ အသန်မာဆုံး ပကတိစိတ်ဝိညာဉ်တွေက တိုက်ပွဲရမှတ် ငါးထောင်ဝန်းကျင်ကိုပဲ စုဆောင်းနိုင်ခဲ့ကြတယ်…. အဲဒါထက် လွန်သွားရင် တိုက်ပွဲရမှတ်တွေကို စုဆောင်းဖို့က အရမ်းကို ခက်ခဲလာတယ်”
လင်းရွှင်ကျန်းက ပြောလိုက်၏။
“တိုက်ပွဲရမှတ် တစ်ထောင်ကို ဆယ်ရက်အတွင်းရဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
ကုန်းစွန်းယွီက ထပ်ပြောလိုက်သည်။
“တောင်ထွတ်သခင်တို့… ဘာမှမပူပါနဲ့… ကျုပ်တို့မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြား ရှိနေတာပဲ…. ကျုပ်တို့က အန္တရာယ်တစ်ခုနဲ့ ကြုံတွေ့ရမယ်ဆိုရင် အချိန်မရွေး ဆုတ်ခွာလာလို့ရတယ်”
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားမှာ နောက်ထပ်အသုံးဝင်မှုတစ်ခု ရှိနေ၏။
သူတို့သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ကိုင်ဆောင်ထားသည်နှင့်အမျှ သူတို့သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ အချိန်မရွေးထွက်ခွာပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ပြန်လာနိုင်လေသည်။ သို့သော်လည်း ထိုသို့ပြုလုပ်ဖို့အတွက် တစ်ကြိမ်ချင်းစီမှာ တိုက်ပွဲရမှတ်ဆယ်မှတ်ကို သုံးစွဲရပေလိမ့်မည်။
အင်မော်တယ်ဘုရင်ထိုက်လန်က ထပ်ပြောလိုက်၏။
“အဲဒါ ဟုတ်တယ်… ငါတို့တွေက ဒီကိုရောက်လာပြီဆိုမှတော့ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ တိုက်ခိုက်ကြရမယ်”
ပုံမှန်အားဖြင့် သူတို့သည် ဓားကမ္ဘာမှ တပည့်ဂိုဏ်းသားရောင်းရင်းများနှင့် လက်ရည်စမ်းသည့်အခါ ကန့်သတ်မှုများစွာနှင့်အတူ သူတို့၏ ခွန်အားကို ချုပ်ထိန်းထားရလေသည်။
ယခု သူတို့သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ရောက်ရှိလာကြပြီး သူတို့အနေဖြင့် ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များနှင့် တိုက်ခိုက်ရာမှာ ထိန်ချန်ထားစရာ မလိုအပ်ပေ။ သူတို့သည် သူတို့စိတ်ကျေနပ်အားရသည်အထိ သတ်ဖြတ်နိုင်ပြီး လူတိုင်းက လက်ဗလာနှင့် ပြန်မသွားလိုကြပေ။
လုယွင်၊ ယုလန်နှင့် အခြားသူများက အကြည့်ချင်းဖလှယ်၍ ခဏကြာ တွေဝေတုံ့ဆိုင်းပြီးနောက် ခေါင်းညိတ်လိုက်ကြ၏။
ပီထျန်ရှင်းက ပြောလိုက်၏။
“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေက ကောင်းမွန်တဲ့နေရာတစ်ခု မဟုတ်ဘူး… အထဲမှာရှိတဲ့ ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေက ရက်စက်ကြမ်းကြုတ်ကြတယ်… နောက်ပြီး သူတို့မှာ စွမ်းအားကြီးမားတဲ့ တိုက်ခိုက်ရည်ခွန်အား ရှိတယ်… သူတို့ကို လျှော့တွက်လို့မရဘူး”
“အထဲမှာရှိတဲ့ ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေကြားမှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတွေကို နားလည်ဆင်ခြင်ထားတဲ့ ပြန်ဝင်စားမွန်းစတားတွေတောင်မှ ရှိတယ်… မင်းတို့က သူတို့နဲ့ကြုံတွေ့ရမယ်ဆိုရင် သူတို့နဲ့ တိုက်ခိုက်မနေနဲ့… ချက်ချင်းပြန်ဆုတ်လာခဲ့”
“အထဲမှာရှိတဲ့ ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေကလည်း အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတွေကို နားလည်ဆင်ခြင်ထားကြတာလား”
မုန့်ဟောင်က တုန်လှုပ်သွားလေသည်။
“ဒါပေါ့”
လုယွင်က ပြောလိုက်၏။
“အထဲမှာရှိတဲ့ အသန်မာဆုံး ဆိုးယုတ်မိစ္ဆာတွေနဲ့ စိတ်ဝိညာဉ်အပြစ်သားတွေက အပြင်လောကမှာရှိတဲ့ မျိုးနွယ်စုတစ်သောင်းက ပြိုင်စံရှားတွေ၊ ပြန်ဝင်စားမွန်းစတားတွေထက် သေချာပေါက် မနိမ့်ကျဘူး… အဲဒါကြောင့်သာ မဟုတ်ရင် အထဲမှာရှိတဲ့ ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေက အကုန်လုံးသတ်ဖြတ်ခံခဲ့ရတာ ကြာနေရောပေါ့”
“ရှေးဟောင်းခေတ်ကတည်းက အထဲမှာ သေဆုံးပြီး ဆိုးယုတ်မိစ္ဆာတွေရဲ့ အစာဖြစ်သွားတဲ့ ပြိုင်စံရှားတွေ အများကြီး ရှိခဲ့ဖူးတယ်”
“အပေါ်ယံမှာကြည့်ရင်တော့ မင်းတို့တွေက ဆိုးယုတ်မိစ္ဆာတွေကို သတ်ဖြတ်ပြီး တိုက်ပွဲရမှတ်တွေကို စုဆောင်းဖို့ အဲဒီထဲကို ဝင်ရောက်ကြမှာပဲ… ဒါပေမဲ့ အထဲမှာရှိတဲ့ ဆိုးယုတ်မိစ္ဆာတွေနဲ့ စိတ်ဝိညာဉ်အပြစ်သားတွေကလည်း မင်းတို့ကို သတ်ဖြတ်ပြီး မင်းတို့ရဲ့ ကျင့်ကြံရေးအရင်းအမြစ်တွေကို ရယူချင်နေကြတာပဲ”
ယုလန်က ထပ်ပြောလိုက်၏။
“နောက်ပြီး ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေကို သတိထားရမယ့်အပြင် မင်းတို့တွေက တခြားကမ္ဘာတွေက ပကတိစိတ်ဝိညာဉ်တွေကိုလည်း သတိထားရမယ်”
“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဘာကန့်သတ်မှုမှ မရှိဘူး… ပကတိစိတ်ဝိညာဉ်တွေကြား တိုက်ခိုက်မှုတွေက မကြာခဏဖြစ်ပွားတတ်တယ်… မင်းတို့တွေအားလုံး သတိထားရမယ်”
ဖုန့်ရှုက ပြောလိုက်၏။
“ငါစောစောက လှည့်ပတ်ကြည့်ရှုထားခဲ့သလောက် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်နဲ့ ကျောက်တုံးမျိုးနွယ်က သူတွေကို မတွေ့ရဘူး… အဲဒါက ငါတို့အတွက် ကောင်းတာပဲ”
“ကျောက်တုံးမျိုးနွယ်လား”
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွား၏။
လုယွင်က ရှင်းပြလိုက်၏။
“ကျောက်တုံးကမ္ဘာကလည်း ထိပ်တန်းကမ္ဘာကြီးတစ်ခုပဲ… အဲဒါက ငါတို့ဓားကမ္ဘာနဲ့ ဆက်ဆံရေးမကောင်းဘူး… အဲဒီအငြိုးအတေးတွေက အရမ်းကို ကြာခဲ့ပြီ… အဲဒါက ခေတ်တချို့တောင် ကြာသွားခဲ့ပြီနဲ့တူတယ်”
“ကျောက်တုံးမျိုးနွယ်ရဲ့ မျိုးဆက်သွေးက သာမန်ပဲ… ဒါပေမဲ့ သူတို့ရဲ့ ကိုယ်ကာယက အရမ်းကို မာကြောတယ်… နတ်ဘုရားလက်နက်တွေတောင်မှ သူတို့ကို ထိခိုက်အောင်လုပ်နိုင်ချင်မှ လုပ်နိုင်လိမ့်မယ်… ကျောက်တုံးမျိုးနွယ်ဝင်တွေကို မှတ်မိသိရှိဖို့က လွယ်ပါတယ်… သူတို့အများစုက ထောင်ထောင်မောင်းမောင်းနဲ့ တုတ်ခိုင်သန်မာကြတယ်… သူတို့ရဲ့ အရေပြားက မီးခိုးရောင်ဖြစ်ပြီး ကျောက်သားတစ်လွှာနဲ့ ဖုံးအုပ်ထားသလို ကြမ်းတမ်းနေတယ်”
“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာတင် မဟုတ်ဘူး… မင်းတို့တွေက တခြားတစ်နေရာမှာ ကျောက်တုံးမျိုးနွယ်က လူတွေနဲ့ ကြုံတွေ့မယ်ဆိုရင်လည်း မင်းတို့ သတိထားရမယ်”
ဆူဇီမိုက ခေါင်းညိတ်ကာ အဲဒါကို မှတ်ထားလိုက်လေသည်။