နှောင်ကြိုးမဲ့ဓားသိုင်း
Vol. 1 Ch. 8
စန်းဟုန်းလျန်၏လက်ထဲရှိဓားက အဝါရောင်ဝတ်စုံဝတ်လူ၏ရှုပ်ထွေးသည့်ဓားကွက်အလယ်သို့တိုးဝင်သွားပြီး ဓားကွက်ကိုဖြိုခွင်းလိုက်သည်။
အဝါရောင်ဝတ်စုံဝတ်လူ၏ဓားသိုင်းကရှုပ်ထွေးသည့်ဓားကွက်များဖြင့်ဖွဲ့စည်းထားပြီးလျှင်မြန်လှရာ သူ၏ဟာကွက်ကိုရှာဖွေတွေ့ရှိရန်ရမဖြစ်နိုင်သလောက်ပေ ။
သို့သော်လည်း စန်းဟုန်းလျန်ကမူ တစ်ဖက်လူ၏ဟာကွက်ကိုကောင်းစွာဖြိုခွဲလိုက်နိုင်ပြီးထိုဖြစ်ရပ်ကြောင့် အဝါရောင်ဝတ်စုံဝတ်လူတစ်ယောက်အံ့အားသင့်နေစဉ်မှာပင် နောက်ဆက်တွဲတိုက်ကွက်များဆက်တိုက်ထွက်ပေါ်လာတော့သည်။
“ ရွှပ်...”
“ ဝှစ်... “
လေထုကိုထိုးခွင်းသံများက ဆူညံစွာထွက်ပေါ်နေပြီး တိုက်ပွဲ၏ချိန်ခွင်ကပြောင်းလဲသွားတော့သည်။
အစောပိုင်းက အဝါရောင်ဝတ်စုံဝတ်လူအနေဖြင့် ရှုပ်ထွေးသည့်ဓားသိုင်း လေရူးခြေလှမ်းကွက်စသည်တို့ဖြင့်အသာစီးယူနိုင်ခဲ့သော်လည်း ယခုအခါ ဆက်တိုက်နောက်ဆုတ်ရှောင်တိမ်းနေရသည်။
စန်းဟုန်းလျန်၏ဓားကွက်များက မူလသူအသုံးပြုနေသည့်ထိုက်ကျိဓားသိုင်းမှ အနည်းငယ်သာပြောင်းလဲသွားခြင်းဖြစ်သော်လည်း ထိုပြောင်းလဲမှုက သူ၏ဓားသိုင်းကိုပိုမိုအစွမ်းထက်သွားစေသည်။
ဝူတန်း၏ထိုက်ကျိဓားသိုင်းတွင် မာကျောသည့်ပုံစံနှင့်ပျော့ပြောင်းသည့်ပုံစံဟူ၍နှစ်မျိူးရှိပြီး ထိုနှစ်မျိူးလုံးကိုအောင်မြင်စွာပေါင်းစပ်အသုံးပြုနိုင်မှသာ စစ်မှန်သည့်ထိုက်ကျိဓားသိုင်းကိုတတ်မြောက်ပေမည်။
သို့သော်လည်း ပုံစံတစ်ခုချင်းစီကပင် အောင်မြင်ရန်လွန်စွာခက်ခဲပြီး လက်ရှိသိုင်းလောက၌ ပုံစံနှစ်မျိုးလုံးကိုအောင်မြင်ထားသည့်ဝူတန်းဂိုဏ်းချုပ်ကြီး ၊ ပျော့ပြောင်းသည့်ပုံစံကိုအောင်မြင်ထားသည့်ပထမအကြီးအကဲနှင့် မာကျောသည့်ပုံစံကိုအောင်မြင်ထားသည့်စန်းဟုန်းလျန်တို့သာရှိသည်။
ယခု စန်းဟုန်းလျန်က အစွမ်းထက်သိုင်းပညာရှင်နှစ်ယောက်၏အကူအညီဖြင့် သူ၏ထိုက်ကျိဓားသိုင်းကိုအနည်းငယ်ပြုပြင်လိုက်ပြီး ဓားသိုင်းအသစ်တစ်မျိူးဖန်တီးထားပေသည်။
ထိုဓားသိုင်းအသစ်က ထိုက်ကျိဓားသိုင်း၏တိကျသေသပ်မှု၊ ဟာကွက်နည်းပါးမှုတို့ပါဝင်နေသည့်အပြင် ထိုးဖောက်တိုက်ခိုက်နိုင်စွမ်းပါများစွာမြင့်မားလာလေသည်။
ထို့ကြောင့် အဝါရောင်ဝတ်စုံဝတ်လူ၏ရှုပ်ထွေးသည့်ဓားသိုင်းကိုဖြိုခွင်းနိုင်ခြင်းမှာ သူ၏ဓားသိုင်းအသစ်မည်မျှအစွမ်းထက်နေသည်ကိုပြသရာရောက်ပေသည်။
သိုင်းကွက်နှစ်ရာမပြည့်မီ အဝါရောင်ဝတ်စုံဝတ်လူ၏အခြေအနေကအဆိူးဆုံးသို့ရောက်ရှိလာပြီး သူ၏ခန္တာကိုယ်ပေါ်တွင်အသေးစားဒဏ်ရာအနည်းငယ်ပင်ပေါ်လာပေသည်။
သို့သော် သူတို့နှစ်ဦးလုံးက သိုင်းပညာယှဉ်ပြိုင်ခြင်းဖြစ်၍ ကိုယ့်ကိုယ်ကိုထိမ်းချုပ်ထားရာ သေကွင်းသေကွက်နေရာများသို့ဦးတည်တိုက်ခိုက်ခြင်းမရှိကြပေ။
သို့တိုင်မည်သူအနိုင်ရမည်ကိုရှင်းလင်းစွာသိသာနေပြီး လူချင်းပူးကပ်သွားပြီးနောက် စန်းဟုန်းလျန်နှင့်အဝါရောင်ဝတ်စုံလူတို့၏လှုပ်ရှားမှုများကပြိုင်တူရပ်တန့်သွားကြသည် ။
တိုက်ပွဲကိုအာရုံစူးစိုက်၍ကြည့်ရှုနေသည့်ကလေးငယ်ပင်မည်သူအနိုင်ရသည်ကိုအသေအချာမပြောနိုင်ဘဲ အချိန်အနည်းငယ်ကြာမှ အဝါရောင်ဝတ်စုံဝတ်လူကသက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။
“ ဟူး..ကျုပ်ရှုံးနိမ့်သွားပြီ...”
ထို့နောက် စန်းဟုန်းလျန်၏လည်ပင်းနှင့်တစ်လက်မသာကွာဝေးတော့သည့်သူ၏ဓားကိုပြန်သိမ်းလိုက်သည်။
ထိုလူ၏ဝန်ခံစကားကြောင့် တစ်ဖက်လူ၏ရင်ဘက်ထဲသို့စပါးတစ်လုံးစာဖောက်ဝင်နေသည့်သူ၏ဓားကိုပြန်သိမ်းလိုက်ရင်း စန်းဟုန်းလျန်က တည်ငြိမ်စွာပြောလိုက်သည်။
“ ခင်ဗျားရဲ့ဓားသိုင်းကလည်းအစွမ်းထက်ပါတယ် ။ ဒါက ဝါဆန်းရဲ့ကျော်ကြားတဲ့ဓားသိုင်းတော့...”
စန်းဟုန်းလျန်က ရိုးရိုးသားသားသိလို၍မေးလိုက်ခြင်းဖြစ်သော်လည်း တစ်ဖက်လူ၏လျှို့ဝှက်ချက်ကိုမေးသလိုဖြစ်နေ၍ ရပ်တန့်လိုက်သည် ။
သို့သော် အဝါရောင်ဝတ်စုံဝတ်လူက နားလည်မှုရှိသည့်ဟန်ဖြင့်ခေါင်းညိမ့်၍ပြောလိုက်သည်။
“ ဒါက ဝါဆန်းရဲ့သိုင်းကျမ်းဆောင်ထဲက မထင်မရှားသိုင်းကျမ်းလေးပဲ။ ဘယ်သူသိမှာလဲ ဒီသိုင်းကျမ်းတစ်ခုထဲကို ကျုပ်အနှစ်နှစ်ဆယ်ကျော်ရူးရူးမိုက်မိုက်လေ့ကျင့်ခဲ့ပြီးမှ အောင်မြင်ခဲ့တာ။
ပြီးတော့ သူ့ရဲ့အစွမ်းက သိုင်းလောကထဲက ထိပ်တန်းဓားသိုင်းတွေနဲ့ယှဉ်ရင်တောင်မနိမ့်ကျဘူး။ ဒီခုနစ်လွှာဓားကိုရယူနိုင်ခဲ့တာတော့ကျုပ်ရဲ့ကံကောင်းမှုပေါ့..””
တစ်ဖက်လူက အလုံးစုံရှင်းပြနေ၍ သူ၏ပွင့်လင်းသည့်စိတ်သဘောကို စန်းဟုန်းလျန်ပင်အံ့ဩမိပေသည်။
အဝါရောင်ဝတ်စုံဝတ်လူက စန်းဟုန်းလျန်ကိုတောက်ပသည့်မျက်လုံးများဖြင့်စိုက်ကြည့်ရင်း တက်ကြွသည့်ဟန်ဖြင့်ပြောလိုက်သည် ။
“ ဘာပဲဖြစ်ဖြစ် ဒီနေ့ကျုပ် မင်းကိုရှူံးနိမ့်ခဲ့ရတယ်။ ဒါပေမယ့်ဒီဓားသိုင်းကိုကျုပ်အောင်မြင်ပြီးတာ သိပ်မကြာသေးဘူး။ ဓားသိုင်းထဲက ပြောင်းလဲမှုခုနစ်မျိုးကိုကျွမ်းကျင်သွားတဲ့အချိန်ကျရင် ကျုပ်တို့ပြန်တွေ့ကြသေးတာပေါ့...”
အဝါရောင်ဝတ်စုံဝတ်လူ၏ထက်သန်နေသည့်စိတ်သဘောကိုကောင်းစွာရိပ်စားမိ၍ စန်းဟုန်းလျန်လည်း အသာပြုံးကာခေါင်းညိမ့်ပြလိုက်သည်။
“ ကောင်းပါပြီ ကျုပ်တို့အခွင့်သာရင်ယှဉ်ပြိုင်ကြသေးတာပေါ့...”
စန်းဟုန်းလျန်ကိုယ်တိုင်လည်း တစ်ဖက်လူ၏ကောင်းမွန်သည့်စိတ်ရင်းကိုသိရှိ၍ မိတ်ဆွေဖွဲ့လိုပေသည်။
“ ကျုပ်နာမည်က ရိဟန်ပါ ပြန်တွေ့ကြသေးတာပေါ့...”
စကားဆုံးသည်နှင့် ထိုလူကချာခနဲလှည့်ထွက်သွားတော့သည်။
စန်းဟုန်းလျန်လည်းသူ့ကိုလက်သီးတစ်ဖက်ဆုပ်အရိုအသေပေး၍ထွက်သွားသည့်လူကို ငေးကြည့်နေမိဆော့သည်။
“ အော် ဒါနဲ့ ခင်ဗျားရဲ့ဓားသိုင်းက ဘယ်လိုခေါ်တာလဲ...”
ခြံပေါက်ဝသို့ရောက်မှလှည့်၍မေးလိုက်သည့် ရိဟန်၏စကားကြောင့် စန်းဟုန်းလျန်လည်း အိမ်ငယ်လေးဆီသို့တစ်ချက်စောင်းကြည့်ရင်း အနည်းငယ်စဉ်းစားကာပြောလိုက်သည်။
“ ဒီဓားသိုင်းရဲ့နာမည်က နှောင်ကြိုးမဲ့ဓားသိုင်း....”
သူ၏မျက်ဝန်းထဲတွင်တော့ ဝမ်းနည်းကြေကွဲသည့်အရိပ်အယောင်များနက်ရှိုင်းစွာတည်ရှိနေပေသည်။
&&&
လက်ရှိသိုင်းလောကထဲတွင် ထိတ်လန့်ဖွယ်သတင်းတစ်ခုပျံ့နှံ့လျက်ရှိပေသည်။
ထိုသတင်းက မြောက်ပိုင်းဒေသတွင် နတ်မိမယ်တမျှလွန်စွာလှပသည့်မိန်းမလှလေးတစ်ယောက်ပေါ်ထွက်လာသည့်သတင်းဖြစ်ပြီး ကောလဟာလများအရ ထိုမိန်းကလေး၏အလှမှာ သိုင်းလောကမှပျောက်ကွယ်သွားသည့် ပန်းနတ်သမီးသွမ့်ရှင်းရှောင်ထက်ပင်မနိမ့်ကျဟုဆိုကြသည်။
ထိုမိန်းကလေး၏အလှက လူ့လောကနှင့်မသက်ဆိုင်သည့်နတ်သမီးတစ်ပါးလိုဖြစ်ပြီး သူမကိုမြင်တွေ့မိသူတိုင်း ဖမ်းစားခံရမည်ဟုလည်းသိရသည်။
ထိုသတင်းကိုလူအများစုကတော့ယုံကြည်ခြင်းမရှိကြဘဲ ချဲ့ကားပြောဆိုကြသည်ဟု ဝေဖန်ခဲ့ကြပေသာ်။
အကြောင်းကား လွန်ခဲ့သည့်ဆယ်နှစ်ကျော်က ပျောက်ကွယ်သွားသည့် ပန်းနတ်သမီးသွမ့်ရှင်းရှောင်မှာ သိုင်းလောက၏ အလှနတ်သမီးအဖြစ်လူတိုင်းကတညီတညွတ်ထဲလက်ခံထားကြပြီး သိုင်းလောက၌ ဆယ်နှစ်အတွင်းမိန်းမလှများစွာပေါ်ထွက်ခဲ့သည့်တိုင်မည်သူမှသူမကိုမမှီ၍ဖြစ်သည်။
သို့သော် နောက်ဆက်တွဲထွက်ပေါ်လာသည့်သတင်းများက သိုင်းလောကကိုကြီးကြီးမားမားလှုပ်ခတ်စေခဲ့သည်။
ကျောက်စိမ်းနတ်မိမယ်ဟု အမည်ပေးထားကြသည့်ထိုမိန်းကလေးကို မြောက်ပိုင်းသိုင်းလောကရှိ အရာရှိများ၊ သူဌေးသူကြွယ်များမှအစ ကျော်ကြားသည့်သိုင်းလောကသားများအဆုံးလိုချင်တပ်မက်ခဲ့ကြပြီး သူမကိုပိုင်ဆိုင်နိုင်ရန်နည်းမျိူးစုံဖြင့်ကြိုးပမ်းခဲ့ကြ၍ဖြစ်သည်။
ကြားရသည့်အကြောင်းအရာများက မသက်သာလှပေ။
ထိုမိန်းမလှလေးမှာ သူမကိုပိုင်ဆိုင်နိုင်ရန် အတင်းအကြပ်ကြိုးပမ်းခဲ့ကြသည့်လူမှန်သမျှကို ပြင်းပြင်းထန်ထန်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး သူမ၏သိုင်းပညာက လွန်စွာအစွမ်းထက်သည်ဟုလည်းဆိုကြသည်။
သူမ၏အလှညွှတ်ကွင်းတွင်သက်ဆင်းခဲ့ရသူများအနက် သိုင်းလောက၏လူငယ်မျိုးဆက်မှကျော်ကြားသည့်ချန်တဟုန်ပါ ပါဝင်ခဲ့ပြီး သူက သူ၏နောက်လိုက်များကိုပါအသုံးပြု၍ မိန်းမလှလေးကိုဖမ်းဆီးရန်ကြိုးပမ်းခဲ့သည်။
အကျိုးဆက်အနေဖြင့် သူတို့၏ကြားတွင်တိုက်ပွဲများဖြစ်ခဲ့ရပြီး သူနှင့်အတူပါသွားသည့်သိုင်းသမားငါးယောက်ထဲမှ နှစ်ယောက်ခန့်သေဆုံးကာ ဟဲလောင်ဖုန်းကိုယ်တိုင် မသေရုံတမယ်ဒဏ်ရာများဖြင့်ထွက်ပြေးလွတ်မြောက်ခဲ့သည်။
အချစ်မှအမုန်းသို့ပြောင်းလဲသွားချိန်တွင် ချန်တဟုန်၏အငြိုးတရားကကြောက်မက်ဖွယ်ဖြစ်ပြီး သိုင်းမဟာမိတ်၏အင်အားကိုပါအသုံးပြု၍လက်စားချေရန်ကြိူးပမ်းခဲ့သည်။
ချန်တဟုန်၏ဖခင်ဖြစ်သူက သိုင်းမဟာမိတ်၏ခေါင်းဆောင်ရှစ်ယောက်ထဲတွင်ပါဝင်သည်ဖြစ်ရာ သိုင်းမဟာမိတ်သည်လည်း မိန်းမလှလေးကိုဖမ်းဆီးအပြစ်ပေးရန်စီစဉ်လာကြသည်။
တစ်ဖက်တွင် ချန်တဟုန်က ချန်ချင်းဂိုဏ်း၏ မျှော်လင့်ချက်မျိုးဆက်သစ်တစ်ယောက်ဖြစ်၍ ထိုကိစ္စအတွင်းသို့ ချန်ချင်းဂိုဏ်းမှသိုင်းထိပ်သီးများပါ ဝင်ပါခဲ့ပြီးအကျိုးဆက်များကလွန်စွာပြင်းထန်လာခဲ့သည် ။
မိန်းမလှလေးကိုယ်တိုင်လည်း မြောက်ပိုင်းဒေသတွင်ဆက်မနေနိုင်တော့ဘဲ အင်အားစုကြီးနှစ်ခု၏အန္တရာယ်ကြောင့် အလယ်ပိုင်းဒေသသို့ထွက်ပြေးလာခဲ့ရသည်။
ထိုရက်များတွင် မြောက်ပိုင်းဒေသနှင့် အလယ်ပိုင်းနယ်စပ်တစ်လျှောက် တိုက်ပွဲများဆက်ခဲ့ပြီးအများစုက ဟဲလောင်မိသားစုနှင့်သိုင်းမဟာမိတ်၏သိုင်းသမားများကို ကျောက်စိမ်းနတ်မိမယ်ဆိုသည့်မိန်းမလှလေးက ဆန့်ကျင်ခဲ့ခြင်းဖြစ်သည်။
တဖန် မိန်းမလှလေး၏သိုင်းပညာက လူအများကိုအံ့ဩတုန်လှုပ်စေခဲ့ပြီး ထိပ်တန်းအင်အားစုကြီးနှစ်ခု၏အမဲလိုက်မှုကြားမှပင်ရှင်သန်နိုင်ခဲ့ကာ ထိုအင်အားစုနှစ်ခုကိုအတော်လေးဆုံးရှုံးစေခဲ့သည်။
တဖြေးဖြေးနှင့် သူမ၏လုပ်ရပ်များကပို၍ရက်စက်လာပြီး ရန်သူမိတ်ဆွေမခွဲခြားဘဲ သူမရန်သူထင်သည့်လူသမျှကိုအလွတ်မပေးဘဲသတ်ဖြတ်လာသည်အထိပင်ဖြစ်ခဲ့၏။
ကောလဟာလများအရ မိန်းမလှလေး၏သိုင်းပညာက သိုင်းဝိဇ္ဖာအဆင့်အောက်တွင်ပြိုင်ဘက်မရှိဘဲ သူမ၏လက်ထဲတွင် ထိပ်တန်းအင်အားစုနှစ်ခုမှအပါအဝင် သိုင်းသမားတစ်ရာနီးပါးအထိသတ်ဖြတ်ခံခဲ့ရပြီး သူမကားလွတ်မြောက်နေဆဲပင်ဖြစ်၏။
ထိုဖြစ်ရပ်က ချန်ချင်းဂိုဏ်းနှင့်သိုင်းမဟာမိတ်တို့၏မျက်နှာကိုဖျက်ရိုက်လိုက်ခြင်းနှင့်မခြားဘဲ ယခုတစ်ကြိမ်တွင် သူတို့အင်အားစုနှစ်ခုပူးပေါင်း၍တိုက်ခိုက်မည်ဖြစ်ပြီး မိန်းမလှလေးကိုလုံးဝအလွတ်ပေးတော့မည်မဟုတ်ဟုလည်း သတင်းများထွက်ပေါ်နေသည်။
ဤသို့ဖြင့် သိုင်းလောကနတ်မိမယ်ဘွဲ့နှင့်ထိုက်တန်သည့်မိန်းမလှလေး၏အစစ်အမှန်ပုံစံက ကြောက်မက်ဖွယ်ကောင်းသည့် အနက်ရောင်သိုင်းသမားတစ်ယောက်ဟုလူအများကလက်ခံလာကြပြီး သူမကိုသွေးအေးသခင်မဟုလည်းခေါ်ဆိုလာကြတော့သည်။