ချောင်မျိုးနွယ်မှလူတစ်ယောက်
Vol. 1 Ch. 26
“ ဦးလေးစန်း သိုင်းမဟာမိတ်ကလူတွေက အင်အားသာလွန်နေတာတောင်မှ ဟိုလူနှစ်ယောက်ကိုအနိုင်မရသေးပါလား...”
ရှောင်ယောင်လည်း မလှမ်းမကမ်းတွင်ဖြစ်ပွားနေသည့်တိုက်ပွဲကိုကြည့်ရင်း မနေနိုင်ဘဲမေးလိုက်မိသည် ။
သူတို့တူဝရီးနှစ်ဦးတောအုပ်တွင်းသို့ရောက်လာစဉ် များစွာမလျှောက်ရလိုက်ဘဲ လမ်းမဘေးတွင်ဖြစ်ပွားနေသည့်တိုက်ပွဲကိုအဆင်သင့်မြင်တွေ့ရခြင်းဖြစ်၏။
အာမလံဌာနမှသိုင်းသမားများ၏အလောင်းများမှာ ပြန့်ကျဲနေပြီး ယခုလိုသွေးထွက်သံယိုမြင်ကွင်းကို ပထမဆုံးမြင်လိုက်ရခြင်းကြောင့် ရှောင်ယောင်၏မျက်နှာပင်အနည်းငယ်ဖြူဖျော့သွားမိသည်။
သို့သော်လည်း သူ၏စိတ်ဓာတ်က ကြံ့ခိုင်ပြီး သာမန်ကလေးများထက်များစွာရင့်ကျက်သည့်အတွက် အချိန်တိုအတွင်းပုံမှန်ပြန်ဖြစ်ကာ မည်သို့မှမခံစားရတော့ဘဲ တိုက်ပွဲကိုအကဲခပ်၍မေးလိုက်ခြင်းဖြစ်သည်။
ဤနေရာသို့ရောက်စထဲက ရှောင်ယောင်၏အမူအယာကိုလေ့လာနေသည့်စန်းဟုန်းလျန်လည်း မနေနိုင်ဘဲ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ယခုလိုများပြားသည့်အလောင်းများနှင့် သွေးသံရဲရဲအခြေအနေကိုမြင်တွေ့ချိန်၌ သာမန်ကလေးများဆိုပါက မူးမေ့ခြင်းမရှိလျှင်ပင် အော့အန်မိကြမည်ဖြစ်သည်။
လွန်ခဲ့သည့်ဆယ်နှစ်လုံးအိမ်ထဲမှအိမ်ပြင်မထွက်သည့် ရှောင်ယောင်ကား သိုင်းလောက၏သွေးသံရဲရဲမြင်ကွင်းကိုလျှင်မြန်စွာအသားကျသွားခဲ့ပြီး ထိုအဖြစ်က စန်းဟုန်းလျန်မမြင်လိုသည့်ကိစ္စတစ်ခုလည်းဖြစ်သည်။
“ ဟူး...ညီမလျှံရယ် ရှောင်အာရဲ့ သွေးကစကားပြောတယ်ထင်ပါ့...”
စန်းဟုန်းလျန်လည်းစိတ်ထဲတွင် ဝမ်းနည်းစွာရေရွတ်လိုက်မိသော်လည်း အမူအယာမပျက်စေဘဲ တိုက်ပွဲကိုစူးစိုက်ကြည့်ကာ ပြန်အဖြေပေးလိုက်သည်။
“ ဟုတ်တယ် အခုသိုင်းမဟာမိတ်ကလူတွေက အင်အားမနည်းဘူး ။ အဆင့်လွန်ထိပ်သီးနှစ်ယောက်၊ ထိပ်တန်းအဆင့်သိုင်းသမားသုံးယောက်နဲ့ အဆင့်မြင့်သိုင်းသမားခုနစ်ယောက်တောင်ပါသေးတယ် ။ ဒီအင်အားက အတော်လေးတောင့်တင်းတယ်လို့ပြောလို့ရတယ်.. “
ရှောင်ယောင်လည်း အဖြူရောင်ဝတ်စုံဝတ်လူများ၏သိုင်းပညာမနိမ့်ကျသည်ကိုသိရှိသည့်တိုင် စန်းဟုန်းလျန်၏စကားကြောင့် ပင့်သက်ရှိုက်လိုက်မိ၏။
အဆင့်လွန်ထိပ်သီးများက သိုင်းလောကတွင်လက်မထောင်နိုင်သည့်အဆင့်ဖြစ်ကာ သိုင်းမဟာမိတ်၏အုပ်စုငယ်လေးတစ်ခုတွင်ပင် အဆင့်လွန်ထိပ်သီးနှစ်ယောက်အထိပါဝင်နေသည်။
ထိုအဖြစ်က ရှောင်ယောင်လိုအတွေ့အကြုံနုနယ်သူတစ်ဦးကိုမဆိုထားနှင့်သိုင်းလောကအတွေ့အကြုံရင့်ကျက်သူများကိူပင် အံ့အားသင့်သွားနိုင်သည်။
ရှောင်ယောင်၏အံ့ဩတုန်လှုပ်မှုကိုအကဲခပ်မိ၍ စန်းဟုန်းလျန်က တည်ကြည်သည့်လေသံဖြင့်ရှင်းပြလိုက်သည်။
“ မင်း အခုလို အံ့သြနေရတာ သိုင်းမဟာမိတ်ရဲ့အင်အားကို မင်းမသိသေးလို့ ရှောင်အာရဲ့ ။
သိုင်းမဟာမိတ်က တည်ထောင်တာဆယ်နှစ်ပဲသက်တမ်းရှိတယ်ဆိုပေမယ့် သူတို့က သက်တန်းရင့်ထိပ်တန်းအင်အားစုတွေနီးပါးရှိတယ်။
ဘာကြောင့်လဲဆိုတော့ သူတို့နောက်မှာကျောထောက်နောက်ခံပေးထားတဲ့အဖွဲ့အစည်းရှစ်ခုရှိနေလို့ပဲ။ အခုဆိုရင်တော့ဆယိခုလို့ပြောရမှာပေါ့။
ကျုံဟွာတောင်တိုက်ပွဲပြီးတော့ အလယ်ပိုင်းသိုင်းလောကက ထိပ်တန်းအင်အားစုရှစ်ခုက မဟာမိတ်လုပ်ပြီး သိုင်းမဟာမိတ်ကိုတည်ထောင်ခဲ့တယ် ပြီးတော့ သူတို့ထဲကိုနောက်ထပ်အင်အားစုနှစ်ခုကပါဝင်ရောက်လာတော့ စုစုပေါင်း ထိပ်တန်းအင်အားစုဆယ်ခုအထိဖြစ်သွားတာပေါ့။
စဉ်းစားကြည့်စမ်း ထိပ်တန်းအင်အားစုဆယ်ခုရဲ့ကျောထောက်နောက်ခံကဘယ်လောက်အထိတောင့်တင်းသလိုဆိုတာ။။
သိုင်းမဟာမိတ်ကိုစပြီးဖွဲ့စကတောင် အင်အားစုတစ်ခုက လူသုံးဆယ်စီထောက်ပံ့တော့ စုစုပေါင်းအင်အားနှစ်ရာကျော်အထိရှိတယ်။ ပြီးတော့ သူတို့ထဲကအနိမ့်ဆုံးလူကတောင် အဆင့်မြင့်သိုင်းအဆင့်ရှိသေးတယ်။။
အခုဆိုရင် သူတို့ထဲကိုနောက်ထပ်ဝင်ရောက်တဲ့လူတွေရောရှိတော့ အခုဆိုရင်အင်အားငါးရာကျော်လောက်ရှိပြီထင်တယ်။။
သိုင်းမဟာမိတ်ရဲ့ခေါင်းဆောင်ဆယ်ယောက်ဆိုတာ အဖွဲ့အစည်းဆယ်ခုရဲ့ကိုယ်စားလှယ်သဘောမျိူးပဲ။ သူတို့က အဆင့်လွန်ထိပ်သီးတွေထဲမှာတောင် အစွမ်းထက်တဲ့လူတွေ ။။
ဝူတန်းတောင်ပေါ်မှာ ငါတို့တွေ့ခဲ့တဲ့ အပြာရောင်ဝတ်စုံဝတ်လူက ခေါင်းဆောင်ဆယ်ယောက်ထဲကတစ်ယောက်ဖြစ်တဲ့မုယုံချန်ပဲ။ သူကလည်း အစွမ်းထက်တဲ့အဆင့်လွန်ထိပ်သီးတစ်ယောက်ပဲ...”
စန်းဟုန်းလျန်၏စကားအဆုံး၌ ရှောင်ယောင်လည်း သိုင်းမဟာမိတ်၏အင်အားကိုနားလည်သွားကာ အတော်လေးအထင်ကြီးမိသွားသည် ။
ထို့နောက် တစ်စုံတစ်ခုကိုသတိရသွားပြီး နားမလည်ဟန်ဖြင့်မေးလိုက်သည်။
“ ဒါနဲ့ ဦးလေးစန်းလည်း ကျနော်ငယ်ငယ်ထဲက မြို့ကနေဘယ်မှမထွက်ပဲ ဘယ်လိုလုပ်ဒီသတင်းတွေသိနေတာလဲ မြို့ထဲမှာ အစွမ်းထက်တဲ့သိုင်းသမားတွေလည်းမရှိပါဘူး ..”
ရှောင်ယောင်၏စကားကြောင့် စန်းဟုန်းလျန်လည်း ခပ်ဖွဖွပြုံးလိုက်ပြီး သူ့ကိုပြန်စိုက်ကြည့်ကာမေးလိုက်သည်။
“ မင်းရဲ့အဖိုးစုဘယ်သူလဲဆိုတာ မေ့နေတာလား...”
စန်းဟုန်းလျန်၏စကားကိုကြားမှ ရှောင်ယောင်လည်း သတိရသွားပြီးသူ၏နဖူးကိုပြန်ရိုက်လိုက်မိသည်။
“ ဟုတ်သားပဲ အဖိူးစုက တေလေဂိုဏ်းရဲ့ဂိုဏ်းချုပ်ကြီးပဲ ။ ဒါပေမယ့်သူက ဟိတ်ဟန်လည်းမရှိဘူး။ ပြီးတော့ ဦးလေးစန်းရဲ့ဆရာလောက်လည်း မခန့်ညားဘူး....”
ရှောင်ယောင်၏ ခပ်တိုးတိုးစကားကြောင့်စန်းဟုန်းလျန်လည်း မနေနိုင်ဘဲ ရယ်မောလိုက်မိတော့သည်။
ထိုစဉ် သူတို့၏ဘေးဘက်သို့ အနက်ရောင်အရိပ်တစ်ခုရိပ်ခနဲရောက်ရှိလာပြီး အနည်းငယ်မာကျောသည့်စကားသံကိုပါကြားလိုက်ရသည်။
“ မိတ်ဆွေက တိုက်ပွဲကိုကြည့်ကောင်းလို့ရပ်ကြည့်နေတာလား..”
ရုတ်တရက်ရောက်ရှိလာသည့်လူကြောင့် ရှောင်ယောင်လည်းအနည်းငယ်လန့်ဖျက်သွားပြီး စန်းဟုန်းလျန်အနားသို့တိုးကပ်သွားလိုက်မိ၏။
စန်းဟုန်းလျန်ကား ထိုလူရောက်ရှိနေသည်ကိုရိပ်စားမိဟန်ရပြီး အံ့ဩခြင်းမရှိဘဲတည်ငြိမ်သည့်ပုံစံဖြင့်ကြည့်၍ပြောလိုက်သည်။
“ အခုအတိုင်းဆိုရင် နှစ်ဘက်ကလက်ရည်ညီနေတာပါ။ ဟိုလူငယ်နှစ်ယောက်ကို လူအင်အားအများအပြားနဲ့ဝိုင်းတိုက်တာတောင် တော်လှပြီ။ ကျုပ်ကတော့ အရှက်မရှိဝင်မပါနိုင်ဘူး...”
စန်းဟုန်းလျန်၏စကားကြောင့် နောက်ထပ်ရောက်ရှိလာသည့်လူ၏မျက်နှာကအနည်းငယ်မည်းမှောင်သွားသည်။ ။
ထိုလူက အသက်သုံးဆယ့်ငါးနှစ်ခန့်ရှိကာ ယောင်္ကျားပီသသည့်ရုပ်ရည်ရှိသည့်လူတစ်ယောက်ဖြစ်သည်။
သူ၏ခါးတွင်ဓားရှည်တစ်လက်ကိုချိတ်ဆွဲထားပြီး စူးရှတောက်ပသည့်မျက်လုံးအစုံကိုပိုင်ဆိုင်ထားသည်။
“ ခင်ဗျားပြောတာမှန်ပေမယ့် ကျုပ်ကတော့လက်မခံနိုင်ဘူး။ ဒီလူငယ်တွေက အသက်နှစ်ဆယ်တောင်မပြည့်သေးပေမယ့် ရက်စက်ကြမ်းကြုတ်တဲ့လူတွေဖြစ်နေပြီ။
သူတို့ရဲ့သိုင်းပညာနဲ့ဆိုရင်လူငယ်မျိူးဆက်မှာတောင်ထိပ်တန်းနေရာရှိမှာပဲ။ ဒီလိုလူမျိူးတွေက ဓားပြတိုက်လုယက်နေမယ်လို့ထင်လား ။
သေသွားတဲ့ အာမခံဌာနသိုင်းသမားတွေကိုကြည့်စမ်း ဒီနှစ်ယောက်က ပစ္စည်းလိုချင်ရုံသာမကဘဲ လူပါအပျင်းပြေသတ်ဖြတ်နေကြတ။ ။
သူတို့ကို ကြာကြာလွှတ်ထားရင် နောက်ထပ်လူပေါင်းများစွာသေကြေပျက်စီးရနိူင်တယ်...”
အနက်ရောင်ဝတ်စုံဝတ်လူ၏စကားကြောင့် ရှောင်ယောင်ပင်အနည်းငယ်တွေဝေသွားမိသည်။
ထိုလူ၏စကားမှာလည်းသဘာဝကျလှပြီး ရှောင်ယောင်ပင် သူ၏စကားများကိုထောက်ခံလိုက်မိသည်။။
သို့သော် သိုင်းလောကစည်းမျဉ်းများကိုဂရုစိုက်လိုက်နာပြီး ဖြောင့်မက်သည့်ဝူတန်းဂိုဏ်းသားတစ်ယောက်ပီပီ စန်းဟုန်းလျန်ကထိုသို့ပြုလုပ်မည်မဟုတ်ပေ။
သူတို့ကြားရှိအခြေအနေက အချိန်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားပြီး စန်းဟုန်းလျန်၏အသံထွက်ပေါ်လာပြန်သည်။
“ ဒါက မင်းရဲ့အမြင်ပေါ့ ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့သိုင်းမဟာမိတ်ကလူတွေမကြာခင်အရေးနိမ့်တော့မယ်နဲ့တူတယ်ခေါင်းဆောင်ချောင်...”
တိုက်ပွဲကိုစူးစိုက်ကြည့်နေရာမှပြောလာသည့်စန်းဟုန်းလျန်၏စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူလည်းအံ့အားသင့်သွားပြီးချက်ခြင်းပြန်မေးလိုက်သည်။
“ ကျုပ်ကို ခင်ဗျားဘယ်လိုလုပ်သိတာလဲ...”
ထိုလူက သူမည်သူမည်ဝါဖြစ်သည်ကို စန်းဟုန်းလျန်သိရှိနေခြင်းကိုအံ့ဩနေခြင်းဖြစ်ပြီး သူ၏ပုံစံကအနည်းငယ်သတိထားဟန်လည်းတူသည်။
ပြင်းထန်သည့်တိုက်ပွဲကို ကလေးတစ်ယောက်လက်ဆွဲ၍ဇိမ်ပြေနပြေရပ်ကြည့်နေခြင်းက သာမန်သိုင်းသမားတို့တတ်နိုင်သည်မဟုတ်ဘဲ ဤနေရာသို့သူရောက်စကပင် လက်တစ်ဖက်မရှိသည့်ထိုလူမှာအစွမ်းထက်သိုင်းထိပ်သီးတစ်ယောက်ဟုရိပ်စားမိထားသည်။
ထို့ကြောင့် ယခုလိုစန်းဟုန်းလျန်၏စကားကိုကြားသည့်အခါ ရန်သူမိတ်ဆွေမခွဲနိုင်သေး၍ သတိထားသည့်ပုံစံဖြစ်သွားခြင်းဖြစ်၏။။
ထိုလူ၏လေးနက်သည့်အပြုအမူကြောင့်စန်းဟုန်းလျန်လည်းခေါင်းယမ်း၍တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
“ ဟိုမှာတိုက်ခိုက်နေတဲ့လူတွေထဲက အများစုက ချောင်မျိုးနွယ်ရဲ့တိမ်ဖြူလျှပ်စီးဓားသိုင်းကိုအသုံးပြုနေကြတယ်။။
ပြီးတော့ ခင်ဗျားကသိုင်းပညာအဆင့်မနိမ့်တဲ့အပြင် သိုင်းမဟာမိတ်နဲ့ပတ်သတ်နေတယ်။ သိုင်းမဟာမိတ်ရဲ့ခေါင်းဆောင်တစ်ယောက်တောင်ဖြစ်ကောင်းဖြစ်နေနိုင်တယ်။။
သိုင်းမဟာမိတ်ရဲ့ခေါင်းဆောင်တွေထဲမှာ ကျုပ်မသိတာနှစ်ယောက်ပဲရှိတယ်။ မိုးကြိုးနတ်ဓားဂိုဏ်းက ဒီနေရာနဲ့ဝေးတော့ မင်းက ချောင်မျိုးနွယ်ကလူပဲဖြစ်မှာပေါ့....”
စန်းဟုန်းလျန်၏စကားအဆူံး၌ အနက်ရောင်ဝတ်စုံဝတ်လူပင် တည်ငြိမ်မနေနိုင်တော့ပေ။
သူ၏ရှေ့ရှိလက်တစ်ဖက်ပြက်လူမှာ သိုင်းလောကအတွေ့အကြံပြည့်ဝသည့်အပြင် အစွမ်းထက်သိုင်းထိပ်သီးတစ်ယောက်လည်းဖြစ်နေနိုင်ရာ သိုင်းလောက၌နာမည်မရှိသူမဖြစ်နိုင်ပေ။
သို့သော်လည်း သူတို့၏ချောင်မျိူးနွယ်မှာ သိုင်းလောကတွင်လှုပ်ရှားသည်ကမကြာမြင့်သေး၍ ထိုလူမည်သူမည်ဝါဖြစ်သည်ကိုသိရှိမနေပေ။
အနက်ရောင်ဝတ်စုံဝတ်လူက စန်းဟုန်းလျန်ကိုလေးစားသည့်အကြည့်ဖြင့်ကြည့်လိုက်ရင်းတစ်စုံတစ်ခုပြောမည်ပြုလိုက်သော်လည်း တိုက်ပွဲထဲမှအော်ဟစ်သံအချို့ထွက်ပေါ်လာ၍ သူ၏မျက်နှာအနည်းငယ်ပြောင်းလဲသွားပြီးအလျှင်အမြန်ပြောလိုက်သည်။
“ ပြီးမှဆက်ပြောကြတာပေါ့ ကျုပ်ကိုခွင့်ပြုပါဦး...”
စကားဆုံးသည်နှင့်ထိုလူ၏ခန္တာကိုယ်ကတိုက်ပွဲအတွင်းသို့ရိပ်ခနဲရောက်ရှိနေပြီဖြစ်သည်။