မကျေမလည်စကားဝိုင်း
Vol. 1 Ch. 20
အပြာရောင်ဝတ်စုံဝတ်လူက သိုင်းလောကသားတိုင်းလေးစားရသည့်ဝူတန်းဂိုဏ်းချုပ်ကြီးကိုပင်မကျေမနပ်ဖြစ်နေဟန်တူသည်။
သူ၏စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူရွယ်၏မျက်နှာကအနည်းငယ်ပြောင်းလဲသွားပြီး ထိုအချက်ကိုသတိပြုမိသည့်အညိုရောင်ဝတ်စုံဝတ်လူက ဝင်ပြောလိုက်သည်။
“ အစ်ကိုမုယုံကလည်း ဝူတန်းဂိုဏ်းချုပ်ကြီးဆိုတာ လက်ရှိသိုင်းလောကရဲ့ထိပ်ဆုံးမှာရပ်တည်နေတဲ့လူတစ်ယောက်လေ။
သူ့လိုလူမျိူးက ကျုပ်တို့ကိုမတွေ့ချင်လို့ငြင်းတာ သဘာဝကျပါတယ်...”
ထိုလူ၏စကားအဆုံး၌ ဘေးဘက်ရှိအညိုရောင်ဝတ်စုံဝတ်ကျန်တစ်ယောက်ကလည်း မုယုံဆိုသည့်လူကိုကြည့်လိုက်သည်။
သူတို့နှစ်ယောက်က အတော်လေးရုပ်ချင်းဆင်တူကာ သွေးရင်းညီအစ်ကိုများဖြစ်ဟန်တူသည်။
အညိုရောင်ဝတ်စုံဝတ်လူ၏စကားကြောင့် အပြာရောင်ဝတ်စုံဝတ်လူက သူ၏စကားအနည်းငယ်လွန်ကဲသွားသည်ကို သတိပြုလိုက်မိပြီး ချောင်းတစ်ချက်ဟန့်၍ ပြန်ပြောလိုက်သည်။
“ ကျုပ်က ဝူတန်းဂိုဏ်းချုပ်ကြီးကို မလေးစားတဲ့သဘောမဟုတ်ပါဘူး။ အခုက ကျုပ်တို့အနေနဲ့ဝူတန်းကိုလာတာ သိုင်းမဟာမိတ်ရဲ့ကိုယ်စားလာခဲ့တာလေ။
ဒါကိုတောင် သူတို့က ဝင်ပြီးစွက်ဖက်မယ့်ပုံမရဘူး။ ပြီးတော့ လူ့ဂွစာမုချန်းက တကယ့်ကိုရိုင်းရိုင်းစိုင်းစိုင်းပဲ...”
ယခုတစ်ကြိမ်တွင် သူ၏စကားကိုအညိုရောင်ဝတ်စုံဝတ်လူတစ်ယောက်က ခေါင်းညိမ့်ကာထောက်ခံလိုက်သည်။
“ ဒါတော့ တကယ်ပဲဗျို့ လူ့ဂွစာမုချန်းက စကားပြောရဆိုရလက်ပေါက်ကပ်တယ်လို့နာမည်ကြိးပေမယ့် အခုကတကယ်ပဲကိုး။ ပြီးတော့ သူက ဝူတန်းဂိုဏ်းချုပ်ကြီးရဲ့ဆရာတူညီဆိုတော့ ဂိုဏ်းထဲမှာ သူ့အဆင့်အတန်းက အတော်မြင့်မားတယ်။
ဘာပဲဖြစ်ဖြစ် သူ့ရဲ့သိုင်းပညာ ၊အဆင့်အတန်းအရဆိုရင် အခုလိုမျိုးမောက်တာတာ သဘာဝကျပါတယ်.. “
ထိုလူ၏စကားက မကျေနပ်သည့်သဘောသက်ရောက်သော်လည်းလေးစားအားကျသည့်အရိပ်အယောင်များပါဝင်နေသည်။
အဆုံး၌ ဝူတန်းမှလူ့ဂွစာမုချန်းမှာ သာမန်လူတစ်ယောက်မဟုတ်ဘဲ ကျုံဟွာတောင်တိုက်ပွဲတွင် ဂိုဏ်း၏သစ္စာဖောက်ဖြစ်သည့် ခရမ်းရောင်သွေးလဂိုဏ်းဓားဘုရင်ကိုအနိုင်ယူသတ်ဖြတ်ခဲ့သူမဟုတ်လား ...။
အပြာရောက်ဝတ်စုံဝတ်လူက အညိုရောင်ဝတ်စုံဝတ်လူ၏စကားကိုသဘောမကျသည့်တိုင် ပြန်လှန်ချေပစရာမရှိ၍မျက်နှာအနည်းငယ်ပြောင်းလဲသွားပြီး တည်ကြည်သည့်ပုံစံဖြင့်ပြောလိုက်သည်။
“ ဘာပဲဖြစ်ဖြစ်ပါ အခုတစ်ကြိမ်ကျုပ်တို့ဝူတန်းကို လမ်းကြုံဝင်လာတာပဲ။ ဂိုဏ်းကြီးခြောက်ဂိုဏ်းရဲ့ကူညီမှုမရှိရင်တောင် ကျုပ်တို့သိုင်းမဟာမိတ်က အမှောင်လောကဆိုတဲ့ကောင်တွေကို အနိုင်ယူနိုင်သေးတယ်။။
အခုဆိုရင် သိုင်းမဟာမိတ်ရဲ့နောက်မှာထိပ်တန်းအင်အားစုဆယ်ခုအထိရှိလာတော့ ကျုပ်တို့ရဲ့အင်အားကအတော်လေးမြင့်မားလာခဲ့တယ်။။
ကျုပ်တို့က နဂါးစိမ်းဂိုဏ်းကြီးရဲ့လမ်းစဉ်ကိုလိုက်ပြီး အနက်ရောင်သိုင်းလောကသားတွေကိူနှိမ်နင်းလို့ သိုင်းလောကကြီးကိုတည်ငြိမ်အေးဆေးစေရမယ်...”
အပြာရောင်ဝတ်စုံဝတ်လူ၏လေသံက တက်ကြွမှုများနှင့်ပြည့်နှက်နေပြီး အနည်းငယ်ဂုဏ်ယူဝံ့ကြွားမှုကိုလည်းတွေ့နိုင်သည်။
သူကသာမန်လူတစ်ယောက်မဟုတ်ဘဲ သိုင်းလောကရှိထိပ်တန်းအဆင့်အင်အားစုကြီးတစ်ခုဖြစ်သည့်မုယုံမျိုးနွယ်မှသိုင်းထိပ်သီးတစ်ဦးဖြစ်သည့်အပြင် သိုင်းမဟာမိတ်၏ခေါင်းဆောင်ဆယ်ယောက်ထဲမှတစ်ယောက်ဖြစ်သည်။
ထို့ကြောင့် သဘာဝကျစွာပင် သူ့ထံ၌ မာနတရားတို့ရှိနေပြီး သူ၏စကားထဲတွင်ပင် မောက်မာသည့်အရိပ်အယောင်များရှိနေခြင်းဖြစ်ပေသည်။
ယခုသူတို့ဝူတန်းသို့ဝင်ရောက်ခဲ့က ခရီးသွားဟန်လွဲဟုဆိုနိုင်သည့်တိုင် အနက်ရောင်ထိပ်သီးဂိုဏ်းများစုဖွဲ့ထားသည့် အမှောင်လောကမဟာမိတ်အကြောင်းကို ဝူတန်းဂိုဏ်းနှင့်ဆွေးနွေးလိုခြင်းဖြစ်၏။
သို့သော်လည်း သူတို့လေးယောက်မှာ ဝူတန်းဂိုဏ်းချုပ်ကြီးကိုတွေ့ခွင့်မရခဲ့ဘဲ လွန်စွာဂွတီးဂွကျနိူင်၍စကားပြောရခက်သည့်လူနှင့်သာဆုံခဲ့ရသည် ။
“ ကျုပ်က ဒီလိုမှန်းသိရင် တောင်ပေါ်အထိမတတ်ဘဲ တောင်ခြေမှာပဲစောင့်နေတယ်။ အမှောင်လောကနဲ့ပတ်သတ်ပြီး ဂိုဏ်းကြီးခြောက်ဂိုဏ်းကဘယ်လိုမှသဘောမထားတာကို ကျုပ်တို့အားလုံးသိနေတာပဲ။
တကယ်တမ်းကျတော့ အမှောင်လောကဆိုပြီးဖြစ်လာတာ ခင်ဗျားတို့သိုင်းမဟာရဲ့ပယောဂလည်းမကင်းဘူးလေ...”
အနက်ရောင်ဝတ်စုံဝတ်လူရွယ်၏စကားက ရှင်းလင်းစွာထွက်ပေါ်လာသည်။
သူက ယခုမတိုင်မီ ကျန်လူများစကားဝိုင်းကိုဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ တစ်ဦးထဲတိတ်တဆိတ်နေခြင်းဖြစ်သည်။
ယခု မုယုံမျိုးနွယ်၏စကားများကအနည်းငယ်လွန်ကဲလာရာ ဆက်၍ငြိမ်မနေနိုင်တော့ဘဲ ဝင်ရောက်ပြောဆိုလိုက်ခြင်းပင်။
ထိုလူရွယ်ကအသက်သုံးဆယ်ခန့်ရှိမည်ဖြစ်ပြီး ချောမောခန့်ညားသည့်ရုပ်ရည်ရှိသည့်အပြင် သူ၏မျက်လုံးများကစူးရှတောက်ပလှသည်။
သူ၏အသက်အရွယ်က ယခုလူစုထဲတွင်အငယ်ဆုံးဖြစ်သည့်တိုင်သူ၏သိုင်းပညာကကျန်လူများထက်ပင်သာလွန်နေသေးသည်။
ထို့ကြောင့်လည်း ကိုယ့်ကိုယ်ကိုအထင်ကြီးဟန်တူသည့် အပြာရောင်ဝတ်စုံဝတ်လူနှင့်ကျန်နှစ်ယောက်က ထိုလူရွယ့်ကိုလေးလေးစားစားဖြင့်ဆက်ဆံရခြင်းဖြစ်သည်။
လူရွယ်၏စကားကြောင့် အပြာရောင်ဝတ်စုံဝတ်လူ၏မျက်နှာကအနည်းငယ်ပြောင်းလဲသွားသော်လည်း ထိုလူရွယ်၏အဆင့်အတန်းမှာ သူ့ထက်ပင်မြင့်မားနေရာ ဒေါသထွက်သည့်အမူအယာမပြဝံ့ဘဲ ရယ်မောလိုက်သည်။
“ ဟားဟား...အဲဒီဂိုဏ်းကြီးတွေရဲ့သဘောထားကို ကျုပ်နည်းနည်းမေ့သွားတယ်။ ဒါနဲ့ ညီလေးစီးတုရဲ့ဆရာကရော အမှောင်လောကကို ဘယ်လိုမျိူးသဘောထားသလဲ...
သိုင်းလောကထဲကသတင်းတွေအရဆိုရင် ခုံတုံဂိုဏ်းချုပ်ကြီးက တရားမျှတမှုကိုမြတ်နိုးပြီး ဆိုးသွမ်းရက်စက်တဲ့သိုင်းသမားတွေကို ပြင်းပြင်းထန်ထန်နှိမ်နင်းတယ်ဆိုပဲ “
အပြာရောင်ဝတ်စုံဝတ်လူ၏ အကဲစမ်းသည့်မေးခွန်းကြောင့် ကျန်နှစ်ယောက်လည်း လူရွယ့်ကိုစိတ်ဝင်စားစွာကြည့်လိုက်ကြသည်။
ဖြေရခက်သည့်မေးခွန်းကိုရင်ဆိုင်နေရသည့်တိုင် လူရွယ်ကတည်ငြိမ်စွာရှိနေပြီး အေးအေးဆေးဆေးပြန်ဖြေလိုက်သည်။
“ ကျုပ်ရဲ့ဆရာက အရင်တုန်းကတော့ ခင်ဗျားပြောသလို စိတ်လိုက်မာန်ပါလုပ်ခဲ့ပါတယ်။
ဒါပေမယ့် အခုနောက်ပိုင်းမှာအသက်အရွယ်ရလာတော့ သိုင်းလောကအရေးကိုသိပ်ပြီးဝင်ပါချင်တော့ပုံမရဘူး။ ဂိုဏ်းကိုတောင် ကျုပ်တို့ပဲစီမံခန့်ခွဲနေရတာ ...”
လူရွယ်၏ပြက်သားသည့်အဖြေကိုမျှော်လင့်မထား၍ အပြာရောင်ဝတ်စုံဝတ်လူကအံ့အားသင့်သွားသလို အညိုရောင်ဝတ်စုံဝတ်လူနှစ်ယောက်လည်းအနည်းငယ်အံ့ဩသွားဟန်ရပြီး အတန်ကြာမှ ရှေ့ဆင့်နောက်ဆင့်ပြောလိုက်ကြသည်။
“ သိုင်းလောကထဲမှာကြားထားတဲ့သတင်းတွေက တကယ်ပဲကိုး ညီလေးစီးတုက အသက်သုံးဆယ်တောင်မပြည့်သေးဘဲနဲ့ ခုံတုံဂိုဏ်းချုပ်ဖြစ်ဖို့နီးစပ်နေတယ်ဆိုတာ...”
“ ဂုဏ်ယူပါတယ်ညီလေးစီးတု...”
အညိုရောင်ဝတ်စုံဝတ်လူများ၏ချီးကျူးစကားကို လူရွယ်က တစ်စုံတစ်ရာတုံ့ပြန်မည်ပြုလိုက်သော်လည်း စကားစရှည်မည်စိုး၍အသာပြုံးနေလိုက်တော့သည်။
ထိုအချိန်တွင် လူရွယ့်ထံမှမျက်နှာသာမရသည့် အပြာရောင်ဝတ်စုံဝတ်လူက အမူအယာအနည်းငယ်ပျက်ယွင်းနေကာ တစ်စုံတစ်ခုကိုတွေးမိဟန်ဖြင့် လူရွယ့်ကိုပြောလိုက်သည်။
“ ဒါနဲ့ ညီလေးစီးတု မင်းရဲ့သမီးလေးကဘယ်ကိုရောက်သွားတာလဲ။ သူက အသက်ငယ်သေးတဲ့ကလေးမလေးနော်။ မထိမ်းသိမ်းဘဲတစ်ယောက်ထဲလွှတ်ထားရင် အန္တရာယ်တစ်ခုခုဖြစ်နိုင်တယ်...”
အပြာရောင်ဝတ်စုံဝတ်လူက လူရွယ်၏သမီးကိုစိတ်ပူသည့်ဟန်ဖြင့်ပြောလိုက်ခြင်းဖြစ်သော်လည်း တစ်ဖက်လှည့်ဖြင့်လူရွယ်၏ထိမ်းကျောင်းမှုညံ့ဖျင်းခြင်းကိုအပြစ်တင်လိုက်ခြင်းဖြစ်၏။
အသက်ဆယ်နှစ်ပင်မပြည့်သေးသည့်လူရွယ်၏သမီးငယ်လေးက သူတို့နှင့်အတူတောင်ပေါ်သို့အတူလိုက်ပါလာသော်လည်း ပြန်အဆင်းတွင် တစ်ဦးထဲရှေ့မှကြို၍သွားနှင့်ခြင်းဖြစ်၏။
သူ၏ပြစ်တင်စကားကြောင့်လူရွယ်က ထူးဆန်းစွာပြုံးလိုက်ပြီးပြန်ဖြေလိုက်သည်။
“ အစ်ကိုမုယုံက တခြားကိစ္စတွေကိုအာရုံစိုက်လို့ ချင်းအာရဲ့သိုင်းအဆင့်ကို သတိမပြုမိလိုက်တာနေမယ်။
ချင်းအာက အသက်ကိုးနှစ်ပဲရှိသေးပေမယ့် အဆင့်မြင့်သိုင်းသမားတစ်ယောက်ဖြစ်နေတဲ့အတွက် သူ့ကိုယ်သူကောင်းကောင်းကာကွယ်နိုင်ပါတယ်...”
လူရွယ်၏စကားအဆုံး၌ အညိုရောင်ဝတ်စုံဝတ်လူနှစ်ယောက်၏မျက်လုံးများပြူးကျယ်သွားကြပြီး အပြာရောင်ဝတ်စုံဝတ်လူ၏မျက်နှာကလည်းကြည့်ရဆိုးလောက်အောင်ရှုံ့မဲ့သွားတော့သည်။
&&&&
“ ဝက်ကလေးနှစ်ကောင်ရှိပါတယ် ဒုတိယကလေးက ဝက်မလေးကွယ်...”
ချိုလွင်သည့်အသံစူးစူးလေးက ဝူတန်းတောင်တစ်ကြောတွင်ပျံလွင့်နေပြီး တေးသီငှက်များပင်တစ်ခါတစ်ရံလိုက်လံသီကျူးနေကြသည်။
အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်ပုံရိပ်လေးတစ်ခုက တောင်တက်လမ်းတစ်လျှောက်တရိပ်ရိပ်ပြေးဆင်းလာပြီး ထိုလူရိပ်၏ကိုယ်ဖော့ပညာက အတော်လေးအဆင့်မြင့်ပေသည်။
အကယ်၍ ထိုလူရိပ်ကိုသိုင်းလောကသားများသာမြင်ပါက လွန်စွာအံ့ဩတုန်လှူပ်ကြမည်ဖြစ်ပြီး အသက်ကိုးနှစ်ခန့်သာရှိဦးမည့်ကလေးမလေးတစ်ယောက်၏ကိုယ်ဖော့ပညာက ချီးကျူးဖွယ်ကောင်းလောက်သည်။
ကလေးမလေးမှာ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူမ၏ပိန်ပါးသွယ်လျသည့်ခန္တာကိုယ်လေးနှင့်လွန်စွာလိုက်ဖက်နေသည်။
သေးသွယ်ဖြောင့်တန်းသည့်မျက်ခုံးများနှင့် ပုလဲလုံးလေးများသဖွယ်ကောင်းပသည့်မျက်ဝန်းတောက်တောက်လေးများကထူးခြားလှပြီး တင်းတင်းစေ့ထားသည့်နှုတ်ခမ်းနီထွေးထွေးတို့ကြောင့် ကလေးမလေးကလွန်စွာချစ်ဖို့ကောင်းနေသည်။
သို့သော် နက်မှောင်သည့်ဆံပင်များကိုခပ်မြင့်မြင့်စုစည်းထားပြီး တည်ကြည်သည့်မျက်နှာထားကြောင့် မာနကြီးသည့်ပုံစံလည်းပေါက်နေကာ သူမ၏ခါးတွင်ချိတ်ဆွဲထားသည့်ဓားရှည်ကြောင့် ရဲရင့်ထက်မြက်သည့်မိန်းမငယ်လေးတစ်ယောက်နှင့်လည်းဆင်တူနေသည် ။
အနက်ရောင်ဝတ်စုံဝတ်ကလေးမလေးက ဓားချကျောက်ဆောင်အနီးသို့ရောက်ရှိလာပြီး အတုံးအရုံးလဲကျနေသည့် ဝူတန်းဂိုဏ်းသားလေးယောက်၏ခန္တာကိုယ်များကိုမြင်လိုက်ရသည့်အခါ လွန်စွာအံ့အားသင့်သွားပုံရသည်။
လွန်ခဲ့သည့်အချိန်အနည်းငယ်က သူမတို့တောင်ပေါ်တက်စဉ်ကပင် ထိုလူလေးယောက်ကောင်းမွန်စွာရှိနေပြီး သူမ၏ခါးရှိဓားကိုပင်ချန်ထားခိူင်းခဲ့သေးသည်။
သို့သော်လည်း သူမဖခင်၏တောင်းဆိုမှုနှင့် သူမ၏အသက်အရွယ်ကြောင့် ထိုဂိုဏ်းသားများက အတင်းအကြပ်မလုပ်တော့ဘဲ သူမ၏ဓားကိုတောင်ပေါ်သို့ယူခွင့်ပြုခဲ့ပေသည်။
ယခု ထိုလူလေးယောက်က သေဆူံးနေသည့်အလားမလှုပ်မယှက်လဲကျနေရာ ကလေးမလေးလည်း တုန်လှုပ်ထိတ်လန့်စိတ်ဖြစ်မိသွားသော်လည်း တစ်ချိန်ထဲမှာပင် သူမ၏စူးစမ်းလိုသည့်စိတ်ကလေးက ထွက်ပေါ်လာသည်။
“ ရွှပ်...”
ကလေးမလေးက ခါးတွင်ချိတ်ဆွဲထားသည့်နှစ်ပေခန့်ရှည်မည့်ဓားရှည်ကိုထုတ်ယူ၍အသင့်ပြင်လိုက်သည်။
သူမ၏လက်စွဲတော်ဓားရှည်က အရွယ်ရောက်ပြီးသည့်လူကြီးတစ်ယောက်အတွက် အနည်းငယ်တိုသည်ဟုပြောနိုင်သော်လည်း သူမအတွက်ကားသင့်လျော်မှုရှိပေသည်။
ဓားရှည်ကိုခပ်တင်းတင်းဆုပ်ကိုင်ပြီးနောက် ကလေးမလေးလည်း ပတ်ဝန်းကျင်ကိုဂရုတစိုက်ကြည့်ရှုလိုက်ပြီး ဇရပ်အနီးသို့ဖြေးညင်းစွာချဉ်းကပ်လိုက်သည်။