လျှို့ဝှက်သူလျှို
Vol. 1 Ch. 11
“ တစ်...”
“ နှစ်....”
အနက်ရောင်ဝတ်စုံဝတ်လူ၏ရေတွက်သံကဖြေးညင်းစွာထွက်ပေါ်နေသလို ဖူတိလည်းဘာဆက်လုပ်ရမှန်းမသိဘဲ ထိတ်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ရှုပ်ထွေးခြင်းစသည့်ခံစားချက်များပေါင်းစုံနေသည်။
အကယ်၍ သူ့ဇနီးနှင့်သား၏အသက်ကိုသာကယ်တင်နိုင်ပါက သံမဏိသန့်စင်နည်းစနစ်ကိုတုံ့ဆိုင်းခြင်းမရှိလွှဲပေမည်ဖြစ်သော်လည်း တစ်ဖက်လူများပြောသည့် သူ၏ဘိုးဘေး၏လက်နက်မှာ သူ့ထံတွင်အမှန်တကယ်ရှိမနေပေ။
“ သုံး...”
ဖူတိ၏အမူအယာကိုကြည့်၍ အနက်ရောင်ဝတ်စုံဝတ်လူက ခံစားချက်ကင်းမဲ့စွာဖြင့်ဆက်လက်ရေတွက်နေသည်။
အံ့ဩဖွယ်ကောင်းစွာဖြင့် ဝူတိ၏ဇနီးသည်မိန်းမပျိုလေး၏မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သည့်အမူအယာကိုမတွေ့ရဘဲ သူမ၏မျက်ဝန်းများ ဖူတိကိုစူးစိုက်ကြည့်နေပြီး မျက်ရည်များရစ်ဝိုင်းလျက်ရှိသည်
“ လေး....”
“ ငါး....”
အနက်ရောင်ဝတ်စုံဝတ်လူက ငါးအထိရေတွက်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည် ။
“ ကြည့်ရတာ မင်းက မင်းဇနီးသည်ရဲ့အသက်ကိုကိုင်ဂရုစိုက်ပုံမရဘူး...”
ထိုလူက ပြောပြောဆိုဆိုဖြင့်လက်မြောက်ပြလိုက်ရာ မိန်းမပျိုလေးကိုချုပ်ကိုင်ထားသူက သူ၏လက်ထဲရှိဓားကိုလှုပ်ရှားရန်ပြင်လိုက်သည်
မိန်းမပျိုလေးမှာ ဖူတိကိုစူးစိုက်ကြည့်နေရာမှသူမ၏ကံကြမ္မာကိုလက်ခံလိုက်ဟန်ဖြင့် မျက်စေ့စုံမှိတ်လိုက်တော့သည်။
ထိုစဉ် ခေါင်းပွင့်မတတ်စဉ်းစားနေရသည့်ဖူတိက ရုတ်တရက်ထခုန်လိုက်ပြီးအလျှင်အမြန်ပြောလိုက်သည်။
“ ရပ်လိုက်...ရပ်လိုက်ပါ... ခဏလေး ...”
နောက်ဆုံးတွင် တစ်စုံတစ်ခုကိုသတိရသွားဟန်တူသည့်ဖူတိ၏ပုံစံကြောင့် အနက်ရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်လည်း မိန်းမပျိုလေးကိုသတ်ဖြတ်တော့မည့် သူ့လူကိုဟန့်တားလိုက်သည်။
ထို့နောက် သူ၏မျက်နှာထက်၌အပြုံးတစ်ခုပေါ်လာပြီး ဖူတိကိုမေးလိုက်သည်။
“ ဘာလဲ မင်းဝန်ခံလိုက်ပြီလား...”
ထိုလူ၏လေသံကတင်းမာခတ်ထန်ခြင်းမရှိသော်လည်း ဖူတိအတွက်မူငရဲသားတစ်ယောက်၏ရယ်မောသံထက်ပင်စက်ဆုပ်ဖွယ်ကောင်းနေသည်။
သို့သော်လည်း တစ်ဖက်လူများ၏သူ၏အားနည်း
ချက်များကိုချုပ်ကိုင်ထားရာ လေသံပျော့ပျော့ဖြင့်ပြောလိုက်သည်။
“ ခင်ဗျားတို့ပြောတဲ့ ဘိုးဘေးရဲ့လက်နက်လားဘာလားတော့မသိဘူး။ ကျုပ်ဦးလေးမသေခင်က ကျုပ်ကိုအလေးအနက်ထားထိမ်းသိမ်းခိုင်းသွားတဲ့ပစ္စည်းတစ်ခုရှိတယ် ။
အဲဒါက ခြောက်လက်မလောက်ရှိတဲ့ သေးငယ်တဲ့သံဘူးလေးတစ်ခုပဲ...”
ဖူတိ၏စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူ၏မျက်လုံးများကလွန်စွာတောက်ပသွားပြီး တစ်ဦးထဲခပ်တိုးတိုးရေရွတ်လိုက်သည် ။
“ သခင်ကြီးပြောတာတကယ်မှန်တာပဲ။ အဲဒီပစ္စည်းက ဖူချန်းရဲ့လက်ထဲမှာ တစ်ချိန်လုံးရှိနေခဲ့တာ ။ ခေါင်းမာတဲ့ဒီအဖိုးကြီးက အဆိပ်မိသွားပြီးတာတောင် နောက်ဆုံးအချိန်ထိထုတ်မပြောဘဲအသေခံသွားတာ...”
အကယ်၍ သူ၏စကားများကိုဖူတိသာကြားပါက လွန်စွာထိတ်လန့်ဒေါသထွက်သွားမည်ဖြစ်ပြီး သာမန်ရောဂါဖြင့်သေဆုံးသည်ဟုသိထားသည့်သူ၏ဦးလေးက တစ်ဖက်လူများ၏အဆိပ်ကြောင့်သေဆုံးခဲ့ခြင်းပင်ဖြစ်သည်။
အနက်ရောင်ဝတ်စုံဝတ်လူကသူ၏မျက်နှာထက်ရှိစိတ်လှုပ်ရှားမှုကိုမပေါ်လွင်စေဘဲ အတတ်နိုင်ဆူံးထိမ်းသိမ်းလိုက်ပြီး ဖူတိကိုပြောလိုက်သည်။
“ ကောင်းပြီ ။ အဲဒီပစ္စည်းနဲ့ သံမဏိသန့်စင်နည်းစနစ်ကိုယူလာခဲ့။ ဒါဆိုရင် မင်းရဲ့ဇနီးနဲ့ကလေးကို လက်ဖျားနဲ့တောင်မတို့ဘူး...”
အနက်ရောင်ဝတ်စုံဝတ်လူကလေနက်သည့်လေသံဖြင့်ကတိပေးလိုက်သည်။
ထိုစဉ် အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်၏လက်ထဲတွင်ဖမ်းချုပ်ခံထားရသည့်မိန်းမပျိုလေးက သူမ၏ခေါင်းကိုတွင်တွင်ခါယမ်းလိုက်ပြီး ဖူတိကိုအော်ဟစ်လိုက်သည်။
“ အစ်ကိုတိ ရှင်သူတို့လိုချင်တဲ့ပစ္စည်းကိုလုံးဝပေးလို့မဖြစ်ဖူး ။ သူတို့လိုချင်တာရပြီးရင် ရှင့်ကိုအသက်ရှင်လျက်ထားမှာမဟုတ်ဘူး...”
ရုတ်တရက်ထွက်ပေါ်လာသည့် မိန်းမပျို၏အော်ဟစ်သံကြောင့် သူတို့အားလုံးအံ့အားသင့်သွားကြပြီး အနက်ရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်က မိန်းမပျို၏အနီးသို့ရိပ်ခနဲရောက်လာကာ သူမ၏ပါးကိုအားပြင်းပြင်းလွှဲရိုက်လိုက်သည်။
“ ဖြောင်း...”
“ စူးအာ...”
ကျယ်လောင်သည့်ပါးရိုက်သံနှင့်မိန်းမပျို၏မျက်နှာကတစ်ဖက်သို့လည်ထွက်သွားပြီး ဖူတိ၏စိုးရိမ်ပူပန်သည့်အော်ဟစ်သံကထွက်ပေါ်လာသည် ။
အရိုက်ခံလိုက်ရသည့် မိန်းမပျို၏ဘယ်ဘက်ပါးပြင်က ချက်ခြင်းလိုလိုနီရဲရောင်ကိုင်းလာပြီး ဖူတိက သူမဆီသို့ပြေးထွက်သွားလိုသော်လည်း သူ၏အနီးရှိလူက တင်းကြပ်စွာချုပ်ကိုင်ထားလိုက်သည်။
“ ခင်ဗျား ကျုပ်ရဲ့ဇနီးကိုမထိနဲ့...”
ဖူတိလည်းသူ့ကိုဖမ်းချုပ်ထားသူ၏လက်မှရုန်းထွက်မရသည်ကိုသိသည်နှင့် အနက်ရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်ကိုအော်ဟစ်လိုက်သည်။
ဖူတိ၏စကားကြောင့် ခေါင်းဆောင်၏မျက်နှာထင်တွင် ဆိုးညစ်ဟန်ဖြင့်အပြုံးတစ်ခုထွက်ပေါ်လာပြီး မိန်းမပျို၏မျက်နှာကိုခပ်တင်းတင်းညစ်၍ ဆွဲမော့လိုက်သည်။
“ ငါစိတ်မရှည်တော့ဘူး။ မင်းအခုပစ္စည်းတွေသွားမယူရင် သူ့ကိုမသတ်ခင် ငါတို့ညီအစ်ကိုတွေအရင်ပျော်ပါးပစ်တော့မယ်...”
အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်၏မိုက်ရိုင်းလှသည့်စကားက ဖူတိ၏မျက်နှာကိုဖြူဖျော့သွားစေသော်လည်း မိန်းမပျို၏မျက်လုံးများကမီးဝင်းဝင်းတောက်နေကာ အံကိုတင်းတင်းကြိတ်ထားသည်။
“ ကျုပ်.. ကျုပ် အခုပဲပစ္စည်းတွေသွားယူလိုက်မယ်...”
အနက်ရောင်ဝတ်စုံဝတ်လူများက သူ့ဇနီးသည်ကိုတစ်စုံတစ်ခုပြုလုပ်မည်စိုး၍ ဖူတိလည်း အလျှင်အမြန်ပြောလိုက်သည်။
သူ၏အမူအယာကိုအကဲခပ်၍ ခေါင်းဆောင်က ဖူတိကိုချုပ်ထားသူကိုခေါင်းညိမ့်ပြလိုက်ရာ ထိုလူက ဖူတိ၏ခန္တာကိုယ်ကိုလွှတ်ပေးလိုက်သည်။
အချုပ်အနှောင်မှလွတ်မြောက်သွားသည်နှင့် ဖူတိလည်း ကျိုးလုမတတ်နာကျင်နေသည့်ပခုံးနှစ်ဘက်ကိုဂရုမစိုက်နိုင်သေးဘဲ လက်နက်ပြုလုပ်သည့်အတွင်းခန်းဆီသို့ပြေးဝင်သွားတော့သည် ။
ဖူတိထွက်ပြေးမည်ကိုစိတ်ပူစရာမလိုသည့်တိုင် အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်က အတွင်းခန်း၏တံခါးဝတွင်စောင့်ကြပ်နေပြီး ဖူတိကားအခန်းထဲတွင်တစ်စုံတစ်ခုကိုရှာဖွေနေဟန်တူသည်။
အပြင်ဘက်တွင် အနက်ရောင်ဝတ်စုံဝတ်လူလေးယောက် ၊ ဖူတိ၏ဇနီးမိန်းမပျိုလေးနှင့် အိပ်မောကျနေသည့်ဖူတိ၏သားငယ်တို့သာကျန်ခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ်လူများ၏မျက်နှာထက်တွင် ပျော်ရွှင်ဝမ်းမြောက်ဟန်များဖုံးဖိမရဘဲထွက်ပေါ်နေသည်။
“ ခေါင်းဆောင် ဒီတစ်ကြိမ်တော့ ကျူပ်တို့တကယ့်ကိုကံကောင်းတာပဲ။ ဒီတာဝန်က မျှော်မှန်းထားရသလောက်မခက်ခဲ့အပြင် ရမယ့်ဆုလာဒ်တွေက တကယ့်ကိုတစ်ပုံတစ်ပင်ပဲ...”
အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်က ခေါင်းဆောင်ကိုကြည့်၍ဝမ်းသာအားရပြောလိုက်သည်။
သူ၏စကားကြောင့်ခေါင်းဆောင်ဖြစ်သူလည်း သက်ပြင်းတစ်ချက်ရှိုက်၍ ခေါင်းညိမ့်လိုက်သည်။
“ နတ်လက်နက်ဆရာကြီးဖူချိူးရဲ့နောက်ဆုံးလက်နက်က ဘယ်လောက်အစွမ်းထက်မယ်ဆိုတာ ငါတော့ရင်ခုန်နေပြီ...”
ခေါင်းဆောင်ဖြစ်သူ၏စကားကြောင့် ကျန်လူများ၏မျက်နှာထက်တွင်လောဘအရိပ်အယောင်များပေါ်ထွက်လာသော်လည်း လျှင်လျှင်မြန်မြန်ပျောက်ကွယ်သွားကြသည်။
အကြောင်းကား သူတို့သခင်ဖြစ်သူမှာ မည်မျှအစွမ်းထက်၍ကြောက်မက်ဖွယ်ကောင်းလှသည်ကိုသူတို့အသိဆုံးဖြစ်ပြီး ထိုလူ၏ပစ်မှတ်ထားခြင်းကိုသာခံရပါက မိုးမြေအဆုံးထိပြေးလျှင်ပင်လွတ်မြောက်မည်မဟုတ်ပေ။
ထို့ကြောင့် သူတို့အနေဖြင့် ဆရာကြီးဖူချိူး၏နောက်ဆူံးလက်နက်ကိုလောဘတတ်မိသော်ငြားမည်သူမှမကောင်းမကြံဝံ့ခြင်းဖြစ်သည်။
အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်က သူ၏ဘေးရှိမိန်းမပျိုလေးကိုစောင်းကြည့်ရင်း လှောင်ပြောင်လိုသည့်လေသံဖြင့်ပြောလိုက်သည် ။
“ တစ်ကြိမ်တာဝန်အောင်မြင်တာ မင်းတို့သူ့ရဲ့ငတုံး ယောင်္ကျားကိုကျေးဇူးတင်ရမယ်။ အရင်ခေါင်းမာတဲ့အဖိုးကြီးဆို သေသွားတာတောင် လက်နက်ရဲ့သတင်းအစနကိုမရဘူး...”
ခေါင်းဆောင်၏စကားကြောင့် မိန်းမပျိုလေး၏မျက်နှာက ကွက်ခနဲပျက်သွားပြိးအနက်ရောင်ဝတ်စုံဝတ်ကျန်လူများလည်း ရယ်မောလိုက်ကြသည်။
“ ဟားဟား...ဒါပေါ့...”
“ ဒီကောင်က တကယ့်ကိုတုံးတာ ငါတို့စကားကိုတောင်ယုံကြည်နေတာ...”
အနက်ရောင်ဝတ်စုံဝတ်လူများ၏စကားကြောင့် မိန်းမပျိုလေး၏မျက်ဝန်းထဲတွင် ရက်စက်သည့်အရိပ်အယောင်များထွက်ပေါ်လာသော်လည်း အလျှင်အမြန်ပျောက်ကွယ်သွားပြီး ခေါင်းဆောင်ကိုတောင်းပန်သည့်ဟန်ဖြင့်ပြောလိုက်သည်။
“ ဒီတစ်ကြိမ်တာဝန်ကိုအောင်မြင်ပြီးရင် သူ့ကိုအလွတ်ပေးလိုက်လို့မရဘူးလား။ ကျမနဲ့ ကျမရဲ့ကလေးက ရှင်တို့နဲ့လိုက်ခဲ့ပါ့မယ်...”
မိန်းမပျိုလေး၏တောင်းပန်စကားကြောင့် ကျန်လူများအံ့ဩသွားကြသော်လည်း ခေါင်းဆောင်က မဲ့ပြုံးပြုံး၍ခေါင်းယမ်းပြလိုက်သည်။
“ မဖြစ်ဘူး ဒီတစ်ကြိမ်မှာ သခင်ကြီးက အကုန်လုံးရှင်းလင်းရမယ်လို့ပြောခဲ့ပြီးပြီ။ တကယ်လို့ ငါတို့တာဝန်မအောင်မြင်ရင်တောင် သူ့မှာ အရန်အစီအစဉ်ရှိသေးတယ်
မင်းရဲ့တာဝန်ကျေပွန်မှုကိုတော့ သခင်ကြီးဆီမှာ တင်ပြပေးမှာပါ ....”
ခေါင်းဆောင်၏စကားက မိန်းမပျိုလေး၏ရင်ထဲကိုအေးစက်သွားစေသော်လည်း သူမ၏အမူအယာကပြောင်းလဲခြင်းမရှိဘဲအောက်သို့ငုံ့၍တစ်စုံတစ်ခုကိုတွေးတောနေဟန်တူသည် ။
သူတို့၏စကားအသွားအလာများကိုကြည့်ပါက လွန်စွာကြောက်မက်ဖွယ်ကောင်းသည့်အချက်တစ်ခုကိုသတိပြုမိမည်ဖြစ်ပြီး ဖူတိ၏ဇနီးဖြစ်သည့်မိန်းမပျိုလေးကလည်း အနက်ရောင်ဝတ်စုံဝတ်လူများနှင့်ပတ်သတ်နေဟန်တူသည်။
ထိုအချိန်တွင် အတွင်းဘက်အခန်းထဲ၌ ဖူတိက သူ၏ဇနီးနှင့်ကလေးကို ကယ်တင်နိုင်ရန်အတွက် ဦးလေးဖြစ်သူထိမ်းသိမ်းရန်စေခိုင်းခဲ့သည့်ပစ္စည်းအား အသဲအသန်ရှာဖွေနေတော့သည်။