← Chapters

အရိပ်တစ္ဆေဝူယွမ်

Vol. 1 Ch. 27

အရိပ်တစ္ဆေဝူယွမ်

Vol. 1 Ch. 27

သိုင်းမဟာမိတ်မှသိုင်းသမားများမှာ လူအင်အားသာလွန်များပြားလှသော်လည်း အဆင့်လွန်ထိပ်သီးအဆင့်ရှိသည့်လူငယ်နှစ်ယောက်ကိုအနိုင်မယူနိုင်ရှာသေးပေ။

လူငယ်နှစ်ယောက်က အသက်နှစ်ဆယ်ကျော်သာရှိကြမည်ဖြစ်သော်လည်း အစွမ်းထက်သိုင်းပညာရပ်များကိုတတ်မြောက်ထားပြီး အဆင့်တူများကိုအေးအေးဆေးဆေးအနိုင်ယူနိုင်သူများဖြစ်သည်။

သူတို့နှစ်ယောက်စလုံးမှာ အနက်ရောင်သိုင်းဝတ်စုံများကိုဝတ်ဆင်ထားကြပြိး မျက်ခုံးထူထူမျက်လုံးပြူးပြူးလူငယ်က ဓားရှည်တစ်လက်ကိုအသုံးပြုကာ တိုက်ခိုက်နေခြင်းဖြစ်ကာ ကြည့်ကောင်းသည့်လူငယ်က လက်ဗလာဖြင့်တိုက်ခိုက်နေခြင်းဖြစ်သည်။

သိုင်းမဟာမိတ်မှသိုင်းသမားများထဲတွင် အဆင့်လွန်ထိပ်သီးနှစ်ယောက်အထိပါဝင်ပြိး ထိပ်တန်းအဆင့်သိုင်းသမားသူံးယောက်နှင့်ကျန်လူများက အဆင့်မြင့်သိုင်းသမားများဖြစ်ကြသည့်တိုင် လူငယ်နှစ်ယောက်ကိုအနိုင်မယူနိုင်သေးသည်က အတော်လေးအံ့ဩဖွယ်ကောင်းလှသည်။

ထိုအစား သူတို့က လူငယ်နှစ်ယောက်၏ဖိနှိပ်မှုကိုခံနေရပြီး သူတို့ထဲမှသုံးလေးယောက်ခန့်ဒဏ်ရာရရှိသွား၍ အနက်ရောင်ဝတ်စုံဝတ်ချောင်မျိူးနွယ်မှလူက တိုက်ပွဲအတွင်း ခုန်ဝင်သွားခြင်းဖြစ်သည်။

“ နောက်ဆုတ်လိုက်ကြစမ်း ..”

ချောင်မျိုးနွယ်သိုင်းသမားက အော်ဟစ်အသံပေးလိုက်ပြီးသူ၏ခါးတွင်ချိတ်ဆွဲထားသည့်ဓားကိုရွှမ်းခနဲဆွဲထုတ်ကာ ရှေ့သို့ဝေ့ယမ်းလိုက်သည်။

ဝင်းလက်သည့်ဓားရိပ်များက များပြားစွာထွက်ပေါ်လာပြီး အနက်ရောင်ဝတ်စုံဝတ်လူငယ်နှစ်ယောက်လည်း ချက်ခြင်းပင်နောက်ဆုတ်ရှောင်တိမ်းပေးလိုက်ကြရသည်။

“ ထန်း....ထန်း...”

ဓားချင်းထိခတ်သံများထွက်ပေါ်လာပြီး မျက်လုံးပြူးပြူးလူရွယ်က နောက်သို့ခြေသုံးလှမ်းအထိဆုတ်ပေးလိုက်ရသည်။

ချောင်မျိုးနွယ်မှလူ၏တိုက်ကွက်ကို သူခုခံနိူင်ခဲ့သည်ဟုဆိုနိုင်သာ်လည်း ဓားကိုင်လက်တစ်ခုလုံးကျင်တတ်သွားသည့်အပြင် ခြေသုံးလှမ်းအထိဆုတ်ပေးခဲ့ရ၍တစ်ဖက်လူ၏အတွင်းအားကိုဖြုံသွားမိသည်။

ချောမောသည့်လူငယ်ကား ချောင်မျိုးနွယ်မှလူတိုက်ခိုက်စဉ်ကပင် နောက်သို့ရိပ်ခနဲခုန်‌ဆုတ်ကာ ရှောင်တိမ်းပြီးဖြစ်သည်။

သူ့အဖော်၏ဘေး၌ တည်ငြိမ်စွာရပ်နေသည့်သူ၏ပုံစံက အေးဆေး‌သည်ဟုထင်ရသော်လည်း ရင်ဘက်နေရာတွင် ဓားရာတစ်ခုထွက်ပေါ်နေပြီး အသေးစားဒဏ်ရာတစ်ခုရှိနေသည်။

“ ဝိုး...ဒီလူက တကယ်အစွမ်းထက်တာပဲ....”

ရှောင်ယောင်လည်း ချောင်မျိုးနွယ်မှလူ၏သိုင်းပညာကြောင့်မနေနိုင်ဘဲ အော်ဟစ်လိုက်မိ၏။

သူ၏စကားကြောင့် စန်းဟုန်းလျန်က တိုက်ပွဲဆီသို့ကြည့်ရှုနေရာမှ မျက်နှာမလွှဲဘဲ ရှင်းပြလိုက်သည်။

“ အဲဒါက ချောင်မျိုးနွယ်ရဲ့နာမည်ကျော်လျှပ်တပြက်ဓားသိုင်းထဲက လျှပ်စီးခုနစ်လက်ဆိုတဲ့ဓားကွက်ပဲ။

ပြိုင်ဘက်ကို မျက်စေ့တမှိတ်အတွင်းမှာ ခုနစ်ချက်အထိတိုက်ခိုက်နိုင်ပြီးတော့ အလွန်အစွမ်းထက်တဲ့ဓားကွက်တစ်ခုပေါ့။ တကယ်လို့သူသာ သတိမပေးဘဲ အလစ်ဝင်တိုက်ရင် ဟိုလူငယ်နှစ်ယောက်မသေရင်တောင် ဒဏ်ရာအပြင်းအထန်ရသွားနိုင်တယ်...”

စန်းဟုန်းလျန်၏စကားအဆုံး၌ ရှောင်ယောင်၏မျက်လုံးလေးများဝိုင်းစက်သွားပြီး ချောင်မျိုးနွယ်၏လျှပ်တပြက်ဓားသိုင်းကိုအထင်ကြီးသွားမိသည် ။

သို့သော် စန်းဟုန်းလျန်က မျက်မှောင်ကြုတ်ရင်း အနည်းငယ်လေးလံသည့်လေသံဖြင့်ဆက်ပြောလိုက်သည်။

“ ဟိုလူငယ်နှစ်ယောက်ထဲမှာ မျက်လုံးပြူးပြူးနဲ့လူက လျှင်မြန်မှုကိုအခြေခံတဲ့ထိပ်တန်းအဆင့်ဓားသိုင်းတစ်ခုကို အသုံးပြုတယ်။ ကျန်တစ်ယောက်ကတော့ ကိုယ်ဖော့ပညာအဓိကထားပြီး လက်ချောင်းသိုင်းတစ်မျိူးနဲ့လက်ဝါးသိုင်းတစ်ခုကိုသုံးတယ်။

လျှင်မြန်တဲ့ဓားသိုင်းရဲ့ဇာတ်မြစ်ကို ငါမသိပေမယ့် ဟိုနားမှာ သေဆုံးနေတဲ့သိုင်းသမားတွေထဲကအလောင်းအချို့က အရိုးတွေအပိူင်းပိုင်းကျိူးနေပြီးသေဆုံးတော့ လက်နက်မဲ့သိုင်းသမားလူငယ်ရဲ့လက်ချက်ဖြစ်နိုင်တယ်။။

သိုင်းလောကမှာ အရိုးတွေအပိုင်းပိုင်းဖြစ်စေနိုင်တဲ့လက်ချောင်းသိုင်းကအများကြီးမရှိဘူး။ ငါထင်တာမမှားရင် သူတို့က အဲဒီလူရဲ့တပည့်ဖြစ်နိုင်တယ်...”

စန်းဟုန်းလျန်၏အမူအယာကအစောပိုင်းကနှင့်မတူတော့ဘဲ လေးနက်တည်ကြည်နေ၍ ရှောင်ယောင်လည်း တစ်စုံတစ်ခုထူးခြားမှုရှိသည်ကို သတိပြုမိ၍ ဆက်မပေးတော့ဘဲ တိတ်တဆိတ်နေလိုက်တော့သည်။

တိုက်ပွဲဖြစ်နေသည့်နေရာ၌ သိုင်းမဟာမိတ်မှလူများမှာ အနက်ရောင်ဝတ်စုံဝတ်လူရောက်ရှိလာသည့်အတွက် ထိုလူ့ကိုအရိုအသေပေးကာ ဒဏ်ရာရနေသူများကိုတွဲ၍ နောက်ဆုတ်သွားလိုက်ကြသည်။

အနက်ရောင်ဝတ်စုံဝတ်‌ချောင်မျိုးနွယ်ဝင်က တစ်ဖက်လူငယ်နှစ်ယောက်ကိုဆက်လက်တိုက်ခိုက်ခြင်းမရှိဘဲ ‌လက်နောက်ပစ်၍ တည်ငြိမ်သည့်ဟန်ဖြင့်ပြောလိုက်သည်။

“ မင်းတို့နှစ်ယောက်က ဘာကိစ္စနဲ့ဒီလိုရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကိုလုပ်နေရတာလဲ။ ဒီမှာ အာမခံဌာနကသိုင်းသမားဆယ်ယောက်ကျော်တောင်သေသွားခဲ့ရပြီ ။

မင်းတို့ရဲ့လုပ်ရပ်တွေက ရက်စက်ကြမ်းကြုတ်လွန်းတယ်... သိုင်းမဟာမိတ်ကိုအသာတကြည်လိုက်လာပြီး ငါတို့အပြစ်ပေးတာကို လက်ခံမယ်ဆိုရင် မင်းတို့အသက်ကိုချမ်းသာပေးမယ် “

ချောင်မျိုးနွယ်မှသိုင်းသမားက လူငယ်နှစ်ယောက်ကိုအေးစက်စက်လေသံဖြင့်ပြောလိုက်သည်။

အကယ်၍ သူသာ ဆက်လက်တိုက်ခိုက်ပါက ထိုနှစ်ယောက်ကိုသိုင်းကွက်ငါးဆယ်အတွင်းအနိုင်ယူနိုင်မည်ဖြစ်သော်လည်း လူငယ်မျိုးဆက်များကို မတိုက်ခိုက်လို၍ယခုလိုပြောလိုက်ခြင်းဖြစ်သည်။

သို့သော် ရဟန္တာပင်တရားချ၍ပင်မရသည့်လူ့အမှိုက်လိုလူများကို ယခုလိုမျိုးအသာတကြည်ဆိုးမ၍ရမည်လော။

“ ဟေ့ ဝူချင်း ဒီလူက ငါတို့ကို သူတို့ဌာနချုပ်ဆီ လက်ဖက်ရည်သောက်လာဦးလို့ဆိုနေပါလား.....”

မျက်ခုံးထူထူလူငယ်က အံ့ဩသည့်ဟန်ဖြင့်စ၍ပြောလိုက်သည်။ သူ၏စကားကို ကြည့်ကောင်းသည့်လူငယ်က အလိုက်သင့်ပြန်ပြောလိုက်သည်။

“ အေးကွ ဝူယောင် ငါတို့သိုင်းမဟာမိတ်ရဲ့ဌာနချုက်ကိုအလည်လိုက်သွားရင်ကောင်းမလား...”

“ ဟားဟား....သောက်ရူး...”

လူငယ်နှစ်ယောက်က အတိုင်အဖောက်ညီစွာပြောနေရင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ အော်ဟစ်ရယ်မောတော့သည်။

ထိုနှစ်ယောက်၏ရိုင်းစိုင်းသည့်အပြုအမူကြောင့် သိုင်းမဟာမိတ်မှလူများဒေါသတကြီးဖြစ်သွားကြသလို လက်အောက်ငယ်သားများ၏ရှေ့‌၌ လှောင်ပြောင်ခံလိုက်ရ၍ ချောင်မျိူးနွယ်မှလူ၏မျက်နှာကမည်းမှောင်သွားသည်။

“ ကောင်းပြီလေ ဒါဆိုရင် မင်းတို့ရဲ့သိုင်းပညာကိုဖျက်ဆီးပြီး ဌာချုပ်မှာ အပြစ်ပေးဖို့ဖမ်းခေါ်သွားရတာပေါ့... သိုင်းကွက်ကြည့်စမ”

ချောင်မျိုးနွယ်သိုင်းသမားက ‌တင်းမာသည့်လေသံဖြင့်ရေရွတ်ရင်း သတိပေးအော်ဟစ်၍ ရှေ့သို့ တိုးဝင်လိုက်သည်။

ချောင်မျိုးနွယ်မှလူကို လှောင်ပြောင်နေခဲ့သော်လည်း အမြဲမပြက်သတိထားနေသည့်လူငယ်နှစ်ယောက်လည်း ချက်ခြင်းလိုလိုခုခံတိုက်ခိုက်လိုက်ကြသည်။

သူတို့နှစ်ယောက်စလုံးက အဆင့်လွန်ထိပ်သီးများဖြစ်ပြီး ထိပ်တန်းအဆင့်သိုင်းပညာများတတ်မြောက်ကြသည့်တိုင် ပုံမှန်အတိုင်းသာတိုက်ခိုက်ပါက ထိုလူ့ကိုရှုံးနိမ့်ရမည်ကို ကောင်းစွာသိထားပေသည်။

“ ဟဲ ဟဲ မိတ်ဆွေကအတော်လောတာပဲ ဝါရင့်သိုင်းသမားဆိုတဲ့ဂုဏ်ကိုမှမ‌ထောက် ကျုပ်တပည့်လေးတွေကို ကိုယ်တိုင်တိုက်ခိုက်တော့မှာလား....”

ကျယ်လောင်သည့် ရယ်မောသံနှင့်အတူ အနီးရှိမြင့်မားလှသည့်သစ်ပင်ကြီးထက်မှ အနက်ရောင်အရိပ်တစ်ခုက ပေါ့ပါးစွာကျဆင်းလာသည် ။

လူငယ်နှစ်ယောက်ကိုတိုက်ခိုက်မည်ပြုလိုက်သည့် ချောင်မျိုးနွယ်သိုင်းသမားပင်ချက်ခြင်းလိုလိုကိုယ်ရှိန်သပ်၍ မျက်မှောင်ကြုတ်လိုက်မိသည်။

အကြောင်းက တိုက်ပွဲဖြစ်တော့မည့်ကြားထဲသို့အသာအယာဆင်းသက်လာသူ၏ကိုယ်ဖော့ပညာက လွန်စွာကောင်းမွန်လှ၍ဖြစ်ပြီး ပေသူံးဆယ်ခန့်နီးပါးအမြင့်မှ ငှက်မွှေးလေးလို ပေါ့ပါးစွာကျဆင်းလာသည်။

နောက်ထပ်ရောက်ရှိလာသူက အသက်လေးဆယ့်ငါးနှစ်ခန့်ရှိကာ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ပိန်ပိန်ပါးပါးခန္တာကိူယ်ရှိသည်။

သူ၏ရုပ်ရည်က သာမန်သာဖြစ်သော်လည်း ပါးနပ်ထက်မြက်သည့်ပုံစံရှိသည့်အပြင် တလက်လက်တောက်ပနေသည့်မျက်လုံးများက အတွင်းအားလွန်စွာကောင်းမွန်မည့်သိုင်းသမားတစ်ယောက်ဖြစ်ကြောင်းသက်သေခံနေသည်။

“ ဆရာ... ဆရာရောက်လာပြီလား...”

မျက်လုံးပြူးပြူးလူငယ်နှင့် ကြည့်ကောင်းသည့်လူငယ်တို့နှစ်ဦးက နောက်ထပ်ရောက်ရှိလာသူကိုမြင်လျှင် ဝမ်းသာအားရနှုတ်ဆက်လိုက်က့၏။

“ သူကရော ဘယ်သူလဲဦးလေးစန်း...”

ရှောင်ယောင်လည်း အစွမ်းထက်သိုင်းသမားများတစ်ဦးပြီးတစ်ဦးပေါ်ထွက်လာရာ အံ့အားသင့်နေမိပြီး စန်းဟုန်းလျန်ကို ခပ်တိုးတိုးမေးလိုက်သည်။

သို့သော် စန်းဟုန်းလျန်ကအဖြေမပေးဘဲ အနက်ရောင်ဝတ်စုံဝတ်လူနှင့်ချောင်မျိုးနွယ်သိုင်းသမားတို့ကို မျက်တောက်မခတ်စိုက်ကြည့်နေသည်။

ထိုလူမည်သည့်အချိန်ကရောက်ရှိနေသည်ကို သူကိုယ်တိုင်ပင်သတိမထားလိုက်မိသလို သူတွေးထင်ထားသည့်လူသာဖြစ်ပါက သူတို့နှစ်ယောက်အတွက်ပင် အန္တရာယ်ရှိလာနိုင်ပေသည်။

“ ခင်ဗျားက ဘယ်သူများလဲ...”

ချောင်မျိုးနွယ်သိုင်းသမားက အနက်ရောင်ဝတ်စုံဝတ်လူကိုကြည့်၍ လေးနက်သည့်အမူအယာဖြင့်မေးလိုက်သည်။

လူငယ်နှစ်ယောက်၏အပြုအမူကိုကြည့်၍ ထိုလူမှာ သူတို့၏ဆရာဖြစ်သည်ကိုသိရှိပြီးဖြစ်သော်လည်း ထိုလူ၏အစစ်အမှန်ပုံရိပ်ကို သူကောင်းစွာမသိပေ။

“ ကျုပ်နာမည်က ဝူယွမ် ...သိုင်းလောကသားတွေကတော့ အရိပ်တစ္ဆေဝူယွမ်လို့ခေါ်ကြတယ်...”

အနက်ရောက်ဝတ်စုံဝတ်လူက အေးဆေးတည်ငြိမ်စွာဖြင့်ရှိနေပြီး ကောင်းမွန်စွာပြန်ဖြေလိုက်သည်။

သို့သော် သူ၏အဖြေက သိုင်းမဟာမိတ်မှလူများကိုထိတ်လန့်သွားစေရုံသာမက ချောင်မျိုးနွယ်သိုင်းသမားပင် နောက်တစ်လှမ်း‌ဆုတ်လိုက်မိ၏။

“ သိုင်းထိပ်သီးဆယ်‌ယောက်စာရင်းက ဝူယွမ်လား....”

ချောင်မျိုးနွယ်မှလူက လေးနက်သည့်လေသံဖြင့်မေးလိုက်သည်။ အပြင်ပန်း၌ သူ၏ပုံစံကတည်ငြိမ်သည်ဟုထင်ရသည့်တိုင် စိတ်ထဲတွင်သတိကြီးစွာထားနေပေသည်။

အရိပ်တစ္ဆေဝူယွမ်

ထိုအမည်က ယခင်သိုင်းထိပ်သီးဆယ်ယောက်စာရင်းတွင်ပါဝင်ပြီး နံပါတ်လေးနေရာတွင်ရှိပေသည်။

အံ့မခန်းကိုယ်ဖော့ပညာ ၊ ကြောက်စရာကောင်းသည့်လက်နက်ပုန်းများက ဝူယွမ်ကို သိုင်းထိပ်သီးယောက်စာရင်းတွင်နံပါတ်လေးနေရာအထိရောက်ရှိစေသော်လည်း လူမြင်ကွင်းသို့ထွက်လေ့မရှိ၍ သူ၏ရုပ်သွင်ကိုမြင်ဖူးသူနည်းပါးလှသည်။

ကောဘဟာလများအရ သူ၏ကိုယ်ဖော့ပညာက သိုင်းလောက၏နံပါတ်တစ်ကိုယ်ဖော့ပညာရှင် တိမ်နဂါးယွင်ဖေးနှင့်ပင်မတိမ်းမယိမ်းရှိသည်ဟုဆိုကြပြီး ကိုယ်ဖော့ပညာသီးသန့်ဆိုပါက သိုင်းလောက၏ထိပ်ဆုံးသူံးနေရာကို သေချာပေါက်ဝင်ပေလိမ့်မည်။

ထို့အပြင် သူ၏လုပ်ရပ်များက တစ်ခါတစ်ရံ၌ အနက်ရောင်သိုင်းသမားများထက်ရက်စက်ကြမ်းကြုတ်ပြီး တစ်ခါတစ်ရံအဖြူရောင်သိုင်းလောကသားများထက်ပင် မှန်ကန်ဖြောင့်မက်နေပြန်သည်။

သူ၏စိတ်ထားကို မည်သူမှခန့်မှန်းမရဘဲ အဖြူမဟုတ်အနက်မဟုတ်သိုင်းသမားတစ်ယောက်ဟု ပြောရပေမည် ။

ဝူယွမ်က ပဟေဠိဆန်သော်လည်း သူ၏အစွမ်းအစက သာမန်မဟုတ်ဘဲ ကျော်ကြားမှုနှင့်အမှန်ပင်ထိုက်တန်လှသည် ။

သို့သော်လည်း ကျုံဟွာတောင်တိုက်ပွဲမတိုင်မီ လေးငါးနှစ်ကျော်ကပင်သိုင်းလောကထဲမှပျောက်ကွယ်သွားခြင်းဖြစ်သည်။

သို့တိုင် သူ၏ကျော်ကြားမှုကသိုင်းလောကထဲတွင်ကျန်ရှိနေဆဲဖြစ်ပြီး သိုင်းလောကထဲတွင်လှုပ်ရှားလေ့မရှိသည့်ချောင်မျိုးနွယ်မှလူပင် သူ၏အမည်ကိုကောင်းစွာကြားဖူးပေသည် ။

“ အိုး...လူတစ်ချို့က ကျုပ်ကိုမှတ်မိသေးပါလား...”

အနက်ရောင်ဝတ်စုံဝတ်လူက အသာပြုံး၍ရေရွတ်လိုက်သည့်အတွက် ချောင်မျိုးနွယ်သိုင်းသမားလည်း ရင်ထဲတွင်ခဲဆွဲထားသလိုလေးလံသွားတော့သည်။

All Chapters