ပြောင်းလဲသွားသည့်လူတစ်ယောက်
Vol. 1 Ch. 14
“ ထောက်...ထောက်...”
မတိုးမကျယ်မည်သံတစ်ခုက အခန်းထဲရှိဆူညံနေသည့်အသံများအောက်တွင်ဖုံးအုပ်ခြင်းခံလိုက်ရသည်။
“ မြန်လိုက်တာ....”
ဤသည်က ဖူတိရောသူ၏ရန်သူပါတွေးလိုက်မိသည်အရာဖြစ်သည်။
မရဏလက်နက်အတွင်းမှထွက်ပေါ်လာသည့်အရာက ပစ်မှတ်ထားခံရသူအတွက်လုံးဝရှောင်တိမ်းရန်ဖြစ်နိုင်မည်မဟုတ်ပေ။
လွန်စွာလျှင်မြန်သည့်အလင်းတန်းလေးနှစ်ခုက အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်၏လည်ပင်းဆီသို့တိုးဝင်သွားသော်လည်း ထိုလူ၏ခန္တာကိုယ်ကရပ်တန့်မသွားဘဲ ရှေ့သို့တိုးဝင်လာဆဲဖြစ်သည်။
သို့သော်ခြေနှစ်လှမ်းသာဆက်တိုးနိုင်ပြီး ထိုလူ၏ခန္တာကိုယ်ကြီးက ကြမ်းပြင်ပေါ်သို့ဝုန်းခနဲလဲကျသွားတော့သည်။
သူ၏နဖူးတွင်သွေးစီးကြောင်းတစ်ခုရှိနေပြီး မရဏလက်နက်အတွင်းမှထွက်ပေါ်လာသည့်အလင်းတန်းနှစ်က သူ၏နဖူးကိုတစ်နေရာထဲတိုးဝင်ကာ ခေါင်းနောက်မှဖောက်ထွက်သွားခြင်းဖြစ်သည်။
“ ဝုန်း...”
ခေါင်းဆောင်ဖြစ်သူ၏ခန္တာကိုယ်လဲကျသည့် ကျယ်လောက်သည့်အသံကြီးက အခန်းတွင်းထွက်ပေါ်လာပြီး အချိန်အနည်းငယ်ကြာအောင်လုံးဝငြိမ်သက်သွားတော့သည်။
“ စူးအာ....ယွမ်လေး...”
ဖူတိက သူ၏လက်ချက်ကြောင့် အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်သေဆုံးသွားသည်ကိုမယုံကြည်နိုင်ဖြစ်နေမိသော်လည်း သူ၏ဇနီးနှင့်ကလေးကိုသတိရလိုက်မိ၍ ချက်ခြင်းပင်လှည့်ပတ်ရှာဖွေလိုက်သည်။
အခန်းတွင်းတစ်နေရာ၌ လည်ပင်းရိုးကျိူးကာသေဆုံးနေသည့် အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်၏အလောင်းလည်းရှိနေပြီး ထိုအနီးတွင် မှောက်လျက်လဲကျနေသည့်မိန်းမပျို၏ခန္တာကိုယ်ရှိပေသည်။
ထိုမြင်ကွင်းက ဖူတိ၏အမြင်အာရုံကိုမှောင်မိုက်သွားသလိုဖြစ်သွားစေပြီး သူ၏ခန္တာကိုယ်ပင်အနည်းငယ်ယိမ်းယိုင်သွားသည်။
ထိုအချိန်တွင် မိန်းမပျို၏မျက်နှာကအနည်းငယ်မော့လာပြီး ဖူတိကိုကြည့်၍အားနည်းသည့်လေသံဖြင့်ပြောလိုက်သည်။
“ အစ်ကိုတိ သတိထား အပြင်မှာသူတို့လူတွေကျန်သေးတယ်...”
အနက်ရောင်ဝတ်စုံဝတ်လူများက အကွက်ကျကျစီစဉ်ပြီးမှရောက်လာခြင်းဖြစ်ကာ ဆိုင်ထဲသို့မူလဝင်လာသူကသုံးယောက်သာဖြစ်သောလည်း နောက်ထပ်နှစ်ယောက်က မိန်းမပျိုနှင့်ကလေးကိုသွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဆိုင်အရှေ့တွင်အစောင့်နှစ်ယောက်ချန်ထားခဲ့ပြီး ဖူတိ၏ဆိုင်ထဲတွင်ယခုလိုအသံများဆူညံနေသည့်တိုင်အခြားလူများဝင်ရောင်မလာခြင်းက ထိုနှစ်ယောက်ဟန့်တားထား၍ဖြစ်ပေသည်။
မိန်းမပျို၏စကားဆုံးသည်နှင့် ဆိုင်ပေါက်ဝမှဝင်ရောက်လာသည့် လူရိပ်နှစ်ခုကိုမြင်လိုက်ရပြီး ဖူတိလည်း နောက်ထပ်ရောက်လာသည့်လူနှစ်ယောက်ကိုချိန်ရွယ်ကာ မရဏလက်နက်၏ခလုပ်ကိုတုံ့ဆိုင်းခြင်းမရှိဖိနှိပ်လိုက်သည်။
“ ထပ်....”
“ ထပ်...”
မရဏလက်နက်မှထွက်ပေါ်လာသည့် မြည်သံခပ်အုပ်အုပ်နှင့်အတူ အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်လည်း အော်ဟစ်ချိန်ပင်မရလိုက်ဘဲ တအိအိလဲကျသွားကြသည်။
ထိုနှစ်ယောက်က အထဲတွင်အသံဗလံများဆူညံနေသည့်အပြင် အနည်းငယ်ကြာမြင့်နေပြီဖြစ်၍ မသင်္ကာဖြစ်ကာလိုက်လာခြင်းဖြစ်သည်။
သို့သော်လည်း ဆိုင်ထဲသို့မဝင်ရသေးမီ ဖူတိ၏လက်ချက်ဖြင့် နှစ်ဦးလုံးအသက်ထွက်သွားကြပြီး သူတို့၏လည်ပင်းတည့်တည့်နေရာများတွင် သေးငယ်သည့်အရာတစ်ခုစီရှိကာ သွေးများတသွင်သွင်စီးကျနေကြသည်။
“ စူးအာ....”
ဖူတိလည်း အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်ကိုသတ်ဖြတ်ပြီးနောက် လဲကျနေသည့် သူ၏ဇနီးဆီသို့ဒရောသောပါးပြေးလာသည်။
မိန်းမပျို၏နောက်ကျောတွင် သူမနှင့်တိုက်ခိုက်ခဲ့သူ၏ဓားမြောင်ကအရိုးထိစိုက်ဝင်နေကာ ထိုဒဏ်ရာမှထွက်ပေါ်နေသည့်သွေးများက သူမ၏အင်္ကျီတစ်ခုလုံးကိုစိုရွှဲသွားစေသည်။
မိန်းမပျို၏ဆိုးရွားသည့်အဖြစ်ကိုမြင်လိုက်မိ၍ ဖူတိ၏မျက်နှာထက်တွင်ကြေကွဲဝမ်းနည်းရိပ်များထွက်ပေါ်လာပြီး မျက်ရည်များတသွင်သွင်စီးကျလျက် မိန်းမပျိုကိုညင်သာစွာပွေ့ထူလိုက်သည်။
“ စူးအာ...စူးအာ....”
ဖူတိက မိန်းမပျို၏အမည်ကိုတတွတ်တွတ်ပြောဆိုနေပြီး သူ၏အပြုအမူကိုသတိထားမိ၍ မိန်းမပျိုကဖျော့တော့စွာပြုံးလိုက်သည်။
“ အစ်ကိုတိ ကျမတို့ကလေးကိုကယ်တင်နိုင်ခဲ့တယ်...”
မိန်းမပျိုကသူမ၏ရင်ခွင်ထဲတွင်တင်းကြပ်စွာဖတ်ထားသည့်ကလေးငယ်ကို ဖူတိ၏လက်ထဲသို့ထည့်ပေးလိုက်သည်။
အိပ်ပျော်စေသည့်အကြောကိုအနှိပ်ခံထားရ၍ ကလေးငယ်ကနှစ်ခြိုက်စွာအိပ်မောကျနေဆဲဖြစ်ပြီး ဖူတိလည်းတုန်ယင်နေသည့်လက်အစုံဖြင့်ကလေးငယ်ကိုပွေ့ချီလိုက်သည်။
“ ဘယ်သူလဲ ဒါတွေအားလုံးက ဘယ်သူ့လက်ချက်လဲ...”
ဖူတိလည်းနီရဲနေသညိ့မျက်ဝန်းများဖြင့်ကျယ်လောင်စွာအော်ဟစ်လိုက်မိသည်။
ရိုးသားပွင့်လင်း၍အပျင်းကြီးသည့်ထိုလူငယ်မှာ ယခုအခါသတ်ဖြတ်လိုသည့်အရိပ်အယောင်များပြည့်နှက်နေကာ လွန်စွာကြောက်မက်ဖွယ်ကောင်းလျက်ရှိသည်။
ထိုလူများ၏နောက်ကွယ်တွင်တစ်စုံတစ်ယောက်ရှိနေသည်က သေချာသလောက်ရှိနေပြီး ဖူတိ၏စိတ်တစ်ခုလုံးလက်စားချေလိုသည့်ဆန္ဒများဖြင့်သာပြည့်နှက်လျက်ရှိပေသည်။
သူ၏ပြောင်းလဲသွားသည့်ပုံစံကြောင့် မိန်းမပျို၏မျက်နှာကဖြူဖျော့သွားပြီး စိုးရိမ်တကြီးပြောလိုက်သည်။
“ မရဘူးအစ်ကိုတိ သူတို့ကအလွန်ကြောက်စရာကောင်းတဲ့အဖွဲ့အစည်းတစ်ခုပဲ။ သူတို့ရဲ့ခေါင်းဆောင်ကိုယှဉ်နိုင်တဲ့လူက လက်ရှိသိုင်းလောကမှာ လက်နှစ်ဖက်တောင်မရှိဘူး ။
ကျမအတွက်လက်စားမချေဘဲ ဒီနေရာကအမြန်ဆုံးထွက်သွားပြီး ဇာတ်မြုပ်နေပါတော့...”
မိန်းမပျို၏လေသံထဲတွင်စိုးရိမ်ပူပန်မှုများစွာပါဝင်နေပြီး သေလုဆဲဆဲလူတစ်ယောက်ကိုပင်ယခုလိုဖြစ်စေသည်က သူမ၏စိတ်ထဲရှိစိုးထိတ်မှုမည်မျှကြီးမားကြောင်းသိနိုင်ပေသည်။
ဖူတိ၏စိတ်ထဲတွင် သူ၏ဆုံးဖြတ်ချက်ကိုလုံးဝမပြုပြင်နိုင်သည့်တိုင် ဇနီးသည်၏ သနားစရာကောင်းသည့်ပုံစံကြောင့် စိတ်နှလုံးကွဲကြေသွားသလိုခံစားလိုက်မိပြီး သူ၏ပါးပြင်ထက်၌ မျက်ရည်များစီးကျလာပြန်သည်။
“ ကောင်းပြီ အစ်ကို ကတိပေးပါတယ်...”
ဖူတိလည်း အက်ကွဲသည့်အသံဖြင့်ပြောလိုက်သည်။ သူ၏စကားကြောင့်မိန်းမပျိုလေး၏အမူအယာကစိတ်သက်သာရာရသွားဟန်တူပြီး ဖျော့တော့စွာပြုံးလိုက်သည်။
“ ပြီးတော့ ကျမကိုခွင့်လွှတ်ပါအစ်ကိုတိ...”
မိန်းမပျိုက ဖူတိ၏မျက်နှာကိုအသာပွတ်သတ်လိုက်ပြီးသူမ၏မျက်ဝန်းထဲမှ မျက်ရည်များကျဆင်းလာသည်။
“ အစ်ကိုသိပါတယ် အစ်ကိုသိပါတယ်...”
ဖူတိကငိုကြွေးနေရင်းမှ အဆက်မပြက်ရေရွတ်လိုက်သည်။
သူက ပျင်းရိကာ သတ္တိနည်းသော်လည်း တုံးအသူတစ်ယောက်မဟုတ်၍ အနက်ရောင်ဝတ်စုံဝတ်လူများက သူ့၏မျိုးရိုးနှင့်ပတ်သတ်သည့်အကြောင်းအရာအစုံအလင်ကိုသိရှိနေခြင်းမှာ တစ်စုံတစ်ရာမှားယွင်းနေပြီဟုရိပ်မိပေသည်။
ထို့အပြင် သာမန်လူတစ်ယောက်သာဖြစ်သည့်သူ၏ဇနီးက ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ဖြစ်နေပြီး သူနှင့်သူ၏သားငယ်ကိုကယ်တင်ရန် သူမ၏အသက်ကိုပင်စွန့်လွှတ်၍ အနက်ရောင်ဝတ်စုံဝတ်လူများစွာကိုသတ်ဖြတ်ခဲ့သည်။
ထို့ကြောင့် ဖူတိလည်း သူမ၏နောက်ခံကရှုပ်ထွေးပြီး ရန်သူများနှင့်ပတ်သတ်နေသည်ကိုသိရှိလိုက်သည့်တိုင် သူ၏စိတ်ထဲတွင် စိတ်မနာနိုင်ပေ။
ဖူတိ၏စကားကိုကြားရပြီးနောက် မိန်းမပျိုလေးက လှပစွာပြုံးလုာက်သည်။
ထို့နောက် တင်းထားသည့်စိတ်ကိုလျော့ချလိုက်သည့်အခါ မိန်းမပျိုလေး၏အသက်ရှူသံက ဖြေးညင်းစွာလျော့ကျသွားပြီး လုံးဝငြိမ်သက်သွားတော့၏။
“ အား...”
ဖူတိက မိန်းမပျို၏အလောင်းကိုပွေ့ဖတ်၍ ဝမ်းနည်းကြေကွဲစွာဟစ်အော်လိုက်မိ၏။ ဖူတိ၏မျက်နှာက အသက်မဲ့သွားသည့်အလားပင်။
ထို့နောက် အချိန်အနည်းငယ်ကြာအောင် ငြိမ်သက်နေပြီး ဖူတိ၏ခန္တာကိုယ်ကအနည်းငယ်လှုပ်ရှားလာကာ သူ၏အကြည့်များကဘေးဘက်ရှိလဲကျနေသည့်အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်ဆီသို့ကျရောက်သွားသည်။
ထိုလူက မိန်းမပျိုလေး၏လက်ချက်ကြောင့် မျက်နှာတစ်ခုလုံးသွေးများပေပွနေကာ နှာခေါင်းရိုးကျိုး၍လဲကျနေခြင်းဖြစ်၏။
ဖူတိက သူ့ဇနီး၏အလောင်းကိုဘေးသို့ညင်သာစွာချလိုက်ပြီးသူမ၏နောက်ကျောတွင်စိုက်ဝင်နေသည့်ဓားမြောင်ကိုနုတ်လိုက်သည်။
ထို့နောက် ဖူတိက သွေးများစိုရွှဲနေသည့်ဓားမြောင်ကို တင်းကြပ်စွာဆုပ်ကိုငိ၍ အနက်ရောင်ဝတ်စုံဝတ်လူ၏ဘေးသို့ချဉ်းကပ်လာသည်။
သူ၏မျက်လုံးများက နီရဲနေပြီး တင်းမာခတ်ထန်သည့်မျက်နှာက ငရဲမှတက်လာသည့်နတ်ဆိုးတစ်ကောင်အလားပင်။
“ ရွှပ်...ရွှပ်...”
ဖူတိက သတိလစ်မေ့မျောနေသည့်အနက်ရောင်ဝတ်စုံဝတ်လူ၏ဘေးတွင်ထိုင်ချလိုက်ကာ ထိုလူ၏ခြေထောက်နှင့်လက်အကြောများကိုလှီးဖျက်လိုက်သည်။
အကယ်၍ လူတစ်ဦးတစ်ယောက်သာ ခြေကျိုးလက်ကျိူးဖြစ်သွားပါကပြန်ကောင်းရန်အခွင့်အရေးရှိသော်လည်း ခြေလက်အကြောများကိုဖျက်တောက်ခံရပါက တစ်သက်လုံး ဒုက္ခိတတစ်ယောက်အဖြစ်နေထိုင်ရပေမည်။
ဖူတိ၏လုပ်ရပ်က ရက်စက်ကြမ်းကြုတ်သည့်ဟုဆိုနိုင်သော်လည်း အနက်ရောင်ဝတ်စုံဝတ်လူများ၏အပြုအမူနှင့်နှိုင်းယှဉ်ပါက သူ၏လုပ်ရပ်ကမပြောပလောက်ပေ။
ထို့အပြင် လွန်ခဲ့သည့်အချိန်အနည်းငယ်ကပင်ကြက်တစ်ကောင်ကိုသတ်ဖြတ်ရန်သတ္တိမရှိသူက ယခုအခါ လွန်စွာသွေးအေးရက်စက်သည့်လူတစ်ယောက်အဖြစ်ပြောင်းလဲသွားပေသည်။
“ ထစမ်း....မင်းအသက်မသေသေးတာ ငါသိတယ် ...”
ဖူတိက အနက်ရောင်ဝတ်စုံဝတ်လူ၏ကိုယ်ပေါ်တွင်ခွထိုင်လိုက်ပြီး သူ၏ပါးကိုအားပြင်းပြင်းရိုက်၍နှိူးလိုက်သည် ။
မိန်းမပျို၏တံတောင်ချက်ကြောင့် လောကကြီးနှင့်ခေတ္တအဆက်အပြက်သွားသည့်သိုင်းသမားမှာ ရုတ်တရက်နိုးထလာပြီးနောက်တွင်လည်း သူ့ကိုယ်ပေါ်တွင်ဖိထိုင်ထားသည့်ဖူတိ၏ခန္တာကိုယ်ကြီးနှင့် ကြောက်မက်ဖွယ်ကောင်းသည့်အမူအယာတို့ကြောင့် ထိတ်လန့်တုန်လှုပ်သွားမိသည်။
“ ပြော...မင်းတို့လူစုကို ဘယ်သူလွှတ်လိုက်တာလဲ...”
အနက်ရောင်ဝတ်စုံဝတ်လူသတိရလာသည်ကိုမြင်သည်နှင့်ဖူတိလည်းရှည်ရှည်ဝေးဝေးမပြောတော့ဘဲ လိုရင်းကိုမေးလိုက်သည်။
သူ၏လက်ထဲရှိဓားမြောင်က အနက်ရောင်ဝတ်စုံဝတ်လူ၏လည်ပင်းပေါ်သို့တင်ထားပြီး အချိန်မရွေးသတ်ဖြတ်နိုင်ရန်ပြင်ဆင်ထားလိူက်သည်။