← Chapters

တုန်လှုပ်သွားခြင်း

Vol. 186 Ch. 2789

တုန်လှုပ်သွားခြင်း

Vol. 186 Ch. 2789

ယက္ခိုသ်မျိုးနွယ်၏ ပကတိစိတ်ဝိညာဉ် ၁၀၀ ကျော်ကြားမှာ ထိုယက္ခိုသ်အမျိုးသမီးသည် အသန်မာဆုံး တိုက်ခိုက်ရည်ခွန်အားရှိပြီး အခြေအနေတစ်ရပ်လုံးကို ထိန်းချုပ်ကွပ်ကဲနေသည့် သူတို့၏ခေါင်းဆောင်ဖြစ်လေသည်။

သူမသည် အန္တိမနတ်ဘုရားစွမ်းအား၊ အချိန်ရပ်တန့်ခြင်းကို ထုတ်ဖော်ပြီး အသင်္ချေဓားဝင်္ကပါတွင် ဟာကွက်တစ်ခုကို ထွက်ပေါ်လာစေသော်လည်း စောစောက တိုက်ခိုက်ဖလှယ်မှုကနေ ဓားဝင်္ကပါကို ထုတ်ဖော်ထားသည့် လူရှစ်ဦးက အားမနည်းသည်ကို သူမက ရှင်းရှင်းလင်းလင်း ပြောနိုင်လေသည်။

ထိုမဆိုသလောက် ဟာကွက်မှာ သူတို့ရှစ်ယောက်ထဲမှ တစ်ယောက်ယောက်ကို သတ်ဖြတ်ဖို့က လက်တွေ့မဆန်ပေ။

ဒါ့အပြင် သူတို့ရှစ်ယောက်ထဲမှာ တစ်ဦးတည်းသော ဓားကိုင်အမျိုးသမီးက အရမ်းကိုသန်မာပြီး သူမပင်လျှင် ခြိမ်းခြောက်မှုကို ခံစားနေရသည်။

သူမမှာ လျှပ်တပြက်အခွင့်အရေး တစ်ခုသာလျှင် ရှိလေသည်။

ထိုအခိုက်အတန့်အပြီးမှာ ဓားကိုင်အမျိုးသမီးက တုံ့ပြန်လာပေလိမ့်မည်။

ထိုတဒင်္ဂအခိုက်အတန့်သည် သုခဘုံလေဟာနယ် ပကတိစိတ်ဝိညာဉ်တစ်ဦးကို ကိုင်တွယ်ဖို့ သေချာပေါက် မလုံလောက်ပေ။

သို့သော်လည်း သူမသည် ပေါင်းစည်းခြင်းနှင့် အာကာသသက်ရှိ ပကတိစိတ်ဝိညာဉ်များကို ပြဿနာမရှိဘဲ သတ်ဖြတ်နိုင်လေသည်။

သူမ၏ ပစ်မှတ်သည် ဓားဝင်္ကပါ၏ အလယ်မှာရှိသော အမျိုးသားနှင့် အမျိုးသမီးဖြစ်လေသည်။ အဲဒါက လျှပ်တပြက်ပေါ်ထွက်လာသော အကြံမဟုတ်ဘဲ သေချာစဉ်းစားတွက်ချက်ထားသော အစီအစဉ်တစ်ခု၏ ရလဒ်ဖြစ်လေသည်။

ဤလူများသည် ယက္ခိုသ်များကို ခုခံဆန့်ကျင်ရန် အုံ့မှိုင်းသော တောအုပ်၏ မြေပြင်အနေအထားကို အားသာချက်အဖြစ် အသုံးချနိုင်မည်ဟု မှတ်ယူနေကြသည်။

သို့သော်လည်း သူတို့က အုံ့မှိုင်းသော တောအုပ်ထဲသို့ မဝင်ရောက်ခင် အလောင်းနှစ်လောင်း ကျန်ရစ်ခဲ့အောင် သူမက ပြုလုပ်ရပေမည်။

သူမသည် ဆေဘာနှစ်လက်ကို ကိုင်စွဲပြီး အနက်ရောင်လင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ဓားဝင်္ကပါ၏ အလယ်မှာရှိသော အမျိုးသားနှင့် အမျိုးသမီးရှေ့သို့ ရိပ်ခနဲရောက်ရှိလာ၏။

အမျိုးသားနှင့် အမျိုးသမီးသည် အကြောက်လွန်နေပုံရပြီး တုံ့ပြန်နိုင်ခြင်းမရှိဘဲ နေရာမှာတင် မလှုပ်မယှက် မတ်တတ်ရပ်နေကြ၏။

အမျိုးသားမှာ ချောမောသော မျက်နှာပေါက်နှင့် ရှင်းလင်းသော မျက်လုံးများရှိပြီး သူမကို မော့ကြည့်လာခဲ့၏။

သူတို့၏ မျက်လုံးများက အကြည့်ချင်းဆုံသွားသည့်အခါ သူမသည် ရင်ထဲမှာ ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိလိုက်၏။

“ဒီလူက တကယ်ပဲ စက်ဆုပ်စရာကောင်းတဲ့ပုံမပေါ်ဘူး… သူ့အသက်ကို ချမ်းသာပေးမယ်ဆိုရင်ရော ဘယ်လိုလဲ”

ထိုအတွေးက ဖျတ်ခနဲ ပေါ်ထွက်လာသည့် ခဏမှာပင် သူမက အဲဒါကို ပယ်ချလိုက်၏။

“သူက ဒီနေရာကို ဝင်ရောက်လာဖို့ ရွေးချယ်တယ်ဆိုမှတော့ အဲဒါက ငါတို့ကို အမဲလိုက်ပြီး တိုက်ပွဲရမှတ်တွေကို ရရှိဖို့ထက် မပိုဘူး… ဒီနေရာမှာ ဘယ်သူကမှ ရိုးသားတဲ့သူမရှိဘူး… ဒီလူလည်း အတူတူပဲနေမှာ”

ထိုသို့အတွေးဖြင့် သူမသည် ဆက်လက်၍ တွေဝေတုံ့ဆိုင်းမနေတော့ဘဲ သူမ လက်ထဲရှိ ဆေဘာကွေးနှစ်လက်က ဖျပ်ခနဲလက်ကာ အမျိုးသားနှင့် အမျိုးသမီး၏ ဦးခေါင်းများရှိရာသို့ ခုတ်ပိုင်းကျဆင်းလာ၏။

ထိုခုတ်ချက်တစ်ချက်နှင့်အတူ သူတို့၏ ဦးခေါင်းများက နှစ်ပိုင်းလှီးဖြတ်ခံရလိမ့်မည် ဖြစ်လေသည်။ သူတို့၏ တာအိုသစ်သီးများကပင် သူမ၏ ဆေဘာကို ခုခံနိုင်မည်မဟုတ်ပေ။

ရုတ်တရက်ဆိုသလို…

သူမရှေ့မှာရှိသော အစိမ်းရောင်ဝတ်အမျိုးသားက သူ၏ လက်ကို မြှောက်လိုက်၏။

သူက များစွာလှုပ်ရှားခြင်းမရှိဘဲ သူ၏ ကိုယ်နေဟန်ထားက ပြောင်းလဲမသွားပေ။ သူက လက်ညှိုးတစ်ချောင်းကိုသာ ဆန့်ထုတ်ပြီး သူမ၏ ဆေဘာနှစ်လက်ကို ဖမ်းတောက်လိုက်လေသည်။

အစိမ်းရောင်ဝတ်အမျိုးသားက သူ၏ လက်ညှိုးကို ဆန့်ထုတ်လိုက်သည်ကို တွေ့မြင်သောအခါ သူမက အဲဒါကို စိတ်ထဲမှာ အလေးအနက်မထားပေ။

အစိမ်းရောင်ဝတ်အမျိုးသားသည် လက်ညှိုးတစ်ချောင်းကို မပြောနှင့်၊ သူ၏ စိတ်ဝိညာဉ်ရတနာကို ဆင့်ခေါ်မည်ဆိုလျှင်တောင် သူသည် သူမဆေဘာ၏ ထက်ရှမှုကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

သူတို့နှစ်ဦးကြား ကျင့်ကြံမှုနယ်ပယ်နှင့် ခွန်အားကွာဟချက်က ကြီးမားလွန်းလေသည်။

သို့သော်လည်း အစိမ်းရောင်ဝတ်အမျိုးသား၏ လက်ညှိုးက ဆေဘာများနှင့် ထိခတ်သွားသည့် ခဏမှာပင် သူမ၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားပြီး သူမ၏ အမူအရာက သူမမျက်လုံးထဲရှိ မယုံကြည်နိုင်မှုနှင့်အတူ ပြောင်းလဲသွားလေသည်။

ကျောက်စိမ်းလို လက်ညှိုးက ကောင်းကင်ထိုးဖောက်ကျောက်တိုင်တစ်တိုင်ကဲ့သို့ သူမ၏ ဆေဘာနှစ်လက်ကို ပြင်းထန်စွာ ထိခတ်ပြီး တုန်လှုပ်စရာကောင်းသော ခွန်အားကို ထွက်ပေါ်လာစေသည်။

ထိုအခိုက်အတန့်မှာ သူမသည် သူမလက်ထဲရှိ ဆေဘာနှစ်လက်ကို လွတ်ကျလုမတတ် ဖြစ်သွားရလေသည်။ သူမ၏ လက်ညှိုးလက်မခွကြားက ချက်ချင်းပင် စုတ်ပြဲသွားပြီး သွေးများက ကောင်းကောင်းစီးကျလာ၏။

သူမက ရင်တစ်ချက်ထိသွားသည်။

ထိုစဉ်မှာပင် အေးစက်နေသော ဓားအလင်းက သူမရှေ့မှာ ပေါ်ထွက်လာ၏။ ၎င်းက အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။

အဲဒါသည် ဓားကိုင်အမျိုးသမီး တိုက်ခိုက်လိုက်မှု ဖြစ်လေသည်။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ထိုဓားက သူမကို လုံးဝမထိခိုက်စေနိုင်ပေ။

သို့သော်လည်း သူမ၏ ဆေဘာအလျင်အဟုန်သည် အစိမ်းရောင်ဝတ်အမျိုးသား၏ လက်ချောင်းဖြင့် ပိတ်ဆို့တားဆီးခြင်းခံရပြီး သူမ၏ လှုပ်ရှားမှုက ခဏမျှ ရပ်တန့်သွားလေသည်။

ပို၍အရေးပါသည်မှာ စောစောက မြင်ကွင်းသည် သူမအပေါ် ကြီးမားသည့် ရိုက်ချက်တစ်ခု ဖြစ်လာခဲ့ပြီး သူမ၏ တုံ့ပြန်မှုက အနည်းငယ်နှေးကွေးသွားသည်။

သူမက ရုတ်တရက် တစ်ဖက်သို့လှည့်ပြီး သူမ၏ အသားပြားတောင်ပံများကို အသည်းအသန်ခတ်ကာ ဓားအလင်းတန်းကနေ ထွက်ပြေးတိမ်းရှောင်ချင်လေသည်။

ကံဆိုးစွာနှင့်ပင် သူမက နောက်ကျသွားဆဲဖြစ်သည်။

ဖောက်…

တစ်ဖက်ခြမ်းမှာရှိသော သူမ၏ လက်တစ်ဖက်နှင့် တောင်ပံနှစ်ဖက်က ခုတ်ချက်တစ်ချက်ဖြင့် ပိုင်းဖြတ်ခံလိုက်ရပြီး လေထဲမှာ သွေးများက ဖိတ်စင်ပြန့်ကျဲလာ၏။

ဒဏ်ရာအပြင်းအထန်ရရှိထားသော်လည်း သူမသည် ယက္ခိုသ်မျိုးနွယ်၏ ပင်ကိုနတ်ဘုရားစွမ်းအားကို မှီခိုပြီး သူမ၏ မျိုးဆက်သွေးနှင့်အတူ သွေးနီရောင်တောင်ပံနှစ်ဖက်ကို စုဖွဲ့ကာ သူမ၏ ဟန်ချက်ကို ထိန်း၍ တိုက်ပွဲနယ်မြေကနေ ထွက်ပြေးတိမ်းရှောင်သွားလေသည်။

“နှမြောစရာပဲ”

ထိုသည်ကို တွေ့မြင်သောအခါ ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများက သူတို့ဘာသာသူတို့ တွေးလိုက်ကြ၏။

ယက္ခိုသ်မျိုးနွယ်၏ လှုပ်ရှားမှုနည်းစနစ်က အရမ်းကိုမြန်ဆန်လေသည်။

သူတို့က ဒဏ်ရာအပြင်းအထန်ရရှိထားသည်ဆိုလျှင်တောင် သူတို့ကို သတ်ဖြတ်ဖို့ အခွင့်အရေးရချင်မှ ရပေလိမ့်မည်။

တကယ်တော့ လင်းရွှင်ကျန်း၏ တိုက်ခိုက်ရည်ခွန်အားအရ သူမက ဆက်လက်၍ လိုက်လံတိုက်ခိုက်မည်ဆိုလျှင် ထိုအမျိုးသမီးကို သတ်ဖြတ်နိုင်ဖို့ ဖြစ်နိုင်ခြေ မြင့်မားလေသည်။

သို့သော်လည်း လင်းရွှင်ကျန်း မရှိတော့သည်နှင့် သူတို့အနေဖြင့် အသင်္ချေဓားဝင်္ကပါကို ထိန်းသိမ်းထားဖို့ ခက်ခဲသွားပေလိမ့်မည်။ ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများသည် အန္တရာယ်ရှိချင်မှ ရှိပေလိမ့်မည်။

သို့သော်လည်း ဆူဇီမိုနှင့် ပေမင်ရွှယ်က အန္တရာယ်ကျရောက်လာပေမည်။

ယက္ခိုသ်မျိုးနွယ်နှင့် ဆူဇီမို၏ တိုက်ခိုက်ဖလှယ်မှုက လျှပ်တပြက်အတွင်း ဖြစ်ပွားခဲ့လေသည်။

ဒါ့အပြင် ဆူဇီမို၏ လှုပ်ရှားမှုက အလွန်တရာ သိမ်မွေ့လေသည်။ ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများသည့် အဲဒါကို သတိမထားမိဘဲ လင်းရွှင်ကျန်းက ဆူဇီမိုနှင့် ပေမင်ရွှယ်ကို အချိန်မီကယ်တင်လိုက်နိုင်သည်ဟု သူတို့က တွေးထင်လိုက်ကြ၏။

လင်းရွှင်ကျန်းကသာ မျက်မှောင်အနည်းငယ်ကြုတ်ပြီး တစ်စုံတစ်ရာလွဲမှားနေသည်ဟု ခံစားနေရသည်။

ပုံမှန်အခြေအနေမှာဆို သူမ၏ ဓားသည် ယက္ခိုသ်အမျိုးသမီးကို ထိအောင်ခုတ်ပိုင်းနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ယက္ခိုသ်အမျိုးသမီးသည် တိုက်ခိုက်ပြီးနောက် သူမက ထူးဆန်းစွာ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ ထို့ကြောင့်ပင် ယက္ခိုသ်အမျိုးသမီးသည် သူမ၏ ဓားချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရရှိသွားခြင်း ဖြစ်လေသည်။

ယခုအချိန်မှာ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲပင်။ လင်းရွှင်ကျန်းသည် အဲဒါနှင့်ပတ်သက်၍ များစွာစဉ်းစားမနေနိုင်ဘဲ လူတိုင်းကို ကာကွယ်ပေးကာ အုံ့မှိုင်းသော တောအုပ်ရှိရာသို့ ဝင်ရောက်လာခဲ့သည်။

သူတို့၏ ခေါင်းဆောင်က ဒဏ်ရာအပြင်းအထန်ရရှိသွားသည်ကို ယက္ခိုသ်များ တွေ့မြင်သောအခါ သူတို့၏ မျက်လုံးများက နီရဲလာခဲ့သည်။ သူတို့က လင်းရွှင်ကျန်းနှင့် အခြားသူများကို လွှတ်ပေးဖို့ စိတ်ကူးမရှိဘဲ နက်ရှိုင်းသော တောအုပ်ထဲသို့ မရမကဆက်လိုက်ရန် ကြိုးပမ်းလိုက်ကြလေသည်။

“ဆက်မလိုက်နဲ့တော့”

ထိုစဉ်မှာပင် ယက္ခိုသ်မျိုးနွယ်၏ ခေါင်းဆောင်အမျိုးသမီးက ရုတ်တရက် အော်ပြောလိုက်၏။

ယက္ခိုသ်တစ်ရာကျော်ကျော်က ထိုစကားကို ကြားသောအခါ သူတို့သည် မနာခံဘဲမနေရဲဘဲ တောအုပ်၏ အပြင်ဘက်မှာ ရစ်ဝဲနေပြီးနောက် အမျိုးသမီးခေါင်းဆောင်ရှိရာဘက်သို့ ပြန်လှည့်လာကြလေသည်။

“ခေါင်းဆောင်…”

ယက္ခိုသ်တစ်ဦးက မုန်းတီးစွာ ပြောလိုက်၏။

“ကျုပ်တို့က သူတို့ကို အလွယ်တကူ လွှတ်ပေးလိုက်ရတော့မှာလား”

“ကျုပ်တို့က နောက်ကနေ ဆက်လိုက်ပြီး သူတို့ကို ဖြည်းဖြည်းချင်း ခြေကုန်လက်ပန်းကျအောင် လုပ်နိုင်မယ်ဆိုရင် သူတို့တွေက သိပ်ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ဘူး”

“ဒီဓားကျင့်ကြံသူအုပ်စုရဲ့ ဓားဝင်္ကပါက တကယ်ပဲ ကိုင်တွယ်ရခက်ခဲတယ်… ဒါပေမဲ့ ဝင်္ကပါထဲမှာရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီးက သူတို့ရဲ့ အားနည်းချက်ပဲ… ကျုပ်တို့က အစွမ်းကုန်တိုက်ခိုက်နေတာနဲ့ ဝင်္ကပါကို ချိုးဖျက်မယ့် အခွင့်အရေးတစ်ခုရလာပြီး သူတို့ကို တစ်ယောက်ချင်း သတ်ဖြတ်လို့ရတယ်”

“အမှန်ပဲ… ဒီဓားကျင့်ကြံသူအုပ်စုထဲမှာ ဟိုအမျိုးသမီးတစ်ဦးကပဲ နည်းနည်းကိုင်တွယ်ရခက်ခဲတာ… ကျန်တဲ့သူတွေက ဘာမှကြောက်စရာမရှိဘူး”

ယက္ခိုသ်အုပ်စုက တစ်ယောက်တစ်ပေါက် ပြောဆိုနေသော်လည်း အမျိုးသမီးခေါင်းဆောင်က နှုတ်ဆိတ်နေ၏။

“အားနည်းချက်တဲ့လား”

ခဏနေပြီးနောက် သူမက လှောင်ရယ်လိုက်ပြီး သူမလက်ထဲရှိ ဆေဘာနှစ်လက်ကို လူတိုင်းထံ ကမ်းပေးလိုက်လေသည်။

ယက္ခိုသ်များက အာရုံစိုက်၍ ကြည့်ရှုပြီးနောက် သူတို့၏ အမူအရာများက ပြောင်းလဲသွားရသည်။

ဆေဘာနှစ်လက်သည် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး လုံးဝကို ချို့ယွင်းပျက်စီးနေပြီဖြစ်သည်။

“အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ယက္ခိုသ်တစ်ဦးက သတိထားကာ မေးမြန်းလိုက်၏။

“ခေါင်းဆောင်… ခင်ဗျားရဲ့လက်နက်က ကပ်ဘေးရှစ်ခု စိတ်ဝိညာဉ်ရတနာမလား”

ယက္ခိုသ်အမျိုးသမီးခေါင်းဆောင်က အေးစက်စွာပြောလိုက်၏။

“စောစောက နင်တို့ပြောနေတဲ့ အားနည်းချက်က လက်ညှိုးတစ်ချောင်းတည်းနဲ့ ငါ့ရဲ့မူပိုင်စိတ်ဝိညာဉ်ရတနာကို ခြေမွှဖျက်ဆီးခဲ့တာပဲ”

“ဟာ…”

ယက္ခိုသ်များက ပင့်သက်ကို ရှိုက်လိုက်ကြ၏။

ကပ်ဘေးရှစ်ခု စိတ်ဝိညာဉ်ရတနာတစ်ခုကို လက်ညှိုးတစ်ချောင်းဖြင့် ခြေမွှဖျက်ဆီးနိုင်သည်ဆိုသည်မှာ မည်ကဲ့သို့သော စွမ်းအားမျိုးလဲ။

“အဲဒီလူအုပ်စုထဲမှာ ဟိုအမျိုးသမီးက နည်းနည်းကိုင်တွယ်ရခက်ခဲရုံပဲ… ဓားဝင်္ကပါရဲ့အလယ်မှာရှိတဲ့ အစိမ်းရောင်ဝတ်လူကမှ တကယ်ကိုကြောက်စရာကောင်းတဲ့ ပညာရှင်ပဲ”

ယက္ခိုသ်အမျိုးသမီးခေါင်းဆောင်က အေးစက်စွာမေးလိုက်၏။

“နင်တို့ သူတို့နောက်ကို ဆက်လိုက်ချင်ကြသေးလား… နင်တို့ သေချင်ကြလား”

ယက္ခိုသ်တစ်ဦးက ညင်သာစွာ မေးလိုက်၏။

“ခေါင်းဆောင်… အဲဒီအစိမ်းရောင်ဝတ်အမျိုးသားက အဲ့လောက်ထိ စွမ်းအားကြီးမားတယ်ဆိုမှတော့ ကျုပ်တို့က မဟာခေါင်းဆောင်ကို သတင်းပေးပြီး အဲဒီလူကို ရှင်းလင်းပစ်ခိုင်းရင် မကောင်းဘူးလား”

ယက္ခိုသ်အမျိုးသမီးခေါင်းဆောင်က ခဏမျှနှုတ်ဆိတ်ပြီးနောက် သူမ၏ ခေါင်းကို ခါပြလိုက်၏။

“လောလောဆယ် အဲ့လိုလုပ်စရာမလိုသေးဘူး… ဒါပေမဲ့ လောလောဆယ်မှာ အဲဒီဓားကျင့်ကြံသူအုပ်စုကို ရှောင်လွှဲဖို့ ငါတို့ရဲ့ကလန်သားတွေကို သွားပြန်ပြီး သတင်းပေးရမယ်… အခြေအနေက ဘယ်လိုဖြစ်လာမလဲ ငါတို့ ဆက်ပြီးစောင့်ကြည့်ရသေးတာပေါ့”

“နားလည်ပါပြီ”

ယက္ခိုသ်များက တစ်ယောက်ပြီးတစ်ယောက် လူစုခွဲကာ အနက်ရောင်အလင်းတန်းများအသွင် ပြောင်းလဲပြီး ပျောက်ကွယ်သွားကြလေသည်။

ယက္ခိုသ်အမျိုးသမီးခေါင်းဆောင်က တွေဝေရှုပ်ထွေးသော အမူအရာဖြင့် နက်ရှိုင်းသော တောအုပ်ရှိရာဘက်သို့ ငေးကြည့်နေ၏။

ပြောရမည်ဆိုလျှင် အစိမ်းရောင်ဝတ်အမျိုးသား၏ အစွမ်းအစအရ သူသည် သူမကို သတ်ဖြတ်နိုင်လောက်လေသည်။

သို့သော်လည်း သူက ဘာကြောင့် သူမအသက်ကို ချမ်းသာပေးပြီး သူမကို ထွက်ခွာခွင့်ပေးခဲ့တာလဲ။

All Chapters