စူးစမ်းထုတ်လှန်နောက်ကြောင်းပြန်
Vol. 1 Ch. 17
“ ဦးလေးစန်း...သူတို့က ဝူတန်းဂိုဏ်းသားတွေလား...”
ရှောင်ယောင်က အဝေးရှိဇရပ်ထဲတွင်ရှိနေသည့်လူများကိုကြည့်၍မေးလိုက်ခြင်းဖြစ်သည်။
သူ၏မေးခွန်းကြောင့်စန်းဟုန်းလျန်၏မျက်နှာထက်၌ နွေးထွေးသည့်အပြုံးတစ်ခုထွက်ပေါ်လာပြီး ခေါင်းညိမ့်ပြလိုက်သည် ။
“ ဟုတ်တယ် သူတို့ဓားချကျောက်ဆောင်မှာ တာဝန်ကျနေတာနေမယ် ..ဒီနေရာကို တစ်ရက်ဂိုဏ်းသားလေးယောက်စောင့်ကြပ်ရတယ်လေ...”
စန်းဟုန်းလျန်၏မျက်နှာထက်တွင် အတိတ်ကိုအောင့်မေ့သည့်အရိပ်အယောင်များလည်းရှိနေသည်။
“ ဟော..ပြောရင်းဆိုရင်း ဒီကောင်တွေ ငါတို့ကိုမြင်သွားပြီ...”
စန်းဟုန်းလျန်လည်း သူတို့ရှိရာသို့လျှင််မြန်စွာချဉ်းကပ်လာသည့်ဂိုဏ်းသားလေးယောက်ကိုကြည့်၍ရေရွတ်လိုက်မိသည်။
ထိုစဉ် ရှေ့ဆုံးမှရောက်ရှိလာသည့် အသက်သုံးဆယ့်ငါးနှစ်အရွယ်ရှိသည့်ဂိုဏ်းသားက စန်းဟုန်းလျန်နှင့်ရှောင်ယောင်၏ရှေ့သို့ရောက်လာသည့်အခါ ကိုယ်ရှိန်သပ်လိုက်သည်။
ထို့နောက် အံ့ဩဝမ်းသာသည့်မျက်ဝန်းများဖြင့် စူးစိုက်ကြည့်ရင်း အနည်းငယ်တုန်ယင်နေသည့်လေသံဖြင့်ပြောလိုက်သည်။
“ အစ်ကိုစန်းဟုန်းလျန် တကယ်ပဲ အစ်ကိုကြီးလား....”
သူ၏လေသံထဲတွင် အံ့သြဝမ်းမြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ မယုံကြည်နိုင်ခြင်းစသည့်ခံစားချက်များပါဝင်နေပြီး မျက်ဝန်းထောင့်စွန်းတွင်မျက်ရည်စအချို့ပင်စိုစွတ်နေသည် ။
ထိုအချိန်တွင် ကျန်ဂိုဏ်းသားသုံးယောက်လည်း ထိုလူ၏နောက်သို့ရောက်ရှိလာကြပြီး စကားတစ်ခွန်းမှဆိုကြသည့်တိုင် သူတို့၏အမူအယာများအရ မည်မျှဝမ်းသာပျော်ရွှင်နေသည့်ကိုတွေ့မြင်နိုင်ပေသည်။
ဂိုဏ်းတူညီငယ်များ၏လွန်စွာရင်းနှီးလှသည့်ဆီးကြိုမှုကြောင့် စန်းဟုန်းလျန်၏ရင်ထဲတွင်လည်း နွေးထွေးမှုများပြည့်နှက်သွားပြီး သူ၏ရှေ့ရှိဂိုဏ်းသား၏ပခုံးကိုခပ်ဖွဖွပုတ်လိုက်သည်။
“ လုဝူ မင်းတောင် ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ဖြစ်နေပြီပဲ ကောင်းတယ်...”
သူလေးစားအားကျရသည့် ဂိုဏ်းတူအစ်ကိုကြီးက သူ၏အမည်ကိုမှတ်မိနေသေး၍ ထိုလူ၏မျက်ဝန်းထဲရှိမျက်ရည်များစီးကျလာပြီး သူ၏မျက်နှာထက်တွင်အပြုံးကြီးကြီးတစ်ခုပေါ်လာသည်။
ပုံမှန်အချိန်များတွင် တည်ငြိမ်ပြီးခေါင်းဆောင်နိုင်မှုစွမ်းရည်ပြည့်ဝသည့်လုဝူ၏ယခုလိုပုံစံကို ကျန်သုံးယောက်လည်းအံ့ဩဟန်မရပေ။
အဆုံး၌ စန်းဟုန်းလျန်က ထိုက်ကျိဓားဆိုသည့်နာမည်ဖြင့်သိုင်းလောကတွင်လွန်စွာကျော်ကြားခဲ့သည့်အပြင် သူတို့လိုဂိုဏ်းသားငယ်တိုင်းက လွန်စွာလေးစားရသည့်စံပြပုဂ္ဂိုလ်တစ်ယောက်မဟုတ်လား....။။
ထို့အပြင် စန်းဟုန်းလျန်က သူ၏ကျော်ကြားမှုဖြင့်မောက်မာခြင်းမရှိဘဲ ဂိုဏ်းတူညီအစ်ကိုများကိုဂရုစိုက်ကြင်နာခြင်းကြောင့် သူ၏ဂုဏ်သတင်းကဝူတန်းဂိုဏ်းထဲတွင်လွန်စွာကောင်းမွန်လှပြီး သူထွက်သွားသည်မှာ ဆယ်တစ်နှစ်ရှိပြီဖြစ်သည့်တိုင် ဂိုဏ်းသားတိုင်းကထင်ထင်ရှားရှားမှတ်မိနေကြဆဲဖြစ်သည်။
စန်းဟုန်းလျန်ကျော်ကြားခဲ့စဉ်က သူတို့သုံးယောက်ပင်ဆယ့်သူံးဆယ့်လေးခန့်သာရှိသေးပြီး သူတို့၏အိပ်မက်က စန်းဟုန်းလျန်လို ဝူတန်း၏ဂုဏ်ကိုဆောင်နိုင်ရန်ဖြစ်ခဲ့ကြသည်။
“ မင်းတို့က အရင်တုန်းက အငယ်တန်းဂိုဏ်းတူညီငယ်လေးတွေမဟုတ်လား... ဒီအသက်အရွယ်နဲ့အဆင့်မြင့်သိုင်းအဆင့်ကိုရောက်တာ ချီးကျူးစရာပဲ ...”
ကျန်သုံးယောက်မှာ စန်းဟုန်းလျန်း၏ချီးကျူးမှုကြောင့် ကျေနပ်ပီတိဖြစ်သွားကြပြီး ဦးညွှတ်အရိုအသေပေး၍ ပြိုင်တူအော်ဟစ်လိုက်ကြသည်။
“ ဂိုဏ်းတူအစ်ကိုကြီးကို ဂါရဝပြုပါတယ်...”
&&&
ဝူတန်းတောင်ခြေရှိမြို့ငယ်လေး
ထိုမြို့ငယ်လေးမှာ လူဦးရေနည်းပါး၍ သာမန်မြို့ငယ်လေးတစ်ခုသာဖြစ်သော်လည်း အချက်အခြာကျသည့်ဟူပေပြည်နယ်အတွင်းတွင်တည်ရှိ၍ စီးပွားရေးလုပ်ငန်းများကောင်းမွန်သည်ဟုဆိုနိုင်သည်။
မြို့လယ်ရှိစားသောက်ဆိုင်လေးထဲတွင် စားသုံးသူအနည်းငယ်သာရှိပြီး လူအစည်ကားဆုံးဖြစ်သည့်နေ့လည်စာစားချိန်မဟုတ်၍ ပုံမှန်စားသုံးသူများသာရှိကာ စားသောက်နေသူအတန်အသင့်သာရှိသည်။
စားသောက်ဆိုင်လေး၏ရှေ့သို့ ဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားသည့်လူငယ်လေးတစ်ယောက်ရောက်လာသည်။
လူငယ်လေးက နုနယ်သည့်မျက်နှာသွင်ပြင်ရှိကာသူ၏အသက်အရွယ်ကငယ်ရွယ်ဟန်တူပေသည်။
သို့သော် သူ၏ခန္တာကိုယ်က အရွယ်ရောက်ပြီးလူများနှင့်နှိုင်းယှဉ်နိုင်ကာ ကြံ့ခိုင်တောင့်တင်းလှသည့်ကိုယ်ကာယဖြစ်သည်။
နေလောင်ထားပြီး စည်းနှောင်ထားခြင်းမရှိသည့်ဆံပင်များက သူ၏ ပခုံးပေါ်တွင်ဝဲနေပြီး အရိုင်းဆန်သည့်ပုံစံရှိသည်။
လူငယ်၏မျက်နှာက ငယ်ရွယ်ပြီး ထူထဲသည့်မျက်ခုံးများ၊ ပြူးကျယ်သည့်မျက်လုံးများနှင့် ခိုင်မာသည့်မေရိုးတို့ဖြင့် ပွင့်လင်းရိုးသားပုံပေါ်သည်။
ထူးဆန်းသည့်အချက်ကား သူ၏နုနယ်သည့်ပုံစံနှင့်မလိုက်အောင် ကြီးမားသည့်ဓားကြီးတစ်လက်ကိုနောက်ကျောတွင်လွယ်ပိုးထားခြင်းဖြစ်သည်။
“ ဆရာက ငါ့ကိုဒီမှာစောင့်နေခိုင်းတာနဲ့တူတယ်။ သူကဘယ်သွားပါလိမ့်...”
လူငယ်လေးက စားသောက်ဆိုင်ကိုမော့ကြည့်ရင်းခပ်တိုးတိုးရေရွတ်လိုက်သည်။
ထို့နောက် ဆိုင်အတွင်းမှစားသောက်ဖွယ်ရာများ၏မွှေးရနံ့ကြောင့် အသံမြည်လာသည့်ဗိုက်ကိုအသာပွတ်၍ ဆိုင်ထဲသို့ဝင်ရောက်သွားတော့သည်။
&&&&
“ ဒါနဲ့ အစ်ကိုတို့က ဦးလေးစန်းရဲ့အကြောင်းတွေကို အကုန်သိတယ်ပေါ့...”
ကောင်လေးရှောင်ယောင်က သူ၏အနီးတွင်ဝိုင်း၍ထိုင်နေကြသည့် ဝူတန်းဂိုဏ်းသားလေးယောက်ကိုကြည့်ကာမေးလိုက်သည်။
သူ၏ကြည်လင်သည့်မျက်လုံးများက သိလိုစိတ်ဖြင့်တောက်ပနေပြီး လက်ထဲတွင် စန်းဟုန်းလျန်၏ဓားရှည်ကိုပိုက်ထားသည်။
စန်းဟုန်းလျန်မှာ သူ၏ဆရာဖြစ်သည့်ဝူတန်းဂိုဏ်းချုပ်ကြီးနှင့်တွေ့လို၍ တောင်ပေါ်သို့တက်သွားခြင်းဖြစ်ပြီး ရှောင်ယောင်ကား တောင်ပေါ်သို့လိုက်ရန်စိတ်ကူးမရှိဘဲ ဓားချကျောက်ဆောင်အနီးရှိဇရပ်တွင်သာကျန်ရစ်ခဲ့သည်။
မူလက သိုင်းလောက၏ဂိုဏ်းကြီးခြောက်ဂိုဏ်းတွင်အပါအဝင်ဖြစ်သည့်ဝူတန်းဂိုဏ်းကြီးကိုလေ့လာကြည့်ရှုမည်ဟုအားခဲထားသော်လည်း ဤနေရာသို့ရောက်မှသူ၏စိတ်ကူးများပြောင်းလဲသွားခြင်းဖြစ်သည်။
ထိုသို့ပြောင်းလဲသွားခြင်းအကြောင်းက ဤနေရာတွင်အစောင့်တာဝန်ကျနေသည့်ဂိုဏ်းသားများနှင့် စန်းဟုန်းလျန်တို့၏ ရင်းနှီးသည့်ဆက်ဆံရေးကြောင့်ဖြစ်ပြီး ရှောင်ယောင်၏စိတ်ထဲတွင်လျှပ်တပြက်အကြံတစ်ခုပေါ်လာခြင်းကြောင့်ဖြစသည်။
ဦးလေးစန်းဟု သူသိထားသည့်စန်းဟုန်းလျန်မှာ သိုင်းလောကတွင်ကျော်ကြားလှသည့်ဓားသမားတစ်ယောက်ဖြစ်သော်လည်းမည်သည့်အတွက် သူတို့နှင့်အတူဆယ်နှစ်တိုင်တိုင်သာမန်လူတစ်ယောက်လိုဇာတ်မြုပ်နေထိုင်ခဲ့သည်ကို သူလုံးဝစဉ်းစားမရပေ။
ထို့အပြင် သူ့ကိုသိုင်းပညာနှင့်လုံးဝမပတ်သတ်စေလိုသည့်သူ၏မိခင်၊ အစွမ်းထက်သိုင်းပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူ့ကိုလွန်စွာဂရုစိုက်ချစ်ခင်လှသည့်အဖိုးစု စသူတို့က ရှောင်ယောင်၏စိတ်ထဲတွင်ပဟေဠိဖြစ်စေသည်။
ဦးလေးစန်းနှင့်သူ့မိခင်တို့၏ဆက်ဆံရေးက ပကတိဖြူစင်လှသော်လည်း ဦးလေးစန်း၏စိတ်ထဲရှိနက်ရှိုင်းသည့်ချစ်မေတ္တာကို သူပင်အနည်းငယ်သတိထားမိပေသည်။
သူ့မိခင်ကသာမန်အိမ်ရှင်မတစ်ယောက်နှင့်ဆင်တူသော်လည်း စာပေနှင့်အနုပညာကိုနှံ့စပ်စွာတတ်ကျွမ်းပြီး ရှောင်ယောင်ကိုလည်းပြီးခဲ့သည့်ငါးနှစ်အတွင်း သူမတတ်သမျှပညာရပ်များကိုအလုံးစုံလက်ဆင့်ကမ်းပေးခဲ့ပေသည်။
ထို့အပြင် သူ၏မိခင်က သူမ၏နောက်ကြောင်းကိုလုံးဝမဖော်ပြရုံသာမက သူ့ဖခင်၏နာမည်ကလေးကိုပင်မသိခဲ့ရပေ။
အဖိုးစုမှာ သဘောကောင်းလှသူတစ်ဦးဖြစ်သည့်တိုင် သူ၏မိခင်နှင့်ဦးလေးစန်း၏အတိတ် ၊ သူတို့၏နောက်ကြောင်းများကိုလုံးဝပြောဆိုခြင်းမပြုဘဲ ထိုအကြောင်းကိုမေးမြန်းတိုင်း စိတ်မကောင်းဖြစ်ဟန်ဖြင့်စကားလွှဲသွားတတ်သည်။
ထို့ကြောင့် ရှောင်ယောင်လည်း အပြင်ပန်းတွင်သာမန်လိုနေသည့်တိုင် သူ၏စိတ်ထဲတွင် ထိုအကြောင်းအရာများကိုစုံလင်စွာသိရှိရမည်ဟုစိတ်ပိုင်းဖြတ်ထားခြင်းဖြစ်၏။
ယခု ဤနေရာတွင် ဝူတန်းဂိုဏ်းသားများနှင့်အတူနေကာ စန်းဟုန်းလျန်၏အတိတ်ကိုစုံစမ်းရန်တွေးတောထားခြင်းဖြစ်ပေသည်။
ရှောင်ယောင်၏မေးခွန်းကြောင့် ဝူတန်းဂိုဏ်းသားများကထူးဆန်းသလိုကြည့်လာပြီး တစ်ယောက်ကမေးလိုက်သည်။
“ ကောင်လေး မင်းက မင်းဦးလေးရဲ့အကြောင်းကိုတောင်မသိဘူးလား...”
ထိုဂိုဏ်းသားက လှောင်ပြောင်လိုသည့်သဘောဖြင့်မေးလိုက်ခြင်းမဟုတ်ဘဲ အမှန်တကယ်အံ့အားသင့်၍သာယခုလိုမေးလာခြင်းဖြစ်၏ ။
အကြောင်းက စန်းဟုန်းလျန်၏မိတ်ဆက်ပေးမှုကြောင့် သူတို့၏အစ်ကိုကြီးမှာ ယခုဆယ်နှစ်တာအတွင်း ရှောင်ယောင်တို့နှင့်အတူနေခဲ့သည်ကို သူတို့သိရှိပြီးဖြစ်၍ ယခုမေးခွန်းကို အတော်လေးအံ့ဩမိခြင်းဖြစ်သည်။
သို့သော်လည်း ထိုဂိုဏ်းသားကိုအလျှင်အမြန်မျက်ရိပ်ပြ၍ လုဝူဆိုသည့်လူက ပြုံး၍ပြောလိုက်သည်။
“ ကောင်လေး မင်းဦးလေးက တကယ့်ကိုထူးချွန်တဲ့သိုင်းသမားတစ်ယောက်ပဲ။
သူက အသက်သူံးဆယ်မပြည့်ခင်မှာ ထိုက်ကျိဓားသိုင်းရဲ့မာကျောတဲ့ပုံစံကိုအောင်မြင်ခဲ့တဲ့အပြင် သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှာ နံပါတ်တစ်ခုချိတ်ခဲ့တယ်။
ငါတို့ဝူတန်းရဲ့ထိုက်ကျိဓားသိုင်းက အလွန်အစွမ်းထက်ပြီး အစ်ကိုစန်းဟုန်းလျန်ရဲ့နောက်မှာ ဘယ်သူမှအောင်မြင်ခြင်းမရှိတော့ဘူး။
ညီလေး ဝူချန်းရဲ့ပါရမီကတော့ ထိုက်ကျိဓားသိုင်းကိုအောင်မြင်ဖို့အလားအလာများပါရဲ့။ ဒါပေမယ့် အခုလက်ရှိအချိန်ထိတော့ ဝူတန်းရဲ့ထိုက်ကျိဓားသိုင်းကို နားလည်အောင်မြင်ခဲ့တာ မင်းဦးလေးကနောက်ဆုံးပဲ။
ပြီးတော့ သူကအလွန်စိတ်သဘောပြည့်ဝပြီး စိတ်ထားကောင်းမွန်တဲ့လူတစ်ယောက်ပဲ...”
လုဝူပြောသည့်အကြောင်းအရာများကိုနားထောင်နေရင်း ရှောင်ယောင်လည်းသူ၏ဦးခေါင်းကိုဖြေးညင်းစွာညိမ့်ပြလိုက်မိသည်။
ဦးလေးစန်းဟု သူခေါ်သည့် စန်းဟုန်းလျန်က ပြီးပြည့်စုံသည့်လူတစ်ယောက်ဟုမပြောနိုင်သည့်တိုင် သူ့အပေါ်တွင်လွန်စွာကောင်းမွန်ပြီး သူ၏တည်ကြည်ဖြောင့်မက်သည့်စိတ်သဘောကို အဖိုးစုပင်မကြာခဏချီးကျူးလေ့ရှိသည်။
ထို့ကြောင့် ဦးလေးစန်းမှာ သူ၏မိခင်ပြီးပါက ရှောင်ယောင်အခင်တွယ်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီး တွယ်တာစရာနည်းပါးလှသည့်သူ၏ဘဝတွင် အရေးအပါဆုံးလူတစ်ယောက်ဖြစ်နေခြင်းဖြစ်၏။
ရှောင်ယောင်လည်း စန်းဟုန်းလျန်၏အကြောင်းကိုပြန်ပြောပြရင်း တက်ကြွနေကြသည့် ဝူတန်းဂိုဏ်းသားများကို အကဲခပ်ရင်း သူ၏စိတ်ထဲတွင်စနိုးစနှောင့်ဖြစ်နေသည့်အရာကိုမေးလိုက်သည်။
“ ဒါနဲ့ ဦးလေးစန်းက အရင်ထဲက ညာဘက်လက်မရှိတာလား....”
ရှောင်ယောင်၏စကားကြောင့် ဝူတန်းဂိုဏ်းသားများ၏အမူအယာကပျက်ယွင်းသွားကြပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြ၏။
ထို့နောက် လုဝူဆိုသည့်လူကပင် သက်ပြင်းတစ်ချက်ချ၍ ခေါင်းယမ်းရင်း စိတ်မကောင်းဖြစ်သည့်လေသံဖြင့်ပြောလိုက်သည်။
“ မဟုတ်ဘူး အစ်ကိုစန်းဟုန်းလျန်က အရင်တုန်းက သာမန်လူတစ်ယောက်ပဲ။ သူ့ရဲ့လက်မောင်းတစ်ဖက်ပြက်သွားခဲ့တာ လွန်ခဲ့တဲ့ဆယ့်တစ်နှစ်လောက်တုန်းက။
ပြောရရင် အလွန်ဆိုးသွမ်းရက်စက်ပြီး ကြောက်စရာကောင်းတဲ့သိုင်းသမားတစ်ယောက်ရဲ့လက်ချက်ကြောင့်ပေါ့...”
နောက်ဆက်တွဲစကားကိုပြောဆိုရာ၌ လုဝူ၏လေသံကမသိမသာတင်းမာခတ်ထန်နေပြီး ကျန်ဂိုဏ်းသားသုံးယောက်သည်လည်း အေးစက်စက်ပုံစံရှိကြသည် ။