← Chapters

ကိုးနဝင်းအပ်ဘူး မရဏလက်နက်

Vol. 1 Ch. 13

ကိုးနဝင်းအပ်ဘူး မရဏလက်နက်

Vol. 1 Ch. 13

သေတ္တာအတွင်းမှထွက်ပေါ်လာသည့်ပစ္စည်းက နက်မှောင်ပြောင်ချောနေသည့်ရှည်မျောမျောအရာတစ်ခုဖြစ်ပြီး အရင်းပိုင်းတွင်ရွှေရောင်အစင်းကြောင်းလေးများရှိကာ ထောင့်မှန်စတုဂံပုံသဏ္ဍာန်ရှိသည်။

ထိုပစ္စည်း၏အရှည်က ငါးလက်မခန့်ရှိပြီးလက်နှစ်လုံးခန့်သာတုတ်သည်။ ပြုလုပ်ထားသည့်ပစ္စည်းက လွန်စွာရှားပါးသည့် သံသေဖြစ်ပြီး သံသေဖြင့်ပြုလုပ်ထားသည့်ဓားက လောကအတွင်းရှိသမျှလက်နက်များကိုခုတ်ဖြတ်နိုင်သည်ဟုပင်သိရသည်။

သို့သော်လည်း ပန်းပဲပညာဖြင့်သံမဏိကို‌သေအောင်သတ်၍ သံသေပြုလုပ်ခြင်းနည်းကလွန်စွာအဆင့်မြင့်လှပြီး ထိုအဆင့်ရှိသည့်ပန်းပဲပညာရှင်ဟူ၍ နတ်လက်နက်ဆရာကြီးဖူချိူး၏နောက်ပိုင်းတွင်မည်သူမှထွက်ပေါ်မလာခဲ့ပေ။

“ မရဏလက်နက်...”

အနက်ရောင်ပစ္စည်းလေးကိုကြည့်မိသူတိုင်း၏စိတ်ထဲတွင် ထိုစကားလုံးကမည်ဟည်းသွားလေသည်။

ကိုးနဝင်းအပ်ဘူးဟု မူလအမည်ရသည့် ထိုပစ္စည်းကနတ်လက်နက်ဆရာကြီးဖူချိူး၏နောက်ဆုံးလက်ရာဖြစ်ပြီး ကြီးမြတ်သည့်ဝူအင်ပါယာခေတ်တွင်လွန်စွာကျော်ကြားခဲ့သည့်လက်နက်တစ်ခုလည်းဖြစ်သည်။

ထိုလက်နက်ကို မစမ်းသပ်ရသေးမီ ဆရာကြီးဖူချိုးထံမှသိုင်းသမားတစ်ဦးက ခိုးယူထွက်ပြေးခဲ့ပြီး ထိပ်တန်းအဆင့်သာရှိသည့်ထိုသိုင်းသမားမှာ လက်နက်အားကိုးဖြင့်သိုင်းဝိဇ္ဇာအဆင့်ကိုပင်သတ်ဖြတ်နိုင်ခဲ့သည်။

ထိုသတင်းကသိုင်းလောကတစ်ခုလုံးကိုတုန်လှုပ်ချောက်ခြားစေခဲ့ပြီး ကိုးနဝင်းအပ်ဘူးဆိုသည့် မူလနာမည်အစား မရဏလက်နက်ဟုအမည်တွင်ကာ လက်နက်ကိုရယူနိုင်ရန်သွေးချောင်းစီးတိုက်ပွဲများပင်ဖြစ်ပေါ်ခဲ့သေးသည် ။

သို့သော်လည်း မရဏလက်နက်ကိုရယူလိုသည့်သိုင်းသမားတိုင်း လက်နက်ပိုင်ရှင်ကိုလုံးဝမယှဉ်နိုင်ခဲ့ဘဲ နောက်ဆုံးတွင်ကား ထိုလက်နက်၏ပိုင်ရှင်လည်းလက်နက်နှင့်အတူတိမ်မြုပ်ပျောက်ကွယ်သွားခဲ့သည်။

စင်စစ် ထိုပစ္စည်းက မူလတီထွင်ခဲ့သည့်ဆရာကြီးဖူချိူးထံသို့ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကာ ပစ္စည်းကြောင့်လူများစွာသေဆူံးခဲ့ရ၍ ဆရာကြီးဖူချိူးလည်းစိတ်မကောင်းဖြစ်ပြီး ထိုပစ္စည်းကိုလုံးဝအသုံးမပြုတော့ဘဲ သားစဉ်မြေးဆက်ထိမ်းသိမ်းရမည့်တာဝန်တစ်ခုပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နတ်လက်နက်လေးခုအပါအဝင် သိုင်းလောကရှိရတနာစာရင်းဝင်လက်နက်များစွာကိုဖန်တီးခဲ့သည့်ဆရာကြီးဖူချိူးလည်း ထိုနေ့မှစ၍သိုင်းလောကမှအနားယူကာ စင်းရွယ်မြို့လေးတွင်လာရောက်ဇာတ်မြုပ်နေခဲ့ခြင်းဖြစ်ပေသည်။

ထိုဖြစ်ရပ်များဖြစ်ပေါ်ခဲ့သည်က နှစ်ပေါင်းသုံးရာနီးပါးပင်ရှိပြီဖြစ်သော်လည်း သိုင်းလောကရှိလူတိုင်းလိုလိုအမှတ်တရရှိနေဆဲပင်ဖြစ်။

“ မင်းရဲ့လက်ထဲကလက်နက်ကို ငါတို့ဆီပေးစမ်း...”

အံ့ဩတုန်လှုပ်ရာမှသတိဝင်လာသည့်အနက်ရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်က တံတွေးတစ်ချက်မြိုချ၍ပြောလိုက်သည်။

ကျန်လူများလည်း ဖူတိ၏လက်ထဲရှိ မရဏလက်နက်ကို မီးဝင်းဝင်းတောက်နေသည့်အကြည့်များဖြင့်ကြည့်လိုက်မိသည့်တိုင် သူတို့၏မျက်လုံးများက အလျှင်အမြန်ပင်မှိန်ဖျော့သွားခဲ့သည်။

ထိုပစ္စည်းက သူတို့အားလုံးကိုအလွန်အမင်းအံ့ဩတုန်လှုပ်စေသည့်တိုင် သူတိူ့တွင်အခြားအတွေးမတွေးဝံ့ပေ။

ထိုအချက်က သူတို့၏သခင်ကြီးဆိုသူမည်မျှအားကောင်းလှကြောင်းဖော်ပြနေပြီး အကယ်၍ မရဏလက်နက်ကိုလက်ဝယ်ပိုင်ဆိုင်လျှင်ပင် သူတိူ့သခင်ကိုဆန့်ကျင်ရန်လုံလောက်မည်မဟုတ်မှန်းကို ကောင်းစွာသိထားကြပေသည်။

သူတိူ့နှင့်ဆန့်ကျင်ဘက် ဖူတိကား သူ၏ဆုံးဖြတ်ချက်ကိုနောင်တရနေမိသည်။

အကြောင်းကား မရဏလက်နက်သာသိုင်းလောကထဲထွက်ပေါ်လာပါက သွေးချောင်းစီးလူသတ်ပွဲများဖြစ်လာမည်မှာ သံသယဖြစ်ဖွယ်မရှိဘဲ ထိုဖြစ်ရပ်များကိုကြိုတင်ရိပ်စားမိ၍ စိတ်မကောင်းဖြစ်နေခြင်းဖြစ်သည်။

အနက်ရောင်ဝတ်စူံဝတ်လူများကား ဆိုးယုတ်သည့်သိုင်းသမားများဖြစ်သည်မှာ သိသာနေပြီး ထိုလူများသာ မရဏလက်နက်ကိုရရှိသွားပါကကျားကိူအတောင်တပ်ပေးသကဲ့သို့ဖြစ်သွားပေမည်။

သို့သော်လည်း သူ၏ဇနီးနှင့်သားဖြစ်သူ၏အသက်က တစ်ဖက်လူများ၏လက်ထဲတွင်ရှိရာ ဖူတိလည်းရွေးချယ်စရာမရှိပေ။

“ ကောင်းပြီ ...ကျုပ်ရဲ့ဇနီးနဲ့သားကိုလွှတ်ပေးလိုက်....”

ဖူတိက လေသံပျော့ပျော့ဖြင့်ဆိုလိုက်ပြီး မရဏလက်နက်ကိုအနီးရှိအနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်၏လက်ထဲသို့ပေးလိုက်သည်။

ထိုလူကား သူ၏လက်ထဲသို့ရောက်လာသည့်မရဏလက်နက်ကိုမယုံကြည်နိုင်သလိုကြည့်ရှုလိုက်သည်

သူ၏ဘဝတွက် ထိုကဲ့သို့အစွမ်းထက်လက်နက်တစ်ခုကိုကိုင်တွယ်ဖူးမည်ဟုလုံးဝထင်မှတ်မထားပေ။

သို့သော်လည်း သူတို့ခေါင်းဆောင်၏လေးနက်လှသည့်အမူအယာကြောင့်ထိုလူလည်းကြာကြာကိုင်မထားဝံ့ဘဲ ခေါင်းဆောင်၏လက်ထဲသို့လွှဲပေးလိုက်သည်။

အနက်ရောင်ဘူးငယ်လေးမှာ အေးစက်သည့်အထိအတွေ့ရှိပြီး လူပေါင်းများစွာကိုသတ်ဖြတ်ခဲ့၍ သွေးဆာရက်စက်သည့်အငွေ့အသက်အချို့ပင်ရှိနေသည်။

“ အစစ်ပဲ ...”

ခေါင်းဆောင်လည်းမရဏလက်နက်ကို ပထမအကြိမ်မြင်ဖူးခြင်းဖြစ်သည့်တိုင်ထိုအရာ၏ပုံပန်းသဏ္ဍာန်ကိုကြိုတင်သိရှိပြီးဖြစ်၍ စိတ်ကျေနပ်စွာဖြင့်ခေါင်းညိမ့်လိုက်သည်။

“ ခင်ဗျားတို့လိုချင်တာပေးပြီးပြီလေ ကျုပ်ရဲ့ဇနီးနဲ့ကလေးကိုလွှတ်ပေးတော့...”

အနက်ရောင်ဝတ်စုံဝတ်လူများကိုကြည့်၍ ဖူတိကပြောလိုက်သည်။

သူ၏စကားကြောင့် ခေါင်းဆောင်၏ပြုံးနေသည့်မျက်နှာက တည်ငြိမ်သွားပြီးချက်ခြင်းလိုလိုပင်ရက်စက်သည့်အပြုံးတစ်ခုပေါ်ထွက်လာသည်။

“ ဟုတ်သားပဲ မေ့တော့မလို့..သူတို့ကိုလွှတ်ပေးလိုက်ဦး....”

ခေါင်းဆောင်၏စကားကြောင့် ဖူတိမှာ လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်သွားသော်လည်း သူ၏ဇနီးနှင့်ကလေးကိုဖမ်းချုပ်ထားသူများက တုတ်တုတ်မှမလှုပ်ဘဲ ကျန်ရှိနေသည့်အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်ကသာ သူ၏အနီးသို့ဖြေးညင်းစွာတိုးကပ်လာသည်ကိုမြင်လိုက်ရသည်။

“ ခင်ဗျားတို့ ...”.

ဖူတိလည်း အနက်ရောင်ဝတ်စုံဝတ်လူများ၏အကြံကိုရိပ်စားမိသည်နှင့် ဒေါသတကြီးအော်ဟစ်လိုက်မိသည်။

ထိုလူများက သူတို့မိသားစုကိုအလွတ်ပေးရန်စိတ်ကူးမရှိဘဲ နှုတ်ပိတ်ရှင်းလင်းရန်ကြံစည်ထားခြင်းဖြစ်ပေသည်။

“ ဖူတိ မင်းရဲ့တုံးအမှုကိုပဲအပြစ်တင်လိုက်တော့...”

အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်က စိတ်‌ရွှင်နေ၍ သဘောကျစွာရယ်မောရင်းပြောလိုက်သည်။

“ အား...အား...”

ရိပ်ခနဲပြေးထွက်သွားသည့်အရိပ်နှစ်ခုနှင့်အတူ နာကျင်စွာအော်သံများက တစ်ပြိုင်နက်ထွက်ပေါ်လာသည်။

သေးငယ်သည့်‌ဆံထိုးလေးနှစ်ခုက ဖူတိထံသို့သွားနေသည့်အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်၏လည်ကုတ်တွင်စိုက်ဝင်နေခြင်းသည်။

တစ်ချိန်ထဲလိုလို မိန်းမပျိုလေး၏တံတောင်တစ်ဖက်က မသိမသာမြောက်တက်သွားပြီး သူမ၏နောက်မှဖမ်းချုပ်ထားသူ၏မျက်နှာကို ပင့်တိုက်လိုက်သည်။

“ အွင့်...”

အနက်ရောင်ဝတ်စုံဝတ်လူမှာ ထိပ်တန်းအဆင့်သိုင်းသမားတစ်ဦးဖြစ်သည့်တိုင်‌မျှော်လင့်မထားမိ၍ မိန်းမပျိုလေး၏လက်ချက်ကြောင့် ခွေကျသွားတော့သည်။

“ မင်း...”

ခေါင်းဆောင်က အံ့ဩဒေါသထွက်စွာဖြင့်ရေရွတ်လိုက်စဉ် ဖြူ‌ဖွေးလှပသည့်လက်ကလေးတစ်ဖက်က သူ၏လက်ထဲမှမရဏလက်နက်ကိုဖျက်ခနဲလုယူသွားတော့သည်။

အစမှအဆုံးထိလှုပ်ရှားသွားသည်က ဖူတိ၏ဇနီးသည်မိန်းမပျိုလေးဖြစ်ပြီး ဖူတိကိုသတ်ဖြတ်မည့်လူနှစ်ယောက်ကို အင်္ကျီလက်အိုးထဲတွင်ဝှက်ထားသည့်ဆံထိုးများနှင့်ပစ်ခတ်သတ်ဖြတ်ပြီး သူမကိုဖမ်းချုပ်ထားသူကိုအလစ်တိုက်ကာ ခေါင်းဆောင်၏လက်ထဲရှိမရဏလက်နက်ကိုလုယူသွားခြင်းဖြစ်သည်။

သူမ၏သိုင်းပညာကထိပ်တန်းအဆင့်သာရှိသည့်တိုင် ရုတ်တရက်အဖြစ်အပျက်ကမြန်ဆန်လွန်း၍ ခေါင်းဆောင်အပါအဝင် အနက်ရောင်ဝတ်စုံဝတ်လူများတစ်ယောက်မှမတုံ့ပြန်လိုက်နိုင်ကြပေ။

“ သူတို့ကိုသတ်စမ်း....”

ခေါင်းဆောင်ဖြစ်သူက သတိဝင်ဝင်ခြင်းအော်ဟစ်လိုက်ပြီး သူကိုယ်တိုင်က ဖူတိထံသို့ပြေးဝင်သွားသည်။

“ အစ်ကိုတိ...ဖမ်းလိုက်....”

မိန်းမပျိုလေးက ဖူတိထံသို့မရဏလက်နက်ကိုပစ်ပေးလိုက်ပြီး သူမကိုယ်တိုင်က သူမ၏ကလေးကိုဖမ်းချုပ်ထားသူထံသို့လျှင်မြန်စွာချဉ်းကပ်သွားသည်။

ကလေးငယ်ကိုဖမ်းချုပ်ထားသည့်အနက်ရောင်ဝတ်စုံဝတ်လူလည်း ရုတ်တရက်ဖြစ်ပေါ်လာသည့်အပြောင်းအလဲများတွင်ကြောင်တောင်တောင်ဖြစ်နေမိသော်ငြားခေါင်းဆောင်၏စကားကြောင့်သတိဝင်လာကာ သူ၏လက်ထဲရှိဓားမြောင်ကိုမြောက်၍ ကလေးငယ်၏ရင်ဘက်အတွင်းသို့ ရက်စက်စွာထိုးစိုက်လိုက်သည်။

သို့သော်လည်း လျှင်မြန်သည့်ပုံရိပ်တစ်ခုက ကလေး၏ရှေ့တွင်ပေါ်လာပြီး ကလေးငယ်၏ခန္တာကိုယ်ကိုသိုင်းဖတ်လိုက်သည် ။

“ စွပ်....”

ထက်ရှသည့်ဓားမြောင်က ကလေးငယ်ကိုသိုင်းဖတ်ထားသည့်မိန်းပျိုလေး၏နောက်ကျောအတွင်းသို့နစ်ဝင်သွားသည်။

သို့တိုင် နာကျင်စွာအော်ဟစ်ညည်းတွားသံကိုကြားရမည့်အစား မိန်းမပျိုလေး၏အေးစက်စက်စကားသံကိုသာကြားလိုက်ရသည်။

“ သေစမ်း...”

မိန်းမပျိုလေး၏ခန္တာကိုယ်က ပြန်လှည့်လာပြီး သူမ၏ဖြူနုသည့်လက်တစ်ဖက်က အနက်ရောင်ဝတ်စုံဝတ်လူ၏ဆီသို့ရိပ်ခနဲဝင်ရောက်လာပြီးသူ၏လည်ပင်းကိုပိုင်နိုင်စွာချုပ်ကိုင်ထားလိုက်သည်။

အနက်ရောင်ဝတ်စုံဝတ်လူလည်း သူ၏တိုက်ခိုက်မှုကျရှုံးသွားသည့်အပြင် မိန်းမပျိုလေး၏တိုက်ခိုက်မှုက လျှင်မြန်လှ၍ အချိန်မီမတုံ့ပြန်နိုင်ဘဲ မိန်းမပျိုလေးကိုသာအသနားခံသည့်မျက်ဝန်းများဖြင့်ကြည့်လိုက်သည်။

သို့သော် သူမ၏မျက်လုံးများက သတ်ဖြတ်လိုသည့်အရိပ်အယောင်များပြည့်နှက်လျက်ရှိကာ အတွင်းအားအနည်းငယ်ထည့်သွင်း၍ အနက်ရောင်ဝတ်စုံဝတ်လည်ပင်းကိုချိူးပစ်လိုက်သည်။

အနက်ရောင်ဝတ်စုံဝတ်လူမှာ အော်ဟစ်နိုင်ခြင်းပင်မရှိဘဲ ပြူးကျယ်နေသည့်မျက်ဝန်းများဖြင့်အသက်ထွက်သွားသလို မိန်းမပျိုလေးသည်လည်း နောက်ကျောတွင်ဓားမြောင်တဆုံးစိုက်ဝင်နေ၍ သွေးတစ်ပွတ်အန်ထုတ်ကာ လဲကျသွားတော့သည်။

တစ်ဖက်တွင်လည်း ဖူတိမှာ သူ့ဇနီး၏လုပ်ရပ်ကြောင့် တုန်လှုပ်နေပြီး သူ၏လက်ထဲသို့ရောက်လာသည့်မရဏလက်နက်ကိုအလိုလိုဖမ်းယူထားလိုက်မိသည်။

ထိုစဉ် အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်က သူ့ထံသို့ပြေးဝင်လာသည်ကိုတွေ့မြင်လိုက်ပြီး ထိုလူ၏လက်ထဲရှိဓားကလည်းအေးစက်သည့်အငွေ့အသက်များကိုသယ်ဆောင်လာသည်။

ယခုလို အရေးတကြီးအချိနိမျိူးတွင် ဖူတိလည်းများစွာစဥ်စစားချိန်မရ၍ သူ၏လက်ထဲရှိမရဏလက်နက်ကို အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်အားချိန်ရွယ်၍ ရွှေရောင်အစင်းကြောင်းနှင့်တူသည့်ခလုပ်နှစ်ခုကိုပြိုင်တူ ဖိနှိပ်လိုက်မိသည်။

All Chapters