လူလောက၏အရေးကိစ္စ
Vol. 1 Ch. 16
“ တကယ်တော့ ဝူတန်းဂိုဏ်းရဲ့မူလအစက လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက တာအိုဂိုဏ်းတစ်ခုလေ ။
တာအိုအယူဝါဒမှေးမှိန်ပြီး ခေတ်တွေပြောင်းခဲလာချိန်မှာ ဂိုဏ်းကလည်း သိုင်းဂိုဏ်းတစ်ခုအဖြစ်အသွင်ပြောင်းသွားခဲ့တယ်။
ပြီးတော့ဝူတန်းသိုင်းဂိုဏ်းရဲ့သက်တမ်းက ရှောင်လင်ကျောင်းအောက်နိမ့်ကျတယ်ဆိုပေမယ့် မူလတာအိုဂိုဏ်းရဲ့သက်တမ်းကိုပါပေါင်းရင် ရှောင်လင်နဲ့အတူတူလောက်ပဲ။
ရှောင်လင် ၊ ဝူတန်း၊ ခွန်လွန်တို့ဆိုတာ နှစ်ထောင်နဲ့ချီပြီးတည်ရှိလာတဲ့ဂိုဏ်းတွေဖြစ်ပြီး သူတို့ပြီးမှ အော့မေ့ နောက် ဟွာဆန်းနဲ့တေလေဂိုဏ်းတို့ဖြစ်လာခဲ့တာာ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ ဂိုဏ်းကြီးခြောက်ဂိုဏ်းက သိုင်းလောကမှာ ရှေးအကျဆုံးနဲ့အစွမ်းအထက်ဆုံးအင်အားစုကြီးတွေပဲ...”
ဦးလေးစန်း၏စကားကြောင့် ရှောင်ယောင်၏မျက်လုံးလေးများအရောင်တောက်လာသော်လည်းတစ်စုံတစ်ခုကိုသတိရဟန်ဖြင့်ပြန်မေးလိုက်သည် ။
“ ဒါဆိုရင် လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုန်းက ဘာလို့ဂိုဏ်းကြီးခြောက်ဂိုဏ်းက ခရမ်းရောင်သွေးလဂိုဏ်းကိုရင်မဆိုင်နိုင်တာလဲ။
အဲဒီအချိန်က ခရမ်းရောင်သွေးလဂိုဏ်းကိုချေမှုန်းဖို့သိုင်းလောကတစ်ခုလုံးမှာရှိတဲ့အင်အားစုတွေတောင်ပေါင်းစည်းခဲ့ရသေးတယ်လေ ။
ပြီးတော့ သိုင်းဝိဇ္ဇာတွေအများကြဝိုင်းတိုက်တာတောင် နှင်းငွေ့မိစ္ဆာသခင်တစ်ယောက်ထဲကိုအနိုင်မယူနိုင်ကြဘူးလေ ။ ပထမဓားသခင်သာမရှိရင် နှင်းငွေ့မိစ္ဆာသခင်ကိုဘယ်သူ့မှယှဉ်နိုင်မှာမဟုတ်ဘူး...”
ရှောင်ယောင်၏စကားအရ ထိုစဉ်ကအကြောင်းအရာများကိုအတော်များများသိရှိထားပုံရ၍ ဦးလေးစန်းလည်းအံ့အားသင့်သွားမိသည်။
ယခင်က ရှောင်ယောင်အနေဖြင့်ထိုအကြောင်းအရာများကိုတစ်ကြိမ်မှထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ သာမန်ကလေးတစ်ယောက်လိုသာနေခဲ့ပေသည်။
ထို့အပြင် ရှောင်ယောင်၏မိခင်ကသူမ၏ကလေးကို သိုင်းလောကနှင့်မပတ်သတ်ဘဲသာမန်ဘဝတွင်နေစေလို၍မည်မျှစည်းကမ်းတင်းကြပ်သည်ကိုလည်းသူကောင်းစွာသိထားပေသည် ။
သို့သော်လည်း စုတ်ပြဲနေသည့်အဝတ်အစားများနှင့်ပိန်ပိန်ပါးပါးအဖိူးအိုတစ်ယောက်၏ပုံရိပ်ကိုပြန်သတိရလိုက်မိသည့်အခါ ဦးလေးစန်းလည်း ရှောင်ယောင် ထိုအကြောင်းအရာများကိုမည်သည့်နည်းဖြင့်သိရှိနေသည်ကိုရိပ်စားမိ၍ ခေါင်းယမ်းလိုက်မိတော့သည်။
“ တကယ်တော့ နှင်းငွေ့မိစ္ဆာသခင်က ခေတ်တစ်ခုမှာတစ်ယောက်ပဲပေါ်ထွက်နိုင်တဲ့လူမျိုးပဲ။ ကံမကောင်းစွာနဲ့ သူတို့ခေတ်မှာ သူ့လိုလူမျိူးနောက်တစ်ယောက်ဖြစ်တဲ့ အစ်ကိုရှီ ရှိနေတော့ နောက်ဆုံးမှာ သူကျဆုံးခဲ့ရတယ်...”
ဦးလေးစန်း၏စကားကထိုနေရာအရောက်တွင် ရှောင်ယောင်၏မျက်လုံးများကပြူးကျယ်လာပြီး အလျှင်အမြန်ပင်ကြားဖြတ်မေးလိုက်သည်။
“ အစ်ကိုရှီဆိုတာ ပထမဓားသခင်ကိုပြောတာလား ...ဦးလေးစန်းတို့နှစ်ယောက်ကရင်းနှီးကြတာလား...”
ရှောင်ယောင်၏စိတ်အားထက်သန်သည့်အမူအယာကြောင့် ဦးလေးစန်းကခပ်ဖွဖွပြူံးလိုက်ပြီး ဖြေးညင်းစွာပြောလိုက်သည်။
“ ဒီလိုပြောလို့ရပါတယ် ။ အစ်ကိုရှီက တကယ့်ကိုထူးချွန်တဲ့လူပဲ။ သူက အခုချိန်မှာသိုင်းလောကထဲမသိသူမရှိနာမည်ကျော်နေပေမယ့် သူ့နာမည်အရင်းကိုသိတဲ့သူတောင်အတော်နည်းတယ်။။
အရင်တုန်းက သူက ဝူတန်းမှာ နှစ်နှစ်ကျော်နေပြီး ဆရာဖိုးဖိုးဆီကလမ်းညွှန်မှုအများကြီးရလိုက်သေးတယ်လေ။
မဟုတ်ရင်နှင်းငွေ့မိစ္ဆာသခင်ကိုသူလုံးဝယှဉ်နိုင်မှာမဟုတ်ဘူး...”
သူ၏လေသံကလေးနက်တည်ကြည်နေပြီး မျက်ဝန်းထဲတွင်နက်ရှိုင်းသည့်လေးစားမှုများရှိနေပေသည်။
ဦးလေးစန်း၏စကားက ရှောင်ယောင်၏အံ့ဩမှုကိုပို၍တိုးပွားစေပြီး တလက်လက်တောက်ပသည့်မျက်ဝန်းများဖြင့်ကြည့်ကာ ထပ်မေးလိုက်သည်။
“ ဒါဆိုရင် ဦးလေးစန်းရဲ့ဆရာဖိုးဖိုးက ပထမဓားသခင်ထက်တောင်အများကြီးပိုအစွမ်းထက်တာပေါ့..”
ရှောင်ယောင်၏မေးခွန်းကြောင့် ဦးလေးစန်းက သဘောကျစွာပြုံးလိုက်ပြီးတည်ငြိမ်စွာပြောလိုက်သည် ။
“ အဲဒီအချိန်တုန်းက ဆရာဖိုးဖိုးက အစ်ကိုရှီ့ထက်အများကြီးပိုအစွမ်းထက်တာပေါ့ ။ သူကသိုင်းလောကရဲ့အစွမ်းအထက်ဆုံးလူတွေထဲကတစ်ယောက်ပဲလေ ။
ဒါပေမယ့် သူတို့လိုအဆင့်ကိုရောက်သွားရင် လူတွေနဲ့ဝေးရာမှာနေပြီး သူတို့ရဲ့သိုင်းပညာလမ်းစဉ်ကိုဆက်လျှောက်နေကြသလို သိုင်းလောကအရေးအရာတွေထဲပါဝင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။
တကယ်အစွမ်းထက်တဲ့ပညာရှင်တွေက ကိုယ့်ရဲ့လမ်းစဉ်ကိုရှေ့ဆက်ရောက်အောင်ပဲကြိုးစားနေကြပြီး လူ့လောကရဲ့အရေးအရာတွေကိုဝင်မပါကြတော့ဘူး ။
ဒါကြောင့်လည်း နှင်းငွေ့မိစ္ဆာသခင်ကသိုင်းလောကတစ်ခုလုံးကိုသိမ်းပိုက်နိုင်လုလုဖြစ်ခဲ့တာပေါ့..”
အဖြူရောင်ဝတ်စုံဝတ်ဦးလေးစန်း၏ရှင်းပြချက်ကြောင့် ရှောင်ယောင်လည်းခေါင်းတညိမ့်ညိမ့်လုပ်လိုက်ပြီးထိုအကြောင်းအရာများကိုသူ၏စိတ်ထဲတွင်အသေအချာမှတ်သားထားလိုက်သည် ။
စင်စစ် သူကိုယ်တိုင်လည်း သိုင်းပညာကိုဝါသနာပါသော်ငြား အားနည်းသည့်သူ၏ခန္တာကိုယ်ကြောင့်သိုင်းပညာမလေ့ကျင့်နိုင်သည့်အပြင် သူ၏မိခင်မှလည်းသိုင်းပညာကိုလုံးဝသင်ယူစေလိုခြင်းမရှိပေ။
ထို့ကြောင့် သိုင်းပညာကိုစိတ်ပါဝင်စားသည့်သူ၏စိတ်ကိုဖိနှိပ်၍နေခဲ့ခြင်းဖြစ်ပြီး ရံဖန်ရံခါတွင်သာ အဖိုးစုထံမှသိုင်းလောကနှင့်ပတ်သတ်သည့်ပုံတိုပတ်စအနည်းငယ်ကိုကြားရတက်သည် ။
ထိုအဖိုးအိုက ဦးလေးစန်းနည်းတူ သူ့ကိုချစ်ခင်ဂရုစိုက်သူတစ်ယောက်ဖြစ်ပြီး သုံးလေးနှစ်ခန့်ကြာမှတစ်ကြိမ်သာသူတို့ဆီသို့လာလည်တတ်သော်လည်း ရှောင်ယောင်ကား အဖိုးစုကိုအတော်လေးခင်မင်ပေသည်။
အထူးသဖြင့် ထိုအဖိူးအိုက ဗဟုသုတကြွယ်ဝပြီးစိတ်ရှည်သည့်အပြင် အဖိုးအိုက သိုင်းလောကအကြောင်း၊ သိုင်းသမားများအကြောင်းကို သူ၏မိခင်လစ်သည်နှင့်ပြောပြတတ်သည်။
အဖိုးစုအကြောင်းကိုတွေးတောမိမှ ထိုအဖိုးအိုတစ်ယောက်သူတို့ဆီသို့မလာသည်မှာ သုံးနှစ်ကျော်ရှိပြီကိုသတိရလိုက်ပြီး သူ၏မိခင်သေဆုံးသည်ကိုပင် သိရှိပုံမရသေးပေ။
ရှောင်ယောင်လည်း အတွေးထဲတွင်နစ်မျောသွားပုံရ၍ ဦးလေးစန်းလည်း တိတ်ဆိတ်သွားကာ သူတို့နှစ်ဦးစလုံးတောင်ပေါ်သို့ တိတ်ဆိတ်စွာလျှောက်လာတော့သည်။
&&&&
ဓားချကျောက်ဆောင်
ဝူတန်းတောင်တက်လမ်းတစ်နေရာတွင်ရှိသည့်နေရာတစ်ခုဖြစ်ပြီး သိုင်းလောကတွင်ကျော်ကြားမှုရှိသည့်နေရာလည်းဖြစ်သည်။
ဓားချကျောက်ဆောင်ဆိုသည်မှာ ဝူတန်းတောင်ပေါ်သို့တက်ရသည့်သိုင်းသမားများ၏လက်နက်မှန်သမျှကိုချန်ထားရသည့်နေရာတစ်ခုဖြစ်ပြီး သိုင်းဂိုဏ်းကြီးများ၏ဂိုဏ်းချုပ်များ၊ နန်းမြို့တော်နှင့်ပတ်သတ်နေသူများစသည့် အဆင့်အတန်းမြင့်မားသူများသာ ထိုစည်းမျဉ်းကိုလိုက်နာစရာမလိုခြင်းဖြစ်သည်။
သို့သော်လည်း ချွင်းချက်မရှိသည့်အရာမရှိသလိုမျိူး ဓားချကျောက်ဆောင်တွင်လက်နက်မထားဘဲ တောင်ပေါ်သို့ဆက်သွားသည့်ဇွတ်တရွတ်သမားအနည်းငယ်လည်းရှိတတ်သည်။
အများအားဖြင့် အဖြူအနက်သိုင်းလောကသားများမှာ ဝူတန်းဂိုဏ်း၏ဂုဏ်သတင်းကိုလေးစားသောအားဖြင့် ဓားချကျောက်ဆောင်တွင်လက်နက်များကိုချန်ထားရစ်ပြီး ထိုနေရာရှိဝူတန်းဂိုဏ်းသားများက သူတိူ့၏လက်နက်များကိုမပျောက်ပျက်ရအောင်ထိမ်းသိမ်းစောင့်ရှောက်ပေးနေသည်။
ဓားချကျောက်ဆောင်နှင့်မလှမ်းမကမ်းရှိဇရပ်လေးထဲတွင် ဝူတန်းဂိုဏ်း၏အဖြူအနက်ရောယှက်ထားသည့်ဝတ်စုံကိုဝတ်ဆင်ထားသည့်လူလေးယောက်ရှိနေသည်။
သူတို့လေးယောက်ထဲတွင် နှစ်ယောက်က ကျားတစ်ပွဲကိုစိတ်ပါဝင်စားစွာကစားနေပြီး ကျန်နှစ်ယောက်က တောင်တက်လမ်းကိုဂရုတစိုက်ကြည့်ရှုနေသည်။
ထိုလူများကားဓားချကျောက်ဆောင်တွင်တာဝန်ကျနေသည့်ဝူတန်းဂိုဏ်းသားများမှလွဲ၍အခြားမဟုတ်ဘဲ တောင်တက်လမ်းကိုစောင့်ကြည့်နေသည့်တစ်ယောက်က အနည်းငယ်ပျင်းရိသည့်ဟန်ဖြင့်ရေရွတ်လိုက်သည်။
“ ဒီနေရာမှာ တာဝန်ကျရာ တကယ့်ကိုပျင်းစရာပဲ။ ဒါကြောင့်လည်း ဂိုဏ်းထဲက တခြားညီအစ်ကိုတွေက ဓားချကျောက်ဆောင်မှာ အစောင့်အကြပ်လုပ်တာထက် နှင်းငွေ့မိစ္ဆာသခင်နဲ့သွားပြီးတိုက်ခိုက်ချင်တယ်လို့ပြောကြတာ...”
ထိုဂိုဏ်းသား၏စကားကြောင့် ကျားကစားနေသူတစ်ယောက်က အထင်အမြင်သေးသည့်ဟန်ဖြင့်ကြည့်၍ပြောလိုက်သည်။
“ မင်းရဲ့သိုင်းပညာနဲ့ဆို နှင်းငွေ့မိစ္ဆာသခင်က လေနဲ့တစ်ချက်မှုတ်ရင်တောင်လွင့်စင်သွားမှာ။ မင်းကိုယ်မင်း ပထမဓားသခင်များမှတ်နေလား...”
ထိုလူ၏ချေပစကားကြောင့် မျက်နှာအနည်းငယ်ရှဲ့မဲ့သွားသော်လည်း ပထမလူကအလျော့မပေးဘဲပြန်ပြောလိုက်သည်။
“ ဘာပဲဖြစ်ဖြစ် ပထမဓားသခင်က ဆရာဖိုးဖိုးဆီမှာ ပညာသင်ဖူးတယ်ဆိုတော့ ငါတို့ဂိုဏ်းသားတစ်ဝက်လို့ပြောလို့ရတယ်။
ပြီးတော့ ငါတို့ဂိုဏ်းရဲ့စားဖိုဆောင်မှာ နှစ်နှစ်လုံးဆရာဦးလေးနဲ့အတူရှိနေတာ ဘယ်လောက်နှိမ့်နှိမ်ါချချနဲ့မာန်မာနမရှိလိုက်သလဲ...”
ယခုတစ်ကြိမ်တွင် သူ၏စကားကို ကျန်ဂိုဏ်းသားသုံးယောက်လုံးခေါင်းညိမ့်ထောက်ခံလိုက်မိကြ၏။
ပထမဓားသခင်မှာ နှင်းငွေ့မိစ္ဆာသခင်ကိုအနိုင်ယူ၍ နာမည်မကျော်ကြားမီကပင် သူတို့ဝူတန်းတွင်အချိန်အတော်ကြာနေသွားဖူး၍ ဂိုဏ်းသားအများစုနှင့်ရင်းနှီးသည့်ဆက်ဆံရေးရှိပေသည်။
ထိုအချက်ကို သူတို့ဂိုဏ်းသားတိုင်းက ဂုဏ်ယူစရာတစ်ခုအဖြစ်သက်မှတ်ထားကြပြီး အခြားထိပ်တန်းဂိုဏ်းကြီးများမှဂိုဏ်းသားများနှင့်ဆုံတွေ့ရာတွင် သူတို့ကိုအလိုလိုခေါင်းတစ်လုံးသာနေစေသည်။
“ ဟေ့ကောင်တွေ စကားများမနေနဲ့ ဟိုမှာ တောင်ပေါ်ကိုတက်လာတဲ့လူရှိတယ်...”
ကျားကစားနေသည့်ကျန်တစ်ယောက်က ခပ်ဝေးဝေးတွင်မြင်နေရသည့်လူနှစ်ယောက်ကိုစူးစိုက်ကြည့်ရင်း မက်တပ်ရပ်နေသည့်လူနှစ်ယောက်ကိုသတိပေးလိုက်သည်။
သူတို့လေးယောက်မှာ ယခုရက်တွင် အစောင့်တာဝန်ကိုအတူကျနေကြသော်လည်း နှစ်ယောက်တစ်တွဲဖြင့် သုံးနာရီစီတာဝန်ယူစောင့်ကြပ်နေခြင်းဖြစ်၏။
ထိုလူ၏စကားကြောင့် ကျန်သုံးယောက်လည်း ဓားချကျောက်ဆောင်နှင့်မလှမ်းမကမ်းသို့ရောက်လာသည့်လူနှစ်ယောက်ကိုကြည့်လိုက်မိကြပြီး တစ်ယောက်က ပြူးကျယ်နေသည့်မျက်ဝန်းများဖြင့်ရေရွတ်လိုက်သည်။
“ ငါပဲ အမြင်မှားတာလား... အရှေ့ဘက်ကလူကြီးက အစ်ကိုစန်းဟုန်းလျန်နဲ့တူနေသလိုပဲ ...”
ထိုလူ၏လေသံကအတော်လေးအံ့အားသင့်နေဟန်တူပြီး ကျန်တစ်ယောက်ကလည်းခေါင်းညိမ့်၍ပြောလိုက်သည်။
“ အေး ငါလဲမြင်တယ် ကလေးကိုဆွဲခေါ်လာတဲ့ဒီလူက အစ်ကိူစန်းဟုန်းလျန်နဲ့အတော်တူတယ် ဒါပေမယ့် သူရဲ့လက်တစ်ဖက်က...”
သူတို့ထဲတွင်သိုင်းပညာအမြင့်ဆုံးဖြစ်ပြီး အသက်အကြီးဆုံးလူက ထိုနှစ်ယောက်၏စကားများကြောင့်သတိဝင်လာကာ တုန်လှုပ်သည့်လေသံဖြင့်ပြောလိုက်သည်။
“ ငတူံးတွေ...သူက တကယ့်ကိုငါတို့အစ်ကိုကြီးစန်းဟုန်းလျန်ပဲ ။ သူ့ရဲ့လက်တစ်ဖက်က ပထမအကြိမ်စန်နုန်ကျတိုက်ပွဲမှာ ဘာဖြစ်သွားတယ်ဆိုတာ မင်းတို့မမှတ်မိကြဘူးလား...”
ထိုလူက ပြောပြောဆိုဆိုဖြင့်ရှေ့သို့အလျှင်အမြန်ပြေးထွက်သွားတော့သည်။
သူ၏စကားကြောင့်ကျန်သုံးယောက်လည်း အလန့်တကြားဖြစ်သွားပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြ၏။