နတ်လက်နက်မျိုးဆက်
Vol. 1 Ch. 10
ဆိုင်ထဲတွင်ရှိသည့် အနက်ရောင်ဝတ်စုံဝတ်လူသုံးယောက်ကိုကြည့်ရင်း ဖူတိ၏မျက်နှာကပြုံးရွှင်သွားသည်။
ထိုလူသုံးယောက်မှာ လွန်ခဲ့သည့်တစ်ပတ်က သူ့ထံသို့ဓားသုံးလက်လာရောက်အပ်နှံခဲ့သူများဖြစ်ပြီး စရန်ငွေသာမက ငွေအပြည့်ပေးချေသွားရာ ဖူတိလည်းထိုလူများအပေါ်အမြင်ကောင်းရှိပေသည်။
“ ဒီမှာ ခဏလောက်ထိုင်စောင့်ဦး ကျုပ် ခင်ဗျားတို့အပ်ထားတဲ့လက်နက်တွေသွားယူလိုက်ဉီးမယ်...”
ဖူတိက ဆိုင်ထဲတွင်ချထားသည့် ထိုင်ခုံအနည်းငယ်ကိုညွန်ပြရင်းပြောလိုက်သည်။
သူ၏စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူများလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ခေါင်းညိမ့်လိုက်ကြပြီး ဖူတိကား လက်နက်ပြုလုပ်သည့်နောက်ဘက်အခန်းထဲသို့ဝင်သွားလိုက်သည်။
လက်နက်ပြုလုပ်သည့်မီးပြင်းဖိုကြီးဘေးတွင် သေသပ်စွာပြုလုပ်ထားသည့်စင်ငယ်တစ်ခုရှိပြီး ဓားသုံးလေးလက်နှငိ့လှံရှည်တစ်လက်တို့ကိုတင်ထားသည်။
ထိုအထဲမှ အတိုအရှည်မညီသည့်ဓားနှစ်လက်ကိုယူလိုက်ရင်း ဖူတိလည်းရှေ့ဘက်အခန်းထဲသို့ပြန်သွားလိုက်သည်။
“ တော်တော်သဘောကောင်းတဲ့လူတွေ စရန်တင်မဟုတ်ဘဲငွေအပြည့်ချေတဲ့အပြင် အလောတကြီးလည်းမနိုင်ဘူး.. “
ဖူတိ၏စိတ်ထဲတွင်တော့ တစ်ဦးထဲတွေးတောနေမိသည်။
“ မိတ်ဆွေတို့ စစ်ကြည့်လိုက်ပါဦး...”
ဖူတိက သူ၏လက်ထဲရှိဓားနှစ်လက်ကိုကမ်းပေးရင်းပြောလိုက်သည်။
ဓားရှည်နှစ်လက်ကို အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်ထဲမှ အရပ်ပုပုဖြင့်လူက ထယူလိုက်ပြီး တစ်လက်ကိုကျန်တစ်ယောက်ထံသို့ပေး၍ ကျန်တစ်လက်ကို ဓားအိမ်အတွင်းမှဆွဲထုတ်လိုက်သည်။
“ ရွှပ်...”
ပါးလွှာထက်ရှသည့်ဓားရှည်က တောက်ပစွာပေါ်ထွက်လာပြီး လေထဲတွင်အကြိမ်အနည်းငယ်ဝေ့ယမ်းကြည့်ရာ လေခွင်းသံများပင်ထွက်ပေါ်လာသည်။
ဓားရှည်ကိုကြည့်နေသည့်လူမျက်နှာကတည်ငြိမ်နေသော်လည်း သူ၏မျက်ဝန်းထဲတွင်ကျေနပ်အားရသည့်အရိပ်အယောင်များကအထင်းသားပင်။
ထိုမြင်ကွင်းကြောင့် ဖူတိလည်း အသာရယ်မောလိုက်ပြီး ခပ်ကြွားကြွားလေးပြောလိုက်သည်။
“ ကျုပ်ရဲ့ဆိုင်ကလက်နက်ကတော့ မိတ်ဆွေတို့စိတ်တိုင်းကျဖြစ်မှာပါ။ ဒီဓားတွေက ထုလုပ်တဲ့နေရာမျာ အကြိမ်တစ်ရာအထိပြန်လည်သန့်စင်ထားတဲ့သံမဏိတွေပဲ။
လက်ရှိသိုင်းလောကထဲမှာအသုံးပြုနေတဲ့လက်နက်အများစုက အကြိမ်ခြောက်ဆယ်ခုနစ်ဆယ်လောက်ပဲပြန်သန့်စင်ထားတာ။
တကယ်တော့ သံမဏိကိုအကြိမ်တစ်ရာအထိပြန်လည်သန့်စင်ပြီးအခုလိုမျိူးကောင်းမွန်တဲ့လက်နက်တွေဖြစ်လာဖို့က လျှို့ဝှက်နည်းပညာလိုအပ်သေးတယ်လေ။
ကျုပ်ဒီတစ်ခုကိုတော့သေချာအာမခံရဲတယ်။ ဒီနည်းပညာက ကျုပ်တို့ဘိုးဘေးတွေလက်ဆင့်ကမ်းလာတာဖြစ်ပြီးတော့ သိုင်းလောကထဲကဘယ်ပန်းပဲဆရာပဲဖြစ်ဖြစ် ဒီနည်းပညာလောက်ကောင်းတဲ့ဟာကိုပိုင်ဆိုင်ထားမှာမဟုတ်ဘူး...”
ဖူတိ၏စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူများ၏မျက်နှာထက်တွင်ထူးခြားသည့်အရိပ်အယောင်တစ်ခုထွက်ပေါ်လာပြီးလျှင်မြန်စွာပျောက်ကွယ်သွားသည်။
“ ဒါနဲ့ ကျုပ်တို့ကြားခဲ့တာတွေအရဆိုရင် ဒီဆိုင်ကိုစတင်တည်ထောင်ခဲ့တဲ့ဖူမျိူးနွယ်ဘိုးဘေးက ပန်းပဲတန်းရပ်ကွက်တစ်ခုလုံးကိုတည်ခဲ့တာဆိုပဲ...”
ထိုစကားကိုပြောလိုက်သူက ထိုင်လျက်ရှိနေသေးသည့်အရပ်ရှည်ရှည်လူဖြစ်သည်။
သူ၏စကားကြောင့်ဖူတိ၏မျက်နှာက ဝင်းပသွားပြီး သူ၏ပေါင်ကိုဖျက်ခနဲပုတ်လိုက်သည်။
“ ဟုတ်တာပေါ့...ကျုပ်ရဲ့ဘိုးဘေးက ကြီးမြတ်တဲ့ဝူအင်ပါယာခေတ်မှာ အတော်ကျော်ကြားခဲ့တဲ့ပန်းပဲဆရာတစ်ယောက်ကိုး ...။
သူစင်းရွယ်မြို့မှာ အခြေချနေထိုင်တော့ သူ့ပညာကိုလိုချင်လို့နောက်ကတကောက်ကောက်လိုက်လာတဲ့လူတွေဆိုတာ ရေလို့တောင်မရဘူး။
ဒီလူတွေထဲက ဇွဲကောင်းတဲ့လူတစ်ချို့က ကျုပ်တို့ဘိုးဘေးရဲ့အိမ်ဘေးမှာပဲအခြေချနေထိုင်ပြီးနှစ်တွေအကြာကြီးစောင့်ဆိုင်းခဲ့တယ်။
သူတို့ကိုဒီအတိုင်းကြည့်မနေနိုင်တဲ့ဘိူးဘေးက သူ့ရဲ့ပညာနည်းနည်းစီသင်ကြားပေးရင်းကနေ စင်းရွယ်မှာ ပန်းပဲတန်းရပ်ဆိုတာပေါ်လာခဲ့တာ ။
သူတို့က ဘိုးဘေးရဲ့ပညာတစ်ပိုင်းတစ်စကိုရတာတောင် အဲဒီခေတ်ကနာမည်ကျော်ပန်းပဲဆရာတွေဖြစ်လာကြသေးတယ်။။
အခုတော့ နှစ်ရာနဲ့ချီပြီးကြာလာတော့ ဒီအကြောင်းတွေကို ကောင်းကောင်းသိတာ မရှိတော့ဘူးပေါ့...”
ဖူတိ၏အမူအယာကဂုဏ်ယူဝံ့ကြွားနေသည့်ပုံစံပေါက်နေသလို တစ်ချိန်ထဲမှာပင် ရွှေရောင်လွှမ်းသည့်နေ့ရက်များကိုပြန်လည်တမ်းတနေဟန်လည်းတူသည်။
“ ကောင်းပြီလေ ဒီတော့ နတ်လက်နက်ဆရာကြီးဖူချိူးရဲ့သံမဏိသန့်စင်နည်းစနစ်နဲ့ သူချန်ခဲ့တဲ့လက်နက်တွေကိုအခုထုတ်ပေးစမ်း...”
အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်က ဖူတိ၏အနီးသို့ရိပ်ခနဲရောက်လာပြီး လက်ထဲရှိဓားဖြင့်လည်ပင်းပေါ်သို့တင်းထားလိုက်သည် ။
ရုတ်တရက်ဖြစ်ပျက်သွားသည့်အဖြစ်ကြောင့် ဖူတိ၏အမူအယာကကြီးစွာပြောင်းလဲသွားပြီးသူ၏မျက်နှာထက်တွင် အံ့ဩထိတ်လန့်ဟန်များအထင်းသားပေါ်ထွက်လာသည်။
“ ခင်ဗျားတို့ဘာ ဘာလုပ်ကြတာလဲ..”
ဖူတိက တုန်လှုပ်သည့်လေသံဖြင့်မေးခွန်းထုတ်လိုက်သည်။
ထိုလူများမှာ ကောင်းစွာစကားပြောဆိုနေရာမှတဆင့် ယခုလိုရုတ်တရက်ပြုမူလာရာ ဖူတိအနေဖြင့် ထိတ်လန့်တုန်လှုပ်မိသည်က သဘာဝပင်ဖြစ်၏။
စင်စစ် ဖူတိလည်း သူ၏ဦးလေးဖြစ်သူထံမှသိုင်းပညာကိုသင်ကြားဖူးသော်လည်း အပျင်းကြီးနေ၍ အလယ်အလက်အဆင့်သာရှိပေသည်။
ထိုစဉ်အချိန်များက ဖူတိမှာ တစ်စုံတစ်ယောက်နှင့်ခိုက်ရန်ဖြစ်ပွားလျှင်ပင် သူ့ဘက်ကအလျော့ပေးလျှင်ဖြစ်သည်ဟုသဘောထားပေသည်။
ယခု အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်ထဲမှတစ်ယောက်က သူ့၏လည်ပင်းပေါ်သို့ဓားတင်၍ချိန်းခြောက်လာရာ ဖူတိလည်းလွန်စွာထိတ်လန့်တုန်လှုပ်သွားခြင်းဖြစ်ပေသည်။
“ အပိုတွေမပြောနဲ့ ငါတို့မေးတာကို အေးအေးဆေးဆေးဖြေစမ်း... မင်းရဲ့ဘိုးဘေးဖြစ်တဲ့ နတ်လက်နက်ဆရာကြီးဖူချိူးရဲ့သံမဏိသန့်စင်နည်းစနစ်နဲ့ သူပြုလုပ်ခဲ့တဲ့လက်နက်တွေဘယ်မှာလဲ...”
ယခုအချိန်ထိထိုင်ရာမှမထသေးသည့်အရပ်ရှည်ရှည်လူကပြောလိုက်ခြင်းဖြစ်သည်။
သူ၏စကားကြောင့် ထိတ်လန့်တုန်လှူပ်နေသည့်ဖူတိလည်း လွန်စွာအံ့အားသင့်သွားပြီးမနေနိုင်ဘဲပြန်မေးလိုက်မိသည်။
“ မဖြစ်နိုင်တာ ခင်ဗျားတို့က ဘယ်လိုလုပ်ပြီး ကျုပ်ရဲ့ဘိုးဘေးအကြောင်းကိုသိတာလဲ...”
ဖူတိ၏မေးခွန်းကြောင့် သူ၏အနီးရှိအနက်ရောင်ဝတ်စုံဝတ်လူကစိတ်မရှည်ဟန်ဖြစ်လာပြီး တင်းမာသည့်လေသံဖြင့်ပြောလိုက်သည် ။
“ စကားများလိုက်တာ ...ဟေ့ ခေါ်လာခဲ့စမ်း...”
ထိုလူ၏စကားဆုံးသည်နှင့် ဆိုင်အနောက်ဘက်မှအသံအနည်းငယ်ကြားလိုက်ရပြီး အတွင်းဘက်အခန်းထဲမှလူလေးယောက်ထွက်ပေါ်လာတော့သည်။
ထိုလူလေးယောက်အနက်နှစ်ယောက်က ဖူတိ၏အနီးမှလူများနှင့်တစ်ဖွဲ့ထဲဖြစ်ဟန်တူပြီး သူတို့၏လက်ထဲတွင် အသက်နှစ်ဆယ်အရွယ်မိန်းမပျိုတစ်ယောက်နှင့် အသက်သုံးနှစ်ခန့်ရှိမည့်ကလေးငယ်တစ်ယောက်တို့ကို ဖမ်းချုပ်ထားသည်။
အကြောပိတ်ခံထားရ၍ မလှုပ်ရှားနိုင်သည့်မိန်းမပျို၏မျက်လုံးများကဝိုင်းစက်ပြူးကျယ်နေပြီး ဓားဖြင့်ချိန်းခြောက်ခံနေရသည့်ဖူချိူးကိုမြင်တွေ့ရာတွင် သူမ၏မျက်ဝန်းထဲမှမျက်ရည်များရစ်ဝိုင်းလာသည်။
ကလေးငယ်ကား ချစ်စရာကောင်းသည့် ယောင်္ကျားလေးတစ်ယောက်ဖြစ်ပြီး သူ၏အိပ်ပျော်စေသည့်အကြောကိုနှိပ်ခံထားရ၍ အနက်ရောင်ဝတ်စုံဝတ်လူ၏လက်ထဲတွင်ပျော့ခွေနေသည်။
ထိုမိန်းမပျိုနှင့် ကလေးငယ်က ဖူတိ၏ဇနီးနှင့်သားငယ်ဖြစ်ပြီး ထိုမြင်ကွင်းကြောင့် ဖူတိလည်း ထိတ်လန့်တုန်လှုပ်နေသည့်ခံစားချက်များပင်ပျောက်ကွယ်သွားကာ ဒေါသတကြီးထရပ်လိုက်မိသည်။
“ ရှင်မ .. သားလေး...မင်းတို့...”
“ ဟေး...အေးအေးဆေးဆေးပေါ့
..”
အနီးရှိအနက်ရောင်ဝတ်စုံဝတ်လူက ဖူတိ၏ပခူံးပေါ်သို့လက်ဖြင့်ဖိချလိုက်ပြီး ဖူတိကိုမလှုပ်နိုင်အောင်ချုပ်ကိုင်ထားလိုက်သည်။
ထိုလူ၏သိုင်းပညာကအတော်ပင်မြင့်မားပြီး အဆင့်လွန်ထိပ်သီးအဆင့်ပင်ရှိနိုင်ပေသည်။
“ ကိုင်း...အပိုတွေမပြောနဲ့တော့ ဆိုင်ရှေ့မှာလည်းငါတို့လူနှစ်ယောက်ရှိနေတော့ ဒီအထဲကို ဘယ်သူမှဝင်မလာနိုင်ဘူး ။
အခု ငါပြောတာကိုမလိုက်နာရင် မင်းရဲ့ဇနီးနဲ့ကလေးကိုမင်းရှေ့မှာပဲသတ်ပြမယ် ဘယ်လိုလဲ...”
အနက်ရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်ဖြစ်ဟန်တူသည့်အရပ်ရှည်ရှည်လူက သွေးအေးစွာပြောလိုက်သည်။
သူ၏မျက်ဝန်းထဲရှိရက်စက်သည့်အရိပ်အယောင်များကိုမြင်တွေ့ပြီးနောက်၌ ဖူတိလည်း သူ့ဇနီးနှင့်ကလေးငယ်တို့၏အသက်နှင့်အလောင်းအစားမလုပ်ဝံ့တော့ဘဲ လက်မြောက်အရှုံးပေးလိုက်ရတော့သည်။
“ ခင်ဗျားတို့ပြောတဲ့ သံမဏိသန့်စင်နည်းစနစ်က ကျုပ်ဆီမှာရှိပါတယ်။ ဒါပေမယ့် ဘိူးဘေးက ဒီကိုပြောင်းလာပြီးထဲက နောက်ထပ်ဘယ်လက်နက်ကိုမှမလုပ်တော့ဘူး။ ဒါကြောင့် ဒီမှာ ဘိုးဘေးလုပ်ထားတဲ့လက်နက်တစ်ခုမှမရှိဘူး...”
အကယ်၍ သူတစ်ဦးထဲသာဆိုပါက ဖူတိအနေဖြင့်ထိုအကြောင်းအရာများကိုပြောပြခြင်းမရှိဘဲ အသေခံလိုက်မည်ဖြစ်သော်ငြား တစ်ဖက်လူများက သူ့ဇနီးနှင့်ကလေးကိုဓားစာခံပြုလုပ်ထား၍ သူလည်းအလုံးစုံဖွင့်ပြောလိုက်ခြင်းဖြစ်သည်။
သူ၏စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူ၏မျက်နှာထက်၌အလိုမကျသည့်အရိပ်အယောင်များထွက်ပေါ်လာပြီး သူ၏လက်တစ်ဖက်ကိုအသာမြောက်ပြလိုက်သည်။
“ အ....”
မိန်းမပျိုကိုဖမ်းချုပ်ထားသည့်အနက်ရောင်ဝတ်စုံဝတ်လူက သူ၏ဓားကိုအနည်းငယ်ဖိဆွဲလိုက်၍ မိန်းမပျို၏လည်ပင်းတွင်သွေးစီးကြောင်းတစ်ခုထွက်ပေါ်လာပြီး သူမ၏အမူအယာကထိတ်လန့်သွားပုံရသည်။
ထိုမြင်ကွင်းကြောင့် ဖူတိ၏မျက်နှာကကွက်ခနဲပျက်ယွင်းသွားပြီးအလျှင်အမြန်အော်ဟစ်လိုက်သည်။
“ ကျုပ်တကယ်ပြောနေတာ ဘိုးဘေးပြုလုပ်ခဲ့တဲ့လက်နက်က ကျုပ်ဆီမှာမကျန်ခဲ့ဘူး...”
ဖူတိကအမှန်အတိုင်းပြောနေခြင်းဖြစ်သော်ငြား အနက်ရောင်ဝတ်စုံဝတ်လူက နားဝင်ဟန်မတူဘဲ အေးစက်စက်လေသံဖြင့်တုံ့ပြန်လိုက်သည် ။
“ အခု ငါတစ်ကနေငါးအထိရေမယ် ။ အဲဒီအတွင်းမှာ မင်းဝန်မခံသေးဘူးဆိုရင် မင်းရဲ့မိန်းမကိုသတ်ပစ်မယ်။ ပြီးရင် မင်းရဲ့ကလေးအလှည့်ပေါ့...”