← Chapters

ကျုပ်နာမည်ကစန်းဟုန်းလျန်

Vol. 1 Ch. 30

ကျုပ်နာမည်ကစန်းဟုန်းလျန်

Vol. 1 Ch. 30

“ သတိထား ခေါင်းဆောင်ချောင် ဝူယွမ်သုံးနေတာ ရှောင်လင်ရဲ့သံမဏိလက်ချောင်းသိုင်းပဲ နည်းနည်းလောက်ထိလိုက်မိရုံနဲ့ ခင်ဗျားရဲ့အရိုးအဆစ်တွေဆွဲဖြုတ်ပစ်လိုက်နိုင်တယ်။

ပြီးတော့ ရှောင်လင်ရဲ့အရိပ်တစ်ရာခြေလှမ်းနဲ့လှည့်ပတ်တိုက်နေတာဆိုတော့ ပိုပြီးကြောက်စရာကောင်းတာပေါ့...”

မည်သည့်စိတ်ကူးရသည်မသိဘဲ စန်းဟုန်းလျန်ကတစ်ချိန်လုံးရပ်ကြည့်နေရာမှ ဝင်ရောက်ကူညီမည့်ပုံမရဘဲ အော်ဟစ်သတိပေးလိုက်သည်။

သူ၏စကားကြောင့် လူအားလုံးကြောင်အမ်းအမ်းဖြစ်သွားကြရုံသာမက ဝူယွမ်၏လက်ချက်ကြောင့် အသေအလဲရှောင်တိမ်းနေရသည့်ချောင်ဖေးဟုန်လည်း စန်းဟုန်းလျန်ကိုကြိတ်၍မေတ္တာပို့လိုက်မိ၏။

သို့သော် စန်းဟုန်းလျန်၏စကားအဆုံးတွင် ဝူယွမ်၏ခန္တာကိုယ်ကအနည်းငယ်တုန်ယင်သွားပြီး သူ၏ခပ်ပြုံးပြုံးမျက်နှာက ပထမဆုံးအကြိမ်အဖြစ်လေးနက်တည်ကြည်သွားသည်။

ထို့နောက် ချောင်ဖေးဟုန်ကိုဆက်လက်တိုက်ခိုက်ခြင်းမရှိတော့ဘဲနောက်သို့ရိပ်ခနဲခုန်ဆုတ်လိုက်သည်။

“ ဟမ် ...ဘာလဲ...”

ဝူယွမ်၏လက်အောက်၌ ရှုံးလုနီးပါးဖြစ်နေသည့်ချောင်ဖေးဟုန်က အသံထွက်၍ပင်ရေရွတ်လိုက်မိ၏ ။

သူတစ်ဦးထဲမဟုတ်ဘဲ ကျန်လူများလည်း အနိုင်ရခါနီးမှနောက်ဆုတ်သွားသည့်ဝူယွမ့်ကိုနားမလည်နိုင်ကြဘဲ လူငယ်နှစ်ယောက်ပင် သူတို့ဆရာကိုတအံ့တဩကြည့်ရှုနေကြသည်။

သူတို့ဆရာ၏စရိုက်ကိုကောင်းစွာသိရှိထားသူများဖြစ်၍ အသာစီးရချိန်တွင်နောက်ပြန်ဆုတ်တတ်သည်က ဝူယွမ်၏အကျင့်မဟုတ်၍ တစ်စုံတစ်ခုမှားယွင်းနေသည်ကိုကောင်းစွာရိပ်စားမိလိုက်ကြသည်။

ကျန်လူများ၏အမူအယာကိုဂရုမစိုက်ဘဲ ဝူယွမ်က စန်းဟုန်းလျန်ကိုစူးစိုက်ကြည့်ရင်းတည်ငြိမ်သည့်လေသံဖြင့်မေးလိုက်သည်။

“ မင်းက ရှောင်လင်ကမဟုတ်ဘဲ ဘာကြောင့် သံမဏိလက်ချောင်းသိုင်းနဲ့အရိပ်တစ်ရာခြေလှမ်းကိုသိနေရတာလဲ...”

သူ၏အမူအယာကတည်ငြိမ်သည်ဟုထင်ရသည့်တိုင် အလေးအနက်ထားသည့်ပုံစံကိုမြင်တွေ့နိုင်ပေသည်။

ဝူယွမ်၏စကားက စန်းဟုန်းလျန်၏အပြောကို ဝန်ခံလိုက်ခြင်းဖြစ်ပြီးယခုအခါမှ ကျန်လူများလည်း ထိုအချက်ကိုအသေအချာသတိပြုလိုက်မိပြီး အံ့ဩတကြီးဖြစ်သွားကြသည်။

ဝူယွမ်က သူဟအရိပ်တစ္ဆေဆိုသည့်နာမည်နှင့်လိုက်အောက် ကိုယ်ဖော့ပညာအစွမ်းထက်လှပြီး လက်နက်ပုန်းပညာကြောက်မက်ဖွယ်ကောင်းသော်လည်း သူ၏သိုင်းပညာကထိုမျှမဟုတ်ပေ။

သူသိုင်းလောကထဲတွင်ကျော်ကြားပြီး သိုင်းထိပ်သီးဆယ်ယောက်စာရင်းတွင် နံပါတ်လေးနေရာအထိရောက်ခဲ့သည်က လက်နက်ပုန်းပညာနှင့် အံ့မခန်းကိုယ်ဖော့ပညာတို့ကြောင့်ဖြစ်၏။

ယခု ဆယ့်ငါးနှစ်နီးပါးပျောက်ကွယ်သွားပြီးနောက် ပြန်လည်ထွက်ပေါ်လာစဉ် သူ၏သိုင်းပညာက လွန်စွာတိုးတက်လာပြီး ချောင်ဖေးဟုန်လိုအစွမ်းထက်သိုင်းထိပ်သီးတစ်ဦးကိုပင် အေးအေးဆေးဆေးအနိုင်ယူနိုင်သည့်အဆင့်သို့ရောက်ရှိလာပေသည်။

ထို့အပြင် စန်းဟုန်းလျန်၏စကားအရ ဝူယွမ်အသုံးပြုသွားသည့်ခြေလှမ်းသိုင်းနှင့်ကြောက်မက်ဖွယ်‌လက်ချောင်းသိုင်းက ရှောင်လင်ကျောင်းမှသိုင်းပညာများဖြစ်နေသည်။

ဝူယွမ့်လို အဖြူမကျအနက်မကျသိုင်းသမားတစ်ဦးအတွက် ရှောင်လင်၏သိုင်းပညာများကိုတတ်မြောက်နေရန်ကမည်သည့်နည်းနှင့်မှဖြစ်နိုင်မည်မဟုတ်၌။

“ ကျုပ်ထင်တာမမှားရင် ခင်ဗျားဆီမှာ ထုတ်မပြရသေးတဲ့ နောက်ထပ်ရှောင်လင်သိုင်းပညာတစ်ချို့ကျန်ရှိနေဦးမယ်။။

‌ခေါင်းဆောင်ချောင်ရဲ့ လျှင်မြန်မှုအသားပေးတဲ့လျှပ်တပြက်ဓားသိုင်းကို သံမဏိလက်ချောင်းတစ်ခုထဲနဲ့ခုခံနိုင်မှာမဟုတ်ဘူး။

ဒါကြောင့် လျှပ်တပြက်ဓားသိုင်းကိုအေးအေးဆေးဆေးချေဖျက်နိုင်ဖို့က ရှောင်လင်ရဲ့နာမည်ကျော်သိုင်းပညာခုနစ်ဆယ့်နှစ်မျိုးထဲက ရွှေခေါင်းလောင်းသိုင်းဖြစ်မယ်....”

စန်းဟုန်းလျန်၏စကားအဆုံး၌ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

သံမဏိလက်ချောင်း၊ အရိပ်တစ်ရာခြေလှမ်းနှင့် ရွှေခေါင်းလောင်သိုင်းပညာတို့က ရှောင်လင်၏ခုနှစ်ဆယ့်နှစ်မျိုးသောသိုင်းပညာများတွင်ပါဝင်သည့်နာမည်ကျော်သိုင်းပညာများဖြစ်ပြိး တစ်မျိူးကိုအောင်မြင်လျှင်ပင် သိုင်းလောကအတွင်းလက်မထောင်နိုင်သည့်အဆင့်သို့ရောက်ရှိပေမည်။

ယခု ဝူယွမ့်လိုရှောင်လင်နှင့်လုံးဝသက်ဆိုင်ခြင်းမရှိသည့်လူတစ်ဦးက ထိပ်တန်းသိုင်းပညာသုံးမျိူးအထိတတ်မြောက်နေခြင်းမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှသည်။

ဝူချင်းနှင့်ဝူယောင်တို့ပင် ထိုအကြောင်းများကိုသူတို့ဆရာပြောပြထား၍အစုံအလင်သိရှိထားသော်လည်း ယခုလိုအပြင်လူတစ်ယောက်လည်ူအလားတူသိရှိနေရာ လွန်စွာအံ့အားသင့်နေကြသည်။

တဖြေးဖြေးပျက်ယွင်းလာသည့် ဝူယွမ်၏အမူအယာကိုကြည့်၍စန်းဟုန်းလျန်က ဆက်ပြောလိုက်သည်။

“ လွန်ခဲ့တဲ့ဆယ့်ငါးနှစ်လောက်က လူမသိတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်။။ကျုံဟွာတောင်တိုက်ပွဲမတိုင်ခင်ငါးနှစ်လောက်ကပေါ့ အဲ့ဒါက ရှောင်လင်ရဲ့တာမောဆောင်ကိုသူခိုးတစ်ယောက်ဝင်ခဲ့တာပဲ ။

အဲဒီသူခိုးက သိုင်းပညာဒီလောက်မကောင်းပေမယ့် ကိုယ်ဖော့ပညာအံ့မခန်းထူးချွန်တော့ တာမောဆောင်ထဲကိုအောင်အောင်မြင်မြင်ဝင်ရောက်နိုင်ပြီး သိုင်းကျမ်းရှစ်ခုခိုးယူသွားနိုင်ခဲ့တယ်။

ဒါတောင် တာမောအဆောင်မှူးရောက်လာလို့ မဟုတ်ရင် သူက အစွမ်းအထက်ဆုံးသိုင်းပညာတွေကိုတောင်ရသွားနိုင်လိမ့်မယ်။။

အခုတော့ တာမောအဆောင်မှူးရောက်လာတော့ သူကတွေ့တဲ့သိုင်းကျမ်းတွေကိုကောက်ထည့်ပြီးအသေအလဲထွက်ပြေးသွားတာပေါ့။

အဲဒီသတင်းကိုရှောင်လင်ကလည်း သူတို့ဂုဏ်သိက္ခာကြောင့် လျှို့ဝှက်ထားပြီး ရင်းနှီးတဲ့လူတစ်ချို့လောက်ပဲသိကြတာ။။

ပြီးတော့ သိုင်းကျမ်းသူခိုးကိုရှာဖွေဖို့ သူတို့ရဲ့လူငယ်မျိုးဆက်ကအစွမ်းအထက်ဆုံးဖြစ်တဲ့ ဗုဒ္ဓလက်ဝါးကိုယ်တော်ကိုတာဝန်ပေးပြီး တံခါးနီဆောင်က ကြေးရုပ်လူဆယ့်ရှစ်ယောက်ကိုပါထည့်ပေးလိုက်သေးတယ်။

ဒါပေမယ့် သိုင်းကျမ်းသူခိုးဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာတောင်အတိအကျမသိရတဲ့အပြင် သိုင်းကျမ်းသူခိုးက ကျောက်ခဲရေချသလိုစုံးစမြုပ်သွားတော့ ‌ဗုဒ္ဓလက်ဝါးကိုယ်တော်နဲ့သူ့လူတွေလည်း သိုင်းလောကမှာ လေးငါးခြောက်နှစ်‌လောက်ရှာပြီး ရှောင်လင်ကိုပြန်သွားရတယ်။။

တကယ်တော့ သိုင်းကျမ်းသူခိုးက လူသူမရှိတဲ့‌ နေရာမှဇာတ်မြုပ်ပြီး သူခိုးယူသွားတဲ့သိုင်းကျမ်းတွေကို အောင်မြင်အောင်လေ့ကျင့်နေတာပဲ။

ပြီးတော့ သူက တပည့်နှစ်ယောက်မွေးလို့ ပညာအမွေတောင်လက်ဆင့်ကမ်းလိုက်သေးတယ်။

ဟုတ်တယ်မလား ဝူယွမ် ။ ခင်ဗျားကို အရိပ်တစ္ဆေလို့ခေါ်ရမလား သိုင်းကျမ်းသူခိုးလို့ခေါ်ရမလား....”

စန်းဟုန်းလျန်၏စကားအဆုံး၌ ဝူယွမ်၏ခန္တာကိုယ်မှ အားကောင်းသည့်အတွင်းအားလှိုင်းများထွက်ပေါ်လာပြီး သူ၏မျက်လုံးများကယခင်ကထက်ပင်စူးရှတောက်ပြောင်လာသည်။

“ မင်းကဘယ်သူလဲ....”

ဝူယွမ်၏လေသံက အေးစက်နေပြီး အနီးအနားရှိချောင်‌ဖေးဟုန်ပင် ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်များကိုခံစားမိလိုက်သည်။

“ ဘုရား ဘုရား ဒီလူက ငါနဲ့တိုက်တုန်းက ပညာလျှိုထားသေးတာပဲ...”

ရုတ်တရက်ထွက်‌ ပေါ်လာသည့် အားကောင်းသည်ဘအတွင်းအားလှိုင်းများကြောင့် ချောင်ဖေးဟုန်၏စိတ်ထဲတွင် ထိတ်လန့်စွာရေရွတ်လိုက်မိသော်လည်း သူ၏လက်ထဲရှိဓားကိုခပ်တင်းတင်းဆုပ်ကိုင်ကာ စန်းဟုန်းလျန်၏ဘေးတွင်ရင်ဘောင်တန်း၍ရပ်လိုက်သည်။

လက်ရှိအချိန်၌ ဝူယွမ်က သူ့ကိုအာရုံမထားတော့ဘဲ စန်းဟုန်းလျန်ကိုသတ်ဖြတ်တော့မည့်ပုံရသော်လည်း ဖြောင့်မက်သည့်သိုင်းသမားတစ်ဦးအနေဖြင့် ကျေးဇူးကြွေးကိုနားလည်ထားရာ စန်ဟုန်လျန်ကို ကူညီ၍ ဝူယွမ့်ကိုရင်ဆိုင်မည်ဟုဆုံးဖြတ်လိုက်ခြင်းဖြစ်၏ ။

သို့‌သော် လွန်ခဲ့သည့်ဆယ့်ငါးနှစ်ခန့်ကပင်ဝူယွမ်၏သိုင်းပညာကကြောက်မက်ဖွယ်ကောင်းနေပြီးဖြစ်ကာ စန်းဟုန်းလျန်ပြောသလို ထိပ်တန်းသိုင်းပညာများစွာကိုသာ

လေ့ကျင့်အောင်မြင်ပြီးဖြစ်ပါက ...။

ဝူယွမ်၏ကြောက်မက်ဖွယ်ကောင်းသည့်ပုံစံကြောင့်လူတိုင်းထိတ်လန့်နေကြမိသည့်တိုင် စန်းဟုန်းလျန်၏အမူအယာကတည်ငြိမ်နေပြီး စူးရှတောက်ပသည့်မျက်လုံးများဖြင့် စိုက်ကြည့်ကာ တည်ကြည်လေးနက်စွာဖြင့်ပြောလိုက်သည်။

“ ကျုပ်နာမည်ကစန်းဟုန်းလျန် မျက်မှောက်ခေတ် ဝူတန်းရဲ့ဒုတိယမျိူးဆက်...ကျုပ်ရဲ့ဆရာက ဝူတန်းရဲ့လက်ရှိဂိုဏ်းချုပ် ကျန်းဟုန်းချင်ပဲ...”

အောင်မြင်ထည်ဝါသည့် စန်းဟုန်းလျန်၏အသံကြောင့် ကြားမိသူတိုင်းအံ့အားသင့်သွားကြပြီး ရှောင်ယောင်ကား သူ၏ဦးလေးစန်းကို လေးစားသည့်မျက်ဝန်းများဖြင့်ကြည့်လိုက်မိသည်။

ဤသည်က သူသိရှိထားသည့်သဘောကောင်းသည့်အိမ်နီးချင်းဦးလေးတစ်ယောက်မဟုတ်ဘဲ သိုင်းလောက၏ထိပ်တန်းတွင်ရှိသည့်လူတစ်ယောက်၏အရှိန်အဝါဖြစ်ပေသည်။

စန်းဟုန်းလျန်၏ထုတ်ဖော်မှုကြောင့် လူအများအံ့ဩနေကြစဉ် ဝူယွမ်၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး သူ၏မျက်ဝန်းထဲတွင်ထူးဆန်းသည့်အရိပ်တစ်ခုဖြတ်ပြေးသွားကာ ပြုံး၍ပြောလိုက်သည်။

“ ဒါဆိုမင်းက သိုင်းထိပ်သီးဆယ်ယောက်စာရင်းဝင်ထိုက်ကျိဓားစန်းဟုန်းလျန်ပေါ့...မင်းရဲ့နာမည်ကို ကြားဖူးတာကြာပါပြီ။ အခုမှလူချင်းတွေ့ဖူးတော့တယ်...”

ဝူယွမ်၏လေသံက နှစ်ပေါင်းများစွာကွဲကွာနေသည့်မိတ်ဆွေတစ်ဦးကိုပြန်ဆုံတွေ့သည့်အလား နွေးထွေနေပြီး သူ၏ခန္တာကိုယ်မှကြောက်မက်ဖွယ်ကောင်းသည့်အငွေ့အသက်များပင်ပျောက်ကွယ်သွားတော့သည်။

ဝူယွမ်၏အပြောင်းအလဲမြန်သည့်ပုံစံကြောင့် သိုင်းမဟာမိတ်မှလူများသာမက ဝူချင်းတို့နှစ်ယောက်ပင်ကြောင်အမ်းအမ်းဖြစ်နေမိကြသည်။

ထိုစဉ် အံ့သြနေရာမှသတိဝင်လာသည့်ချောင်ဖေးဟုန်က စန်းဟုန်းလျန်ကိုမတွေ့မမြင်ဖူးသည့်လူတစ်ယောက်လိုပြန်ကြည့်ရင်း မယုံကြည်နိုင်သည့်လေသံဖြင့်မေးလိုက်သည်။

“ ခင်ဗျားက တကယ်ပဲ ထိုက်ကျိဓားစန်းဟုန်းလျန်လား ဒါဆိုရင် အဲဒီနှစ်တွေက ...”

တုံးတိဖြစ်နေသည့်စန်းဟုန်းလျန်၏ညာဘက်လက်ကိုအကြည့်ရောက်သွားပြီး ချောင်ဖေးဟုန်၏စကားက တပိုင်းတစဖြင့်ရပ်သွားလေသည်။

သူ၏မျက်နှာက အားတုံ့အားနာအမူအယာဖြစ်သွားသော်လည်း စန်းဟုန်းလျန်က စိတ်ဆိုး‌ဒေါသထွကိဟန်မရဘဲ ပကတိတည်ငြိမ်လျက်ရှိသည်။

အကယ်၍ လွန်ခဲ့သည့်နှစ်အနည်းငယ်ကဆိုပါက စန်းဟုန်းလျန်မှာ ထိုကိစ္စနှင့်ပတ်သတ်ပြီးဆက်ဆက်ထိမခံဖြစ်မည်ဖြစ်သော်လည်း နှစ်များစွာကုန်ဆုံးသွားပြီးနောက် သူ၏စိတ်ထားများပြောင်းလဲလာပြီဖြစ်သလို ယခင်ကထက်များစွာတည်ငြိမ်ရင့်ကျက်လာပေသည်။

“ ဝိုး...သူက တကယ်ကြီးထိုက်ကျိဓားစန်းဟုန်းလျန်ပဲ... သိုင်းလောကထဲကဆယ်နှစ်ကျော်ပျောက်ကွယ်ပြီးတော့ အခုပြန်ဝင်လာပုံရတယ် .. “

“ ငရဲဓားဝမ်းတုရဲ့လက်ချက်ကြောင့် လက်တစ်ဖက်မရှိတော့တာတောင် သူ့ရဲ့ဓားပညာက ငါတို့ခေါင်းဆောင်ထက်သာမယ်ထင်တယ်။ တကယ်ပဲကျော်ကြားမှုနဲ့ထိုက်တန်ပါတယ်...”

ရှောင်ယောင်၏အနီးရှိ သိုင်းမဟာမိတ်မှလူများကား စန်းဟုန်းလျန်ကို လေးစားအားကျစွာကြည့်ရင်း အချင်းချင်းတီးတိုးပြောလျှက်ရှိကြသည်။

စန်းဟုန်းလျန်သိုင်းလောကထဲတွင်ကျော်ကြားစဉ်က သူတို့အားလုံးမှာဆယ်ကျော်သက်အရွယ်သာရှိသေးပြီး ထိုစဉ်က နာမည်ကျော်ထိပ်သီးဆယ် ယောက်စာရင်းဝင် သိုင်းသမားများအပေါ်လေးစားစိတ်အနည်းနှင့်အများဆိုသလိုရှိကြပေသည်။

စန်ဟုန်းလျန်က တည်ကြည်သည့်အမူအယာဖြင့်ဆက်ပြောလိုက်သည်။

“ ဝူယွမ် ကျုပ်တို့ နောက်တစ်လှမ်းဆီဆုတ်ကြရင်မကောင်းဘူးလား ... ဒီနေ့ဖြစ်ရပ်ကို မရှိသလိုသဘောထားလိုက်ကြတာပေါ့....”

သူ၏စကားကြောင့်ပါးနပ်သည့်ဝူယွမ်၏မျက်လုံးများတောက်ပသွားပြီး ချောင်ဖေးဟုန်လည်း အစပိုင်းက ထိုစကားကိုနားမလည်သည့်တိုင်အတွေ့အကြုံရင့်သိုင်းထိပ်သီးတစ်ယောက်ဖြစ်ရာ စန်းဟုန်းလျန်၏ဆိုလိုရင်းကိုအချိန်တိုအတွင်းသဘောပေါက်သွားသည်။

All Chapters