← Chapters

နတ်မိမယ်လောနတ်ဆိုးလော

Vol. 1 Ch. 9

နတ်မိမယ်လောနတ်ဆိုးလော

Vol. 1 Ch. 9

လုံဟိုင်မြို့

အလယ်ပိုင်းဒေသလုံဟိုင်မြို့တွင် သိုင်းမဟာမိတ်အခြေစိုက်ပြီး ယခုနှစ်ပိုင်းတွင်အင်အားတရိပ်ရိပ်မြင့်တက်လာသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

လုံဟိုင်မြို့မှာ လမ်းပန်းဆက်သွယ်ရေးအချက်အချာကျသည့်နေရာတွင်ရှိသည်မှလွဲ၍ ကျန်ထူးခြားချက်များမရှိသော်လည်း သိုင်းလောကရှိလူတိုင်းလိုလိုက လုံဟိုင်မြို့ကိုသိရှိကြသည် ။

အကြောင်းကား လုံဟိုင်မြို့တွင်တစ်ချိန်ကသိုင်းလောက၏အင်အားအကြီးဆုံးဂိုဏ်းဖြစ်သည့် နဂါးစိမ်းဂိုဏ်းကြီးအခြေစိုက်ခဲ့၍ဖြစ်ပြီး နဂါးစိမ်းဂိုဏ်းကြီးကဂိုဏ်းခွဲပေါင်းသုံးရာကျော် ၊ အဆင့်လွန်ထိပ်သီးအဆင့်ရှိသည့်ဂိုဏ်းခွဲမှူးများ၊ သိုင်းပညာမြင့်မားကြသည့်ဂိုဏ်းထိန်းများ စသူတို့ဖြင့် သိုင်းလောက၏ပြိုင်ဘက်မရှိအကြီးဆုံးဂိုဏ်းကြီးဖြစ်ခဲ့သည် ။

သို့သော်လည်း ကျုံဟွာတောင်တိုက်ပွဲမတိုင်မီနဂါးစိမ်းဂိုဏ်းကြီးပြိုကွဲသွားခဲ့ပြီး ကျုံဟွာတောင်တိုက်ပွဲပြီးနောက်တွင် နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်ကိုယ်တိုင်က သူတို့၏ဂိုဏ်းကိုဖျက်သိမ်းကြောင့်တရားဝင်ကြေငြာခဲ့သည်။

ထို့ကြောင့် သိုင်းလောကတွင်အနှစ်နှစ်ဆယ်နီးပါးတည်ရှိခဲ့သည့်အင်အားစုကြီးက ‌ပျောက်ကွယ်သွားခဲ့ပြီး သူတို့၏နေရာကို သိုင်းမဟာမိတ်၏ဌာနချုပ်အဖြစ်ပြုလုပ်ထားခြင်းဖြစ်ပေသည်။

သိုင်းမဟာမိတ်၏အခြေခံရည်ရွယ်ချက်များက နဂါးစိမ်းဂိုဏ်းကြီးနှင့်ဆင်တူသည်ဟုဆိုနိုင်သော်လည်း သူတို့၏လုပ်ရပ်များကအနည်းငယ်တစ်ဖက်စောင်းနင်းနိုင်ကာ အနက်ရောင်သိုင်းဂိုဏ်းများကိုသိသိသာသာဖိနှိပ်ထားပေသည်။

ထို့ကြောင့်လည်း အမှောင်‌လောကလို အနက်ရောင်သိုင်းဂိုဏ်းများစုဖွဲ့ထားသည့်မဟာမိတ်တစ်ခုထွက်ပေါ်လာခြင်းဖြစ်ကာ ထိုအဖွဲ့အစည်းနှစ်ခုကမီးနှင့်ရေလိုမျက်နှာချင်းဆိုင်၍မရပေ။

ခေါင်းဆောင်ရှစ်ယောက်၊ အင်အားနှစ်ရာ့‌လေးဆယ်တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည့်သိုင်းမဟာမိတ်မှာ ယခုအချိန်တွင်လူ‌ငါးရာကျော်သည့်အဖွဲ့အစည်းကြီးတစ်ခုဖြစ်နေပြီး သူတို့၏နောက်တွင် ကျောထောက်နောက်ခံပြုထားသည့်ထိပ်တန်းအင်အားစုဆယ်ခုအထိရှိလာပြီဖြစ်သည်။

ထို့ကြောင့်သိုင်းမဟာမိတ်တွင် သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်မှမရှိသေးသည့်တိုင်သိုင်းလောက၏ထိပ်တန်းအင်အားစုများနှင့်ရင်ဘောင်တန်းနိုင်ပြီး အနက်ရောင်သိုင်းဂိုဏ်းများစုစည်းထားသည့် အမှောင်လောက ကိုပါယှဉ်ပြိုင်နိုင်ခြင်းဖြစ်သည်။

သိုင်းမဟာမိတ်၏ဌာနချုပ်ရှိလျှို့ဝှက်အခန်းတစ်ခုထဲတွင် ခေါင်းဆောင်ဆယ်ယောက်ကစုစည်းနေကြပြီး သူတို့အားလုံးက သက်လက်ပိုင်းအရွယ်ရှိသူများသာဖြစ်သည်။

သူတို့အားလုံးက သက်ဆိုင်ရာဂိုဏ်းအဖွဲ့အသီးသီးကိုကိုယ်စားပြုသော်လည်း လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိကာ ယခုလည်း အရေးကြီးသည့်ကိစ္စတစ်ရပ်ကိုဆွေးနွေးပြောဆိုနေကြခြင်းဖြစ်သည်။

“ ဒီတော့ ဒီမိန်းကလေးကိုဖမ်းဆီးအပြစ်ပေးဖို့ ခင်ဗျားတို့အားလုံးကသဘောတူကြတယ်ဆိုပါတော့...”

စားပွဲ၏ထိိပ်ရှိအဖြူရောင်ဝတ်စုံဝတ်လူကြီးက ကျန်လူများကိုဝေ့ကြည့်၍ပြောလိုက်သည် ။

သူ၏မျက်နှာက အနည်းငယ်တင်းမာသည့်အမူအယာရှိပြီး ယခုရက်များတွင်နှစ်အနည်းငယ်အိုစာသွားပုံရသည်။

ထိုလူကြီးက ချန်ချင်းဂိုဏ်းမှ ချန်လုဖြစ်ပြီး သိုင်းမဟာမိတ်၏ခေါင်းဆောင်ဆယ်ယောက်တွင်အပါအဝင်လည်းဖြစ်သည်။

သူ၏တစ်ဦးတည်းသောသားဖြစ်သူချန်တဟုန်တစ်ယောက် အမည်မသိမိန်းမလှလေး၏လက်ချက်ကြောင့် သေလုနီးပါးဖြစ်ခဲ့ရချိန်တွင် ချန်လု၏ဒေါသများကိုဖော်ပြနိုင်စရာပင်မရှိပေ။

အဆိုးဆုံးက ချန်လု၏ခန္တာကိုယ်ရှိသွေးကြောများပျက်စီးနေခြင်းဖြစ်ပြီး ဤသည်က ချန်တဟုန်အပေါ်တွင်ကြီးမားစွာမျှော်လင့်ထားသည့် ချန်လုနှင့်ချန်ချင်းဂိုဏ်းမှလူများကို အလွန်အမင်းဒေါသထွက်သွားစေခဲ့သည်။

ချန်တဟုန်၏အသက်က နှစ်ဆယ့်ငါးနှစ်ခန့်သာရှိသေးသော်လည်း အဆင့်လွန်ထိပ်သီးအဆင့်သို့ရောက်ရှိနေပြီး နောက်တက်မည့်ချန်ချင်းဂိုဏ်းချူပ်အဖြစ်ပင်လျာထားခြင်းခံထားရသူလည်းဖြစ်သည်။

ထို့ကြောင့် ကျောက်စိမ်းနတ်မိမယ်‌ဆိုသည့်မိန်းကလေး၏လက်ချက်ကြောင့်ချန်တဟုန်တစ်ယောက်ပါရမီရှင်ဘဝမှအသုံးမကျသညိ့လူအဖြစ်ပြောင်းလဲသွားရာ ချန်ချင်းဂိုဏ်းနှင့် ချန်လုတို့ယမ်းပုံမီးကျဖြစ်ခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့်လေးငါးရက်အတွင်း မိန်းမလှလေး၏နောက်သို့သတ်ဖြတ်ရန်လူများစွာလွှတ်ခဲ့သည့်တိုင် ထိုလူများသာမိန်းမလှလေး၏လက်ချက်ကြောင့်သေဆုံးသွားရာ ချန်လုလည်း ထပ်၍သည်းမခံနိုင်တော့ဘဲ သိုင်းမဟာမိတ်၏အင်အားတစ်ခုလုံးကိုအသုံးပြုရန်ယခုလိုအစည်းအဝေးဆင့်ခေါ်ခဲ့ခြင်းဖြစ်ပေသည်။

ကံကောင်းထောက်မစွာဖြင့် မိန်းမလှလေး၏လက်ချက်ကြောင့်လူများစွာသေဆုံးခဲ့ပြီးဖြစ်ရာ သိုင်းမဟာမိတ်၏ကျန်ခေါင်းဆောင်များကလည်း ချန်လု၏တောင်းဆိုမှုကို တညီတညွတ်ထဲလက်ခံခဲ့ကြခြင်းဖြစ်၏။

“ ဒါပေမယ့် ကျုပ်တို့မဟာမိတ်မှာ အဆင့်လွန်ထိပ်သီးတွေအများကြီးမရှိဘူး ။ ဒီအထဲက နှစ်ယောက်က အဲဒီမိန်းကလေးကြောင့်သေဆုံးခဲ့ပြီးပြီ။

သူက သာမန်အဆင့်လွန်ထိပ်သီးတွေကိုတောင်အေးအေးဆေးဆေးသတ်ဖြတ်နိုင်ပြီး သူ့ရဲ့သိုင်းပညာကိုအခုထိအတိအကျမသိရသေးဘူး။။

ထိပ်တန်းအဆင့်သိုင်းသမားတွေကိုစေလွှတ်ရင်တောင် သူ့လက်ထဲမှာအသတ်ခံရမှာပဲ ။ ကျုပ်တို့သူ့ကိုဖမ်းဆီးဖို့ဘယ်သူ့ကိုစေလွှတ်ကြမှာလဲ...”

ချန်လု၏လက်ယာဘက်ရှိလူတစ်ယောက်က မေးခွန်းထုတ်လိုက်သည်။

ထိုလူက ရွှေရောင်နဂါးကွပ်ထားသည့်အနီရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားကာ အတော်ပင်ခန့်ညားသည့်လူတစ်ယောက်ဖြစ်သည်။

“ ဒီအတွက်စိတ်မပူပါနဲ့ ခေါင်းဆောင်နန်ကုန်း...ဒီတစ်ကြိမ်မျာ ကျုပ်တို့မဟာမိတ်ကလက်ရွေးစင်အဖွဲ့အပြင် ကျုပ်တို့ချန်ချင်းဂိုဏ်းက သိုင်းထိပ်သီးအချို့နဲ့ သိုင်းလောကထဲကကျော်ကြားတဲ့လူတွေကိုပါအကူအညီတောင်းထားတယ်။

ဒီလူအင်အားနဲ့ဆို သိုင်းဝိဇ္ဇာတွေကိုတောင်ယှဉ်ပြိုင်နိုင်မှာဖြစ်တဲ့အတွက် ဒီမိန်းကလေးအတောင်ပေါက်ရင်တောင်ပြေးမလွတ်ပါဘူး...”

ချန်လု၏လေသံကအေးစက်နေပြီး သူ၏မျက်ဝန်းများတွင်သတ်ဖြတ်လိုသည့်အရိပ်အငွေ့များကိုပါတွေ့မြင်နိုင်ပေသည်။

သူ၏ပိုင်နိုင်သည့်လေသံကြောင့် ခေါင်းဆောင်နန်ကုန်းဆိုသူက စကားတစ်ခွန်းမှမဆိုဘဲ ခေါင်းညိမ့်ပြလိုက်သည်။

ချန်လုက ခေါင်းဆောင်နန်ကုန်းနှင့်အခြားတစ်ယောက်ကိုကြည့်ရင်း ဖြေးညင်းစွာပြောလိုက်သည်။

“ ဒီအတွက် ခေါင်းဆောင်နန်ကုန်းနဲ့ ခေါင်းဆောင်စီးတုတို့ကိုနည်းနည်း ဒုက္ခပေးရဦးမယ်။

ကျုပ်ဖိတ်ခေါ်ချင်တဲ့လူတစ်ယောက်ရှိတယ်။ ဒီလူ့ကိုသာပါအောင်ခေါ်နိုင်ရင် ကျုပ်တို့ဘက်ကအဆုံးအရှုံးအတော်လေးနည်းပါးသွားနိုင်တယ်...”

ချန်လု၏စကားကြောင့် ခေါင်းဆောင်နန်ကုန်းနှင့် သူ၏ဘေးရှိအနက်ရောင်ဝတ်စုံဝတ်လူတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။

&&&&

စင်းရွယ်မြို့

မြောက်ပိုင်းဒေသ၏မြို့တော်ဖြစ်ပြီး သွားလာလှုပ်ရှားနေသည့်လူများစွာနှင့်စည်ကားသိုက်မြိုက်လှသည့်မြို့တစ်ခုလည်းဖြစ်သည်။

ပန်းပဲတန်းရပ်

စင်းရွယ်မြို့၏ကျော်ကြားသည့်ရပ်ကွပ်တစ်ခုဖြစ်ပြီး စင်းရွယ်မှထုတ်လုပ်သည့်လက်နက်များက လွန်စွာကောင်းမွန်လှ၍ အခြားဒေသရှိသိုင်းသမားများကပါလာရောက်မှာယူရပေသည်။

ပန်းပဲတန်းရပ်၏လမ်းအသွယ်သွယ်တွင် လက်နက်ကိရိယာများရောင်းချသည့်ဈေးဆိုင်များစွာရှိပြီး အများစုကနာမည်ကျော်ကြားပြီးသည့်ဆိုင်များဖြစ်ကြသည်။

သိုင်းလောကရှိလက်နက်များ၏တစ်ဝက်က စင်းရွယ်မှဖြစ်သည်ဆိုသည့်စကားအတိုင်း စင်းရွယ်တွင်ထူးချွန်သည့်ပန်းပဲဆရာများစွာရှိနေပေသည်။

လက်နက်ဆိုင်များ၏တည်ဆောက်ပုံက ဆိုင်ရှေ့ဘက်တွင် လက်နက်အမျိုးမျိုးကိုခင်းကျင်းပြသထားပြီးဤသည်က သာမန်သိုင်းသမားများအတွက်ဖြစ်သည်။

အမှန်တကယ်ကောင်းမွန်သည့်လက်နက်များက ဆိုင်များ၏အတွင်းဘက်အခန်းများထဲတွင်ရှိတတ်ပြီး ထိုအတွင်းခန်းရှိလက်နက်များက သာမန်လက်နက်များထက်ကောင်းမွန်လှသလို ဈေးနှုန်းကလည်းများပြားလှသည်။

ဤသည်က ဆိုင်များတွင်အကောင်းဆုံးမဟုတ်ဘဲ ဈေးအမြင့်ဆုံးနှင့်အကောင်းဆုံးလက်နက်များက ပန်းပဲဆရာနှင့်အသေအချာအပ်၍စေခိုင်းသည့်လက်နက်များဖြစ်သည်။

အစွမ်းထက်သိုင်းသမားအများစုက သူတို့၏လက်နက်များကိုတန်ဖိုးထားကြပြီး ထိုကဲ့သို့စိတ်ကြိုက်အပ်နှံ့ပြုလုပ်လေ့ရှိသည်။

ယနေ့တွင်လည်းစင်းရွယ်၏ပန်းပဲတန်းရပ်တွင်လူများစွာစည်ကားနေပြီး သူတို့အားလုံးလိုလိုကသိုင်းလောကသားများဖြစ်ကြသည်။

လွန်ခဲ့သည့်လေးငါးရက်အတွင်း သွေးအေးသခင်မနှင့် ထိပ်တန်းအင်အားစုနှစ်ခုတို့အကြားတွင်သွေးလွှမ်းသည့်တိုက်ပွဲများစွာဖြစ်ခဲ့ပြီး လူများစွာသေကြေခဲ့သော်လည်း ထိုတိုက်ပွဲများက စင်းရွယ်မြိူ့သို့ရောက်မလာပေ။

နောက်ဆုံးရရှိထားသည့်သတင်းများအရ ကျောက်စိမ်းနတ်မိမယ် သို့မဟုတ် သွေးအေးသခင်မဆိုသည့်မိန်းမလှလေးက အင်အားစုကြီးနှစ်ခု၏အမဲလိုက်မှုကြောင့် အလယ်ပိုင်းဒေသသို့တိမ်းရှောင်ထွက်ပြေးသွားသည်ဟုသိရပြီး အင်အားစုကြီးနှစ်ခုကလည်းထပ်ကြပ်မကွာလိုက်လံတိုက်ခိုက်နေကြသည်။

မည်သို့ပင်ဖြစ်စေ နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်နေပြီး လူသေဆူံးမှုများရှိနေသည့်သိုင်းလောကထဲတွင် ထိုဖြစ်ရပ်က အဆန်းတကြယ်မဟုတ်ဘဲ သိုင်းသမားများအနေဖြင့်ပုံမှန်လိုလှုပ်ရှားသွားလာနေခြင်းဖြစ်သည်။

ဆိုင်များ၏ရှေ့တွင် ခင်းကျင်းထားသည်က လက်နက်များစုံလင်လှပြီး ဓားရှည် ၊ ဓားတို၊ လှံရှည်၊ ကျာပွတ်နှင့် အပ်များ ဓားပျံများစသည့်လက်နက်ပုန်းများပင်ပါဝင်သည်။။

လက်နက်များအနက်အရောင်းရဆုံးက ဓားရှည်များဖြစ်၍ ဆိုင်တိုင်းလိုလိုတွင်ဓားရှည်များချခင်းထားကြသည်။

ဆိုင်တန်းများ၏အနောက်ဘက်တွင် သေးငယ်သည့်ဆိုင်လေးတစ်ခုလည်းရှိနေသည်။

ဖူချန်းလက်နက်ဆိုင်ဟု ဆိုင်းပုဒ်တပ်ထားသည့်ထိုဆိုင်ငယ်လေးမှယ အခြားဆိုင်များနှင့်ယှဉ်လျှင်ချောင်ကျသလို ခင်းကျင်းထားသည့်လက်နက်များလည်း နည်းပါးလေသည်။

သို့သော်လည်း ဖူချန်းလက်နက်ဆိုင်မှပန်းပဲသမား၏နည်းစနစ်က အခြားဆိုင်များထက်များစွာသာလွန်၍ ကျော်ကြားသည့်သိုင်းသမားအများစုက သူတို့၏လက်နက်များကို ထိုဆိုင်လေးတွင်သာယုံယုံကြည်ကြည်အပ်နှံလေ့ရှိသည်။

ထိုဆိုင်လေး၏မူလပိုင်ရှင်မှာ အဖိုးအိုဖူချန်းဖြစ်သော်လည်း လွန်ခဲ့သည့်နှစ်အနည်းငယ်ကဆုံးပါးသွားပြီဖြစ်၍ သူ၏တူတော်စပ်သည့်ဖူတိက ဆက်ခံထားလေသည်။

သူ၏နည်းစနစ်များက ဖူချန်းကိုမမှီသော်လည်း အခြားဆိုင်များထက်သိသိသာသာကောင်းမွန်နေ၍ ဖူချန်းမရှိတော့သည့်တိုင်လက်နက်အပ်နှံသူများပုံမှန်ရှိနေဆဲပင်။

အကယ်၍ ဖူတိသာကြိုးစားလိုပါက သူ၏ဆိုင်လေးမှာ စင်းရွယ်တွင်နံပါတ်တစ်လက်နက်ဆိုင်တစ်ခုပင်ဖြစ်နိုင်သည်။

သို့သော်လည်း အပျင်းကြီးသည့်ဖူတိက လာရောက်အပ်နှံသည့်လက်နက်အနည်းငယ်ကိုသာလုပ်ဆောင်ပေးပြီး သူတို့မိသားစုအတွက် နေထိုင်စားသောက်ရန်ပြည့်စုံသည့်ငွေကြေးရရှိလျှင်ကြေနပ်နေသူဖြစ်သည်။

သူတို့မျိုးရိုး၏ဓလေ့အရ လက်နက်ဆိုင်ကိုဆက်ခံရရှိသူက နာမည်ပြောင်းရသော်လည်း ဖူတိက ဆိုင်၏နာမည်ကိုပင် ပြောင်းလဲခြင်းမရှိဘဲ မူလအတိုင်းသာထားရှိသည်ကိုကြည့်၍ သူ၏စရိုက်ကိုမြင်တွေ့နိုင်ပေသည်။

“ ဆိုင်ရှင်တို့...ဆိုင်ရှင်တို့...”

ဖူတိ၏ဆိုင်ငယ်လေးထဲသို့ အနက်ရောင်ဝတ်စုံဝတ်လူသုံးယောက်ဝင်လာပြီး အတွင်းဘက်တွင်လူတစ်စုံတစ်ယောက်ကိုမတွေ့၍ အော်ခေါ်လိုက်ခြင်းဖြစ်သည်။

အပြင်ဘက်မှခေါ်သံကိုကြားမှ ဖားဖိုကိုဆွဲ၍ မီးအတိုးအလျော့လုပ်နေရင်းအိပ်ငိုက်နေသည့်ဖူချန်းမှာ ကဗျာကယာထရပ်၍ပါးပြင်တွင်စီးကျ‌နေသည့် သွားရေများကိုသုတ်လိုက်သည်။

“ ချီးပဲ သက်မှက်ရက်ထက်နောက်ကျတော့မယ်...”

ဖူတိလည်း မီးငြိမ်း‌သေနေသည့်သူ၏ပန်းပဲဖိုကိုကြည့်၍ညည်းတွားလိုက်ရင်း အခန်းအပြင်ဘက်သို့လျှင်မြန်စွာထွက်လာ‌ခဲ့တော့သည်။

All Chapters