← Chapters

ဒဏ္ဍာရီထဲမှထိုအရာ

Vol. 1 Ch. 12

ဒဏ္ဍာရီထဲမှထိုအရာ

Vol. 1 Ch. 12

“ ဘယ်နေရာမှာလဲ ...ဘယ်မှာလဲ...”

ဖူတိလည်း အတွင်းဘက်အခန်းထဲ၌ နေရာအနှံ့ရှာဖွေနေပြီး တစ်ကိုယ်တည်းရေရွတ်လျက်ရှိသည်။

ထိုလျှို့ဝှက်ပစ္စည်းကို တင်းကြပ်စွာထိမ်းသိမ်းရန်ဦးလေးဖြစ်သူမသေမီကမှာကြားခဲ့ပြီး သူ့ကိုပင်လုံးဝထိမကြည့်ရန်ပြောထားခဲ့သည်။

ထို့ကြောင့် ဖူတိမှာ ဦးလေးဖြစ်သူသေဆုံးပြီးသည့်ငါးနှစ်အတွင်းထိုပစ္စည်းကိုတစ်ကြိမ်မှထုတ်မကြည့်မိဘဲ ထားသည့်နေရာကိုပင်မေ့မေ့ပျောက်ပျောက်ဖြစ်နေခြင်းဖြစ်၏။

ထိုပစ္စည်း၏အကြောင်းကို ဂဂနနမသိသည့်တိုင် လွန်စွာကြောက်မက်ဖွယ်ကောင်းသည့်လက်နက်တစ်မျိုးဖြစ်သည်ကိုရိပ်စားမိ၍ ဖူတိ၏စရိုက်အရလည်း ထိုကဲ့သို့အန္တရာယ်ကြီးသည့်ပစ္စည်းမျိုးကိူဝေးဝေးရှောင်ခဲ့ခြင်းဖြစ်သည်။

အကယ်၍ သူ၏ဇနီးနှင့်ကလေးကိုသာကယ်တင်ရန်မဟုတ်ပါက ထိုပစ္စည်းကိုလုံးဝထုတ်ပေးမည်မဟုတ်ဘဲသူ၏အသက်သေဆူံးလျှင်ပင် မိသားစုဂုဏ်ကိုအပျက်ခံမည်မဟုတ်ပေ။

ယခု အနက်ရောင်ဝတ်စုံဝတ်လူများက သူအချစ်ရဆုံးလူများ၏အသက်ဖြင့်ချိန်းခြောက်နေရာ ဖူတိလည်းမတတ်သာဘဲ သူတို့၏တောင်းဆိုမှုကိုလိုက်လျောရခြင်းပင်။

“ ဟေ့ မပြီးသေးဘူးလား ယီးတီးယားတားမလုပ်နဲ့နော်...”

အနောက်ဘက်ထွက်ပေါက်တွင်ပိတ်ရပ်နေသည့်အနက်ရောင်ဝတ်စုံဝတ်လူကစိတ်မရှည်စွာဖြင့်ပြောလိုက်ခြင်းဖြစ်သည် ။

ထိုလူက လက်ထဲတွင် ဓားရှည်တစ်လက်ကိုအသင့်ကိုင်ဆောင်ထားသည့်အပြင် ထွက်ပေါက်ကိုပါပိတ်ရပ်၍ ဖူတိထွက်ပြေးခြင်းမပြုနိုင်ရန်စောင့်ကြပ်နေခြင်းဖြစ်သည်။

သူ၏တင်းမာသည့်စကားကြောင့် ဖူတိ၏စိုးရိမ်မှုများတိုးလာပြီး နောက်ကျောတွင်ချွေးများစိုရွှဲလာသလို နဖူးမှဆီးကင်းခန့်ရှိသည့်ချွေးလုံးကြီးများပင်စီးကျလာသည် ။

“ ဟုတ်ပြီ နှစ်ထပ်အံဝှက်....”

ဖူတိက တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် အသံထွက်၍ပင် ရေရွတ်လိုက်မိကာ ပန်းပဲဖို၏ဘေးဘက်သို့ပြေးသွားလိုက်သည်။

ထိုအနီးတွင်ကြီးမားသည့်ဖားဖိုကြီးတစ်ခုရှိနေသလို လက်နက်ပြုလုပ်ရာတွင်အသုံးပြူသည့်သံထည်ပစ္စည်းများကလည်းအမြောက်အများရှိပေသည်။

ဤအခန်းက လက်နက်ပြုလုပ်သည့်အခန်းဖြစ်ပြီး ဆိုင်တစ်ခုလုံး၏သူံးပုံနှစ်ပုံခန့်နေရာယူထားသည်ကိုကြည့်၍ ဖူတိ၏ဘိုးဘေးများက လက်နက်ပြုလုပ်ခြင်းကိုမည်မျှအလေးထားသည်ကိုသိရှိနိုင်သည်။

ဖူတိက ပန်းပဲဖို၏ရှေ့ဘက်ခြေတစ်လှမ်းအကွာတွင်ရပ်၍ ကြမ်းပြင်ရှိသံတိုသံစများကိုအလျှင်အမြန်ဖယ်ရှားလိုက်သည်။

ထိုနေရာတွင်ခင်းထားသည့်ကျောက်ပြားမှာ ကျန်နေရာများနှင့်မကွာဘဲ ဖုံမှုန့်များဖြင့်ဖုံးလွှမ်းခံထားရကာ ညစ်ပေနေသည်။

ဖူတိက ထိုအရာများကိုဂရုမစိုက်ဘဲ သူ၏အင်္ကျီလက်စဖြင့်ဖုန်မှုန့်များကိုသုတ်ဖယ်၍ ကျောက်ပြားတစ်နေရာကိုဖိနှိပ်လိုက်သည်။

“ ကျွီ...”

ခပ်တိုးတိုးမည်သံနှင့်အတူ ကျောက်ပြားကအောက်ဘက်သို့နိမ့်ဆင်းသွားပြီး အံဝှက်တစ်ခုပေါ်လာသည်။

ထိုအံဝှက်က သူ၏ဘိုးဘေးများလက်ထက်တွင်အချို့ရတနာပစ္စည်းများကိုသိမ်းဆည်းခြင်းဖြစ်သော်လည်း ဖူချန်းနှင့်ဖူတိ၏လက်ထက်တွင်ကား ရတနာပစ္စည်းမပြောနှင့် ရွှေတိုငွေစပင်မစုဆောင်းမိအေ။

အံဝှက်မှာများစွာကြီးမားခြင်းမရှိဘဲ တစ်ပေပတ်လည်သာရှိကာ အထဲတွင်မည်သည့်အရာမှမရှိပေ။

သို့သော် ဖူတိ၏မျက်နှာထက်တွင်စိတ်လှုပ်ရှားသည့်အမူအယာများရှိနေပြီး အံဝှက်ကိုဖြေးညင်းစွာဖိနှိပ်လိုက်ပြန်သည်။

သူ၏လက်များအနည်းငယ်တုန်ယင်နေကာ အကယ်၍ ‌ဒုတိယအံဝှက်ထဲတွင်သာ အနက်ရောင်ဝတ်စုံဝတ်လူများလိုအပ်သည့်ပစ္စည်းမရှိပါက သူ၏ဇနီးနှင့်ကလေးကသတ်ဖြတ်ခံရမည်ဖြစ်ပေသည်။

သနားစရာကောင်းသည့်ဖူတိကား မိမိ၏အသက်ကိုပင်ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဇနီးနှင့်ကလေးအတွက်သာ အပြည့်အဝ စိုးရိမ်ပူပန်နေရှာသည်။

“ ထပ်...”

ခပ်အုပ်အုပ်သံအနှင့်အတူ ဒုတိယအံဝှက်ကပွင့်သွားပြန်သည်။

ယခုလိုသာမန်နေရာတစ်ခုတွင်လျှို့ဝှက်နေရာဖန်တီးသည်က လွယ်ကူသည်မဟုတ်ဘဲ ယန္တရားပညာကိုသိကျွမ်းနားလည်မှရပေမည်။

နှစ်ထပ်အံဝှက်တစ်ခုဖန်တီးရန်မူကား ယန္တရားပညာတွင်အဆင့်မြင့်မြင့်တတ်မြောက်ရန်လိုအပ်ပြီး ဖူတိ၏ဘိုးဘေးများက ပန်းပဲပညာတွင်သာမက ယန္တရားပညာကိုပါအဆင့်မြင့်မြင့်တတ်ကျွမ်းထားပုံရသည်။

ဒုတိယအံဝှက်ထဲတွင် သေးငယ်သည့်အနက်ရောင်သေတ္တာလေးရှိနေပြီး ထိုသေတ္တာလေးမှာ သံထည်ဖြင့်ပြုလုပ်ထားခြင်းဖြစ်၏။

သေတ္တာ၏ပတ်လည်တွင်သော့ပေါက်ပါဝင်ခြင်းမရှိဘဲ ထူးခြားသည့်မြောင်းရာအချို့နှင့် ရွေ့စရာတုံးငယ်တစ်ခုသာပါဝင်သည်။

ထိုသေတ္တာမျိုးကိုလည်းအံ့ဩဖွယ်ကောင်းသည့်အတတ်ပညာဖြင့်ပြုလုပ်ထားခြင်းဖြစ်ကာ တုံးငယ်ကို မှန်ကန်သည့်မြောင်းရာအတွင်းသို့ရွေ့နိုင်မှပွင့်ပေမည်။

အကယ်၍ သေတ္တာကိုပြင်းထန်သည့်ထိခိုက်မှူတစ်ခုခုရှိပါက အလိုလိုပေါက်ကွဲသွားမည်ဖြစ်ပြီး တုံးငယ်ကိုအကြိမ်များစွာမှားရွေ့မိပါကလည်း သေတ္တာပေါက်ကွဲ၍အတွင်းမှပစ္စည်းပါပျက်စီးပေမည်။

“ ဟူး....”

သေတ္တာငယ်လေးကိုမြင်လိုက်ရမှဖူတိ၏ရင်ထဲမှအလုံးကြီးကျသွားသည်။

အကယ်၍ အပြင်လူများသာဆိုပါက ထိုသေတ္တာကိုလုံးဝဖွင့်နိုင်မည်မဟုတ်သော်လည်း နတ်လက်နက်မျိုးဆက်ပီပီ ဖူတိထံ၌ ကျွမ်းကျင်မှုအချို့ကျန်ရှိနေသေးသည် ။

သူ၏ပန်းပဲပညာက ဦးလေးဖြစ်သူထက်ပင်နိမ့်ကျသည့်တိုင် ယန္တရားပညာတွင်ဝါသနာထုံပြီး ထိုအပိုင်း၌ ဦးလေးဖူချန်းထက်ပင်သာလွန်သေးသည်။

ထို့ကြောင့် သေတ္တာကိုဖွင့်ရန်က ဖူတိအတွက်များစွာခက်ခဲမနေပေ။

“ ပေးစမ်း...”

အေးစက်စက်အသံတစ်ခုကိုကြားလိုက်ရပြီး မည်သည့်အချိန်ကသူ့ဘေးသို့ရောက်နေမှန်းမသိသည့်အနက်ရောင်ဝတ်စုံဝတ်လူက ဖူတိ၏လက်ထဲမှသေတ္တာလေးကိုလုယူသွားသည်။

ထိုလူ၏ကျန်လက်တစ်ဖက်ထဲတွင် တစ်လက်မခန့်ထူသည့်ရှေးဟောင်းစာအုပ်တစ်အုပ်ကိုကိုင်ထားကာ ထိုစာအုပ်ကအစောပိုင်းက ဖူတိပေးအပ်ခဲ့သည့် သံမဏိသန့်စင်နည်းစနစ်ပင်ဖြစ်သည် ။

သံမဏိသန့်စင်နည်းစနစ်က နတ်လက်နက်ဆရာကြီးဖူချိုး၏ကျော်ကြားသည့်ပညာရပ်ဖြစ်ကာ သူ့ကိုသမိုင်းတစ်လျှောက်အတော်ဆုံးပညာရှင်အဖြစ်သက်မှတ်ခံရသည့်နည်းစနစ်လည်းဖြစ်သည်။

ထို့အထဲတွင်ပါဝင်သည့်နည်းစနစ်များကိုသာလေ့လာလိုက်ပါက တုံးအသည့်လူတစ်ယောက်ကိုပင် နိုင်ငံ၏နံပါတ်တစ်ပန်းပဲဆရာအဖြစ်ပြောင်းလဲသွားစေနိုင်ပြီး ပျင်းရိသည့် ဖူတိကား စာအုပ်ထဲမှပညာသုံးပုံတစ်ပုံကိုပင်မအောင်မြင်ရှာပေ။

“ မလုပ်နဲ့...ဒီဟာကိုအတင်းအကြပ်ဖွင့်ရင် သေတ္တာတစ်ခုလုံးပေါက်ကွဲသွားလိမ့်မယ်...ခင်ဗျားတို့လိုချင်တဲ့ဟာက အဲဒီထဲမှာရှိတယ် “

ဖူတိက သေတ္တာကိုစူးစမ်းနေသည့် အနက်ရောင်ဝတ်စုံဝတ်လူကိုကြည့်၍ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

သူ၏သတိပေးမှုကြောင့် အနက်ရောင်ဝတ်စုံဝတ်လူပင်အနည်းငယ်ထိတ်လန့်သွားပြီး ဖူတိကို‌ပြန်ကြည့်လိုက်သည်။

အမှန်ပင်စိုးရိမ်ပူပန်နေသည့်ဖူတိ၏ပုံစံကြောင့် ထိုလူလည်းသေတ္တာကိုထပ်မထိတော့ဘဲ စာအုပ်နှင့်သေတ္တာကိုယူ၍ အခန်းတွင်းမှထွက်သွားတော့သည်။

အပြင်ဘက်အခန်းထဲတွင် အနက်ရောင်ဝတ်စုံဝတ်လူများကပျော်ရွှင်ဝမ်းမြောက်စွာဖြင့်စကားပြောဆိုနေကြပြီး အနောက်ဘက်အခန်းထဲမှထွက်လာသည့်သူတို့အဖော်ကိုမြင်သည်နှင့် ဝိုင်းဝန်းမေးမြန်းလိုက်ကြသည်။

“ တွေ့ခဲ့လား...”

“ မင်းရဲ့လက်ထဲကဟာလား...”

သူ့လူများ၏စိတ်လှုပ်ရှားနေပုံကိုကြည့်၍ အနက်ရောင်ဝတ်စုံဝတ်လူလည်းပြုံးလိုက်ပြီး နည်းစနစ်စာအုပ်နှင့်သံသေတ္တာလေးကို သူတို့ခေါင်းဆောင်၏လက်သို့အပ်၍အကျိုးအကြောင်းရှင်းပြလိုက်သည်။

ခေါင်းဆောင်ဖြစ်သူ၏လက်ထဲသို့ရောက်ရှိသွားသည့်သေတ္တာငယ်လေးကိုကြည့်နေသည့်မိန်းမပျို၏မျက်ဝန်းထဲတွင်ကား စိတ်ပျက်အားလျော့သည့်အရိပ်အယောင်များပြည့်နှက်လျက်ရှိသည်။

“ ကျုပ် ခင်ဗျားတို့လိုချင်တာကိုပေးပြီးပြီလေ...အခု ကျုပ်ဇနီးနဲ့ကလေးကိုလွှတ်ပေးလိုက်တော့...”

အနက်ရောင်ဝတ်စုံဝတ်လူ၏နောက်မှကပ်ပါလာသည့်ဖူတိက ခေါင်းဆောင်ဖြစ်သူကိုတောင်းဆိုလိုက်သည်။

သူ၏မျက်နှာထက်တွင် ပူပန်မှုများရှိနေပြီး သူတို့လိုချင်သည့်ပစ္စည်းကိုရရှိပြီးဖြစ်၍ အနက်ရောင်ဝတ်စုံဝတ်လူများက ကတိဖျက်မည်ကိုစိုးရိမ်နေခြင်းဖြစ်သည်။

သူ၏စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူက အသာပြုံးလိုက်ပြီးလက်ထဲရှိသံသေတ္တာကို ဖူတိဆီသို့ပစ်ပေးလိုက်သည်။

“ ဒါပေါ့ ငါတို့လွှတ်ပေးမှာပါ ။ အခု ဒီသေတ္တာလေးကိုအရင်ဖွင့်ပေးလိုက်ဦး...”

သူ့ထံသို့လွင့်ပျံ့လာသည့်သေတ္တာလေးကို ဂရုတစိုက်ဖမ်းယူလိုက်ရင်း ဖူတိလည်း တွေဝေသည့်အမူအယာတစ်ခုဖြစ်လာသည်။

အကယ်၍ သေတ္တာကိုဖွင့်၍အထဲမှပစ္စည်းကိူထုတ်ယူပြီးပါက တစ်ဖက်လူများမှာ ကတိဖျက်၍သူတို့ကိုသတ်ဖြတ်ကောင်းသတ်ဖြတ်နိုင်ပေသည်။

သိူ့သော်လည်း သူတိူ့၏လက်ထဲသို့ရောက်ရှိနေသည့်ဇနီးနှင့်ကလေးကိုတစ်ချက်ကြည့်ရင်း ဖူတိ၏အမူအယာကပြက်သားသည့်ပုံစံဖြင့်သွားပြီး သေတ္တာအပေါ်ရှိတုံးငယ်လေးကို အလေးအနက်ထားရွေ့လိုက်သည်။

ဖူတိ၏လုပ်ရပ်ကြောင့် အနက်ရောင်ဝတ်စုံဝတ်လူများလည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။ သူတို့၏မျက်ဝန်းများတွင် ပျော်ရွှင်ဝမ်းမြောက်သည့်အရိပ်အယောင်များထင်ဟပ်နေကြပေသည်။

တုံးငယ်လေးကို ခုနစ်ကြိမ်ခန့်ရွေ့ပြောင်းပြီးသည်နှင့် သံသေတ္တာ‌လေး၏အဖုံးပွင့်သွားပြီး ဖူတိလည်း သေတ္တာလေးကိုဘေးဘက်သို့ဖြေးညင်းစွာတင်လိုက်သည်။

ထိုနောက်အထဲမှပစ္စည်းကိုမြင်သည့်အခါ ဖူတိ၏အမူအယာက တုန်လှုပ်ထိတ်လန့်သွားပြီး သူ၏မျက်နှာက ထိမ်းမရဘဲဖြူဖျော့သွားသည်။

ဖူတိ၏အမူအယာကိုကြည့်ခြင်းဖြင့် ထိုအထဲမှပစ္စည်းမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းဟန်တူပြီး အနက်ရောင်ဝတ်စုံဝတ်လူများလည်း ထိုပစ္စည်းကိုတွေ့မြင်ရန်ဆန္ဒစောလျှက်ရှိသည်။

သူတို့၏အကြည့်အောက်တွင် ဖူတိက သေတ္တာထဲမှပစ္စည်းကိုထုတ်ယူလိုက်သည်။

“ ဒါက ဒဏ္ဍာရီထဲကပစ္စည်း....”

“ ဒီ .ဒီပစ္စည်းက တကယ်ပဲလား....”

ဖူတိ၏လက်ထဲမှပစ္စည်းကိုမြင်သည်နှင့်အနက်ရောင်ဝတ်စုံဝတ်လူများပင်ထိမ်းမရဘဲ အံ့ဩတုန်လှုပ်မှုကိုခံစားလိုက်မိကြ၏။

All Chapters