တစ်ဖက်သက်တိုက်ပွဲ
Vol. 1 Ch. 29
ဝူယွမ်၏တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်သည့်တိုင် ချောင်ဖေးဟုန်တစ်ယောက်စိတ်သက်သာရာမရဘဲ အန္တရာယ်အငွေ့အသက်ကိုခံစားမိလိုက်ပြီး သူ၏ဓားဖြင့်ရှေ့သို့ထိုးစိုက်လိုက်သည်။
“ ဝှစ်...’
ဝူယွမ်၏ခန္တာကိုယ်က ရှေ့ဘက်မှရွေ့လျားသွားပြီးချောင်ဖေးဟုန်၏ဘေးဘက်တွင်ပြန်၍ပေါ်ထွက်လာကာ သူ၏လက်ချောင်းများဖြင့်နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။
“ ထန်း...ထန်း....”
ချောင်ဖေးဟုန်၏ဓားနှင့်ဝူယွမ်၏လက်ချောင်းတို့က မကြာခဏထိတွေ့နေပြီး သံချင်းထိခတ်သံများလည်း ဆူညံစွာထွက်ပေါ်နေသည်။
ဝူယွမ်၏ ရှည်လျားပိန်ပါးသည့်လက်ချောင်းများက သံမဏိထက်ပင်မာကျောသည်ဟုထင်ရကာ ချောင်ဖေးဟုန်၏ဓားကိုပင်လက်ဗလာရင်ဆိုင်နေသည်။
ထိုအပြင် သူ၏အံ့မခန်းကိုယ်ဖော့ပညာဖြင့်လှည့်ပတ်တိုက်ခိုက်နေရာ တစ်ကွက်အရေးနိမ့်သွားသည့်ချောင်ဖေးဟုန်လည်း အောက်စည်းမှမလွတ်မြောက်နိုင်ဘဲ အသေအလဲကာကွယ်နေရသည်။
ပြီးခဲ့သည့်သိုင်းကွက်အနည်းငယ်ကပင် ချောင်ဖေးဟုန်အသာစီးရနေသော်ငြား ဝူယွမ်စတင်တိုက်ခိုက်လိုက်သည်နှင့်တိုက်ပွဲကပြောင်းပြန်လိုဖြစ်သွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသည့်လက်ချောင်းများ၊ အရိပ်တစ်ခုလိုလျှင်မြန်လှသည့်ကိုယ်ဖော့ပညာတို့ကိုပိုင်ဆိုင်ထားသည့်ဝူယွမ်ကို ချောင်ဖေးဟုန်တစ်ယောက်မည်သို့မှယှဉ်နိုင်ခြင်းမရှိပေ။
သူ၏လျှပ်တပြက်ဓားသိုင်းကအစွမ်းထက်လှပြီး ချောင်ဖေးဟုန်ကိုယ်တိုင်ကအစွမ်းထက်သည့်အဆင့်လွန်ထိပ်သီးတစ်ဦးဖြစ်သည့်တိုင် ဝူယွမ်နှင့်ယှဉ်လိုက်ပါက တစ်ဆင့်ခန့်နိမ့်ကျနေသေးသည်။
“ ရွှီး...ရှီး...”
ဝူယွမ်၏လက်ဆယ်ချောင်းက လေထုကိုဆွဲဖြဲပစ်နေသည်ဟုပင်ထင်ရပြီး ချောင်ဖေးဟုန်၏ခန္တာကိုယ်အစိတ်အပိုငိးများဆီသို့ မကြာခဏရစ်ဝဲလာတတ်သည်။
ချောင်ဖေးဟုန်မှာ လျှပ်တပြက်ဓားသိုင်းကိုအစွမ်းကုန်အသုံးပြုနေသည့်တိုင် အောက်စည်းမှရုန်းထွက်နိုင်ခြင်းမရှိဘဲ သိုင်းကွက်ဆယ်ကွက်အတွင်း ကျိန်းသေပေါက်ရှုံးနိမ့်ပေတော့မည်။
ပြိုင်ဘက်၏အဆက်မပြက်ဖိနှိပ်မှုကိုခံနေရ၍ သူ၏စိတ်ထဲတွင်လည်း ဒေါသစိတ်နှင့်အတူထိတ်လန့်တုန်လှုပ်သည့်ခံစားချက်အနည်းငယ်ပါထွက်ပေါ်လာသည်။
ထိုအချိန်တွင် သူတို့၏တိုက်ပွဲအနီးသို့ အဖြူရောင်အရိပ်တစ်ခုလျှင်မြန်စွာဝင်ရောက်လာပြီး ဝူယွမ့်ကိုဦးတည်တိုက်ခိုက်လာသည့်ဓားတစ်စင်းထွက်ပေါ်လာသည်။
“ ဝှစ်....”
ဘေးဘက်မှထွက်ပေါ်လာသည့်ဓားရှည်က လေထုကိုသာထိုးမိသွားသော်လည်း ဝူယွမ်မှာထိုဓားချက်ကိုအလျှင်အမြန်ရှောင်တိမ်းခဲ့ရခြင်းဖြစ်ပြီး သူ၏တိုက်ကွက်များကိုပင်ဖျက်သိမ်းခဲ့ရသည်။
ထိုအခါမှ ချောင်ဖေးဟုန်လည်း အသက်ရှူချောင်သွားကာ တိုက်ပွဲအတွင်းသို့ဝင်ပါလာသည့် စန်းဟုန်းလျန်ကိုကျေးဇူးတင်စွာကြည့်လိုက်သည်။
သူနှင့်မလှမ်းမကမ်းတွင် သိုင်းမဟာမိတ်မှလူများရှိသော်လည်း သူ့ကိုသာ ထိုလူများဝင်ရောက်ကူညီပါက တစ်ဖက်မှဝူယွမ်၏တပည့်နှစ်ယောက်ကကျိန်းသပေါက်ဝင်ရောက်တိုက်ခိုက်ပေမည်။
ထိုအချိန်သို့ရောက်ရှိပါက သူတို့နှစ်ဘက်ကြားတွင် သူသေကိုယ်သေတိုက်ပွဲအဆင့်ထိရောက်ရှိသွားမည်ဖြစ်ပြီး သူ၏လူများသေကြေပျက်စီးရမာ့် ထိုအဖြစ်ကိုသူအလိုမရှိပေ။
စန်းဟုန်းလျန်အချိန်ကိုက်ဝင်ပါခြင်းက သူရှူံးနိမ့်ရမည့်အရေးကိုကယ်တင်လိုက်ခြင်းဖြစ်သလို နှစ်ဦးနှစ်ဖက်မျှခြေကိုထိမ်းသိမ်းလိုက်ခြင်းလည်းဖြစ်သည်။
တစ်ဖက်တွင်ဝူယွမ်လည်း စန်းဟုန်းလျန်ဝင်ပါမည်ကိုကြိုတင်မျှော်လင့်ထားပြီးဖြစ်၍ အံ့ဩဟန်မရသည့်အပြင် ဆက်လက်တိုက်ခိုက်ခြင်းမရှိဘဲဟားတိုက်ရယ်မောလိုက်သည်။
“ ဟားဟား မင်းတို့အဖြူရောင်သိုင်းလောကသားတွေက ဂုဏ်သိက္ခာနဲ့သိုင်းလောကစည်းမျဉ်းဆိုတာတွေကို ပါးစပ်ဖျားကမချပေမယ့် တကယ်တန်းကျ အရေးနိမ့်လာရင်ဘာမဆိုလုပ်မယ့်လူတွေပဲမလား...”
ဝူယွမ်က တိုက်ပွဲအတွင်းသို့ စန်းဟုန်းလျန်ဝင်ရောက်စွက်ဖက်သည့်ကိစ္စကိုဆို၍ လှောင်ပြောင်ခြင်းဖြစ်သည်။
သူ၏စကားကြောင့် ချောင်ဖေးဟုန်၏အမူအယာကပြောင်းလဲသွားပြီး စန်းဟုန်းလျန်မျက်နှာမပျက်စေရန်တစ်စုံတစ်ခုဝင်ပြောမည်ပြုလိုက်သော်ငြား စန်းဟုန်းလျန်ကလက်ကာပြ၍ ဝူယွမ့်ကိုကြည့်လိုက်သည်။
“ သာမန်သိုင်းသမားတစ်ယောက်ယောက်နဲ့တိုက်ခိုက်ရင် သိုင်းလောကစည်းမျဥ်းတွေကအရေးပါပေမယ့် ခင်ဗျားလို မကောင်းတဲ့လူတစ်ယောက်နဲ့တိုက်ခိုက်ဖို့ အဲဒီစည်းမျဉ်းတွေကိုလိုက်နားရာမလိုဘူးလို့ ကျုပ်ကိုတစ်ယောက်ယောက်ကပြောဖူးတယ်....”
စန်းဟုန်းလျန်၏အမူအယာကတည်ငြိမ်နေသော်လည်း ခပ်လှမ်းလှမ်းတွင်ရပ်နေသည့်ရှောင်ယောင်ကိုကြည့်၍ သူ၏မျက်နှာထက်၌အပြုံးရိပ်တစ်ခုထွက်ပေါ်လာသည်။
ရှောင်ယောင်ကား သိုင်းမဟာမိတ်မှလူများ၏အနီးသို့ရောက်ရှိနေပြီး ဥာဏ်ကောင်းပါးနပ်သူတစ်ယောက်ပီပီ စန်းဟုန်းလျန်တိုက်ပွဲအတွင်းဝင်ရောက်သွားသည်နှင့် သူ့ကိုကာကွယ်ပေးနိုင်သည့်လူများအနီးသို့ချဉ်းကပ်သွားခြင်းဖြစ်သည်။
စန်းဟုန်းလျန်၏စကားကြောင့် ဝူယွမ်ပင်သဘောကျသွားဟန်တူပြီး ခေါင်းတဆက်ဆက်ညိမ့်လိုက်မိသည်။
“ ကောင်းတယ် မင်းရဲ့အပြောကမဆိုးသလို သိုင်းပညာလည်းကောင်းမယ့်ပုံပဲ။ ဒါပေမယ့် မင်းတို့နှစ်ယောက်ပေါင်းတိုက်ရင်တောင် ငါ့ကိုအနိုင်မယူနိုင်ဘူးနော်...”
ဝူယွမ်၏စကားကြောင့် ချောင်ဖေးဟုန်၏အမူအယာကအရုပ်ဆိုးသွားပြီး ဒေါသထွက်သည့်လေသံဖြင့်ပြောလိုက်သည်။
“ ဝူယွမ် ကျုပ်တစ်ယောက်ထဲဆိုရင် ခင်ဗျားကိူအနိူင်မယူနိုင်တာမှန်ပေမယ့် ဒီကမိတ်ဆွေပါပေါင်းတိုက်ရင် ခင်ဗျားကိုသေချာပေါက်အနိုင်ယူနိုင်လိမ့်မယ်...”
သူ၏ပုံစံက အစောပိုင်းကအရှက်ကွဲမှုကိုအတော်လေးဒေါသထွက်နေဟန်တူပြီး စန်းဟုန်းလျန်ကိုကြည့်၍ လက်သီးတစ်ဖက်ဆုပ်အရိုအသေပေးရင်းပြောလိုက်သည်။
“ မိတ်ဆွေ ဒီလိုမျိုးအနက်ရောင်သိုင်းသမားတစ်ယောက်ကိုနှိမ်နင်းဖို့ ကျုပ်ကိုကူညီပေးပါဦး ..”
ချောင်ဖေးဟုန်၏စကားအဆုံး၌ ဝူယွမ်က ပျက်လုံးတစ်ခုအလား တဟားဟားအော်ဟစ်ရယ်မောလိုက်ပြီး သူ၏ခန္တာကိုယ်က လှစ်ခနဲရွေ့လျားသွားကာ ချောင်ဖေးဟုန်ကိုဝင်ရောက်တိုက်ခိုက်လိုက်သည်။
သူတို့၏ကြားတွင် ခြေလှမ်းအနည်းငယ်ကွာနေသော်လည်း ဝူယွမ်၏ခန္တာကိုယ်ကချောင်ဖေးဟုန်၏အနီးသို့ရိပ်ခနဲရောက်လာပြီး သူ၏လက်ချောင်းများကချောင်ဖေးဟုန်၏ရင်ဝသို့ဦးတည်၍တိူးဝင်လာသည်။
ကြောက်မက်ဖွယ်ကောင်းသည့်တိုက်ကွက်ကိုရင်ဆိုင်နေရသည့်တိုင် ချောင်ဖေးဟုန်၏မျက်နှာကတည်ငြိမ်နေပြီး တစ်ဖက်လူကိုအမြဲမပြက်သတိထားနေ၍ သတိလက်လွတ်မဖြစ်ဘဲ သူ၏ဓားကိုဝေ့ယမ်းကာ ဝူယွမ်၏လက်မောင်းကိုဖြတ်ရန်ကြိုးပမ်းလိုက်သည်။
ဝူယွမ်၏လက်ချောင်းများကသံမဏိလိုမာကျောသည့်တိုင် သူ၏ခန္တာကိုယ်တစ်ခုလူံးထိုသို့မာကျော
နေမည်ဟု သူမထင်ပေ။
ချောင်ဖေးဟုန်၏မှန်းဆချက်က မှန်ကန်သွားခဲ့ပြီး သူ၏ဓားကို ဝူယွမ်ကအလျှင်အမြန်ရှောင်တိမ်းလိုက်ရသည်။
သို့သော် ဝူယွမ်၏ခန္တာကိုယ်က ရိပ်ခနဲပျောက်ကွယ်သွားပြန်ပြီး ချောင်ဖေးဟုန်၏ဘေးသို့ရောက်ရှိလာကာ ထပ်မံတိုက်ခိုက်လာသည်။
“ ဝှစ်....”
“ ထန်း...ထန်း....”
လေတိုးသံများ၊ သံချင်းထိခတ်သံများကအဆက်မပြကထွက်ပေါ်နေပြီး အချိန်အနည်းငယ်အတွင်း သိုင်းကွက်နှစ်ဆယ်နီးပါးတိုက်ခိုက်ပြီးဖြစ်သည်။
ချောင်ဖေးဟုန်မှာ သတိအပြည့်ထားကာ အစွမ်းကုန်တိုက်ခိုက်နေခြင်းဖြစ်သည့်တိုင်သူ၏သိုင်းပညာက တစ်ဆင့်နိမ့်နေပုဣး ကိုယ်ဖော့ပညာနှင့်အတွင်းအားကလည်း ဝူယွမ့်ကိုမမှီပေ ။
ထို့ကြောင့် သိုင်းကွက်သုံးဆယိခန့်ရောက်ရှိလာသည်နှင့် ဝူယွမ်၏ ကြောက်မက်ဖွယ်ကောင်းသည့်လက်ချောင်းများက သူ၏အနီးသို့မကြာခဏရစ်ဝဲလာနေပြီး သူ၏ဂုဏ်သိက္ခာကြောင့်သာ ချောင်ဖေးဟုန်တစ်ယောက်အကူအညီမတောင်းတော့ခြင်းဖြစ်သည်။
အနီးရှိစန်းဟုန်းလျန်သည်လည်း တိုက်ပွဲကိုစူးစိုက်ကြည့်ရှုနေပြီး ချောင်ဖေးဟုန်ကိုအကူအညီပေးမည့်ပုံမရသေးပေ။
ထိုအဖြစ်ကြောင့် သိုင်းမဟာမိတ်မှလူများလည်း မနေနိုင်ဘဲ အော်ဟစ်တောင်းဆိုလိုက်ကြသည်။
“ မိတ်ဆွေ ကျုပ်တို့ခေါင်းဆောင်ကိုကူညီလိုက်ပါဦး...”
“ ကျေးဇူးပြုပြီး ခေါင်းဆောင်ကိုကူညီပြီး ဒီလူ့ကိုတိုက်ခိုက်ပေးပါ...”
သိုင်းမဟာမိတ်မှလူများ၏အကူအညီတောင်းသံကြောင့် ခပ်လှမ်းလှမ်းတွင်ရပ်နေသည့်လူငယ်နှစ်ယောက်က လှောင်ပြောင်လိုသည့်ဟန်ဖြင့်ပြုံးလိုက်ကြရင်း ဝူချင်းဆိုသည့်ကြည့်ကောင်းသော လူငယ်က အော်ဟစ်လိုက်သည်။
“ တိတ်စမ်း .. မင်းတို့ခေါင်းဆောင်က ဆရာ့ကိုအနိုင်မရတာနဲ့ ခွေးတွေလိုအော်ပြီးအကူအညီတောင်းနေရသလား...”
ဝူချင်း၏စကားက ရိုင်းစိုင်းလှ၍ သိုင်းမဟာမိတ်မှလူများ၏အမူအယာကမည်းမှောင်သွားကြပြီး သူတို့၏လက်နက်များကိုတင်းတင်းဆုပ်ကိုင်လိုက်မိကြသည်။
သူတို့ထဲမှသုံးလေးယောက်ဒဏ်ရာရရှိထားပြီး သူတို့အားလုံးပူးပေါင်းတိုက်ခိုက်လျှင်ပင် လူငယ်နှစ်ယောက်ကိုအနိုင်မယူနိုင်သည်ကိုသိရှိသည်တိုင် ယခုလိုစော်ကားနေခြင်းကိုခေါင်းငူံ့မခံနိုင်ပေ။
ထိုအဖြစ်ကြောင့် သူတို့၏ဘေးတွင်ရပ်နေသည့်ရှောင်ယောင်လည်းမနေသာတော့ဘဲ ဝင်ပြောလိုက်ရသည်။
“ အစ်ကိုတို့စိတ်မပူပါနဲ့ တကယ်လို့အစ်တို့ကိုခေါင်းဆောင်မထိခိုက်ခင် ဦးလေးစန်းကျိန်းသပေါက်ဝင်ပါမှာပါ....”
အရွယ်ရောက်ပြီးသည့်လူတစ်ယောက်လို လေးနက်တည်ကြည်လှသည့်ရှောင်ယောင်၏စကားကြောင့် သိုင်းမဟာမိတ်မှလူများအံ့ဩသွားကြသော်လည်း ထိုကောင်လေးက အဖြူရောင်ဝတ်စုံဝတ်လူနှင့်အတူပါလာမှန်းသိရှိထား၍ အနည်းငယ်စိတ်အေးသွားမိကြသည်။
“ ဟမ့်... ဟိုလက်တစ်ဖက်ပြက်ကောင်ဝင်ပါတာနောက်ထား ဒီကောင်တွေအားလုံးပေါင်းတိုက်ရင်တောင် ဆရာ့ကိုအနိုင်မယူနိုင်ဘူး...”
မျက်လုံးပြူးပြူးနှင့် ဝူယောင်က နှာခေါင်းတစ်ချက်ရှုံ့ရင်းအထင်သေးစွာရေရွတ်လိုက်သည်။
ထိုအချိန်တွင်တိုက်ပွဲ၏အရှိန်ကအမြင့်ဆုံးသို့ရောက်ရှိနေပြီး ချောင်ဖေးဟုန်လည်းဘဝပျက်လုနီးပါးဖြစ်နေပြီဖြစ်သည်။
ဝူယွမ်၏လက်ချောင်းများကသံမဏိလိုမာကျောပြီး သူ၏ဓားကိုကောင်းစွာရင်ဆိုင်နိုင်သည့်အပြင် သူ၏ လျှပ်တပြက်ဓားသိုင်းကပြိုင်ဘက်ကိုမခြိမ်းချောက်နိုင်ဘဲဖြစ်နေသည်။
ချောင်ဖေးဟုန်၏ လျှပ်တပြက်ဓားသိုင်းက လွန်စွာလျှင်မြန်ကာ အစွမ်းထက်လှသော်လည်း ဝူယွမ်၏ခံစစ်ကိုမထိုးဖောက်နိုင်ဘဲ မမြင်ရသည့်တံတိုင်းကြီးတစ်ခုနှင့်တိုက်မိနေသည့်အလား မကြာခဏချေဖျက်ခံနေရသည့်အတွက် သူ၏ယုံကြည်မှုများပင်ပျက်ပြယ်လုနီးပါးအခြေအနေသို့ရောက်ရှိနေပေသည်။
ထိုအစား ဝူယောင်၏ကြောက်မက်ဖွယ်လက်ချောင်းများက ချောင်ဖေးဟုန်၏သေကွင်းသေကွက်နေရာများသို့မကြာခဏတိုးဝင်လာတတ်ပြီး သူသာအနည်းငယ်သတိလွတ်သွားပါက တစ်ကွက်ထဲဖြင့်ရှုံးနိမ့်သွားနိုင်သည်။
ယခုလည်း သူတို့၏တိုက်ပွဲက သိုင်းကွက်ငါးဆယ်မပြည့်သေးသည့်တိုင် ချောင်ဖေးဟုန်တစ်ယောက်ရှုံးနိမ့်လုဆဲဆဲဖြစ်နေကာ တိုက်ပွဲက တစ်ဖက်သက်ဆန်နေသည်။