ဆန်းကြယ်လှသည့်အကြောပိတ်ပညာ
Vol. 1 Ch. 22
ရှောင်ယောင်၏ခန္တာကိုယ်က ထူးဆန်းသည့်အနေအထားဖြင့်ယိမ်းထိုးကာ ကလေးမလေး၏ဘေးမှလျှင်မြန်စွာဖြတ်ကျော်သွားသည်။
ကလေးမလေးလည်းရှောင်ယောင်၏လျှင်မြန်သွက်လက်လှသည့်လှုပ်ရှားမှုကြောင့်ကြောင်အမ်းအမ်းဖြစ်ကာ ရပ်ကျန်နေခဲ့သည်။
သိုင်းပညာတတ်မြောက်ဟန်မတူသည့်ပိန်ပိန်ပါးပါးကောင်လေးမှာ သူမကိုအသာအယာဖြတ်ကျော်သွားခြင်းကို လွန်စွာအံ့အားသင့်နေခြင်းဖြစ်ပြီး သတိဝင်လာ၍လှမ်းကြည့်လိုက်သည့်အခါ ရှောင်ယောင်၏ခန္တာကိုယ်ကခပ်လှမ်းလှမ်းသို့ရောက်ရှိနေသည်ကိုတွေ့လိုက်ရသည်။
“ ဟမ့် ကျောက်တုံးခေါင်းရပ်စမ်း...”
ဒေါသတကြီးအော်ဟစ်သံနှင့်အတူ ကိုယ်ဖော့ပညာကိုအစွမ်းကုန်အသုံးပြုလိုက်ရာ သူမ၏ခန္တာကိုယ်ကလည်းပေါ့ပါးစွာရွေ့လျားသွားသည်။
ရှောင်ယောင်၏လှုပ်ရှားမှုကပေါ့ပါးမြန်ဆန်လှသော်လည်း ကလေးမလေးက ကိုယ်ဖော့ပညာအစွမ်းကုန်အသုံးပြုလာသည့်အတွက် ခဏအတွင်းလိုက်မီလာသည်။
“ ပြဿနာပဲ...”
ရှောင်ယောင်လည်း အရှုပ်ထုပ်မလေးလိုက်မီလာသည်ကိုသိလိုက်၍ စိတ်ရှုပ်စွာဖြင့်ရေရွတ်လိုက်ပြီး အမြန်ဆုံးသွားနိုင်ရန်ကြိူးပမ်းလိုက်၏။
သို့သော် ကလေးမလေး၏ခန္တာကိုယ်က သူ၏ရှေ့သို့နောက်တစ်ကြိမ်ရောက်ရှိလာပြန်သည်။
“ ဟေ့ နောက်တစ်ကြိမ်ထွက်ပြေးရင်တော့ ငါ့အဆိုးမဆိုနဲ့နော်...”
ကလေးမလေးက ဒေါသကြောင့်အနည်းငယ်နီရဲနေသည့်မျက်နှာလေးဖြင့်ကြုံးဝါးလိုက်သည်။
ခေါင်းမာသည့်ထိုကလေးမကိုထပ်မံပြောပြရန်ပျင်းရိနေ၍ ရှောင်ယောင်လည်းသူမကိုနောက်တစ်ကြိမ်ကျော်ဖြတ်ရန်ကြိုးစားလိုက်၏။
“ နင် လုပ်ဝံ့တယ်ပေါ့...”
ရှောင်ယောင်၏လုပ်ရပ်က သူမ၏သည်းခံနိုင်စိတ်ကိုကုန်ဆုံးစေခဲ့ရာ ကလေးမလေးလည်းစကားတစ်ခွန်းမှမဆိုတော့ဘဲ ရှောင်ယောင်၏နောက်ကျောသို့လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။
ရှောင်ယောင်၏လှုပ်ရှားမှုကဆန်းကြယ်၍မြန်ဆန်သော်လည်း သိုင်းပညာတစ်စုံတစ်ရာတတ်မြောက်မထားသည်ကိုရိပ်စားလိုက်မိ၍ သူမ၏လက်ဝါးချက်ထဲတွင်အတွင်းအားအနည်းငယ်သာထည့်သွင်းထားသည်။
သို့သော် ထိုအားအနည်းငယ်က သာမန်လူတစ်ယောက်ကိုမှောက်သွားစေနိုင်ပြီး ရှောင်ယောင်လိုအားနည်းသည့်ကောင်လေးတစ်ယောက်အတွက်သာဆိုပါက တစ်ချက်ထဲဖြင့်လူံလောက်ပေသည်။
သူ၏နောက်ကျောဘက်ဆီမှ ဝင်ရောက်လာသည့်လေတိုးသံသဲ့သဲ့ကြောင့် ရှောင်ယောင်လည်းအံ့ဩထိတ်လန့်သွားပြီးအလျှင်အမြန်ရှောင်တိမ်းလိုက်သည်။
“ ဝှစ်...”
ကလေးမလေး၏လက်ဝါးချက်က သူ၏နောက်ကျောအနီးမှပွတ်ကာသီကာဖြတ်သွားပြီး ရှောင်ယောင်လည်း နောက်ပြန်လှည့်ကာ ဒေါသထွက်စွာဖြင့်အော်ဟစ်လိုက်သည်။
“ နင်ရူးနေလား...အချိန်မီမကုသနိုင်ရင် သူတို့သေနိုင်တယ်လို့...”
ရှောင်ယောင်၏စိတ်ထဲတွင် ဒေါသအကြီးအကျယ်ထွက်နေသော်ငြား ထိုကလေးမကိုသူမယှဉ်နိုင်မှန်းသိ၍ ပြောလိုက်ခြင်းဖြစ်၏ ။
သို့သော်လည်း ကလေးမလေးက သူ၏စကားကိုနားဝင်ဟန်မတူဘဲ နောက်ထပ်တိုက်ခိုက်မှုများက ဝင်ရောက်လာသည်။
“ သေစမ်း...”
ရှောင်ယောင်လည်း စိတ်ပျက်ဒေါသထွက်စွာဖြင့်ရေရွတ်လိုက်ကာ ကလေးမလေး၏တိုက်ခိုက်မှုများကိုရှောင်တိမ်း၍ တောင်ပေါ်သို့တက်နိုင်ရန်ကြိူးစားလိုက်သည်။
ကလေးမလေးက အတွင်းအားအနည်းငယ်သာအသုံးပြု၍ထိမ်းသိမ်းတိုက်ခိုက်နေခြင်းဖြစ်သော်လည်း သိုင်းပညာလုံးဝတတ်မြောက်မထားသည့်ရှောင်ယောင်အတွက်ကား ရှောင်တိမ်းနေရန်သာတတ်နိုင်သည်။
“ ကျောက်တုံးခေါင်း နင်တကယ်အရှောင်ကောင်းတာပဲ.. နင့်ကိုအဲဒီသိုင်းဘယ်သူသင်ပေးတာလဲ...”
ကလေးမလေးက အချိန်အတော်ကြာတိုက်ခိုက်နေသည့်တိုင် ရှောင်ယောင်ကိုတစ်ချက်ကလေးမှထိခိုက်အောင်မလုပ်နိုင်သေး၍ အံ့အားသင့်နေဟန်ရသည်။
ထိုအကောင်က သူမ၏တိုက်ကွက်များကိုရှေ့နောက်ယိမ်းထိုး၍ရှောင်တိမ်းနေကာ အကြိမ်းတိုင်း ထိခါနီးမှလွတ်မြောက်သွားသည်သာဖြစ်သည်။
သူမ၏သိုင်းပညာက အဆင့်မြင့်အဆင့်သာရှိသေးသော်လည်း ရှောင်ယောင်၏ခြေလှမ်းကွက်များကလွန်စွာအစွမ်းထက်သည်ကိုရိပ်စားမိ၍မေးလိုက်ခြင်းဖြစ်သည်။
တစ်ဖက်တွင် ရှောင်ယောင်အတွက်လည်း သူမ၏အဆက်မပြက်တိုက်ကွက်များကိုရှောင်တိမ်းနေရသည်ကမလွယ်ကူပါချေ။
သူမ၏အစွမ်းကို တစ်ဝက်ခန့်သာအသုံးပြုထားဟန်တူသော်လည်း ထိုကလေးမ၏တိုက်ကွက်များက အလယ်အလက်အဆင့်သိုင်းသမားတစ်ယောက်ကိုပင်အနိုင်ယူနိုင်စွမ်းရှိပေမည်။
ထို့အပြင် အချိန်ကြာလေလေ သူမ၏တိုက်ကွက်များကအားကောင်းလာလေလေဖြစ်ပြီး ရှောင်ယောင်မှာ အသေအလဲရှောင်တိမ်းနေရသည့်အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် အဖိူးစုသင်ကြားပေးသည့်ခြေလှမ်းကွက်များက ယခုအခါအသုံးဝင်နေခြင်းဖြစ်ပြီး သာမန်ဟုထင်ရသည့်ထိုခြေလှမ်းကွက်များကလွန်စွာအစွမ်းထက်သည်ကိုသူရိပ်စားမိပေသည်။
သို့သော် ယခုပုံစံအတိုင်းဆက်သွားပါက ရှောင်ယောင်အတွက်လုံးဝမလွယ်ကူဘဲ သိုင်းပညာလုံးဝမတတ်မြောက်ထား၍ အတွင်းအားလည်းတစ်စိုးတစ်စိမှမရှိသည့်သူ၏ခန္တာကိုယ်က မောပန်းမှုကြောင့်တဖြေးဖြေးနှေးကွေးလာသည်။
ထိုအဖြစ်က ကလေးမလေးကိုစိတ်အားတက်ကြွလာစေပြီး သူမကိုယ်တိုက်ပင်မသိလိုက်ဘဲ အစွမ်းကုန်ထုတ်သူံးနေမိပြီဖြစ်သည်။
ထိုအခိုက် ခပ်လှမ်းလှမ်းမှတည်ကြည်လေးနက်သည့်စကားသံတစ်ခုထွက်ပေါ်လာသည်။
“ ချင်းချင်း တော်လောက်ပြီထင်တယ် ...”
ရုတ်တရက်ထွက်ပေါ်လာသည့်အသံကြောင့် သူတို့နှစ်ဦးစလုံးအံ့အားသငိ့သွားကြပြီးလှူပ်ရှားမှုများရပ်တန့်ကုန်သည်။
သူတို့နှင့်အနည်းငယ်ကွာဝေးသည့်နေရာတွင် အနက်ရောင်ဝတ်စုံဝတ်လူရွယ်တစ်ယောက်ရပ်နေပြီးခန့်ညားချောမောသည့်ထိုလူရွယ်က သူတို့နှစ်ယောက်လုံးကိုစူးစိုက်ကြည့်ရှုနေသည်။
“ ဖေဖေ...”
ရှောင်ယောင်ကိုရန်လိုနေသည့်ကလေးမလေးက ချက်ခြင်းပင် ဖြူစင်သည့်နတ်သမီးငယ်လေးလိုပြောင်းလဲသွားပြီး အနက်ရောင်ဝတ်စုံဝတ်လူရွယ်၏လက်ကိုပျော်ရွှင်စွာဖြင့်ဆွဲလိုက်သည်။
သူမ၏အပြောင်းအလဲမြန်လှသည့်ပူံစံကြောင့် ရှောင်ယောင်အနေဖြင့်စိတ်ထဲတွင် မဲ့လိုက်မိသော်ငြား အနက်ရောင်ဝတ်စုံဝတ်လူရွယ်ကသာမန်မဟုတ်သည်ကိုရိပ်စားမိ၍ သတိထားသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
ထိုလူရွယ်ရပ်နေသည့်နေရာက ဇရပ်အနီးတွင်ဖြစ်ကာ လဲကျနေသည့်ဝူတန်းဂိုဏ်းသားများကို ကြည့်ရှုစစ်ဆေးနေဟန်တူသည့်လူစိမ်းသူံးယောက်လည်းရှိနေသေးသည်။
စင်စစ် အနက်ရောင်ဝတ်စုံဝတ်လူရွယ်နှင့်သူ၏အဖော်များက ရှောင်ယောင်တို့နှစ်ယောက်တိုက်ခိုက်စကပင်ရောက်ရှိနေခြင်းဖြစ်ပြီး သူတို့ကိုအသာဖြတ်ကျော်ကာ ဝူတန်းဂိုဏ်းသားများဆီသို့ဦးစွာသွားရောက်ခြင်းဖြစ်သည်။
ထို့နောက် လူရွယ်၏ဆန္ဒအတိုင်း တိုက်ပွဲကိုဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ စောင့်ကြည့်နေခြင်းဖြစ်ပြီး ယခုလို ရှောင်ယောင် ရှုံးနိမ့်ခါနီးမှဝင်ရောက်တားမြစ်ခဲ့ခြင်းဖြစ်သည်။
အနက်ရောင်ဝတ်စုံဝတ်လူရွယ်မှာ သိုင်းလောကတွင်ကျော်ကြားသူတစ်ဦးဖြစ်ပြီးသိုင်းပညာပါရမီကောင်းမွန်လှသည့်ကလေးငယ်များစွာကိုတွေ့ဖူးသည့်တိုင် သူ၏ရှေ့ရှိကောင်လေးလောက်အံ့ဩဖွယ်မကောင်းပေ။
ထိုကောင်လေးက သိုင်းပညာတစ်စုံတစ်ရာမတတ်မြောက်သော်လည်း ကလေးမလေးလိုအဆင့်မြင့်သိုင်းသမားတစ်ယောက်၏အားကုန်တိုက်ခိုက်မှုကို
အချိန်အတော်ကြာရှောင်တိမ်းနိုင်ပေသည်။
အကယ်၍ သူ၏ခန္တာကိုယ်မောပန်းနွမ်းနယ်မှုကြောင့်သာမဟုတ်ပါက ကလေးမလေးပင် သူ့ကိုထိအောင်တိုက်ခိုက်ရန်လွယ်ကူခြင်းမရှိပေ။
အထူးသဖြင့် ရှောင်ယောင်၏အစွမ်းထက်သည့်ခြေလှမ်းကွက်နှင့်ထူးခြားသည့်ခန္တာကိုယ်လှူပ်ရှားပုံများက လူရွယ့်ကိုအတော်လေးအံ့ဩစေပြီး သူမြင်ဖူးသည့်တစ်စုံတစ်ယောက်ကိုပင်ပြန်၍အမှတ်ရစေခဲ့သည် ။
ရှောင်ယောင်၏မျက်ဝန်းအတွင်းမှပူပန်မှုကို သတိထားလိုက်မိ၍ လူရွယ်က သူ၏အနီးသို့လျှောက်လာကာ နွေးထွေးသည့်လေသံဖြင့်ပြောလိုက်သည်။
“ စိတ်မပူပါနဲ့ ဝူတန်းဂိုဏ်းသားလေးယောက်ကို ငါ့ရဲ့မိတ်ဆွေတွေစစ်ဆေးနေပါတယ် ။ သူတို့ကလည်းအစွမ်းထက်တဲ့ အဆင့်လွန်ထိပ်သီးတွေပဲ...”
လူရွယ်၏ ချောမောတည်ကြည်သည့်မျက်နှာနှင့် ရိုးသားမှုရှိဟန်တူသည့်စကားများကြောင့်ရှောင်ယောင်လည်း သူ၏ဦးခေါင်းကိုဖြေးညင်းစွာညိမ့်ပြလိုက်သည်။
ထိုလူရွယ်ကအစွမ်းထက်သည့်သိုင်းသမားတစ်ဦးဖြစ်ဟန်တူသော်လည်း မောက်မာခြင်းမရှိဘဲ နွေးထွေးကြင်နာတတ်ပုံရသည်။
ရှောင်ယောင်၏အကဲခပ်မှုအရ ထိုလူရွယ်၏အကျင့်စရိုက်က ခေါင်းမာပြီးအနည်းငယ်မာနကြီးသည့်ကလေးမလေးထက်များစွာသာလွန်ပေသညိ။
မှန်ပေသည်။
ကလေးမလေး၏ခေါ်သံနှင့်သူတို့၏ဆက်ဆံပုံကိုကြည့်၍ ထိုနှစ်ယောက်၏ဆက်နွယ်မှုကို သူသိရှိပြီးဖြစ်ကာ လူရွယ်ကိုလက်သီးတစ်ဖက်ဆုပ်အရိုအသေပေးရင်းပြောလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ဦးလေး ကျနော်နဲ့ ဝူတန်းဂိုဏ်းက အစ်ကိုတွေ စကားပြောနေရင်း...”
အစချီကာ ရှောင်ယောင်လည်း သူကြုံတွေ့ခဲ့ရသည့်ထူးဆန်းသည့်အဖြစ်အပျက်ကိုပြန်ပြောပြလိုက်သည်။
အနက်ရောင်ဝတ်စုံဝတ်လူရွယ်က သူ၏စကားဆုံးသည်ဂရုတစိုက်နားထောင်နေပြီး ခေါင်းတဆက်ဆက်ညိမ့်ကာ လေးနက်သည့်လေသံဖြင့်ရေရွတ်လိုက်သည် ။
“ ဒီအတိုင်းဆိုရင် မင်းတို့က အလွန်အစွမ်းထက်တဲ့သိုင်းသမားတစ်ဦးနဲ့တိုးခဲ့တာပဲ။ ပြီးတော့ သူ့ရဲ့ရည်ရွယ်ချက်ကမှန်းဆလို့မရဘူး။။
ပြီးတော့ သူတို့ကို အကြောပိတ်သွားတဲ့နည်းလမ်းက ဆန်းကြယ်တော့ ငါတောင်ပြန်ပြီးဖြေမပေးနိုင်ဘူး။။
ပြီးတော့ သူတို့အတွက်သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး။ သူတိူ့ရဲ့အခြေအနေက သိပ်မကောင်းပေမယ့် လုပ်တဲ့လူက သတ်ဖြတ်ချင်တဲ့ရည်ရွယ်ချက်တော့ရှိပုံမရဘူး။။သူတို့ကို ကယ်တင်လို့ရသေးတယ်။
ဘာပဲဖြစ်ဖြစ် သူတို့ကို တောင်ပေါ်အမြန်ဆုံးပို့ပေးပြီး ဒီကိစ္စကို ဝူတန်းဂိုဏ်းကိုအသိပေးမှဖြစ်မယ်...”
အနက်ရောင်ဝတ်စုံဝတ်လူရွယ်က လေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။ ဝူတန်းဂိုဏ်းသားလေးယောက်၏အခြေအနေကို သူကိုယ်တိုင်စမ်းသပ်ပြီးဖြစ်သည်။
ထို့အပြင် ယခုလိုမျိုးဆန်းကြယ်သည့်အကြောပိတ်ပညာက သူ့ကိုအတော်လေးအံ့ဩစေပြီး ရှောင်ယောင်၏စကားအရဆိုပါက ထူးဆန်းသည့်အရိပ်နက်၏သိုင်းပညာက သူ့ထက်ပင်သာလွန်ပုံရသည်။
သိူ့သော်လည်း ရှောင်ယောင်နှင့် ဝူတန်းဂိုဏ်းသားများအသက်အန္တရာယ်မရှိသည့်အတွက် ထိုလူက သူတို့ကိုသတ်ဖြတ်လိုခြင်းမရှိဟုခန့်မှန်းနိုင်၍ ယခုလိုအေးအေးဆေးဆေးနေခြင်းဖြစ်၏။
အနက်ရောင်ဝတ်စုံဝတ်လူရွယ် ပြည့်စုံတိကျသည့်သုံးသပ်ချက်ကြောင့် ရှောင်ယောင်၏မျက်လုံးများတောက်ပသွားပြီး ထိုလူ့ကိုလေးစားသွားမိသည်။
သိုင်းပညာအစွမ်းထက်ရုံသာမက ဉာဏ်ကောင်းသည့်ထိုလူရွယ်မှ သူ၏သမီးဖြစ်သူနှင့်အတော်ပင်ကွာခြားလှပြီး ထိုကလေးမက စကားအလွန်များသည့်တိုင် ခေါင်းမာကာ ပြောရဆိုရခက်လှသည်။
“ ငါမပြောဘူးလား..ဖေဖေရောက်လာရင်အဆင်ပြေသွားမှာပါဆို...’
လူရွယ်၏လက်ကိုဆွဲထားသည့် ကလေးမလေးအလျော့မပေးသေးဘဲ ရှောင်ယောင်ကိုလှမ်းပြောလိုက်သေးသည်။
သို့ရာတွင် အစောပိုင်းကသူမ၏လုပ်ရပ်မှာမှားယွင်းနေပြီး ရှောင်ယောင်၏စကားများမှန်ကန်နေရာ ထိုကလေးမလေး၏ပုံစံက အနည်းငယ်ရှက်ရွံ့နေဟန်လည်းရသည်။