← Chapters

ထိုဆရာနှင့်ထိုတပည့်

Vol. 1 Ch. 24

ထိုဆရာနှင့်ထိုတပည့်

Vol. 1 Ch. 24

လူငယ်လေး၏စကားအတိုင်းပင် မြို့ငယ်လေး၌လူတွင်ကျယ်လုပ်နေသည့်သိုင်းသမားနှစ်ယောက်က သူ၏ဓားကိုမြင်သည့်အခါစိတ်ဝင်စား၍လာရောက်တောင်းယူခြင်းဖြစ်၏။

ကံမကောင်းစွာဖြင့် ကျောက်တုံးကိုကိူယ့်ခြေထောက်ပေါ်ကိုယ်ချမိသလို ထိုနှစ်‌ယောက်မှာ လူငယ်လေး၏လက်ချက်ဖြင့်သတိလစ်သည်အထိရိုက်နှက်ခြင်းခံခဲ့ရသည်။

အကြောင်းစုံကိုသိရှိပြီးနောက် အနက်ရောင်ဝတ်ရုံရှင်က လဲကျနေသည့်သိုင်းသမားနှစ်ယောက်ကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီးခေါင်းတဆက်ဆက်ညိမ့်လိုက်သည်။

“ မဆိုးပါဘူး အဆင့်မြင့်သိုင်းသမားနှစ်ယောက်ကိုလက်ဗလာနဲ့အနိုင်ယူနိုင်ခဲ့တယ်။ ဒီငါးနှစ်အတွင်းမှာ မင်းရဲ့လေ့ကျင့်မှုတွေက အကျိုးသက်ရောက်မှုရှိတယ်လို့ပြောရမယ်...”

အနက်ရောင်ဝတ်ရုံရှင်၏ချီးကျူးစကားကြောင့် လူငယ်လေး၏မျက်နှာထက်တွင် ပြုံးရွှင်သည့်အမူအယာတစ်ခုထွက်ပေါ်လာသည်။

စင်စစ် ထိုလူငယ်လေးမှာ အသက်ဆယ့်သုံးနှစ်ခန့်သာရှိသေးပြီး သူ၏ကြံ့ခိုင်သန်မာလှသည့်ခန္တာကိုယ်ကြောင့်သာ အသက်ဆယ့်ငါးဆယ့်ခြောက်ဟုထင်ရခြင်းဖြစ်၏။

မထင်မရှားကျေးရွာလေးတစ်ခုမှလူ့ခိုင်းဖက်ဖြစ်ခဲ့ရသည့် မိဘမဲ့လူငယ်လေးမှာ သူ၏ကျေးဇူးရှင်ဖြစ်သည့်သူ့ဆရာကြောင့် လူ့နင်းပြားဘဝမှလွတ်မြောက်ခဲ့ပြီး နေရာအနှံ့ခြေဆန့်နိုင်ခဲ့ခြင်းဖြစ်သည်။

သူ့အတွက်မူ အနက်ရောင်ဝတ်ရုံရှင်က သူ၏ကျေးဇူးရှင်ဆရာဖြစ်သလို တစ်ဦးတည်းသောရင်းနှီးသူဟုလည်းပြောနိုင်ပေသည်။

အေးစက်ခတ်ထန်သည့်စိတ်ထားရှိသော်လည်း သိုင်းပညာလွန်စွာအစွမ်းထက်လှသည့်သူ့ဆရာ၏လေ့ကျင့်ပေးမှုများအောက်တွင် လူငယ်လေးလည်းများစွာတိုးတက်လာရပြီးယခုဆိုလျှင် အဆင့်မြင့်သိုင်းသမားနှစ်‌ယောက်ကိုအေးအေးဆေးဆေးအနိုင်ယူနိုင်သည့်အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။

“ နောက်တစ်ခါ ဒီလိုမျိူးကြုံလာရင် တန်းပြီးသတ်ပစ်လို့ရတယ်...”

အနက်ရောင်ဝတ်ရုံရှင်က လူငယ်လေးကိုစူးစိုက်ကြည့်ရင်းလေးနက်သည့်ပုံစံဖြင့်ပြောလိုက်သည်။

သူ၏စကားကြောင့်အစောပိုင်းက ပွင့်လင်းရိုးအဟန်ရှိသည့်လူငယ်လေး၏မျက်နှာကချက်ခြင်းပြောင်းလဲသွားပြီး စားပွဲဘေးတွင်စိုက်ဝင်နေသည့်ဓားမော့ကြီးကို လက်တစ်ဖက်ထဲဖြင့်နုတ်ယူလိုက်သည် ။

“ ကျုပ် သူတို့ကိုအပြက်ရှင်းလိုက်ရမလားဆရာ ...”

ရိုးရှင်းသည့်စိတ်ရှိသော်လည်း သူ့ဆရာနည်းတူပြက်သားလှသည့်လူငယ်လေးအတွက် အနက်ရောင်ဝတ်ရုံရှင်၏စကားမှန်သမျှက တသဝေမတိမ်းလိုက်နာရမည့်အမိန့်ပင်ဖြစ်သည်။

သူ၏အသက်ကဆယ့်သုံးနှစ်စွန်းစွန်းသာရှိသေးသော်လည်း သူ၏လက်ထဲတွင်သေဆုံးခဲ့ရသည့်လူအရေအတွက်က ထို့ထက်နှစ်ဆခန့်ပင်ရှိနေပြီဖြစ်သည်။

လိုက်ဖက်ညီလှသည့်ဆရာတပည့်နှစ်ယောက်ကိုကြည့်ရင်း ဆိုင်ရှင်နှင့်ဆိုင်လုလင်နှစ်ယောက်မှာ သေးထွက်ကျတော့မည်ကဲ့သို့ပင်ကြောက်လန့်နေကြပြီဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် အနက်ရောင်ဝတ်ရုံရှင်က လူငယ်လေး၏စကားကိုခေါင်းယမ်းပြလိုက်သည်။

“ ထားလိုက်တော့ ဒီနေ့ ငါစိတ်ကောင်းဝင်နေတယ် ... နောက်ဆုံးတော့ သူ့ကိုငါ နီးနီးကပ်ကပ် တွေ့ခွင့်ရခဲ့ပြီ .... “

သူ့ဆရာ၏လေသံက ထူးခြားနေပြီး ပျော်ရွှင်သည့်အရိပ်အယောင်အချို့ပါဝင်နေရာ လူငယ်လေးလည်းနားမလည်နိုင်အောင်ဖြစ်သွားသည်။

သို့သော် ထိုအကြောင်းကို သူ‌မမေးဝံ့ဘဲ အူကြောင်ကြောင်ပုံစံဖြင့်ခေါင်းကုတ်၍ ဓားမော့ကြီးကို နောက်ကျောတွင်သိုင်းလွယ်လိုက်သည်။

ပိဿာအတော်များများလေးဟန်တူပြီး သာမန်လူများအတွက်ခက်ခက်ခဲခဲသယ်ဆောင်ရမည့်ဓားမော့ကြီးမှာ လူငယ်လေးအတွက် သာမန်တုတ်ချောင်းတစ်ချောင်းနှင့်ခြားဟန်မတူပေ။

ထို့နောက် အနက်ရောင်ဝတ်ရုံရှင်က ဆိုင်ရှင်နှင့်ဆိုင်လုလင်နှစ်ယောက်ကိုကြည့်၍ သူ၏လက်ကိုဝေ့ယမ်းလိုက်သည်။

“ ဝှစ်...”

လေတိုးသံသဲ့သဲ့နှင့်အတူ အလင်းတန်းအချို့က သူတို့ရှိရာသို့ပြေးဝင်လာကာ ဆိုင်ရှင်နှင့်သူ၏နောက်ရှိလူနှစ်ယောက်၏မျက်နှာကဖြူဖျော့သွားပြီး မျက်စေ့စုံမှိတ်လိုက်ကြသည်။

ထူးခြားသည့်အနက်ရောင်ဝတ်ရုံရှင်နှင့်လူငယ်လေးတို့က သူတို့အကြောင်းများမပေါ်စေရန်နှုတ်ပိတ်တော့သည်ဟုတွေးလိုက်မိကြပြီး ထိတ်လန့်ကြောက်ရွံ့သည့်စိတ်ကြောင့် အော်ဟစ်ရန်ပင်သတိမရကြပေ။

သို့သော် သူတို့ထင်သလိုနာကျင်သည့်ဝေဒနာကိုမခံစားရဘဲ အေးစက်သည့်အသံတိုးတိုးကိုသာကြားလိုက်ရသည်။

“ ဒီငွေတုံးတွေကိုယူပြီး မင်းတို့ ပါးစပ်ပိတ်ထား မဟုတ်ရင်တော့....”

ဆိုင်ရှင်နှင့်သူ၏လူများလည်း သူတို့၏ရှေ့ရှိကောင်တာပေါ်သို့ချိန်သားကိုက်စွာရောက်ရှိနေသည့်ငွေတုံးသူံးခုကိုကြည့်ရင်း လဲကျတော့မလိုခံစားလိုက်မိကြ၏။

သူတို့သုံးယောက်လုံး၏ခန္တာကိုယ်များထက်တွင် ချွေးများစိုရွှဲနေကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ သေမင်းခံတွင်းဝမှလွတ်မြောက်လာသူများလိုခံစားလိုက်မိကြသည်။

အနက်ရောင်ဝတ်ရုံရှင်၏စကားက ရှင်းလင်းလှပြီး ထိုငွေတုံးများကိုမပေးခဲ့လျှင်ပင် ယနေ့ဖြစ်ပျက်ခဲ့သည်များကို သူတို့ပြောဆိုဝံ့ကြမည်မဟုတ်ပေ။

ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံရှင်နှင့်လူငယ်လေးတို့က အရှေ့ဘက်မြို့တံခါးအနီးသို့ရောက်ရှိနေကြပြီး သူတိူ့၏ထူးခြားသည့်သွင်ပြင်ကြောင့် ဘေးပတ်ဝန်းကျင်ရှိလူများမှာ ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြ၏။

သူတို့နှစ်ဦးကား ထိုအဖြစ်ကိုလုံးဝဂရုမစိုက်ဘဲ ပုံမှန်အတိုင်းသွားလာနေကြပြီး မြို့ကိုကျော်လွန်လာသည့်အခါ လူငယ်လေးက မေးလိုက်သည်။

“ ဆရာ ဒီတစ်ခေါက် ကျုပ်တို့ဘယ်သွားကြမလဲ...”

လူငယ်လေး၏မျက်လုံးများက စိတ်ဝင်စားမှုကြောင့်အရောင်တဖျက်ဖျက်တောက်ပနေသည်။

သူ၏ဆရာနှင့်အတူရှိခဲ့သည့်ငါးနှစ်တာအတွင်း နေရာအနှံ့ကိုခြေဆန့်ခဲ့ရုံသာမက တိုက်ပွဲများစွာတိုက်ခိုက်ခဲ့ပြီး အတွေ့အကြုံသစ်များစွာလည်းရရှိခဲ့သည်။

ထို့ကြောင့် လူငယ်လေးမှာ အသက်ဆယ့်သုံးနှစ်သာရှိသေးသည့်တိုင် အတွေ့အကြုံရင့်ကျက်သည့်အဆင့်မြင့်သိုင်းသမားတစ်ယောက်ကိုပင်အေးဆေးစွာအနိူင်ယူနိုင်သည့်အဆင့်သို့ရောက်ရှိနေခြင်းဖြစ်၏။

ယခုတစ်ကြိမ်၌ အနက်ရောင်ဝတ်ရုံရှင်က အချိန်အတော်ကြာသည်အထိပြန်မဖြေဘဲ အဝေးတွင်ကျန်ခဲ့သည့်ဝူတန်းတောင်တန်းကြီးကိုလှမ်းမျှော်ကြည့်ရင်း ဖြေးညင်းစွာပြောလိုက်သည်။

“ ဒီတစ်ခါငါတို့သွားမယ့်နေရာက ရှောင်လင်ကျောင်းတည်ရှိတဲ့ ဆန်း‌ဆက်တောင်တန်းပဲ ။ ပြီးတော့ အဲဒီမှာ နှစ်အတော်ကြာနေဖြစ်မယ်ထင်တယ်...”

&&&

ဟိုနန်နယ်နှင့် ဟူပေပြည်နယ်တို့၏နယ်စပ်ဒေသ

သိုင်းလောက၏ထိပ်သီးဂိုဏ်းကြီးခြောက်ဂိုဏ်းတွင် ရှောင်လင် ၊ ဝူတန်းနှင့်ဟွာဆန်းဂိုဏ်းတို့က ပြည်နယ်ခြင်းနီးကပ်၍ တည်ရှိသည်။

ထိုအထဲတွင် ဝူတန်းဂိုဏ်းတာ်ရှိရာ ဟူပေပြည်နယ်နှင့် ရှောင်လင်ကျောင်းတော်တည်ရှိရာ ဟိုနန်နယ်စပ်တွင် မြင်းနှစ်ဦးက ပုံမှန်အရှိန်နှုန်းဖြင့် ဖြေးညင်းစွာသွားလာနေသည်။

ဘေးချင်းကပ်၍ယှဉ်လျက်စီးနင်းနေသည့်မြင်းနှစ်စီးထက်တွင် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် အသက်လေးဆယ်အရွယ်လူကြီးတစ်ယောက်နှင့် အသက်ဆယ်နှစ်ခန့်သာရှိမည့်ကလေးငယ်တစ်ဦးတို့လိုက်ပါလာကြသည်။

ကလေးငယ်မှာ မြင်းစီးရခြင်းကို အထူးပျော်ရွှင်နေဟန်တူပြီး ငယ်ရွယ်နုပျိုသည့်သူ၏မျက်နှာထက်တွင် စိတ်လှုပ်ရှားသဘောကျဟန်များအထင်းသားပင်။

ဘေးဘက်ရှိအဖြူရောင်ဝတ်စုံဝတ်လူကြီးကား ခန့်ညားချောမောသည့်ရုပ်ရည်ရှိပြီး သူ၏လက်မောင်းတစ်ဖက်ကတုံးတိဖြစ်နေကာ လေအဝှေ့တွင်အင်္ကျီလက်စက တဖျက်ဖျက်လွင့်နေသည်။

စင်စစ် ထိုခရီးသွားနှစ်ယောက်ကား ဝူတန်းတောင်မှထွက်လာကြသည့် စန်းဟုန်းလျန်နှင့် ရှောင်ယောင်တို့ဖြစ်ကြပြီး တောင်‌ပေါ်မှကိစ္စများကို ဖြေရှင်းပြီးနောက်၌သူတို့၏မူလဦးတည်ရာသို့ဆက်သွားခဲ့ခြင်းဖြစ်သည်။

နံနက်ပိုင်းက စီးတုမင်ဆိုသည့်လူရွယ်နှင့် ကျန်သိုင်းသမားသူံးယောက်၏အကူအညီဖြင့် အကြောပိတ်ခံထားရသည့်ဂိုဏ်းသားလေးယောက်ကို တောင်ပေါ်သို့ပို့ပေးနိုင်ခဲ့သည်။

ထိုဂိုဏ်းသားလေးယောက်၏အခြေအနေက အတော်လေးထူးဆန်းနေပြီး ဆန်းပြားသည့်အကြောပိတ်ပညာတစ်ခုဖြင့်အကြောပိတ်ခံထားရ၍ မူမမှန်ခြင်းဖြစ်သည်။

သို့သော်လည်း စန်းဟုန်းလျန်၏ဆရာဖြစ်သည့် ဝူတန်းဂိုဏ်းချုပ်ကြီးကျန်းဟုန်းချင်က ထိုဂိုဏ်းသားများကိုအကြောဖြေပေးနိုင်ခဲ့ပြီး ထူးခြားဆန်းကြယ်သည့်အကြောပိတ်ပညာက ရသေ့ကြီးကျန်းဟုန်းချင်ကိုပင် အတော်လေးအံ့ဩသွားစေခဲ့သည် ။

ထိုဂိုဏ်းသားများလည်း ရှောင်ယောင်နည်းတူမည်သူ၏လက်ချက်ကြောင့် အကြောပိတ်ခံရသည်ကိုပင်ကောင်းစွာမသိကြဘဲ ထိုဖြစ်ရပ်တစ်ခုလုံးက မရေမရာဖြင့်ပြီးဆုံးသွားခဲ့ရသည်။

ထို့‌ေနာက် ဝူတန်းဂိုဏ်းသားလေးယောက်လည်း အဆင်ပြေပြီဖြစ်ရာ စန်းဟုန်းလျန်နှင့် ရှောင်ယောင်တို့လည်း သူတို့၏မူလဦးတည်ရာသို့ဆက်ထွက်ခဲ့ခြင်းဖြစ်ကာ နေ့တစ်ဝက်ကျော်ခရီးနှင်ပြီးနောက် ဟိုနန်နယ်ထဲသို့ပင်ဝင်ရောက်ခါနီးပြီဖြစ်သည်။

ဝူတန်းတောင်တွင်ရှိစဉ်က ရှောင်ယောင်နှင့်ဆုံခဲ့သည့်ကလေးမလေး၏ဖခင်မှာ စန်းဟုန်းလျန်နှင့်သိကျွမ်းနေရုံသာမက သိုင်းလောကတွင်ကျော်ကြားသည့်လူတစ်ယောက်ဖြစ်သည်ကိုသိခွင့်ရခဲ့သည်။

ထို့ကြောင့်လည်း ကလေးမလေးက အသက်အရွယ်ငယ်ငယ်ဖြင့်သိုင်းပညာအဆင့်မြင့်မြင့်တတ်မြောက်ထားခြင်းဖြစ်ပြီး သူမ၏သိုင်းပညာကို ရှောင်ယောင်ပင်အနည်းငယ်မနာလိုဖြစ်ရ၏ ။

ထိုကလေးမလေးက လူကြီးတစ်ယောက်လိုဟန်ဆောင်တတ်ပြီးခေါင်းမာသည့်စရိုက်ရှိသော်လည်း စိတ်ရင်းကများစွာမဆိူးလှပေ။

သူ့ကိုကျောက်တုံးခေါင်းဟုခေါ်ဆိုနေသည့်အချက်တစ်ကိုတော့ ရှောင်ယောင်သဘောမတွေ့လှပေ။

သူကိုယ်တိုင်က လွန်စွာထက်မြက်သူတစ်ဦးဟုမဝံ့ကြွားသည့်တိုင် ရှောင်ယောင်၏ဉာဏ်ရည်ဉာဏ်သွေးက ရွယ်တူတန်းတူများထက်များစွာသာလွန်ပြီး ငယ်စဉ်ကပင်တစ်ဦးထဲနေ၍ အတတ်ပညာမျိုးစုံလေ့လာခဲ့ခြင်းက သူ့ကိုလျှင်မြန်စွာရင့်ကျက်စေခဲ့သည်။

သို့သော် ထိုကလေးမလေးက ရှောင်ယောင်ကို ‌တုံးအသည်ဆိုသောသဘောဖြင့် ကျောက်တူံးခေါင်းဟုသာခေါ်ဆိုတတ်ပြီး ရှောင်ယောင်လည်း မည်သို့မှမတတ်နိုင်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ယွမ်ချင်းဆိုသည့်ကလေးမလေးက အပေါင်းအသင်းမရှိသည့်ရှောင်ယောင်အတွက် ပထမဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်လာရပြီး သူမကလည်း ရှောင်ယောင်ကိုအတော်လေးခင်မင်ပုံရသည်။

လမ်းခရီးတွင် လျှင်လျှင်မြန်မြန်သွားလာနိုင်ရန် စန်းဟုန်းလျန်က မြင်းနှစ်ကောင်ဝယ်ယူလာခဲ့ခြင်းဖြစ်ပြီး ရှောင်ယောင်ကိုလည်းမြင်းစီးသင်ပေးခဲ့သည်။

ရှောင်ယောင်၏ခန္တာကိုယ်က ပိန်ပါးအားနည်းသည့်တိုင် မြင်းစီးနင်းခြင်းအတတ်ပညာကိုအထူးစိတ်ဝင်စားပြီး သူ၏ဘဝတွင်ပထမဆုံးအကြိမ်ပဖြစ်မြင်းစီးဖူးခြင်းဖြစ်သည့်တိုင် စန်းဟုန်းလျန်၏သင်ပြမှုအောက်၌ လျှင်မြန်စွာတတ်မြောက်သွားခဲ့သည်။

ယခု ရှောင်ယောင်၏မြင်းစီးပညာက ကျွမ်းကျင်အဆင့်ထိမရောက်သေးသော်လည်း သာမန်မြင်းတစ်ကောင်ကို ကောင်းမွန်စွာစီးနင်းနိုင်ပြီဖြစ်သည်။

ရှောင်ယောင်၏စိတ်ထဲတွင်လည်း နေရာသစ်များစွာကိုရောက်ခဲ့ပြီး အတွေ့အကြုံသစ်များစွာ‌ကြုံတွေ့ခဲ့ရ၍ အတော်ပင်တတ်ကြွပျော်ရွှင်နေမိစည်။

စန်းဟုန်းလျန်လည်း ဘေးဘက်ရှိမြင်းပေါ်တွင်လန်းဆန်းတတ်ကြွနေသည့်ကောင်လေးကိုကြည့်ရင်း သက်ပြင်းဖွဖွချလိုက်မိသည်။

သူ၏တူသားတစ်ယောင်လို သံယောဇဉ်ရှိသည့် ထိုကောင်လေးက သူ့မိခင်၏တင်းကြပ်သည့်စည်းမျဥ်းများ အောက်တွင် ငယ်စဉ်ကပင် တစ်ဦးထဲကြီးပျင်းခဲ့ရပြီး အပေါင်းအသင်းပင်မရှိရှာခဲ့ပေ။

ရှောင်ယောင်၏တစ်ဦးတည်းသောမိဘဖြစ်သည့် သူ၏မိခင်မှာလည်း အသက်ရှည်စွာမနေရဘဲ လွန်ခဲ့သည့်ရက်အနည်းငယ်ကမှသေဆုံးသွားခဲ့ပြန်သည် ။

သို့သော်လည်း ထိုအခြေအနေကိုပင်တစ်ချက်မညည်းဘဲ အမြဲလိုလိုရွှင်ပြသည့်ပုံစံပြသနေခြင်းက ဂရုဏာသက်ဖွယ်ကောင်းပြီး ယခုလိုသူအမှန်တကယ်ပျော်ရွှင်ဝမ်းမြောက်နေခြင်းကိုမြင်ရသည်မှာ သူ၏ရင်ထဲတွင်လည်း ကျေနပ်ပီတိဖြစ်မိပေသည်။

အကယ်၍ လွန်ခဲ့သည့်ဆယ်နှစ်ကျော်ကအဖြစ်အပျက်များကိုသာပြန်လည်ပြင်ဆင်ခွင့်ရမည်ဆိုပါက သူ၏ဘဝတွင်မည်သည့်အရာကိုဖြစ်ဖြစ် စွန့်လွှတ်နိုင်ပါမည်ဟု တွေးတောရင်း ....

All Chapters