← Chapters

ရူးသွပ်နေသည့် လူသတ်သမားများ

Vol. 1 Ch. 25

ရူးသွပ်နေသည့် လူသတ်သမားများ

Vol. 1 Ch. 25

စန်းဟုန်းလျန်နှင့်ရှောင်ယောင်တို့ အေးဆေးသက်သာစွာခရီးဆက်နေကြစဉ် သူတို့၏နောက်ဘက်ခပ်လှမ်းလှမ်းဆီမှအပြင်းစိုင်းနင်လာသည့်မြင်းခွာသံများကိုကြားလိုက်ရသည်။

ထိုအသံများကြောင့် စန်းဟုန်းလျန်လည်း မျက်မှောင်ကြုတ်လိုက်မိပြီးနောက်ဘက်သို့လှည့်ကြည့်လိုက်ရာ ဒုန်းစိုင်းစီးလာသည့်မြင်းအနည်းငယ်ကိုတွေ့လိုက်ရပြီး မြင်းပေါ်တွင် အဖြူရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်လူအနည်းငယ်လိုက်ပါလာကြသည်။

သူတို့၏အမူအယာက တည်ကြည်လေးနေပြီး အရေးကြီးကိစ္စတစ်စုံတစ်ခုရှိပုံရသည်။

ထို့အပြင် သူတို့၏အင်္ကျီရင်ဘက်ရှိအမှတ်တံဆိပ်ကိုကြည့်၍ စန်းဟုန်းလျန်၏မျက်လုံးများအနည်းငယ်ကျဉ်းမြောင်းသွားပြီး ရှောင်ယောင်ကိုပြောလိုက်သည်။

“ ဘေးကိုကပ်ပေးလိုက် ရှောင်အာ ...”

ရှောင်ယောင်လည်းတစ်ဖက်လူများ၏အရေးတကြီးပုံစံများကြောင့် စန်းဟုန်းလျန်မပြောမီကပင် လမ်းဘေးသို့ကပ်ပေးပြီးဖြစ်သည်။

ထိုမြင်းစီးသမားများသူတို့ကိုကျော်ဖြတ်သွားပြီးနောက် ရှောင်ယောင်လည်း လမ်းပေါ်ပြန်တက်ရင်းမေးလိုက်သည်။

“ သူတို့က ဘယ်ဂိုဏ်းကလဲဦးလေးစန်း...”

ဆယ်ယောက်ကျော်ခန့်ရှိမည့်မြင်းစီးသမားများက သိုင်းပညာ အဆင့်မြင့်မြင့်တတ်မြောက်ထားကြဟန်တူသည့်အပြင် တူညီဝတ်စုံများကြောင့်မေးလိုက်ခြင်းဖြစ်သည်။

ရှောင်ယောင်၏မေးခွန်းကြောင့်စန်းဟုန်းလျန်လည်း တစ်စုံတစ်ခုကို စဉ်းစားနေရာမှ ပြန်၍ဖြေဆိုပေးလိုက်သည်။

“ သူတို့က သိုင်းလောကထဲမှာနာမည်ကြီးနေတဲ့ သိုင်းမဟာမိတ်အဖွဲ့ကလူတွေပဲ။ အခုလည်း အရေးတကြီးကိစ္စတစ်ခုခုရှိပုံရတယ်...”

စန်းဟုန်းလျန်၏စကားကြောင့် ရှောင်ယောင်၏မျက်လုံးများတောက်ပသွားပြီး တစ်စုံတစ်ခုထပ်မေးမည်ပြုလိုက်သော်လည်း စန်းဟုန်းလျန်၏တည်ကြည်သည့်အမူအယာကြောင့် ပါးစပ်ပိတ်ထားလိုက်သည်။

ရှောင်ယောင်မှာ အဖိုးစုတစ်ခါတစ်ရံပြောပြတတ်သည့်စကားများကြောင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းအကြောင်း၊ ကျုံဟွာတောင်တိုက်ပွဲကြီးအကြောင်း အစရှိသည့်ထင်ရှားသည့်အကြောင်းအရာအနည်းငယ်ကိုသိထားသော်လည်း သူ၏ဗဟုသုတက စလုံးရေစ ဆိုသည့် အဆင့်သာရှိသည်။

ထို့ကြောင့် ကျုံဟွာတောင်တိုက်ပွဲအပြီးတွင်‌ပေါ်လာသည့်သိုင်းမဟာမိတ်အကြောင်းကိုများစွာမသိဘဲ ဝူတန်းတောင်ပေါ်တွင်တွေ့ခဲ့သည့်လူလေးယောက်ထဲမှ အပြာရောက်ဝတ်စုံဝတ်လူက သိုင်းမဟာမိတ်မှလူတစ်ဦးဖြစ်သည်ကိုပြန်၍တွေးလိုက်မိသည် ။

ထိုအချိန်တွင် စန်းဟုန်းလျန်က တစ်စုံတစ်ခုကိုစဉ်းစားနေဟန်ဖြင့်အနည်းငယ်မျက်မှောင်ကြုတ်ထားပြီး လေးနက်သည့်အမူအယာဖြစ်နေသည် ။

သူ၏အကြည့်များက ခပ်ဝေးဝေးတွင်မြင်နေရသည့် မှိုင်းပြပြတောအုပ်ဆီသို့ရောက်ရှိနေပြီး ရှောင်ယောင်လည်း ထိုတောအုပ်ဆီသို့လှမ်းမျှော်ကြည့်လိုက်ရာ ထိုဘက်မှ‌တရွေ့ရွေ့လာနေသည့်လူရိပ်များကိုတွေ့လိုက်ရသည်။

သူတို့ဖြတ်သွားရမည့် ထိုတောအုပ်မှာ များစွာကြီးမားခြင်းမရှိသော်လည်း သေးငယ်ခြင်းလည်းမရှိပေ။

“ သွားစို့ ရှောင်အာ...”

စန်းဟုန်းလျန်က ရှောင်ယောင်ကိုပြောလိုက်ပြီး သူ၏မြင်းကိုဖနှောင့်နှင့်ခတ်လိုက်ရာ မြင်း၏အရှိန်က လေးညှို့မှပစ်လွှတ်လိုက်သည့်မြားတစ်စင်းအလား ရှေ့သို့တိုးထွက်သွားသည်။

ရှောင်ယောင်လည်းစန်းဟုန်းလျန်၏အမူအယာအရ ကိစ္စတစ်ခုခုရှိမှန်းသိရှိ၍ များစွာမေးမြန်းခြင်းမပြုတော့ဘဲ စန်းဟုန်းလျန်၏နောက်သို့အမှီလိုက်ရန်သာ ကြိုးစားလိုက်တော့သည်။

အချိန်အနည်းငယ်ကြာအောင်ဆက်သွားပြီးနောက် တောအုပ်ထဲမှထွက်လာဟန်တူသည့်လူရိပ်များနှင့်နီးကပ်လာသည်။

ထိုအခါ ထိုလူများ၏သွင်ပြင်ကိုရှင်းလင်းစွာမြင်လိုက်ရ၍ ရှောင်ယောင်လည်းအံ့ဩတုန်လှုပ်သွားမိသည်။

အကြောင်းက အနီရောင်တူညီဝတ်စုံများကိုဝတ်ဆင်ထားကြပြီး ရင်ဘက်တွင် ကျားသုံး‌ကောင်အမှတ်အသားကိုရေးထိုးထားသည့်ထိုလူများမှာ သွေးအလိမ်းလိမ်းဖြစ်နေကြ၍ဖြစ်သည်။

သူတို့၏အရေအတွက်ကအယောက်နှစ်ဆယ်နီးပါးရှိမည်ဖြစ်ပြီး ဒဏ်ရာကိုယ်စီဖြင့် စုတ်ပြတ်သက်နေကြသည်။

သူတို့ထဲမှအချို့က လက်ထဲတွင်ဓားလှံလက်နက်များကိုင်ဆောင်ထားသည့်တိုင် အတော်လေးထိတ်လန့်တုန်လှုပ်နေကြဟန်တူပြီး ဒဏ်ရာအပြင်းအထန်ရနေသူများကိုတွဲ၍ တောအုပ်ရှိရာဘက်ကို ထိတ်လန့်တကြားလှည့်ကြည့်လှည့်ကြည့်ဖြင့်ပြေးလာခြင်းဖြစ်၏ ။

“ မိတ်ဆွေတို့ ဘာဖြစ်လာတာလဲဆိုတာ သိခွင့်ရမလား...”

သူတို့၏အနီးသို့ ရောက်လာသည့်အခါ စန်းဟုန်းလျန်က မြင်းပေါ်မှပေါ့ပါးစွာခုန်ဆင်း၍မေးလိုက်သည်။

ဒုက္ခရောက်နေချိန်တွင် လာရောက်မေးမြန်းနေသည့်စန်းဟုန်းလျန်၏မေးခွန်းကို ထိုလူအုပ်ထဲမှအတော်များများက မနှစ်မြိုသည့်သွင်ပြင်ရှိသော်လည်း သူတို့၏ခေါင်းဆောင်ဖြစ်ဟန်တူသည့်သက်လက်ပိုင်းလူကြီးက ပြန်အဖြေပေးလယသည်။

“ ကျုပ်တို့က နယ်က ကျားသုံးကောင် အာမခံဌာနကပါ အခုတစ်ခေါက် ပစ္စည်းပို့လာ‌တော့ ဒီတောအုပ်ထဲမှာ ကြောက်စရာကောင်းတဲ့လူငယ်နှစ်ယောက်ဆီးကြိုတိုက်ခိုက်တာကိုခံရပြီး ကျုပ်တို့ထဲကတစ်ဝက်နီးပါးသေဆူံးခဲ့ရတယ်။

သူတို့က အသက်နှစ်ဆယ်တောင်မပြည့်သေးပေမယ့် တကယ်အစွမ်းထက်ကြတယ်။။

ပြီးတော့ ဒီကောင်တွေက ပစ္စည်းကိုလိုချင်ရုံသက်သက်မဟုတ်ဘဲ အပျင်းပြေလူသတ်တဲ့ပုံမျိုး ။

တကယ်လို့ သိုင်းမဟာမိတ်ကလူတွေသာအချိန်မီရောက်မလာရင် ကျုပ်တို့အားလုံးနီးပါးသတ်ဖြတ်ခံရနိုင်တယ်။။

အခု သိုင်းမဟာမိတ်ကလူတွေနဲ့ အဲဒီလူငယ်နှစ်ယောက်တိုက်ခိုက်နေကြတယ်။ မိတ်ဆွေတို့လည်း တောအုပ်ကိုကွင်းပတ်ပြီးသွားတာကကောင်းလိမ့်မယ် ...”

ပခုံးထက်တွင် ဒဏ်ရာကြီးတစ်ခုရရှိထားပြီး သွေးများစိုရွှဲနေသည့်ထိုလူကြီးက စန်းဟုန်းလျန်နှင့်ရှောင်ယောင်ကိုကြည့်၍ သတိပေးစကားဆိုလိုက်သည် ။

သူ၏လေသံထဲတွင် ဒေါသနှင့်ခံပြင်းမှုတို့ပါဝင်နေရုံသာမက ထိုလူငယ်နှစ်ယောက်ကိုကြောက်လန့်နေဟန်လည်းတူသည်။

“ ဒုခေါင်းဆောင် ကျုပ်တို့်မြန်မြန်သွားရအောင် ဒဏ်ရာအပြင်းအထန်ရနေတဲ့လူတွေကို သွေးထွက်မလွန်အောင် ကုသပေးရဦးမယ်....”

အဖွဲ့ထဲမှကျန်တစ်ယောက်က အလောတကြီးလေသံဖြင့်ပြောလိုက်သည်။

ရှောင်ယောင်တို့ကို သတိပေးစကားဆိုသည့်စိတ်ထားကောင်းဟန်တူသည့် လူကြီးက အာမခံဌာန၏ဒုခေါင်းဆောင်ဖြစ်ပုံရသည်။

ထိုလူ၏သိုင်းပညာကအဆင့်မနိမ့်လှဘဲ ထိပ်တန်းအဆင့်ရှိသည့်တိုင် ယခုလိုစုတ်ပြတ်သက်လာရာ တစ်ဖက်လူများမည်မျှကြောက်မက်ဖွယ်ကောင်းသည်ကိုသိရှိနိုင်သည်။

သိုင်းလောကထဲတွင် ယခုလိုဖြစ်ရပ်မျိုးကရိုးအီနေပြီး အာမခံဌာနမှပစ္စည်းများကိုလိုချင်၍ လုယက်တိုက်ခိုက်ခြင်းဖြစ်‌ပေမည် ။

သိူ့သော် ပစ္စည်းများကိုရရှိပြီးသည့်တိုင် ကျန်လူများအား အလွတ်မပေးဘဲ သတ်ဖြတ်သည့်လုပ်ရပ်က ရက်စက်ကြမ်းကြုတ်သည်ဟုဆိုနိုင်ပေသည်။

တစ်ဖက်လူများ၏အခက်အခဲကိုသိရှိသည့်အခါ စန်းဟုန်းလျန်လည်းမနေနိုင်ဘဲ ဒဏ်ရာအကြီးအကျယ်ရရှိထားသူများကိုသယ်ဆောင်ရန် သူတို့၏မြင်းများကိုပေးလိုက်တော့သည်။

ထို့နောက် အာမခံဌာနမှလူများလည်း သူတို့ကိုကျေးဇူးတင်စကားဆိုလိုက်ပြီး အနီးသို့မြို့ဆီသို့ဦးတည်၍လျှင်မြန်စွာထွက်ခွာသွားကြတော့သည်။

“ ရှောင်အာ ငါတို့ တောအုပ်ကိုပတ်ပြီးသွားမလား တောအုပ်ထဲကပဲသွားမလား...”

တဖြေးဖြေးဝေးကွာသွားသည့်လူများ၏နောက်ကျောကိုငေးကြည့်နေသည့်ရှောင်ယောင်လည်း စန်းဟုန်းလျန်၏စကားကိုကြားမှသတိဝင်လာသည်။

အစောပိုင်းက တောအုပ်ဆီသို့အပြင်းစိုင်းနင်သွားသည့်သိုင်းမဟာမိတ်မှလူများသည်လည်း ထိုကိစ္စကိုတစ်နည်းနည်းဖြင့်သိရှိ၍ အလျှင်လိုစွာသွားရောက်ခြင်းဖြစ်ပေမည်။

ရှောင်ယောင်လည်းအနည်းငယ်စဉ်းစားပြီးနောက် တောအုပ်ဆီသိူ့စူးစိုက်ကြည့်ရင်းပြောလိုက်သည်။

“ ကျနော်တို့ တောအုပ်ထဲကပဲသွားမယ်လေဦးလေးစန်း ...”

ရှောင်ယောင်၏စကားကြောင့် အံ့ဩခြင်းမရှိဘဲ စန်းဟုန်းလျန်ကအနည်းငယ်ပြုံး၍ပြန်မေးလိူက်သည်။

“ တောထဲမှာ သိုင်းမဟာမိတ်ကလူတွေနဲ့ ဓားပြနှစ်ယောက် အပြင်းအထန်တိုက်ခိုက်နေမှာပဲ။ မင်းတစ်ခုခုဖြစ်မှာမကြောက်ဘူးလား...”

စန်းဟုန်းလျန်၏ စနောက်သည့်မေးခွန်းကြောင့် ရှောင်ယောင်လည်းခပ်ဖွဖွပြုံး၍ပြန်ဖြေလိုက်သည်။

“ ကျနော်နဲ့အတူဦးလေးစန်းပါနေတာပဲ။ ဦးလေးစန်းပါရင် ကျနော်ဘယ်ကိုပဲဖြစ်ဖြစ်သွားဝံ့တယ်.. “

ရယ်ကျဲကျဲဖြင့်ပြန်ဖြေလိုက်ခြင်းဖြစ်သည့်တိုင်သူ၏လေသံထဲတွင်ပါဝင်သည့်ယုံကြည်မှုကြောင့် စန်းဟုန်းလျန်လည်းအလိုလိုပြုံးလိုက်မိသည်။

“ ဒါဆိုလည်း သွားကြစို့...”

စန်းဟုန်းလျန်လည်း တက်ကြွစွာပြောလိုက်ပြီး ရှောင်ယောင်၏လက်ကိုဆွဲကာ တောအုပ်အတွင်းသို့လျှင်မြန်စွာပြေးဝင်သွားတော့သည်။

&&&

တောအုပ်တစ်ခု

မကြီးလွန်းမသေးလွန်းသော်လည်း သစ်ပင်ချုံနွယ်များစွာရှိ၍ အနည်းငယ်အုံ့မှိုင်းနေသည်။

တောအုပ်၏အလယ်မှဖောက်ထားသည့်လမ်းမက ဟိုနန်နယ်နှင့် ဝူပေနယ်တို့ကိုဆက်သွယ်ထားပြီး နယ်ခြားစည်းတစ်ခုလိုဖြစ်နေပေသည်။

ပုံမှန်ဆိုလျှင် ထိုပြည်နယ်နှစ်ခုကိုကူးသမ်းသွားလာသူနည်းပါး၍ တိတ်ဆိတ်‌ခြောက်ကပ်နေသည့်တောအုပ်ထဲတွင် ဆူညံကျယ်လောင်သည့်အသံများအဆက်မပြက်ထွက်‌ပေါ်နေပေသည်။

“ ဝှစ်....”

“ ထန်း.. ထန်း...”

“ ကျား....”

အော်ဟစ်မာန်သွင်းသံများ ၊ လက်နက်ချင်းထိခတ်သံများနှင့်ဆူညံနေပြီး အပြင်းအထန်တိုက်ခိုက်နေကြသည့်လူတစ်စုရှိနေသည်။

လူတစ်စုဟုဆိုရသည့်တိုင် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်လူဆယ့်နှစ်ယောက်က အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်ကိုဝိုင်းဝန်းတိုက်ခိုက်နေခြင်းဖြစ်ပြီး သူတို့၏ဘေးပတ်လည်တွင်ပြန့်ကျဲနေသည့်လူသေအလောင်းများရှိနေသည်။

ဘီးတစ်ဖက်ကျိူးကာ တုံးလုံးလဲကျနေသည့်မြင်းလှည်းတစ်စီး ၊ ကြီးမားသည့်သေတ္တာများကိုတင်ဆောင်ထားသည့်ကုန်တင်လှည်းနှစ်စီးနှင့် မြေပြင်ပေါ်တွင်လဲကျသေဆုံးနေသည့်လူသေအလောင်းများက ဤနေရာ၌အကျည်းတန်သည့်တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ကြောင်းဖော်ပြနေသည်။

အလောင်းများ၏ခန္တာကိုယ်ပေါ်တွင်တွင် နက်ရှိုင်းသည့်ဓားရာအများစုရှိနေပြီး အချို့အလောင်းများက အရိုးများအပိုင်းပိုင်းကျိုး၍သေဆူံးနေခြင်းဖြစ်ပေသည်။

သူတို့ဘေးဘက်တွင် ဖုန်အလိမ်းလိမ်းဖြစ်နေသည်က ကျားသုံးကောင်အမှတ်အသားရေးထိုးထားသည့်အလံတိုင်အချို့ဖြစ်ပြီး ထိုအလောင်းများမှာ ကျားသုံးကောင်အာမခံဌာနသိုင်းသမားများဖြစ်ကြောင်းသိရှိနိုင်သည်။

မှန်ပေသည်။

ကျားသုံးကောင်အာမခံဌာနမှာ ကြောက်စရာကောင်းသည့်လူနှစ်ယောက်၏လက်ချက်ဖြင့် ယခုလို လူများစွာသေဆုံးခဲ့ခြင်းဖြစ်ပြီးကျန်ရှိနေသူများလည်းထွက်ပြေးခဲ့ရပြီဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူတို့အကူအညီတောင်းထားသည့် သိုင်းမဟာမိတ်၏သိုင်းသမားများရောက်လာခြင်းကြောင့်သာ ကျန်လူများအသက်ချမ်းသာခြင်းဖြစ်ပြီး မဟုတ်ပါက အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်က ရူးသွပ်နေသည့်လူသတ်သမားများလိုသူတို့အားလုံးကိုသတ်ဖြတ်သွားနိုင်သည်။

ယခုတော့ အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်ကို သိုင်းမဟာမိတ်မှသိုင်းသမားများက ဝိူင်းဝန်းတိုက်ခိုက်နေကြပြီး အာမခံဌာနသိုင်းသမားများ၏အဖြစ်ဆိုးကြောင့် အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်ကိုအတော်လေးဒေါသထွက်နေကြသည်။

ထိုစဉ် သူတို့နှင့်မလှမ်းမကမ်းသို့လူရိပ်နှစ်ခုရောက်ရှိလာပြီး ပြင်းထန်သည့်တိုက်ပွဲကို စောင့်ကြည့်နေကြသည်။

All Chapters