ခေါင်းမာတတ်သည့်ကလေးမ
Vol. 1 Ch. 21
ကလေးမလေးမှာ ဓားရှည်ကိုတင်းကြပ်စွာဆုပ်ကိုင်၍ ဇရပ်အနီးသို့ဖြေးညင်းစွာတိုးလာသည်။
သူမ၏မျက်ဝန်းလှလှလေးများက ပတ်ဝန်းကျင်ကို ဂရုတစိုက်အကဲခပ်နေပြီး သတိအပြည့်ဖြင့်အာရုံစိုက်ထားခြင်းဖြစ်၏ ။
အကယ်၍ ကလေးမလေး၏နေရာတွင် အခြားကလေးတစ်ယောက်ယောက်သာဆိုပါက ယခုလိုတစ်ဦးထဲသွားဝံ့မည်မဟုတ်ဘဲ ထွက်ပြေးသွားခြင်းမရှိလျှင်ပင်တော်သေးသည်ဟုဆိုရမည်။
ယခုကလေးမလေးကား သူမ၏ပင်ကိုယ်စရိုက်က ရဲရင့်တက်ကြွသည့်အပြင် သိုင်းပညာကိုအဆင့်မြင့်မြင့်တတ်မြောက်ထား၌ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိခြင်းဖြစ်သည်။
“ ဦးလေးတို့....”
ကလေးမလေးက လဲကျနေသည့်ဂိုဏ်းသားတစ်ယောက်အနီးတွင်ထိုင်ချလိုက်ပြိး မတိုးမကျယ်အသံဖြင့်ခေါ်လိုက်ကာ ထိုလူ၏ခန္တာကိုယ်ကိုစမ်းသပ်လိုက်သည်။
ဇရပ်အနီးတွင် လဲကျနေသည့်ဂိုဏ်းသားလေးယောက်လုံးက ထူးဆန်းသည့်နည်းလမ်းဖြင့်အကြောပိတ်ခံထားရခြင်းဖြစ်ကာ သူတို့၏ပုံစံကလွန်စွာထူးဆန်းနေသည် ။
ထို့ကြောင့် ကလေးမလေးလည်းအတန်ကြာအောင်ကြိုးစားပြီးနောက်၌ ခေါင်းယမ်း၍ထရပ်လိုက်ကာ ကျန်လူများကိုစမ်းသပ်လိူက်သော်လည်း ထိုနည်းတူပင်ဖြစ်သည်ကိုသိလိုက်သည်။
ယခုကိစ္စမှာ အရေးကြီးသည့်ကိစ္စတစ်ခုဖြစ်ပြီး ဝူတန်းဂိုဏ်းသားများမှာ တစ်စုံတစ်ယောက်၏လက်ချက်ကြောင့် ယခုလိုပုံစံမျိုးဖြစ်နေရသည်ကိုအကဲခပ်မိ၍ ကလေးမလေးလည်း တစ်ကိုယ်တည်းရေရွတ်လိုက်မိသည်။
“ အင်း...ငါကိုယ်တိုင်လည်းလုပ်လိူ့မရတော့ ဖေဖေတို့ဆီကိုပြေးပြီး သတိပေးရင်ကောင်းမလားမသိဘူး...ပြီးတော့ ဒီဖြစ်ရပ်ရဲ့လက်သည်က ဘေးပတ်ဝန်းကျင်မှာရှိနေနိုင်သေးတယ် ..”
ကလေးမလေးက လူကြီးတစ်ယောက်လိုခွဲခြမ်းစိတ်ဖြာနေရင်း သူမ၏စကားများကရပ်တန့်သွားလေသည်။
အကြောင်းက ဇရပ်အလယ်တွင်လဲကျနေသည့်လူတစ်ယောက်ရှိနေသေးမှန်းသတိပြုမိလိုက်၍ဖြစ်ပြီး ထိုလူက သူမ၏အသက်အရွယ်ခန့်သာရှိမည့်ကောင်လေးတစ်ယောက်ဖြစ်သည်ကိုတွေ့မြင်လိုက်၍ဖြစ်သည်။
“ ဝှစ်...”
ကလေးမလေး၏ခန္တာကိုယ်ကဇရပ်ထဲသို့လှစ်ခနဲခုန်ဝင်သွားကာ လဲကျနေသည့်ကောင်လေးကိုအသေအချာစူးစမ်းကြည့်လိုက်သည်။
ထို့နောက် ထိုကောင်လေး၏ခန္တာကိုယ်က ဝူတန်းဂိုဏ်းသားများ၏အခြေအနေနှင့်ကွဲပြားနေပြီး အိပ်မောကျနေခြင်းသာဖြစ်သည်ကိုသိလိုက်ရ၍ ဘေးတွင်အသာထိုင်ချလိုက်ပြီး ကောင်လေး၏ပါးကိုပုတ်၍နှိုးလိုက်သည်။
“ ဟေ့ ထစမ်း...”
ခပ်ဆက်ဆက်စကားသံနှင့်အတူ ကလေးမလေး၏အပြုအမူကြောင့် ကောင်လေး၏မျက်လုံးများဖြေးညင်းစွာပွင့်လာသည်။
နိုးထလာလာခြင်းသူမြင်လိုက်ရသည်က လွန်စွာချစ်စရာကောင်းသည့်ကလေးမလေးတစ်ယောက်၏မျက်နှာဖြစ်ပြီး ထိုကလေးမလေးမှာ သူ့ကိုစိတ်ဝင်စားသည့်မျက်ဝန်းများဖြင့်စူးစမ်းနေသည်ကိုသိလိုက်ရသည်။
“ ဟေ့ . နင်ကဘယ်သူလဲ...”
ကလေးမလေး၏အသံကချိုလွင်သော်လည်း အနည်းငယ် မောက်မာဟန်တူသည်။
အိပ်မောကျရာမှနိုးထလာသည့်ကောင်လေးမှာ ရှောင်ယောင်မှလွဲ၍အခြားမဟုတ်ဘဲ ထူးဆန်းသည့်အရိပ်မည်းတစ်ခုကြောင့် ဝူတန်းဂိုဏ်းသားများသာမက သူပါလဲကျ၍သတိလစ်သွားခြင်းဖြစ်ကြောင်းကို အမှတ်ရလိုက်မိသည်။
သည့်မတိုင်မီက သူ၏လက်ထဲတွင်ပိုက်ထားခဲ့သည့် ဦးလေးစန်း၏ဓားကမလှမ်းကမ်းတွင်ရှိနေပြီး သူတို့၏အဝတ်ထုပ်သည်လည်းမပျောက်မပျက်ရှိနေသည်။
ထို့နောက် ကမန်းကတန်းခုန်ထ၍ ဇရပ်အပြင်ကိုကြည့်လိုက်ရာ ဝူတန်းဂိုဏ်းသားများက မူလနေရာများတွင်လဲကျနေကြပြီး သူက ဇရပ်အတွင်းသို့ထူးဆန်းစွာရောက်နေသည်ကိုသိရှိလိုက်သည်။
“ ငါဘယ်လိုလုပ်ပြီးဒီထဲကိုရောက်လာတာလဲ...”
ရှောင်ယောင်၏မေးခွန်းက ကလေးမလေး၏မျက်ခုံးများကိုတွန့်ချိုးသွားစေပြီး မကျေမနပ်လေသံဖြင့်ပြန်ပြောလိုက်သည်။
“ အဲဒါကိုငါကဘယ်လိုလုပ်သိမှာလဲ။ ငါမေးတာဖြေစမ်းပါ နင်ကဘယ်သူလဲ ပြီးတော့ ဝူတန်းဂိုဏ်းက ဦးလေးကြီးတွေကဘာဖြစ်လို့လဲကျနေကြတာလဲ...”
ကလေးမလေး၏အဆက်မပြက်မေးခွန်းများကြောင့် ရှောင်ယောင်လည်းနားများပင်အနည်းငယ်အူထိုင်းသလိုခံစားလိုက်မိသည် ။
သို့သော်လည်း ဝူတန်းဂိုဏ်းသားများမှာ မလှုပ်မယှက်လဲကျနေသည်ကိုမြင်ပြီးဖြစ်၍ သူ၏မျက်နှာထက်တွင်စိုးရိမ်ပူပန်သည့်အရိပ်အယောင်များထွက်ပေါ်လာပြီး ထိုလူများ၏အနီးသို့ပြေး၍စမ်းသပ်ကြည့်လိုက်သည် ။
ရှောင်ယောင်မှာ သိုင်းပညာကိုလူံးဝတတ်မြောက်ထားခြင်းမရှိသော်ငြား ဆေးပညာကိုကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားပြီး သွေးကြောများအကြောင်းနှံ့နှံ့စပ်စပ်သိထား၍ ဝူတန်းဂိုဏ်းသားများ၏ခန္တာကိုယ်မှထူးဆန်းမှူများကို သတိပြုမိလိုက်သည်။
“ ထူးဆန်းလိုက်တာ။ သူတို့က အကြောပိတ်ခံရထားတာနဲ့တူပေမယ့် သွေးကြောတွေရှုပ်ထွေးပြီးအသက်ရှူတဲ့ပုံစံမူမမှန်ဘူး။။
တကယ်လို့ အချိန်မီမကုသနိုင်ရင် သူတို့အသက်တောင်ထိခိုက်နိုင်တယ်...
ဦးလေးစန်းကလည်း တောင်ပေါ်ကိုသွားတာ သိပ်မကြာသေးဘူးဆိုတော့ သူပြန်ဆင်းလာဖို့မဖြစ်ဘူး။ ငါတောင်ပေါ်ကိုတက်သွားရင်ကောင်းမလား ...”
ရှောင်ယောင်လည်းခပ်တိုးတိုးရေရွတ်လိုက်ပြီး မည်သည့်အရာများဆက်လုပ်ရမည်ကိုမျက်မှောင်ကြုတ်၍တွေးလိုက်သည်။
တစ်ဖက်တွင် ကလေးမလေးကား ရှောင်ယောင်က သူမကိုအရေးမလုပ်ဘဲ တစ်ဦးထဲငိုင်တွေနေ၍ ဒေါသထွက်သွားပြီး ရှောင်ယောင်၏အနီးသို့ရောက်လာကာ တင်းမာသည့်အသံဖြင့်မေးလိုက်သည်။
“ ဟေ့ ကျောက်တုံးခေါင်း နင်ငါမေးတာကိုဖြေဦး နင်ကဘယ်သူလဲ ပြီးတော့ သူတို့ကဘာဖြစ်နေတာလဲ...”
ကလေးမလေးက သူ၏အနီးသို့လိုက်လာပြီးအတင်းအကြပ်မေးမြန်းလာ၍ ရှောင်ယောင်လည်းအနည်းငယ်စိတ်ရှုပ်သွားပြီး အော်ဟစ်လိုက်သည်။
“ နင့်ကသာ ကျောက်တုံးခေါင်း ငါ့နာမည်ကရှောင်ယောင် သူတို့က ဒီနေရာမှာတာဝန်ကျနေတဲ့ ဝူတန်းဂိုဏ်းသားတွေပဲ။
ထူးထူးဆန်းဆန်းပဲ ငါတို့စကားပြောနေကြတုန်း ဘယ်ကမှန်းမသိတဲ့အသံကိုကြားလို့ဇရပ်အပြင်ထွက်ကြည့်နေတုန်း အရိပ်မည်းကြိးတစ်ခုပေါ်လာပြီး ငါတို့အားလုံးသတိလစ်သွားတာပဲ။
ဇရပ်ထဲကိုဘယ်လိုမျိုးရောက်လာတာလဲတောင်မသိဘူး...”
ရှောင်ယောင်လည်း သူသတိမလစ်မီအချိန်ကအဖြစ်အပျက်များကိုအသေအချာပြန်စဉ်းစားရင်း ဖြေးညင်းစွာပြောလိုက်သည်။
သူ၏ရှေ့ရှိချစ်စရာကောင်းလှသည့်ကလေးမလေးမှာ တောင်ပေါ်သို့တက်လာသည့်လူတစ်ယောက်ဟုတွေးလိုက်မိသည်။
သူ၏စကားအဆုံး၌ ကလေးမလေး၏နှုတ်ခမ်းထောင့်စွန်းကအနည်းငယ်ကော့တက်သွားပြီး လှောင်ပြောင်လိုသည့်ဟန်ဖြင့်ပြောလိုက်သည်။
“ ငတုံး... နင်ကတကယ့်ကိုကျောက်တုံးခေါင်းပဲ။ ကိုယ်ဘာဖြစ်လို့ဖြစ်သွားမှန်းတောင်မသိဘူး။
မှတ်ထား ဒီလူတွေက အကြောပိတ်ခံလိုက်ရတဲ့ပုံပဲ။ ဘာမှစိတ်မပူပါနဲ့ ငါ့ဖေဖေရောက်လာရင် သူတို့ကိုကူညီပေးနိုင်တယ်...”
ကလေးမလေး၏စကားထဲတွင်ခိုင်မာသည့်ယုံကြည်မှုကိုမြင်တွေ့နိုင်သော်လည်း သူမ၏ဖခင်ဆိုသူရောက်လာမည့်အချိန်ထိ သူထိုင်စောင့်မနေနိုင်ပေ။
“ ငါအခုတောင်ပေါ်ကိုသွားပြီးအကူအညီတောင်းလိုက်ဦးမယ်။ မင်းကဒီမှာနေပြီး သူတို့ကိုစောင့်ကြပ်ပေးထားလိုက်ဟုတ်ပြီလား ။ မင်းဖေဖေကဘယ်သူမှန်းမသိပေမယ့် သူရောက်လာတဲ့အချိန်ထိထိုင်စောင့်မနေနိုင်ဘူး...”
ရှောင်ယောင်က ပြောပြောဆိုဆိုဖြင့်ထရပ်ရင်း တောင်တက်လမ်းအတိုင်းလျှောက်သွားလိုက်သည်။
သို့သော် သူ၏ခန္တာကိုယ်ရှေ့တွင် သေးသွယ်သည့်အရိပ်လေးတစ်ခုပိတ်ရပ်လာပြီး ကလေးမလေး၏စကားကိုပါကြားလိုက်ရသည်။
“ မရဘူး နင်ကအခုအခြေအနေမှာ သံသယရှိတဲ့လူတစ်ယောက်ဖြစ်နေတယ်။ ဒီလူတွေအခုလိုဖြစ်သွားတာ နင်နဲ့လည်းပတ်သတ်နေိုင်တယ်။။
ဒါကြောင့် နင်ပြောသမျှစကားတွေကိုယုံကြည်လို့မဖြစ်ဘူး။ အကောင်းဆုံးရွေးချယ်မှုက ငါ့ဖေဖေရောက်လာတဲ့အထိနင်ဘယ်မှမသွားရဘူး...”
ကလေးမလေးက သူမ၏လက်ကိုဆန့်၍ဟန့်တားရင်း လူကြီးဆန်စွာပြောလိုက်သည်။
သူမ၏ပုံစံကလွှမ်းမိုးနိုင်ပြီး လေသံကတင်းမာခြင်းမရှိသည့်တိုင် သူ့ကိုအတင်းအကြပ်နေခိုင်းနေခြင်းဖြစ်၏။
ကလေးမလေးက ရှောင်ယောင်၏ပခုံးကိုပုတ်ကာ ဆက်ပြောလိုက်သည်။
“ စိတ်မပူပါနဲ့ ဒီကိစ္စမှာ နင်မပတ်သတ်တာသေချာရင် နင့်ကိုလုံးဝမထိခိုက်စေရပါဘူး...”
အရွယ်ရောက်ပြီးသည့်လူတစ်ယောက်လိုဟန်ဆောင်နေသည့် ထိုမိန်းကလေး၏ပေါက်ပေါက်ဖောက်သည့်စကားများကိုဆက်နားထောင်မနေနိုင်တော့ဘဲ ရှောင်ယောင်လည်း အနည်းငယ်အေးစက်သည့်လေသံဖြင့်ပြောလိုက်သည်။
“ ဖယ်ပါ သူတို့ကိုအချိန်မီမကုသပေးနိုင်ရင် အန္တရာယ်ရှိတယ်...”
ရှောင်ယောင်က သူမ၏လက်ကိုပုတ်၍ရှေ့ဆက်သွားလိုက်သည်။
သူ၏အေးစက်စက်အပြုအမူကြောင့်ကလေးမလေးကနေရာတွင်အံ့ဩစွာဖြင့်ရပ်ကျန်နေခဲ့ပြီးမှ သူမ၏ချစ်စရာကောင်းသည့်မျက်နှာလေးထက်တွင် ဒေါသအရိပ်အယောင်များထွက်ပေါ်လာသည်။
“ ကျောက်တုံးခေါင်း ရပ်စမ်း...ငါနင့်ကိုသွားခွင့်မပေးနိုင်ဘူး...”
သူမ၏ခန္တာကိုယ်ကရိပ်ခနဲရွေ့လျားသွားပြီး ရှောင်ယောင်၏ရှေ့တွင်ပိတ်ရပ်လာပြန်သည်။
သူ့ထက်ပင်ငယ်ရွယ်သော်လည်း ထိုမိန်းကလေး၏အဆင့်မြင့်သည့်သိုင်းပညာကို အံ့အားသင့်သွားမိသည့်တိုင် ရှောင်ယောင်မှာ အလျော့မပေးဘဲ အော်ဟစ်လိုက်သည်။
“ နင်ကသာ ကြက်တူရွေးမ တစ်လျှောက်လုံးအသုံးမဝင်တဲ့စကားကြီးစကားကျယ်တွေပဲပြောနေတာ။ ဒီအစ်ကိုတွေရဲ့အသက်ကအန္တရာယ်ရှိနိုင်တယ်။ နင်ငါခိုင်းသလိုပဲလုပ်စမ်းပါ...”
ရှောင်ယောင်မှာ ပုံမှန်အချိနိများတွင်ယဉ်ကျေးသိမ်မွေ့သည့်တိူင် ယခုလိုအရေးကြီးနေသည့်အချိန်မျိူးတွင်လွန်စွာအေးစက်ပြက်သားနေသည်။
သို့သော် သူ၏တင်းမာသည့်စကားများက အလိုလိုက်ခံထားရသည့်ကလေးမလေး၏ဒေါသကိုပို၍ဆိုးရွားစေပြီး သူမကလည်းလုံးဝအလျော့ပေးမည့်ပုံမရပေ။
“ မရဘူး...ငါနင့်ကိုဟန့်တားရမယ်...”
ကလေးမလေးက သူမ၏နှုတ်ခမ်းကိုကိုက်၍အော်ဟစ်လိုက်သည် ။
ခေါင်းမာပြီးလူကြီးတစ်ယောက်လိုဟန်ဆောင်နေသည့်ထိုမိန်းကလေးကြောင့် ရှောင်ယောင်လည်း အတော်လေးခေါင်းကိုက်သွားရပြီး အပိုစကားများမဆိုတော့ဘဲ သူ၏ခန္တာကိုယ်ကိုယိမ်းထိုးလှုပ်ရှားကာ ဘေးဘက်သို့ရိပ်ခနဲတိုးလိုက်ပြီး သူမကိုလျှင်မြန်စွာကျော်ဖြတ်သွားတော့သည်။