← Chapters

တာအိုသစ်သီးကို ကိုယ်တိုင်ဖောက်ခွဲဖျက်ဆီးခြင်း

Vol. 186 Ch. 2790

တာအိုသစ်သီးကို ကိုယ်တိုင်ဖောက်ခွဲဖျက်ဆီးခြင်း

Vol. 186 Ch. 2790

နက်ရှိုင်းသော တောအုပ်ထဲမှာ…

ဓားကမ္ဘာမှ လူတိုင်းသည် ခဏကြာ ပြေးလွှားလာခဲ့ကြသည်။ သူတို့နောက်သို့ မည်သည့်ယက္ခိုသ်ကမှ လိုက်မလာသည်ကို တွေ့ရသောအခါ သူတို့က စိတ်သက်သာစွာ သက်ပြင်းချပြီး နေရာမှာတင် အနားယူကာ စိတ်ဝိညာဉ်ဆေးလုံးများနှင့် အင်မော်တယ်ဆေးပင်တချို့ကို စားသုံးလိုက်၏။

“တကယ်ပဲကိုး”

ကုန်းစွန်းယွီက ရယ်မောကာ ပြောလိုက်၏။

“ယက္ခိုသ်တွေက သူတို့ရဲ့ လှုပ်ရှားမှုနည်းစနစ် ကန့်သတ်ခံရမှာစိုးလို့ တောအုပ်ကို စိုးရိမ်နေကြတာပဲ… အဲဒါကြောင့် သူတို့က ငါတို့နောက်ကို ဆက်လိုက်မလာဘဲ လက်လျှော့သွားတာပဲ”

“သူတို့က တောအုပ်ထဲကို ဝင်လာမယ်ဆိုရင် အဲဒီယက္ခိုသ်တချို့ကတော့ သေချာပေါက် သေရလိမ့်မယ်”

လီရွှယ်က အေးစက်စွာ ပြောလိုက်၏။

ဆူဇီမိုနဲ့ ပေမင်ရွှယ် အဆင်ပြေသည်ကို ဝမ်တုန် တွေ့မြင်သောအခါ သူက သူ၏ရင်ဘတ်ကို လက်ဖြင့်ဖိပြီး အကြောက်မပြေသေးဟန်ဖြင့် ပြောလိုက်၏။

“ငါဖြင့် စောစောက လန့်သွားတာပဲ… တော်သေးတာပေါ့… တောင်ထွတ်သခင်ဆူနဲ့ ဂျူနီယာညီမပေမင်က ဘာမှမဖြစ်လို့… မဟုတ်ရင် ငါတို့က ခွင့်လွှတ်လို့မရတဲ့ အပြစ်ကို ကျူးလွန်မိတော့မှာပဲ”

ဓားအင်မော်တယ်ထိုက်လန်က ထပ်ပြောလိုက်၏။

“စီနီယာအစ်မလင်းက အချိန်မီတိုက်ခိုက်ပြီး ယက္ခိုသ်တစ္ဆေကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်လိုက်တာ ကံကောင်းတယ်… မဟုတ်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေက စဉ်းစားကြည့်လို့မရအောင်ပဲ”

ဆူဇီမိုက ထပ်မံ၍ ရှင်းပြမနေဘဲ လင်းရွှင်ကျန်းကို လှည့်ကြည့်ကာ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။

“တာအိုရောင်ရင်းလင်း… ကျုပ်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

သူသည် နဝမမြောက် တောင်ထွတ်၏ တောင်ထွတ်သခင်ဖြစ်သော်လည်း သူသည် လင်းရွှင်ကျန်းနှင့် ဝမ်တုန်ကဲ့သို့ ကျင့်ကြံမှုနယ်ပယ်တူမှ ကျင့်ကြံသူများနှင့် ပြောဆိုဆက်ဆံသည့်အခါ ဘယ်တုန်းကမှ ဟိတ်ဟန်ကို ထုတ်ဖော်မထားခဲ့ပေ။ သူက သူတို့အများစုကို တာအိုရောင်ရင်းဟုသာ ခေါ်ဆိုလေသည်။

လင်းရွှင်ကျန်းက ခေါင်းညိတ်ကပြပြီး တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိပေ။

သို့သော်လည်း သူမသည် အနည်းငယ်ထူးဆန်းသည်ဟု ခံစားနေရဆဲဖြစ်ပြီး ဆူဇီမိုကို လေးနက်စွာ ကြည့်နေ၏။

ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများသည် စောစောကတိုက်ပွဲမှ သူတို့၏ အသိအမြင်များကို ဖလှယ်ရင်း စကားပြောဆိုကာ အနားယူနေကြ၏။

လင်းရွှင်ကျန်းက ဆူဇီမိုကို တစ်ချက်စွေကြည့်ပြီး သာမန်ကာလျှံကာဟန်ဖြင့် မေးလိုက်၏။

“တောင်ထွတ်သခင်ဆူ… ရှင့်ရဲ့ အာရုံခံစိတ်က အရမ်းကို ထက်ရှတာပဲ… ရှင်က အဲဒီယက္ခိုသ်အုပ်စုကို အတော်ကြာကတည်းက ကြိုတင်ပြီးတော့ ရှာတွေ့ခဲ့တာပဲ”

တကယ်တော့ လင်းရွှင်ကျန်းသည် ဆူဇီမိုကို သတိထားမိနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

သူမသည် ဆူဇီမိုက နဝမမြောက် တောင်ထွတ်၏ တောင်ထွတ်သခင် ဖြစ်လာသည်ဟု ပထမဆုံးကြားသိခဲ့ရစဉ်က သူမသည်လည်း အနည်းငယ် မကျေမနပ်ဖြစ်ခဲ့လေသည်။

သို့သော်လည်း သူမသည် နဝမမြောက်တောင်ထွတ်သို့ သွားရောက်ပြီး ဓားသင်္ချိုင်းတာအိုကို နားလည်ဆင်ခြင်မိသည်နှင့် ဤဓားတာအိုက ဘယ်လောက်ကြောက်စရာကောင်းသလဲ နားလည်သဘောပေါက်သွားသည်။

ဤကဲ့သို့သော ဓားတာအိုတစ်ခုကို ဖန်တီးနိုင်သည့်လူက သေချာပေါက် တစ်မူထူးခြားရပေမည်။

သို့သော်လည်း ဆူဇီမိုသည် တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေတတ်ပြီး ပေါ်ထွက်မလာတတ်ပေ။ သူတို့နှစ်ယောက်က ထိတွေ့ဆက်ဆံခွင့် များစွာမရရှိခဲ့ပေ။

ကျင့်ကြံမှုနယ်ပယ်တူမှ ကျင့်ကြံသူများကြားတွင် လင်းရွှင်ကျန်း ထွင်းဖောက်မြင်နိုင်ခြင်းမရှိသည့် တစ်ဦးတည်းသောသူက ဆူဇီမိုဖြစ်သည်။

ယခုတင် သူမ ပြောလိုက်သော စကားသည် သူ့ကို စမ်းသပ်ဖို့အတွက် ရည်ရွယ်လေသည်။

သူမက စဉ်းစားမရဖြစ်နေ၏။ ဆူဇီမိုသည် ပေါင်းစည်းခြင်းသက်ရှိနယ်ပယ်မှာသာ ရှိနေသည်။ သူက ယက္ခိုသ်တစ္ဆေများ၏ လှုပ်ရှားမှုကို သူမအရင် ဘယ်လိုလုပ် ရှာဖွေတွေ့ရှိနိုင်ရတာလဲ။

ထိုစကားကို ကြားချိန်မှာ ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လာကြသည်။

ကုန်းစွန်းယွီက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေပြီး အိုးတိုးအမ်းတမ်းအမူအရာဖြင့် ရယ်မောကာ ပြောလိုက်၏။

“တောင်ထွတ်သခင်… စောစောတုန်းက ခင်ဗျားက စိုးရိမ်စိတ်လွန်ကဲနေတာလို့ ကျုပ်တွေးခဲ့မိတာ… တကယ်တော့ ခင်ဗျားပြောတာက မှန်နေတာပဲ”

ဆူဇီမိုက တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ပြုံးပြလိုက်၏။

တကယ်တော့ သူတို့ရှစ်ဦးထဲမှာ ရှန်းယွဲ့၊ လီရွှယ်နှင့် အခြားသူများက လက်မခံနိုင် ဖြစ်နေသေးပြီး ဆူဇီမို၏ သာမန်ကာလျှံကာ မှတ်ချက်စကားက တိုက်ဆိုင်သွားသည်ဟုသာ မှတ်ယူထားကြသည်။

ထိုတိုက်ပွဲအပြီးမှာ လူတိုင်းသည် စိတ်လက်ပေါ့ပါးသွားပြီး မြင့်မားသော စိတ်ဝိညာဉ်ဖြင့် အနားယူကာ စကားပြောဆိုနေကြသည်။

ဆူဇီမိုက နေရာမှာပင် တိတ်တဆိတ်ထိုင်ကာ အလေးအနက် စဉ်းစားတွေးတောနေသည်။

တကယ်တော့ သူ၏နည်းလမ်းများအရ သူသည် စောစောက ယက္ခိုသ်ခေါင်းဆောင်အမျိုးသမီးကို သေချာပေါက် သတ်ဖြတ်နိုင်ခဲ့လေသည်။

တကယ်ဆို သူ့အနေဖြင့် ထိုယက္ခိုသ်တစ်အုပ်စုလုံးကို သတ်ဖြတ်ဖို့ကပင် အခက်အခဲမရှိပေ။

သို့သော်လည်း ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ယက္ခိုသ်မျိုးနွယ်၏ ပေါ်ထွက်လာမှုသည် သူ့ကို အခြားတစ်စုံတစ်ရာကို တွေးမိသွားစေ၏။ ထို့ကြောင့်ပင် သူက ငေးငိုင်နေခြင်း ဖြစ်လေသည်။

ယက္ခိုသ်မျိုးနွယ်မှ အမျိုးသမီးခေါင်းဆောင်က သူ့ကို တိုက်ခိုက်လာသည့်ခဏမှာပင် သူက သူမကို နေရာမှာတင် သတ်ဖြတ်လိုခဲ့၏။

သို့သော်လည်း သူတို့တိုက်ခိုက်ဖလှယ်လိုက်သည့် ခဏမှာပင် သူသည် တစ်ဖက်လူ၏ မျက်လုံးနှင့် မျက်နှာကို ကြည့်ပြီး ရုတ်တရက် ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်းတစ်ဦးကို အမှတ်ရသွားလေသည်။

ယက္ခိုသ်ယု…

ယက္ခိုသ်ယုသည် သူနှင့် နက်ရှိုင်းသော ပတ်သက်ဆက်ဆံမှု မရှိခဲ့သော်လည်း သူတို့ကြားမှာ ခွဲထုတ်လို့မရသည့် ကမ္မတချို့ ရှိနေလေသည်။

ယက္ခိုသ်ယုသည် တစ်ခါက သိုင်းတာအိုပင်မခန္ဓာထံမှာ အညံ့ခံထားခဲ့သည်။ နောက်ပိုင်း သူမက သူမ၏ လွတ်လပ်မှုကို ပြန်လည်ရရှိလာသော်လည်း သူမသည် သူ့ကို ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ပေ။

ဒါ့အပြင် သူမသည် ယက္ခိုသ်မျိုးနွယ်ကို ဦးဆောင်လာပြီးနောက် လူသားမျိုးနွယ်နှင့် မည်သည့်ပဋိပက္ခမှ ရှိမလာခဲ့ပေ။

ထိုအချက်တစ်ချက်ကပင် ကြီးကျယ်ခမ်းနားသော အကျိုးဆောင်မှုတစ်ရပ်ဖြစ်လေသည်။

ယက္ခိုသ်ယုကို ပြန်လည်အမှတ်ရသွားပြီး ဆူဇီမိုက သူမကို မသတ်ဖြတ်ခဲ့ပေ။ လင်းရွှင်ကျန်း၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားပြီးနောက် ယက္ခိုသ်အမျိုးသမီးခေါင်းဆောင်က ထွက်ပြေးတိမ်းရှောင်သွားချိန်မှာလည်း သူက မတားဆီးခဲ့ပေ။

“ဆရာ… ရှင်က ယက္ခိုသ်ယုအကြောင်းကို စဉ်းစားနေတာလား”

ထိုစဉ်မှာပင် ပေမင်ရွှယ်၏ အသံက ဆူဇီမို၏ စိတ်ထဲမှာ ရုတ်တရက်ထွက်ပေါ်လာ၏။

ပေမင်ရွှယ်ကသာ ဆူဇီမို၏ အတွေးများကို အကြမ်းဖျင်းခန့်မှန်းမိလေသည်။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“ယက္ခိုသ်မျိုးနွယ်က အထက်ဘုံလောကမှာ ဆိုးယုတ်မိစ္ဆာတွေနဲ့ စိတ်ဝိညာဉ်အပြစ်သားတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လျှောကျသွားခဲ့ပြီဆိုတော့…”

“ယက္ခိုသ်ယုက အထက်ဘုံကို တက်လှမ်းပြီးရင် သူ့အနေနဲ့ ရှင်သန်ဖို့က အရမ်းကို ခက်ခဲမှာပဲ… တကယ်ဆို သူက ဒီဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာတောင် ရှိရင်ရှိနေလောက်တယ်”

ထိုသို့အတွေးဖြင့် ဆူဇီမိုက ရုတ်တရက် နောင်တရမိသွားသည်။

သူသာ အဲဒါကို စောစောကြိုတွေးမိခဲ့မည်ဆိုလျှင် သူသည် ယက္ခိုသ်တစ်ကောင်ကို ဖမ်းဆီးကာ မေးမြန်းစုံစမ်းခဲ့မိပေလိမ့်မည်။

သိပ်မကြာခင် လူတိုင်းက အားအင်ပြည့်ဝလာပြီး နောက်တစ်ဖန် စတင်ထွက်ခွာလိုက်ကြသည်။

နက်ရှိုင်းသော တောအုပ်က ရှေးကျသော သစ်ပင်အိုပေါင်းများစွာနှင့်အတူ မည်းမှောင်၍ အုံ့မှိုင်းနေ၏။ အဲဒါက သူတို့၏ အမြင်အာရုံကို ပိတ်ဆိုထားလေသည်။ သူတို့၏ စိတ်ဝိညာဉ်အသိစိတ် ဖြန့်ကြက်မှုကပင် ကြီးမားစွာ ဟန့်တားခံထားရသည်။

လူတိုင်းက ရှေ့သို့တက်လှမ်းလာစဉ် တောအုပ်က တိတ်ဆိတ်ငြိမ်သက်နေ၏။ လူတိုင်းက ဆွေးရိနေသော သစ်ရွက်များနှင့် သစ်ကိုင်းခြောက်များပေါ် တက်နင်းမိသည့်အခါမှသာ ရံဖန်ရံခါ အသံထွက်ပေါ်လာတတ်ပြီး အဲဒါက တောအုပ်ကို တစ်မူထူးခြားစွာ အနိဋ္ဌာရုံဆန်နေစေသည်။

ရုတ်တရက်ဆိုသလို…

ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး သူ့ရှေ့ရှိ ထောင့်ဖြတ်ရှေးဟောင်းသစ်ပင်တစ်ပင်ပေါ်ကို သူ၏ အကြည့်က ရောက်ရှိသွားလေသည်။

ထိုရှေးဟောင်းသစ်ပင်သည် အမှောင်ထုထဲမှာ ကြီးထွားပေါက်ရောက်နေပြီး ဘေးပတ်ဝန်းကျင်ရှိ တခြားသော သစ်ပင်များနှင့် ကွာခြားမှုမရှိပေ။

သို့သော်လည်း ဆူဇီမို၏ အာရုံခံသတိစိတ်က အရမ်းကို သန်မာလေသည်။

အဲဒီမှာ တစ်စုံတစ်ယောက်က ပုန်းလျှိုးနေပြီး ရှေးဟောင်းသစ်ပင်နှင့် တစ်သားတည်းကျလုနီးပါး ဖြစ်နေသည်ကို သူက အာရုံခံမိနိုင်သည်။

ဆူဇီမိုက ချက်ချင်းမတိုက်ခိုက်ပေ။

အကြောင်းမှာ ထိုနေရာမှာ ပုန်းခိုနေသော သက်ရှိသည် ဆိုးယုတ်မိစ္ဆာတစ်ဦးမဟုတ်ဘဲ သူတို့လို လူသားတစ်ဦးဖြစ်သောကြောင့်ပင်။

သို့သော်လည်း ဤလူမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြား မရှိပေ။

ထိုစဉ်မှာပင် ရှေ့ကနေ လျှောက်လှမ်းနေသော လင်းရွှင်ကျန်းက ရပ်တန့်လိုက်၏။

သူမက ချက်ချင်း တိုက်ခိုက်ခြင်းမရှိပေ။ ထိုအစား သူမက ဆူဇီမိုရှိရာဘက်သို့ လှည့်ကြည့်ပြီးနောက် သူမ၏ ကျောထက်မှ အင်မော်တယ်ဓားကို ဆွဲထုတ်ကာ ရှေးဟောင်းသစ်ပင်ကို ခုတ်ပိုင်းချလိုက်၏။

ရှေးဟောင်းသစ်ပင်က ပျက်ကျသွားလေသည်။

ဖောက်…

ထို့မျှသာမက ရှေးဟောင်းသစ်ပင်က နှစ်ပိုင်းကွဲထွက်သွားပြီး နီရဲနေသော သွေးများက ထူးဆန်းစွာ ပန်းထွက်လာကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားလေသည်။

ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများက လင်းရွှင်ကျန်း ရုတ်တရက်ရပ်တန့်လိုက်သည်ကို တွေ့မြင်သောအခါ တစ်စုံတစ်ရာလွဲမှားနေသည်ကို သူတို့က နားလည်သဘောပေါက်သွားသည်။

လင်းရွှင်ကျန်းသည် ရှေးဟောင်းသစ်ပင်ကို ဖြတ်တောက်လိုက်စဉ် ထိုနေရာ အမှောင်ထုထဲမှာ တစ်စုံတစ်ယောက် ပုန်းကွယ်နေသည်ကို သူတို့က နားလည်သဘောပေါက်သွား၏။

အနက်ရောင်အဝတ်ကို ဝတ်ထားပြီး ထိုလူက သွေးအိမ်ထဲမှာ လဲကျကာ သူ၏ ခန္ဓာကိုယ်က လင်းရွှင်ကျန်း၏ ဓားချက်ဖြင့် နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရသည်။

ကြောက်စရာကောင်းသော ဓားချီက သူ့ခန္ဓာကိုယ်နှင့် သူ၏အသိစိတ်ထဲသို့ပင် တလိပ်လိပ်တိုးဝင်လာခဲ့ပြီဖြစ်သည်။

သူ၏ တာအိုသစ်သီးကလည်း ဓားချက်များဖြင့် ပြည့်နှက်နေ၏။

အနက်ရောင်ဝတ်အမျိုးသားသည် ဗလာနယ်ဝိညာဉ် ပကတိအင်မော်တယ်တစ်ဦးသာဖြစ်ပြီး သူသည် လင်းရွှင်ကျန်း၏ သာမန်ကာလျှံကာ ခုတ်ချက်တစ်ချက်ကို မခုခံနိုင်ပေ။

သို့သော်လည်း အနက်ရောင်ဝတ်အမျိုးသားသည် တစ်ချိန်လုံး တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိပေ။

သူ၏ ခန္ဓာကိုယ်က လင်းရွှင်ကျန်း၏ လက်ချက်ဖြင့် ပိုင်းဖြတ်ခံလိုက်ရစဉ်မှာတောင် သူသည် သူ၏ မျက်နှာပေါ်မှာ မည်သည့်နာကျင်မှုကိုမှ ထုတ်ဖော်ပြသခြင်းမရှိဘဲ ဆူဇီမိုနှင့် တခြားသူများကို အေးစက်စွာသာ ကြည့်နေသည်။

လင်ရွှင်ကျန်းသည် သွေးမစွန်းသည့် သူမ၏ အင်မော်တယ်ဓားကို ကိုင်စွဲပြီး အနက်ရောင်ဝတ်အမျိုးသားဘေးသို့ ​လျှောက်လှမ်းကာ မှင်သေသေဖြင့် ငုံ့ကြည့်လိုက်၏။

“မင်းတို့အားလုံး ဒီနေရာမှာ သေရလိမ့်မယ်”

ရုတ်တရက် အနက်ရောင်ဝတ်အမျိုးသားက စကားပြောလိုက်၏။

သူ့စကားမဆုံးသေးခင်မှာပင် အနက်ရောင်ဝတ်အမျိုးသား၏ နှာရောင်ကနေ တဖျပ်ဖျပ်တလက်လက် အလင်းတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး ချောက်ချားစရာကောင်းသော စွမ်းအင်အတက်အကျတစ်ခု ဖြာထွက်လာ၏။ ဆူဇီမိုပင်လျှင် ရင်တစ်ချက်ထိတ်သွားလေသည်။

အနက်ရောင်ဝတ်အမျိုးသားသည် အလွန်တရာ ပြတ်သားမှုရှိပြီး သူက သူ၏တာအိုသစ်သီးကို ကိုယ်တိုင်ဖောက်ခွဲဖျက်ဆီးကာ တာအိုသစ်သီးပေါက်ကွဲခြင်းကနေ ထွက်ပေါ်လာမည့် ကြောက်စရာကောင်းသော စွမ်းအားနှင့်အတူ လင်းရွှင်ကျန်းကိုပါ သူနှင့်အတူ ဆွဲခေါ်ချင်လေသည်။

သုခဘုံလေဟာနယ်နယ်ပယ်၏ အထွတ်အထိပ်မှာ တာအိုသစ်သီးကို ဖောက်ခွဲပြီးနောက် ၎င်းသည် လေဟာနယ်ကို ထိုးဖောက်ကာ ကောင်းကင်လိုဏ်ဂူတစ်ခုကို ဖန်တီးနိုင်မည့် အခွင့်အရေးရှိလေသည်။

အဲဒါသည် ဗလာနယ်ဝိညာဉ်တာအိုသစ်သီးတစ်လုံးသာ ဖြစ်သော်လည်း ၎င်းသည် ပေါက်ကွဲထွက်သည်နှင့် အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ထွက်ပေါ်လာစေပေလိမ့်မည်။

“ဇီး…”

လင်းရွှင်ကျန်း၏ လက်ထဲရှိ အင်မော်တယ်ဓားက အနည်းငယ်တုန်ခါသွား၏။

ဓားအလင်းတစ်ခုက အနက်ရောင်ဝတ်အမျိုးသား၏ နှာရောင်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို ချက်ချင်းပင် ထိုးဖောက်လိုက်၏။

အနက်ရောင်ဝတ်အမျိုးသား သေဆုံးခြင်းနှင့်အတူ သူ၏နှာရောင်ပေါ်ရှိ အလင်းရောင်ကလည်း မှေးမှိန်သွားလေသည်။

လင်းရွှင်ကျန်းသည် အဲဒါကို ကြိုတင်တွက်ချက်ထားပုံရပြီး ထိုသူအား သူ၏ တာအိုသစ်သီးကို ဖောက်ခွဲဖျက်ဆီးခွင့် မပေးပေ။

All Chapters