← Chapters

လက်မောင်းတစ်ဖက်ရန်ကြွေးဟောင်း

Vol. 1 Ch. 18

လက်မောင်းတစ်ဖက်ရန်ကြွေးဟောင်း

Vol. 1 Ch. 18

လုဝူ၏စကားကြောင့်ရှောင်ယောင်လည်းအတော်လေးအံ့အားသင့်သွားမိ၏။

သူလူမှန်းသိတတ်စအချိန်ကပင်တွေ့ခဲ့ရသည့်ဦးလေးစန်းက လက်တစ်ဖက်သာရှိ၍ သူကိုယ်တိုင်လည်း ထိုအဖြစ်ကိုမွေးရာပါဟုပင်ထင်မှတ်ခဲ့သည်။

သူ၏မိခင်နှင့်အဖိုးစုက ထိုအကြောင်းအရာများကိုအစအဖော်မခံမှ ရှောင်ယောင်စတင်၍သံသယဝင်လာခြင်းဖြစ်ပြီး ယခု ဝူတန်းဂိုဏ်းသားများထံမှစကားများကြောင့် ဦးလေးစန်း၏လက်မောင်းတစ်ဖက်က လူတစ်ယောက်ကြောင့်ပြတ်ခဲ့ရကြောင်းကို သိလိုက်ရသည်။

လုဝူက သူ၏တင်းမာသည့်အမူအယာကိုပြန်၍ထိမ်းသိမ်းလိုက်ပြီးဖြေးညင်းစွာဆက်ပြောလိုက်သည်။

“ အဲဒီအချိန်က နှင်းငွေ့မိစ္ဆာသခင် ဂိုဏ်းကြီးခြောက်ဂိုဏ်းကလူတွေကိုစိန်ခေါ်တဲ့နေ့ပဲ။

သိုင်းဝိဇ္ဇာတွေမတိုက်ခိုက်ကြသေးခင် အင်အားစမ်းသပ်ကြသေးတယ် ။ ပထမဆုံးတိုက်ပွဲက အစ်ကိုစန်းဟုန်းလျန်နဲ့ နှင်းငွေ့မိစ္ဆာသခင်ရဲ့တပည့် ငရဲဓားဝမ်းတုပေါ့...”

“ ငရဲဓားဝမ်းတု ဟုတ်လား...”

ရှောင်ယောင်လည်း ထိုနာမည်ကိုသိရှိ၍ခပ်တိုးတိုးရေရွတ်လိုက်မိ၏။

နှင်းငွေ့မိစ္ဆာသခင်၏တပည့်များဖြစ်ကြပြီး သိုင်းလောကကိုမွှေနှောက်ဖူးသည့် လွန်စွာရက်စက်ကြမ်းကြုတ်သည့်လူနှစ်ယောက်အကြောင်းကို အဖိုးစုထံမှသူကောင်းစွာကြားဖူးသည်။

ထိုနှစ်ယောက်ထဲမှ ငရဲဓားဝမ်းတက ဒုတိယအကြိမ်စန်နုန်ကျတိုက်ပွဲတွင် အနက်ရောင်သိမ်းငှက်ချွင်းရှန်၏လက်ချက်ကြောင့်သေဆုံးသွားခဲ့သည်။

အမှောင်လက်ဝါးဝမ်းတကား ကျုံဟွာတောင်ပေါ်တွင်ပင်ဇတ်သိမ်းခဲ့ပြီး ထူးဆန်းသည့်အချက်ကား ကျုံဟွာတောင်တိုက်ပွဲပြီးနောက်တွင် ဝမ်းတနှင့်နှင်းငွေ့မိစ္ဆာသခင်တို့၏အလောင်းကိုရှာမတွေ့ခဲ့ခြင်းဖြစ်၏။

ကြောက်စရာကောင်းသည့်ထိုလူနှစ်ယောက်ထဲမှ ငရဲဓားဝမ်းတုက ဦးလေးစန်း၏ရန်သူဖြစ်နေမည်ဟု သူတစ်ကြိမ်မှမတွေးခဲ့မိပေ။

“ ဟုတ်တယ် ငရဲဓားဝမ်းတုပဲ။ အဲဒီနေ့ကတိုက်ပွဲကိုငါကောင်းကောင်းကြီးမှတ်‌မိနေသေးတယ်။

အစ်ကိုစန်းဟုန်းလျန်နဲ့ဝမ်းတတို့က အပြင်းအထန်တိုက်ခိုက်ခဲ့ကြပြီး သူတို့ရဲ့တိုက်ပွဲကအတော်ကြောက်စရာကောင်းခဲ့တယ်။

သူတို့ရဲ့သိုင်းပညာကမကွာပေမယ့် အစ်ကိုစန်းက ထူးဆန်းစွာနဲ့ပဲ အဲဒီအချိန်က စိတ်မတည်မငြိမ်ဖြစ်ပြီး ဒေါသတကြီးတိုက်ခိုက်ခဲ့တာ ။

ဒါကြောင့်လည်း အချိန်ကြာလေလေ ဝမ်းတုပိုအသာစီးရလေလေဖြစ်ပြီး နောက်ဆုံးမှာ သူ့ရဲ့လက်ချက်ကြောင့် အစ်ကိုစန်းဟုန်းလျန်ရဲ့လက်မောင်းတစ်ဖက်ပြက်ခဲ့ရတာပဲ...”

လူဝု၏မျက်နှာက သိသိသာသာအေးစက်လာပြီး အံကြိတ်၍ဆက်ပြောလိုက်သည်။

“ အောက်တန်းကျတဲ့ဒီကောင်က အစ်ကိုစန်းဟုန်းလျန်ကိုမသတ်ပေမယ့် သူ့ရဲ့ဓားကိုင်လက်ကိုဖြတ်ပစ်ခဲ့တဲ့အပြင် စိတ်ဓာတ်ကိုပါနလံမထူနိုင်အောင်ရိုက်ချိုးခဲ့တယ်။

ဒါကြောင့် အစ်ကိုစန်းက တိုက်ပွဲပြီးပြီးချင်းမှာ စန်နုန်ကျကထွက်သွားပြီး ဆယ့်တစ်နှစ်လုံးလုံးဂိုဏ်းကိုပြန်မလာခဲ့တာပေါ့ ။

ကံကောင်းစွာနဲ့ပဲ ဒီနေ့အစ်ကိုစန်းဟုန်းလျန်ကိုအဆင်ပြေပြေမြင်ခဲ့ရတယ်။ ဒီနေ့က ငါ့ဘဝရဲ့အပျော်ဆုံးနေ့တွေထဲကတစ်နေ့လို့တောင်ပြောဘို့ရတယ်...”

လုဝူ၏လေသံကစိတ်ခံစားချက်ကြောင့်အနည်းငယ်တုန်ယင်နေပြီး ‌ဒေါသကြောင့်အေးစက်စက်ဖြစ်နေသည့်မျက်နှာထက်တွင် ပျော်ရွှင်ဝမ်းမြောက်သည့်အရိပ်အယောင်အချို့ကိုလည်းမြင်တွေ့နိုင်ပေသည်။

ရှောင်ယောင်လည်း လုဝူ၏စကားများကြောင့် စန်းဟုန်းလျန်၏ဘဝအကြောင်းကိုအကြမ်းဖျင်းနားလည်သွားခဲ့ပြီး ကြည်လင်သည့်သူ၏မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များထွက်ပေါ်လာသည်။

ဝမ်းတုဆိုသည့်လူက ‌ဆိုးသွမ်းရက်စက်သည့်သိုင်းသမားတစ်ယောက်ဖြစ်ရုံသာမက သူ၏ဦးလေးစန်းကိုပင် လက်တစ်ဖက်ပြက်ဒုက္ခိတဘဝရောက်စေခဲ့ရာ ရှောင်ယောင်လည်း မကျေမနပ်ဖြစ်သည့်လေသံဖြင့်ရေရွတ်လိုက်သည်။

“ ငရဲဓားဝမ်းတု သူကတကယ့်ကိုသေသင့်တဲ့လူပဲ...”

ရှောင်ယောင်၏ရေရွတ်သံအဆုံး၌ သူတို့ရှိနေသည့်ဇရပ်တစ်ခုလုံးတုန်ခါသွားပြီးကြောက်စရာကောင်းသည့်အသံကြီးတစ်ခုကိုပါကြားလိုက်ရသည်။

“ နောက်တစ်ကြိမ် ...ပြန်ပြောလိုက်စမ်း...”

ရုတ်တရက်ထွက်ပေါ်လာသည့်အသံနက်ကြီးက အတွင်းအားလှိုင်းများပင်ပါဝင်နေကာ သူတို့အားလုံးနားများအူထိုင်းကုန်ကြသည်။

အသံပိုင်ရှင်၏အတွင်းအားက လွန်စွာကောင်းမွန်လှပြီး ကြောင်အမ်းအမ်းဖြစ်နေကြသည့်ဝူတန်းဂိုဏ်းသားများလည်း ဓားကိုယ်စီဆွဲ၍ ဇရပ်အပြင်သို့ဖျက်ခနဲခုန်ထွက်သွားကြသည် ။

အစောပိုင်းကအသံမှာ သူတို့၏အပေါ်ဘက်မှလာခြင်းဖြစ်၍ ဇရပ်အမိုးပေါ်သို့ကြည့်လိုက်သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှမမြင်ရပေ။

“ ဘယ်ကမိတ်ဆွေလဲ...ကိုယ်ထင်ပြလို့ရမလား...”

လုဝူကအတွေ့အကြုံရင့်ကျက်သူပီပီ သူ၏စိတ်ကိုတည်ငြိမ်အောင်ထိမ်း၍ လက်သီးတစ်ဖက်ဆုပ်အရိုအသေပေးရင်းပြောလိုက်သည်။

ကျန်ဂိုဏ်းသားသုံးယောက်လည်း ဓားကိုယ်စီကိုင်ထားကြပြီးဘေးပတ်ဝန်းကျင်ကိုအကဲခပ်ကြည့်ရှုနေသည်။

အသံပိုင်ရှင်၏အတွင်းအားကလွန်စွာအားကောင်းလှပြီး သူတို့အနေဖြင့်ထိုလူ၏ပြိုင်ဘက်မဖြစ်နိုင်သည့်တိုင် ယခုနေရာက သူတို့၏ပိုင်နက်ဖြစ်သည့် ဝူတန်းဂိုဏ်းဖြစ်၍များစွာကြောက်ရွံ့မနေကြပေ။

ပတ်ဝန်းကျင်တစ်ခုလုံးပကတိငြိမ်သက်နေကာ အကြောင်းမသိပါက တစ်စုံတစ်ရာမဖြစ်ထားသည့်အလားပင်။

ဇရပ်ထဲတွင်ကျန်ရစ်သည့်ရှောင်ယောင်လည်း အံ့ဩတုန်လှုပ်သည့်စိတ်ကိုထိမ်းချုပ်၍ ဦးလေးစန်းချန်ခဲ့သည့်ဓားရှည်ကိုပွေ့ပိုက်ကာ ဇရပ်အပြင်သို့ထွက်ခဲ့လိုက်သည်။

ရှောင်ယောင်အပြင်ထွက်လာသည်ကိုမြင်လိုက်ရသည့်အတွက် ဝူတန်းဂိုဏ်းသားတစ်ယောက်က စိုးရိမ်ပူပန်သည့်လေသံဖြင့်ပြောလိုက်သည်။

“ ကောင်လေး အထဲမှာပဲနေဦး..တစ်ဖက်က ရန်သူမိတ်ဆွေမကွဲသေးဘူး...”

ထိုဂိုဏ်းသား၏စကားကိုတုံ့ပြန်မည်ပြုလိုက်စဉ် ရှောင်ယောင်၏မျက်ဝန်းထောင့်စွန်းတွင်အရိပ်တစ်ခုကိုမြင်လိုက်ရ၍အလျှင်အမြန်အော်ဟစ်လိုက်သည်။

“ အစ်ကိုတို့ သတိထား....”

လေပြင်းတစ်ချက်တိုက်ခတ်သလိုခံစားလိုက်ရပြီး ဝူတန်းဂိုဏ်းသားလေးယောက်လုံးသာမက ရှောင်ယောင်ပါ စကားဆုံးအောင်ပြောခွင့်မရလိုက်ဘဲ အမြင်အာရုံများမှောင်မိုက်ကာ ပျော့ခွေ၍လဲကျသွားသည်။

မည်သည့်‌နေရာမှထွက်ပေါ်လာမှန်းမသိရသည့် အနက်ရောင်အရိပ်တစ်ခုက ရှောင်ယောင်၏ခန္တာကိုယ်မြေပြင်ပေါ်မကျမီဖမ်းယူထားလိုက်ပြီး ဇရပ်အတွင်းဘက်သို့ရိပ်ခနဲဝင်ရောက်သွားတော့သည်။

&&&&

ဝူတန်းဂိုဏ်း

ဝူတန်းတောင်ပေါ်တွင်တည်ရှိသည့်အထင်ကရနေရာတစ်ခုဖြစ်ပြီး သိုင်းလောကထဲတွင်လွန်စွာကျော်ကြားသည့်ထိပ်သီးအင်အားစုတစ်ခုလည်းဖြစ်သည်။

ဟူပေပြည်နယ်ဝူတန်းတောင်ပေါ်တွင်အခြေစိုက်သည့်ဝူတန်းဂိုဏ်းက အင်အားသုံးရာကျော်ရှိပြီး များပြားလှသည့်အဆင့်မြင့်သိုင်းသမားများ၊ ထိပ်တန်းအဆင့်သိုင်းသမားများကိုပိုင်ဆိုင်ထားကာ အဆင့်လွန်ထိပ်သီးများပင်အတော်များများရှိသည်။

ထိုအင်အားက သိုင်းလောက၏ထိပ်တန်းတွင်ရပ်တည်နိုင်သည့်ပမာဏဖြစ်ပြီး ဝူတန်းတွင်သိုင်းဝိဇ္ဇာများပါ တစ်ယောက်ထက်မကရှိနေသည်။

ထို့ကြောင့် ဝူတန်းဂိုဏ်းကြီးက သိုင်းလောက၏ထိပ်တန်းဂိုဏ်းကြီးခြောက်ဂိုဏ်းတွင်ပါဝင်နေခြင်းဖြစ်ပြီး သူတို့၏ဂုဏ်သတင်းကလည်း မှန်ကန်ဖြောင့်မတ်ပေသည်။

ပုံမှန်ဆိုလျှင် ဝူတန်းဂိုဏ်း၏ပင်မရင်ပြင်၌ သွားလာလှုပ်ရှားနေသည့်ဂိုဏ်းသားများ ၊ အုပ်စုဖွဲ့၍သိုင်းပညာလေ့ကျင့်နေသူများ သို့မဟုတ် တစ်ဦးထဲဓားသိုင်းလေ့ကျင့်နေသူများကိုတွေ့ရပေမည်။

ယခုအချိန်တွင်မူ ဂိုဏ်း၏ရင်ပြင်တွင်ထူးခြားသည့်မြင်ကွင်းတစ်ခုကိုတွေ့ရပေမည်။

အယောက်တစ်ရာကျော်ခန့်ရှိမည့်ဂိုဏ်းသားများက ရင်ပြင်တွင်စုရုံးကာ တစ်စုံတစ်ခုကိုပြောဆိုဆွေးနွေးနေကြဟန်တူသည်။

သူတို့၏မျက်လုံးများကတလက်လက်တောက်ပနေကြကာ စိတ်လှုပ်ရှားပျော်ရွှင်သည့်အမူအယာများကိုလည်းတွေ့နိုင်သည်။

စင်စစ် ထိုဂိုဏ်းသားများအားလုံးက သူတို့လေးယောက်လုံးက သူတို့လေးစားရသည့်စံပြပုဂ္ဂိုလ်ပြန်လည်ရောက်ရှိလာခြင်းကို မယုံကြည်နိုင်ကြသလို လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်နေခြင်းဖြစ်ကြ၏။

ခပ်လှမ်းလှမ်းရှိကုန်းမြင့်တစ်ခုပေါ်တွင်လူရိပ်နှစ်ခုက အေးဆေးစွာရပ်နေကြသည် ။

ထိုနှစ်ယောက်ထဲမှ အသက်ခြောက်ဆယ်ခန့်ရှိပြီးကြံ့ခိုင်တောင့်တင်းသည့်လူကြီးက တလှုပ်လှုပ်တရွရွဖြစ်နေသည့်လူအုပ်ကြီးကိုကြည့်ရင်း သဘောမကျသည့်လေသံဖြင့်ပြောလိုက်သည်။

“ အကြီးအကဲချန်းရှောက် ဒီကောင်တွေကိုကြည့်စမ်းပါဦး.. ပျားရည်စက်ကျတဲ့နေရာကပုရွက်ဆိတ်တွေလားကျလို့ ဟိုကောင်စုတ်လေးက သူတို့အပေါ်အတော်လေးလွှမ်းမိုးနိုင်သားပဲ...”

ထိုလူက စူးရှသည့်မျက်လုံးများပိုင်ဆိုင်ထားပြီး ငယ်စဉ်က‌ချောမောခန့်ညားခဲ့မည်ဖြစ်သော်လည်း စုတ်စုတ်ပြက်ပြက်နေသည့်ပုံစံကြောင့် သူ၏ခန့်ညားမှူကပျောက်ကွယ်သလိုထင်ရပေသည်။

သူ၏စကားကြောင့်ဘေးဘက်ရှိအဖိုးအိုက အသာခေါင်းယမ်းရင်းရယ်မောလိုက်သည်။

“ ကောင်လေးစန်းက အရင်မျိုးဆက်ကဂိုဏ်းသားတွေအပေါ်မှာအတော်လေးလွှမ်းမိုးနိုင်ခဲ့တယ်။ အခုမျိုးဆက်ကလူငယ်တွေထဲမှာတောင် သူ့ကိုလေးစားနေသေးတဲ့လူတွေမနည်းမနောပဲ။

သူစိတ်ဒဏ်ရာရရုန်းထွက်လာနိုင်ပြီး အခုလိုကောင်းကောင်းမွန်မွန်မြင်ရတာ ကျူပ်တို့အတွက် ဝမ်းသာစရာပေါ့...”

အကြီးအကဲချန်း‌ရှောက်က အသက်ခုနစ်ဆယ်ခန့်ရှိမည့်အဖိုးအိုတစ်ယောက်ဖြစ်ပြီး သူ၏ပုံစံကသ‌ဘောကောင်းသည့်အဖိုးအိုတစ်ယောက်လြိ တည်ငြိမ်အေးဆေးလှသည်။

အကယ်၍ ထိုအဖိုးအိုမှာလွန်ခဲ့သည့်ဆယ့်ငါးနှစ်ကျော်က သိုင်းထိပ်သီးဆယ်ယောက်စာရင်းတွင်ပါဝင်သည့်စိတ်တိုကြီးချန်းဟုပြောပါကမည်သူမှယုံကြည်ကြမည်မဟုတ်ပေ။

အကြီးမကဲချန်းရှောက်က လူသိနည်းသည့်ဓာတ်ကြီးလေးပါးဓားသိုင်းပိုလေ့ကျင့်သော်လည်းသူ၏သိုင်းပညာကအစွမ်းထက်လှပြီး ယခုဆိုလျှင် သိုင်းဝိဇ္ဇာအဆင့်ကိုရောက်ရှိနေပြီဖြစ်ကာ ပထမအကြီးအကဲရာထူးကိုပင်ရရှိထားသူဖြစ်သည်။

လွန်ခဲ့သည့်ဆယ့်တစ်နှစ်ကျုံဟွာတောင်တိုက်ပွဲမတိုင်မီက ယခင်ပထမအကြီးအကဲမှာ ခရမ်းရောင်သွေးလဂိုဏ်း၏ဓားဘုရင်ဆိုသူဖြစ်‌နေပြီး ဂိုဏ်းကိုသစ္စာဖောက်ကာ ဝူတန်းဂိုဏ်းချုပ်ကြီးကိုလုပ်ကြံခဲ့သည်။

ထိုပထမအကြီးအကဲသည်လည်း ကျုံဟွာတောင်တိုက်ပွဲတွင် ဝူတန်းဂိုဏ်းသားတစ်ယောက်၏သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။

သိုင်းဝိဇ္ဇာအဆင့်ရှိပြီး ထိုက်ကျိဓားသိုင်း၏ပျော့ပြောင်းသည့်ပုံစံကိုအောင်မြင်ထားသည့် ဂိုဏ်းသစ္စာဖောက်ကိုရှင်းလင်းခဲ့သူက အကြီးအကဲချန်းရှောက်၏ဘေးရှိ စုတ်စုတ်ပြတ်ပြတ်ပုံစံရှိသူပင်ဖြစ်ပေသည်။

“ ဟမ့် ကျုံဟွာတောင်တိုက်ပွဲမတိုင်ခင်က ဒီကောင်နဲ့တစ်ခါဆုံသေးတယ်။ အဲဒီအချိန်တုန်းက အရက်အိုးထဲမှာခေါင်းစိုက်နေတဲ့အရက်သမားကြီးလုံးလုံးတောင်ဖြစ်ခဲ့သေးတယ်။

ဘာပဲဖြစ်ဖြစ်ပါ သူအခုလိုပြောင်းလဲသွားတာ အစ်ကိုကြီးအတွက်အများကြီးစိတ်ချမ်းသာစရာကောင်းတာပေါ့...”

စုတ်စုတ်ပြက်ပြက်ပုံစံရှိသည့်လူကြီးက အဝေးရှိဂိုဏ်းခန်းမဆောင်ကိုငေးကြည့်ရင်းရေရွတ်လိုက်သည်။

အကြီးအကဲချန်းရှောက်က တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် မေးလိုက်သည်။

“ ဒါနဲ့ စောစောကသိုင်းသမားတစ်ချို့လာသွားသေးတယ်မလား ။ ထူးထူးဆန်းဆန်းပဲ ။ ကျုပ်တို့တောင်ပေါ်ကိုသိုင်းလောကသားတွေမရောက်လာတာ အတော်ကြာပါပြီ...”

အကြီးအကဲချန်းရှောက်၏မေးခွန်းကို စုတ်စုတ်ပြက်ပြက်လူကြီးက နှာခေါင်းတစ်ချက်ရှုံ့၍ဖြေလိုက်သည်။

“ သိုင်းမဟာမိတ်ဆိုလားဘာလား အဲဒီအဖွဲ့ကကောင်တွေပါ။ ဒီကောင်တွေက ထိပ်တန်းအင်အားစုတွေကျောထောက်နောက်ခံပေးထားတယ်ဆိုပြီးဂျိုကြွနေတာ။

အခုလည်း သူတို့နဲ့ပြိုင်ဘက်အမှောင်လောကကိုတိုက်ခိုက်ဖို့အစ်ကိုကြီးကိုလာစည်းရုံးတာနဲ့တူတယ်။

ကျုပ်သဘောမကျလို့အကုန်လုံးကိုမောင်းထုတ်လိုက်ပြီ...”

ရှင်းလင်းပြက်သားလှသည့်သူ၏အဖြေကြောင့် အကြီးအကဲချန်းရှောက်လည်းရယ်ရမလိုငိုရမလိုပင်ဖြစ်သွားမိတောါ၏။

All Chapters