စရိုက်ကွာသည့်သားအဖ
Vol. 1 Ch. 23
ထိုအချိန်တွင် လူရွယ်၏မိတ်ဆွေဖြစ်ဟန်တူသည့်လူသုံးယောက်က အကြောပိတ်ခံရထား၍ သတိလစ်မေ့မျောနေကြသည့် ဝူတန်းဂိုဏ်းသားလေးယောက်၏ခန္တာကိုယ်များကိုသယ်ဆောင်ကာ တောင်ပေါ်သို့ လျှင်မြန်စွာဦးတည်သွားကြပြီဖြစ်သည် ။
ဇရပ်အနီးတွင် ရှောင်ယောင် ၊ ကလေးမလေးနှင့်သူမ၏ဖခင်တို့သုံးယောက်သာကျန်ရှိခဲ့ပြီး လေထုကအနည်းငယ်တိတ်ဆိတ်သွားသည်။
ထို့နောက် အနက်ရောင်ဝတ်စုံဝတ်လူရွယ်က ရှောင်ယောင်ကိုစူးစိုက်ကြည့်လိုက်ပြီး ဖြေးညင်းစွာမေးလိုက်သည်။
“ စောစောက မင်းသူံးသွားတဲ့လှုပ်ရှားမှူသိုင်းနာမည်က ဘာလဲဆိုတာ သိခွင့်ရှိမလား...”
လူရွယ်၏ဘေးရှိကလေးမလေးသည်လည်း ရှောင်ယောင်ကိုစိတ်ဝင်စားသည့်ပူံစံဖြင့်ကြည့်နေပြီး သူမ၏ရွှန်းလဲ့သည့်မျက်လုံးလေးများက တလက်လက်တောက်ပနေသည်။
အနက်ရောင်ဝတ်စုံဝတ်လူရွယ်၏မေးခွန်းကြောင့် ရှောင်ယောင်မှာအနည်းငယ်တွေဝေသွားမိသည်။
ထိုသိုင်းပညာက သူ့ကိုအဖိူးစုတိတ်တဆိတ်သင်ကြားပေးခဲ့သည့်ပညာတစ်ခုဖြစ်ပြီး ထိုသိုင်းပညာ၏နာမည်ကိုပင်မသိရဘဲ အရေးကြုံပါက အသုံးဝင်မည်ဟုသာမှာခဲ့သည်။
သူ၏မိခင်ဖြစ်သူက သိုင်းပညာကိုလုံးဝမသင်ကြားစေရန်တင်းကြပ်စွာပိတ်ပင်ထား၍ အဖိုးစုက လျှိူ့ဝှက်၍စင်ကြယးပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ထိုသိုင်းပညာတတ်မြောက်ထားသည်ကို ဦးလေးစန်းပင်မသိဘဲ ရှောင်ယောင်ကိုယ်တိုင်ပင် ယခုမှသူတတ်မြောက်ထားသည့်သိုင်း၏အစွမ်းကိုသိရခြင်းဖြစ်သည်။
ရှောငိ်ယောင်၏တုံ့ဆိုင်းနေသည့်အမူအယာကိုအကဲခပ်၍လူရွယ်က ပြူံး၍ပြောလိုက်သည်။
“ မင်းအတွက်အခက်အခဲဖြစ်နေရင်လည်း မပြောလို့ကိစ္စမရှိပါဘူး။ဒီလှူပ်ရှားမှုသိုင်းက ငါသိထားတဲ့လူတစ်ယောက်ရဲ့သိုင်းပညာနဲ့ဆင်တူနေလို့ပါ ...အဲဒီလူက လေလိုပဲဖမ်းရခက်ပြီး လက်ရှိသိုင်းလောကရဲ့အစွမ်းအထက်ဆုံးလူတွေထဲက တစ်ယောက်ပဲ ...”
လူရွယ်၏နားလည်မှုရှိသည့်စကားကြောင့် ရှောင်ယောင်လည်းအားတုံ့အားနာဖြင့်ပြုံးပြလိုက်မိသည်။
သို့သော်လည်း ကလေးမလေးက သူ့ကိုကျေနပ်ဟန်မတူဘဲ သူမ၏နှုတ်ခမ်းကလေးကိုချွန်ကာ မကျေမနပ်လေသံဖြင့်ပြောလိုက်သည် ။
“ ဟမ့် နင်ကများကြီးကြီးကျယ်ကျယ်နဲ့ ။ ငါ့ဖေဖေကဘယ်သူလဲသိလား သူကခုံတုံဂိုဏ်းရဲ့ဆက်ခံသူဖြစ်တဲ့အပြင် စီးတုမိသားစုရဲ့...”
ကလေးမလေးက သူမဖခင်၏ဂုဏ်ပုဒ်များကိုကြွားဝါဟန်ပြင်လိုက်သော်လည်း အနက်ရောင်ဝတ်စုံဝတ်လူရွယ်က သူမ၏ဦးခေါင်းလေးကို ဒေါက်ခနဲမည်အောင်ခေါက်လိုက်သည်။
“ တော်တော့ချင်းချင်း...”
အနက်ရောင်ဝတ်စုံဝတ်လူရွယ်၏တားမြစ်မှုကြောင့် ကလေးမလေးလည်း လျှာတစ်လစ်လေးထုတ်ပြလိုက်ပြီး ခေါင်းငုံ့သွားရှာသည်။
မာနကြီးကာ လူကြီးတစ်ယောက်လိုဟန်ဆောင်တတ်သည့်ထိုကလေးမလေးထံတွင် ချစ်စရာကောင်းသည့် အိမ်နာမည်ရှိနေမည်ဟု ရှောင်ယောင်ထင်မှတ်မထားမိပေ။
လူရွယ်ကအစွမ်းထက်သည့်အဆင့်လွန်ထိပ်သီးတစ်ဦးဖြစ်သည့်အပြင် မြင့်မားသည့်အဆင့်အတန်းရှိသော်လည်း မောက်မာမှုလုံးဝမရှိပါချေ ။။
ထို့နောက် လူရွယ်က ရှောင်ယောင်ကိုကြည့်၍ပြောလိုက်ပြန်သည်။
“ ဦးလေးတို့နာမည်ကို မိတ်ဆက်ပေးဖို့မေ့နေတာ ဦးလေးက စီးတုမင် ခုံတုံဂိုဏ်းသားတစ်ယောက်ပဲ။ ဒါက ဦးလေးရဲ့သမီးစီးတုယွမ်ချင်း...”
အနက်ရောင်ဝတ်စုံဝတ်လူရွယ်၏စကားကြောင့် ရှောင်ယောင်လည်း ယဉ်ကျေးသည့်ပုံစံဖြင့်ပြန်ပြောလိုက်သည်။
“ ကျနော်က ရှောင်ယောင်ပါ ဦးလေး။ မျိူးရိုးနာမည်ကတုန်းဖန်း...”
အနက်ရောင်ဝတ်စုံဝတ်လူရွယ်က ကျော်ကြားသည့်အဖြူရောင်သိုင်းဂိုဏ်းကြီးတစ်ခုမှဖြစ်သည်ကိုသိလိုက်ရ၍ ရှောင်ယောင်၏စိတ်ထဲတွင်လည်း သံသယများမရှိတော့ပေ။
ရှောင်ယောင်က အနည်းငယ်တွေးတော၍ ဆက်ပြောလိုက်သည် ။
“ ကျနော်က ဒီကိုဦးလေးစန်းနဲ့အတူလိုက်လာခဲ့တာ။ ဦးလေးက ကျနော့်ဦးလေးကိုသိမလားမသိဘူး။ သူက စန်းဟုန်းလျန်လေ ဝူတန်းဂိုဏ်းသားပဲ...”
ရှောင်ယောင်၏စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူရွယ်က အတော်လေးအံ့ဩသွားဟန်တူပြီး တစ်ကိုယ်တည်းရေရွတ်လိုက်မိသည်။
“ ထိုက်ကျိဓားစန်းဟုန်းလျန် သူကဇာတ်မြုပ်နေရာက ပြန်ထွက်ပေါ်လာတာလား...”
ထိုအချိန်တွင် တောင်တက်လမ်းဆီမှ စိုးရိမ်တကြီးခေါ်သံတစ်ခုပျံ့လွင့်လာသည်။
“ ရှောင်အာ မင်းအဆင်ပြေရဲ့လား...”
“ ဟော..ဦးလေးစန်းပြန်လာပြီထင်တယ်...”
ရှောင်ယောင်လည်း ဝမ်းမြောက်သည့်လေသံဖြင့်ရေရွတ်လိုက်၏ ။
အစောပိုင်းက အသံပိုင်ရှင်မှာ စန်းဟုန်းလျန်ပင်ဖြစ်ပြီး တောင်ပေါ်သို့ရောကိရှိလာသည့် ဂိုဏ်းသားများ၏အခြေအနေကြောင့် သူတို့နှင့်ကျန်ခဲ့သည့် ရှောင်ယောင်အတွက်စိုးရိမ်ပူပန်နေဟန်တူသည်။
အချိန်အနည်းငယ်အတွင်း သူတို့အနီးသို့ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်စန်းဟုန်းလျန်က သူတို့အနီးသို့လျှင်မြန်စွာရောက်ရှိလာတော့သည်။
&&&&
တောင်ခြေမြို့လေးရှိ အတော်အသင့်စည်ကားသည့်စားသောက်ဆိုင်လေးတစ်ခု
နံနက်စားစားချိန်ကိုအနည်းငယ်ကျော်လွန်သွားပြီးဖြစ်သော်လည်း ပုံမှန်အချိန်များတွင်ဆိုလျှင် စားသောက်ဆိုင်လေးထဲ၌ စားသူံးသူအနည်းငယ်ရှိနေတတ်သည်။
ယခုအချိန်တွင်ကား စားသောက်ဆိုင်ထဲတွင်ရှုပ်ပွသည့်မြင်ကွင်းတစ်ခုဖြစ်နေပြီး စားသူံးသူများလည်းထွက်ပြေးသွားကြပြီဖြစ်သည်။
တဆက်ဆက်တုန်ယင်နေသည့်ခန္တာကိုယ်များဖြင့် ဆိုင်ရှင်နှင့်ဆိုင်လုလင်သုံးယောက်တို့က ကောင်တာနောက်တွင် ပုန်းနေကြကာ ချောင်ပိတ်မိနေကြ၍ အခြားလူများလိုထွက်ပြေးနိုင်ခြင်းလည်းမရှိပေ။
မုန်တိုင်းကျသလိုတိုက်ပွဲကြီးပြီးနောက်ဆိုင်အလယ်ရှိစားပွဲခုံများ၊ ထိုင်ခုံများက ကျိုးပဲ့နေပြီး ထူးခြားသည့်မြင်ကွင်းတစ်ခုလည်းရှိနေသည်။
ကြွက်သားများရှိသည့်ခန္တာကိုယ်ပိုင်ဆိူင်ထားသည့်သိုင်းသမားနှစ်ယောက်က ဆိုင်ကြမ်းပြင်ထက်တွင်လဲကျနေကြကာ သူတို့၏ပုံစံက လောကကြီးနှင့်ခေတ္တအဆက်အသွယ်ပြက်နေဟန်တူသည် ။
သူတို့၏ခန္တာကိုယ်များထက်တွင်လည်း ဒဏ်ရာဒဏ်ချက်များစွာရှိနေပြီး သူတို့ထဲမှတစ်ယောက်ဆိုလျှင် နှာခေါင်းရိုးကျိုးထားဟန်တူသည်။ ။
လဲကျနေသညိ့သိုင်းသမားနှစ်ယောက်နှငိ့မလှမ်းမကမ်းတွင်အေးဆေးစွာထိုင်နေသည့်လူငယ်လေးတစ်ယောက်ရှိနေပြီး ထိုလူငယ်ကမည်သူ့ကိုမှဂရုမစိုက်ဘဲ သူ၏စားပွဲဝိုင်းရှိခေါက်ဆွဲပန်းကန်ကိုသာငုံ့၍ကြိတ်နေသည်။
လူရွယ်၏မျက်နှာနုနယ်ငယ်ရွယ်ပြီး အသက်အရွယ် ဆယ့်လေးဆယ့်ငါးနှစ်သာရှိမည်ဟုခန့်မှန်းရသည့်တိုင် သူ၏ ကြံ့ခိုင်သန်မာသည့်ခန္တာကိုယ်ကအရွယ်ရောက်ပြီးလူများနှင့်ပင်နှိုင်းယှဉ်နိုင်သည်။
သူ၏ခန္တာကိုယ်ထက်တွင်လည်း ဒဏ်ရာအနည်းငယ်ရှိနေပြီး အစောပိုင်းကဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် တစ်ဖက်လူနှစ်ယောက်၏တိုက်ကွက်အနည်းငယ်ထိမှန်ခဲ့သည်။
သို့သော်လူငယ်လေးက ထိုဒဏ်ရာများကိုလုံးဝဂရုစိုက်ပုံမရဘဲ ရှေ့တွင်ရှိနေသည့်ခေါက်ဆွဲပန်းကန်ကိုသာအာရုံစိုက်နေကာ စားပွဲအစွန်းတွင်ထပ်ထားသည့်ပန်းကန်အလွတ်သုံးလေးခုလည်းရှိနေသည် ။
လူငယ်လေး၏စားပွဲဘေးတွင်မူ ကြီးမားသည့်ဓားကြီးတစ်လက်က ဆိုင်ကြမ်းပြင်ကိုဖောက်ကာ စိုက်ဝင်နေပြီး ထူးဆန်းသည့်မြင်ကွင်းတစ်ခုဖြစ်ပေါ်နေသည်။
ထိုအချိန်တွင် စားသောက်ဆိုင်ရှေ့သို့အနက်ရောင်ဝတ်ရုံရှည်ကြီးကိုခြုံထားသည့်ထူးဆန်းသည့်လူတစ်ဦးရောက်ရှိလာသည်။
ထိုလူက စားသောက်ဆိုင်ထဲသို့ဝေ့ကြည့်လိုက်ရင်း ခေါင်းစွက်အောက်ရှိမျက်လုံးများက အရောင်တဖျက်ဖျက်တောက်ပသွားသည်။
“ ဆိုင်ရှင်ကြီး ကျုပ်ကိုခေါက်ဆွဲတစ်ပွဲထပ်ပေးပါဦးဗျို့...”
ဆိုင်အတွင်းဘက်ကိုမျက်နှာမူ၍စားသောက်နေသည့်လူငယ်လေးက ပါးစပ်တွင်ပေနေသည့်ဆီများကိုသုတ်လိုက်ရင်း အော်လိုက်သည်။
ကောင်တာနောက်တွင်မှောက်လျက်နေ၍ ထိတ်လန့်နေကြသည့်ဆိုင်ရှင်နှင့်ဆိုင်လုလင်လေးနှစ်ယောက်လည်း တုန်တုန်ယင်ယင်ဖြင့်ထရပ်ကာ တစ်ယောက်ကိုတစ်ယောက်တွန်းထိုးရင်း သူသွားမည်ငါသွားမည်ကိုဆုံးဖြတ်နေကြသည်။
ဆိုင်အလယ်တွင်အေးဆေးစွာစားသောက်နေသည့်လူငယ်လေးမှာ သိုင်းပညာအဆင့်မြင့်သည့် မြို့ခံလူမိုက်နှစ်ယောက်ကိုပင်အမှောက်သိပ်ထားခဲ့ပြီး သူတို့၏တိုက်ပွဲကဆိုင်ထဲရှိလူများကိုကြောက်လန့်ကာထွက်ပြေးသွားစေရန်လုံလောက်သည် ။
ဤမြို့ငယ်လေးမှာ ဝူတန်းတောင်ခြေတွင်ရှိရာ ဝူတန်းဂိုဏ်းကိုလေးစားသောအားဖြင့်အနက်ရောင်သိုင်းသမားများပင်ပြဿနာမရှာဝံ့ကြဘဲ လွန်စွာအေးချမ်းလှသည် ။
ထို့ကြောင့် အစောပိုင်းကဖြစ်ပွားခဲ့သည့်ကြမ်းတမ်းသည့်တိုက်ပွဲက သူတို့အားလုံးကိုထိတ်လန့်စေပြီး ဆိုင်ထဲတွင် လူငယ်လေးအပါအဝင်လူလေးယောက်ထဲသာကျန်ရှိတော့ခြင်းဖြစ်၏။
ဆိုင်ထဲသို့မကြောက်မရွံ့ဝင်လာသည့်ဝတ်ရုံနက်ကြောင့် ဆိုင်ရှင်နှင့်ကျန်နှစ်ယောက်အံ့အားသင့်နေကြစဉ် ထိုလူက လူငယ်လေး၏အနီးသို့လျှောက်လာသည်။
“ ဝူမင်း ...ဘာဖြစ်ခဲ့တာလဲ...”
အနက်ရောင်ဝတ်ရုံရှင်က အေးစက်သည့်လေသံဖြင့်မေးလိုက်သည်။
သူ၏အသံက ရေခဲတောင်ထိပ်မှထွက်ပေါ်လာသည့်အလားအေးစက်မာကျောနေပြီး တောက်ပသည့်မျက်လုံးအစုံဖြင့်အကြည့်ခံလိုက်ရသည့် ဆိုင်ရှင်နှင့်ဆိုင်လုလင်လေးနှစ်ယောက်မှာ တုန်ရီသွားကြသည်။
ထိုလူ၏ရုပ်ရည်ကိုမမြင်ရသည့်တိုင် ကြောက်မက်ဖွယ်ကောင်းသည့်အရှိန်အဝါတစ်ခုကိုခံစားမိနေပြီး ဒူးထောက်ကျတော့မည့်အလား ချွေးပြိုက်ပြိုက်ကျနေသည်။
အနက်ရောင်ဝတ်ရုံရှင်က ထိုသုံးယောက်ကိုဂရုမစိုက်တော့ဘဲလူငယ်လေးကိုသာစူးစိုက်ကြည့်နေသည် ။
အံ့ဩဖွယ်ကောင်းသည့်အချက်က အစောပိုင်းကပင် သိုင်းသမားနှစ်ယောက်ကိုအမှောက်သိပ်ခဲ့သည့်ကြောက်စရာကောင်းသည့်လူရွယ်က အနက်ရောင်ဝတ်ရုံရှင်၏အသံကိုကြားသည်နှင့် သူ၏နေရာမှခုန်ထလိုက်ခြင်းဖြစ်သည်။
“ ဆရာ ပြန်လာပြီလား...”
လူငယ်လေး၏နှုတ်ဆက်စကားကသူတို့နှစ်ယောက်ကကြားရှိဆက်ဆံရေးကိုတွေ့မြင်နိုင်ပြီး သူ၏မျက်နှာက အစောပိုင်းကနှင့်မတူဘဲ လွန်စွာရိုသေလေးစားသည့်ပုံစံသို့ပြောင်းလဲသွားကာ လဲကျနေသည့်သိုင်းသမားနှစ်ယောက်ကိုဝေ့ကြည့်၍ဆက်ပြောလိုက်သည်။
“ ဒီလူနှစ်ယောက်က ကျုပ်ရဲ့ဓားမော့ကိုကြည့်ချင်လို့လာပြီးတောင်းနေကြတာ ကျုပ်က သူတို့ကိုမပြတော့သူတို့ကစပြီးတိုက်ခိုက်တော့တာပဲ...အတတ်နိုင်ဆုံးတော့ သူတို့အသက်မသေအောင်သတိထားတိုက်ခိုက်ခဲ့ပါတယ်...”
လူငယ်လေး၏အသံကရိုးရှင်းသော်လည်း သူ၏စကားက တုန်လှုပ်ဖွယ်ဖြစ်သည်။