← Chapters

နှစ်ဦးနှစ်ဘက် ပါးနပ်ဉာဏ်ရည်

Vol. 1 Ch. 31

နှစ်ဦးနှစ်ဘက် ပါးနပ်ဉာဏ်ရည်

Vol. 1 Ch. 31

တောအုပ်ထဲရှိ တင်းမာသည့်အခြေအနေပြီးဆုံးသွားပြီးနောက် ထိုနေရာတွင် ချောင်ဖေးဟုန်နှင့် သိုင်းမဟာမိတ်မှသိုင်းသမားများသာကျန်ရှိတော့သည်။

ဝူယွမ်နှင့်သူ၏တပည့်နှစ်ယောက်က လွန်ခဲ့သည့်အချိန်အနည်းငယ်ကထွက်ခွာသွားပြီဖြစ်သလို စန်းဟုန်းလျန်နှင့် ရှောင်ယောင်တို့လည်း သူတို့ကိုနှုတ်ဆက်ကာ မူလဦးတည်ရာသို့ဆက်သွားကြလေပြီ။

အနီးတွင်ပြန့်ကျဲလျက်သေဆုံးနေကြသည့် အာမခံဌာနသိုင်းသမားများ၏အလောင်းများ ၊ ဖရိုဖရဲဖြစ်နေသည့်ပစ္စည်းများကိုကြည့်ရင်း ‌ချောင်ဖေးဟုန်လည်းသက်ပြင်းတစ်ချက်ချ၍ သူ၏လူတစ်ယောက်ကိုပြောလိုက်သည်။

“ သွား...အနီးဆုံးမှာရှိတဲ့မြို့တစ်မြို့ကိုသွားပြီး ကျားသုံးကောင်အာမခံဌာနကလူတွေကိုပြန်ခေါ်လာခဲ့။

သူတို့ထဲမှာ ဒဏ်ရာအပြင်းအထန်ရတဲ့လူတွေပါတော့ ဝေးဝေးကိုသွားမှာမဟုတ်ဘူး။ ကျန်တဲ့လူတွေက ဒီအလောင်းတွေကိုပြန်ရှင်းရင်း ပစ္စည်းတွေကိုစီထားရအောင်....”

ချောင်ဖေးဟုန်၏လေသံက အနည်းငယ်မောပန်းနေဟန်တူပြီး အစောပိုင်းက သေမင်းနှင့်လက်တစ်ကမ်းအကွာသို့ရောက်ရှိခဲ့ခြင်းက သူ၏စိတ်ရောကိုယ်ပါ နွမ်းနယ်စေခဲ့သည်။

အကယ်၍ စန်းဟုန်းလျန်သာ ဤနေရာသို့ရောက်ရှိမလာခဲ့ပါက သူနှင့်သူ၏လူများလည်း အာမခံဌာနမှလူများ၏လမ်းစဉ်ကိုလိုက်ရပေတော့မည်။

ဝူယွမ်ဆိုသည့်လူ၏သိုင်းပညာက ကြောက်မက်ဖွယ်ကောင်းလောက်အောင်တိုးတက်လာပြီး ထိုလူသာ အစွမ်းကုန်တိုက်ခိုက်ပါက သိုင်းကွက်နှစ်ဆယ်ပြည့်အောင်မခံနိုင်မည်ကိုစိုးရိမ်ရပေသည်။

“ ခေါင်းဆောင် စောစောက ကျုပ်တို့ဘာလို့ ဟိုသုံးယောက်ကိုထွက်ခွာခွင့်ပေးလိုက်တာလဲ...”

သိုင်းမဟာမိတ်၏အဆင့်လွန်ထိပ်သီးတစ်ယောက်က သူနားမလည်နိုင်သည့်အချက်ကိုမေးလိုက်ခြင်းဖြစ်သည်။

“ ဟုတ်တယ် ပြီးတော့ ခေါင်းဆောင်နဲ့ ထိုက်ကျိဓားစန်းဟုန်းလျန်ပေါင်းရင် ဝူယွမ့်ကိုအနိုင်ယူနိုင်မှာကို...”

ကျန်တစ်ယောက်ကလည်း ထိုလူ၏စကားကိုထောက်ခံလိုက်ပြီး အခြားလူများကပါ ချောင်‌ဖေးဟုန်၏ဆုံးဖြတ်ချက်ကို အနည်းငယ်လက်မခံနိုင်ဟန်ရသည် ။

သူတို့က အသက်နှစ်ဆယ်ခန့်သာရှိမည့်လူငယ်နှစ်ယောက်၏လက်ထဲတွင်ရှူံးလုဆဲဆဲဖြစ်သွားကြ၍ ရှက်ရွံ့ဒေါသထွက်နေကြခြင်းဖြစ်ပြီး ဝူချင်းနှင့် ဝူယောင်ဆိုသည့်လူငယ်နှစ်ယောက်ကို ယခုအချိန်ထိ မကျေနပ်ကြသေးပေ။

ထိုသတင်းသာသိုင်းလောကထဲပျံ့နှံ့သွားပါက သူတို့အားလုံးခေါင်းပင်ဖော်နိုင်ကြမည်မဟုတ်ပေ။

သူ့လူများ၏အမူအာယာများကိုအကဲခပ်လိုက်မိ၍ ချောင်‌ဖေးဟုန်လည်း အနီးတွင် ဘေးတစောင်းလဲကျနေသည့်သေတ္တာကြီးတစ်လုံးပေါ်တွင်ဝင်ထိုင်လိုက်ပြီး ဖြေးညင်းစွာပြောလိုက်သည်။

“ မင်းတို့က ဝူယွမ်ရဲ့သိုင်းပညာကိုအတော်လေးအထင်သေးတာပဲ။ ဝူယွမ်ဆိုတာ လွန်ခဲ့တဲ့ဆယ့်ရှစ်လောက်ထဲကသိုင်းလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နိုင်ခဲ့တာ ။

အခုဆို သူ့ရဲ့သိုင်းပညာဘယ်လောက်ရှိမယ်ဆိုတာ တောင်အတိအကျမပြောနိုင်တော့ဘူး။ ပြီးတော့ ရှောင်လင်ကျောင်းက သူခိုးယူသွားတဲ့သိုင်းကျမ်းတွေကို ကျိန်းသေပေါက်အောင်မြင်ခဲ့မှာပဲ။

ဒါကြောင့်လည်း တပည့်နှစ်ယောက်နဲ့သိုင်းလောကထဲကို မကြောက်မရွံ့ပြန်ဆင်းလာတာပေါ့ ။ ပြောစမ်းပါဦး...ဒီလိုကြောက်စရာကောင်းတဲ့လူတစ်ယောက်ကို ငါတို့နှစ်ယောက်‌ပေါင်းတိုက်ရင်တောင် အနိုင်ယူနိုင်မယ်ဆိုတာ သေချာလား...”

&&&&

“ ဆရာကရော ဘာလို့ ဟိုလူတွေကိုဆက်မတိုက်တာလဲ “

ဝူယောင်က သူ၏ဆရာကိုနားမလည်နိုင်သည့်လေသံဖြင့်မေးလိုက်သည်။

သူ၏ဘေးရှိဝူချင်းလည်း စကားတစ်ခွန်းမှမဆိုသော်ငြား ထိုအကြောင်းကိုတွေးတောနေဟန်တူသည်။

ဝူယွမ်တို့ဆရာတပည့်သုံးယောက်ကား တောအုပ်အတွင်းမှထွက်ခွာလာခဲ့ပြီးနောက် အေးအေးလူလူခရီးဆက်လာကြသည်။

လမ်းမအတိုင်း ဖြေးညင်းစွာလျှောက်လာသည့်သူတို့သုံးယောက်က သာမန်ခရီးသွားများနှင့်မခြားဘဲ သူတိူ့ထဲမှနှစ်ယောက်က လွန်ခဲ့သည့်အချိန်အနည်းငယ်က လူဆယ်ယောက်ကျော်သတ်ဖြတ်ခဲ့သည်ဟုပြောလျှင်မည်သူမှယုံကြည်ကြမည်မဟုတ်ပေ။

စင်စစ် ဝူချင်းနှင့်ဝူယောင်တို့သိုင်းလောကထဲတွင် စိတ်တိုင်းကျရမ်းကားနေသည်က နှစ်နှစ်ကျော်ရှိပြီဖြစ်ကာ ထိုအတောအတွင်း သူတို့ဆရာဖြစ်သူဝူယွမ်က နောက်မှလိုက်၍တိတ်တဆိတ်ကာကွယ်ပေးနေခြင်းဖြစ်သည်။

ထိုနှစ်နှစ်အတွင်း သူတို့၏လက်၌သေဆုံးခဲ့ရသည့်သိုင်းသမားအယောက်တစ်ရာထက်မနည်းရှိ‌ခဲ့ပြီး ထိုအထဲတွင်အဆင့်လွန်သိုင်းသမားအနည်းငယ်ပင်ပါဝင်သေးသည် ။

ထို့ကြောင့် အလယ်ပိုင်းသိုင်းလောကတွင် အုပ်ချုပ်သူလိုဆောင်ရွက်နေသည့် သိုင်းမဟာမိတ်နှင့် မကြာခဏတိုက်ခိုက်မှုများဖြစ်ပွားကာ အဆုံး၌ သူတို့နှစ်ယောက်ကို သိုင်းမဟာမိတ်၏ခေါင်းဆောင်တစ်ဦးဖြစ်သည့် ချောင်‌ဖေးဟုန်ကိုယ်တိုင်လိုက်ဖမ်းသည့်အဆင့်သို့ရောက်ရှိလာခဲ့ပေသည်။

ဝူယွမ်၏ရည်ရွယ်ချက်ကလည်း သူ၏တပည့်နှစ်ယောက်ကို အတွေ့အကြုံရစေရန်နှင့်သိုင်းပညာအခြေခိုင်စေလိုခြင်းဖြစ်ပြီး ထိုအခြေအနေကို လက်ပိုက်ကြည့်နေခဲ့သည်။

သူမျှော်မှန်းထားသည့်အတိုင်း လူငယ်နှစ်ယောက်က လွန်ခဲ့သည့်နှစ်နှစ်ကထက်များစွာတိုးတက်လာခဲ့သည်။

လွန်ခဲ့သည့်ဆယ့်လေးငါးနှစ်က ရှောင်လင်ကျောင်းမှသိုင်းကျမ်းများကိုအောင်မြင်စွာခိူးယူနိုင်ခဲ့ပြီးနောက် နောက်ဆက်တွဲဖြစ်ရပ်များကိုရိပ်စားမိ၍ ဝူယွမ်တစ်ယောက် ချောင်ကျသည့်ရွာတစ်ရွာတွင်ဇာတ်မြုပ်ကာ သိုင်းကျမ်းများကိုအောင်မြင်ရန်အပတ်တကုတ်ကြိုးစားခဲ့သည်။

သိုင်းလောကသတင်းများနှင့်အဆက်မပြက်ဘဲရှိခဲ့၍ နှင်းငွေ့မိစ္ဆာသခင်၊ ခရမ်းရောင်သွေးလဂိုဏ်းနှင့် အလယ်ပိုင်းဂိုဏ်းပေါင်းစုံတို့၏တိုက်ပွဲများကိုကောင်းစွာသိရှိခဲ့သည်။

ထိုအချိန်က သူ၏သိုင်းပညာမှာ ထိုမျှများပြားသည့်သိုင်းအကျော်မော်များ၏ရှေ့၌ အဆင့်မရှိသည်ကိုကောင်းစွာသိထားပြီး သိုင်းလောကသို့ပြန်လည်ဝင်ရောက်ခြင်းမပြုဘဲ စိတ်ရှည်လက်ရည်စောင့်ဆိုင်းနေခဲ့သည်။

ထိုသို့စောင့်စားနေရင်းမှ သူမွေးစားထားသည့်မိဘမဲ့ကလေးငယ်နှစ်ယောက်ကိုလည်း သူ၏ပညာရပ်အနည်းငယ်နှင့် သူခိုးယူထားသည့်ရှောင်လင်‌သိုင်းပညာများကိုလေ့ကျင့်စေခဲ့သည်။

ဆယ်နှစ်ခန့်ကြာမြင့်ပြီးနောက်တွင် ဝူယွမ်၏သိုင်းပညာက အံ့မခန်းတိုးတက်လာသလို သူ၏တပည့်နှစ်ယောက်ကလည်း အားကိုးရသည့်အဆင့်ထိရောက်ရှိလာရာ သိုင်းလောကသို့ခြေချခဲ့ခြင်းဖြစ်ပေသည်။

အကယ်၍ ယနေ့တွင်ချောင်ဖေးဟုန်လိုအစွမ်းထက်သိုင်းထိပ်သီးတစ်ယောက်သာရောက်မလာပါက ဝူယွမ်ကလည်း ထွက်လာမည်မဟုတ်ဘဲ တပည့်နှစ်ယောက်ကို နောက်ကွယ်မှစောင့်ကြည့်နေဦးမည်ဖြစ်သည်။

“ မင်းတို့က တခြားလူတွေကို သိပ်ပြီးအထင်သေးတာပဲ။ ချောင်ဖေးဟုန်ဆိုတဲ့ကောင်က

ဒီလောက်မဟုတ်ပေမယ့် သူ့ရဲ့လျှပ်တပြက်ဓားသိုင်းကအတော်လေးကြောက်စရာကောင်းတယ်။။

တကယ်လို့ ငါသာ အရိပ်တစ်ရာခြေလှမ်း၊ ရွှေခေါင်းလောင်းသိုင်းနဲ့ သံမဏိလက်ချောင်းတို့ကိုမအောင်မြင်ထားရင် သူ့ကိုအနိုင်ယူနိုင်ဖို့အတော်လေးအားထုတ်ရမယ်။။

ပြီးတော့ ဟိုလက်တစ်ဖက်ပြက်စန်းဟုန်းလျန်လည်းရှိသေးတယ်။။

ဒီကောင်က ပထမအကြိမ်စန်နုန်ကျတိုက်ပွဲမှာ နှင်းငွေ့မိစ္ဆာသခင်ရဲ့တပည့် ငရဲဓားဝမ်းတုလက်ထဲမှာ မရှုမလှရှုံးနိမ့်ပြီးလက်မောင်းတစ်ဖက်တောင်ပြက်ခဲ့ပေမယ့် ဆယ်နှစ်ကြာပြီးတော့ သူ့ရဲ့သိုင်းပညာကအတော်လေးတိုးတက်လာပုံရတယ်။

ဒါကြောင့် ငါသာအစွမ်းကုန်တိုက်ရင်သူတို့နှစ်ယောက်ကိုသတ်နိုင်မှာမှန်ပေမယ့် ငါလည်းဒဏ်ရာကြီးကြီးမားမားဖြစ်နိုင်တယ်။

ပြီးတော့ မင်းတို့နှစ်ယောက်က ဟိုသိုင်းမဟာမိတ်ကဆယ့်နှစ်ယောက်ကို ထိပ်တိုက်ဆိုရင်အနိုင်ယူနိုင်ပေမယ့် သူတို့အကုန်လုံးကိုသတ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။

အသေအကြေတိုက်ပွဲသာဖြစ်ရင် သူတိူ့ထဲကလေူငါးယောက်လွတ်သွားမှာ ။

အဲဒီအခါကျရင် ငါတို့ရဲ့သတင်းပျံ့သွားပြီး သိုင်းမဟာမိတ်တင်တကဘဲ ရှောင်လင်နဲ့ဝူတန်းတို့ကပါ အမဲလိုက်ကြလိမ့်မယ်။။

မင်းတို့တွေးကြည့်စမ်း ဒီလိုထိပ်တန်းဂိုဏ်းကြီးနှစ်ခုနဲ့အင်အားစုကြီးတစ်ခုကလိုက်သတ်ရင် မင်းတို့ဘယ်ကိုပြေးမလဲ.... ထွီ..”

ဝူယွမ်ကရှည်လျားစွာပြောဆိုလိုက်ပြီး လည်ချောင်းရှင်း၍ တံတွေးတစ်ချက်ထွေးလိုက်သည်။

သူတို့ဆရာ၏စေ့စပ်သေချာမှုနှင့် ပါးနပ်မှုတို့ကြောင့် ဝူယောင်တစ်ယောက်ပါးစပ်အဟောင်းသားဖြစ်သွားရပြီး ဉာဏ်များသည်ဟုဆိုနိုင်သည့်ဝူချင်းပင် လေးစားသွားမိသည်။

ထို့နောက် ဝူချင်းက ခပ်လှမ်းလှမ်းတွင်မြင်နေရသည့်မြစ်ဆိပ်တစ်ခုကိုငေးကြည့်ရင်း မေးလိုက်သည်။

“ ဆရာကျုပ်တို့ ကျန်းနန်ကိုဘာကိစ္စနဲ့သွားမှာလဲ ...”

ဝူချင်း၏မေးခွန်းကြောင့် ဝူယွမ်၏မျက်နှာထက်၌ အပြုံးတစ်ခုပေါ်လာပြီး လျှို့ဝှက်သည့်ပုံစံဖြင့်ပြောလိုက်သည်။

“ ငါတို့ဒီတစ်ခေါက်ကျန်းနန်ကိုသွားမှာ မိတ်ဆွေဟောင်းကြီးတစ်ယောက်ကိုသွားတွေ့မှာ ။ ဒီကောင်က သိုင်းလောကထဲကအနားယူပြီးကြီးပွားနေပုံရတယ်။။

အေး ...ဟိုရောက်ရင်လည်း အခုလိုမျိုး စိတ်ထက်သလိုမလုပ်ဘဲ အနေအထိုင်ဆင်ခြင်မှနော် ။ ငါသိသလောက်ဆိုရင် ဒီကောင်က နှင်းငွေ့မိစ္ဆာသခင်ရဲ့လက်အောက်မှာတောင်အလုပ်လုပ်ဖူးသေးတယ်။

ကျုံဟွာတောင်တိုက်ပွဲမှာ နှင်းငွေ့မိစ္ဆာသခင်နဲ့ခရမ်းရောင်သွေးလဂိုဏ်းပျက်စီးပြီးတော့ အဖြူရောင်သိုင်းလောကသားတွေက ခရမ်းရောင်သွေးလဂိုဏ်းရဲ့လက်ကျန်တွေကိုလိုက်လံသုတ်သင်ခဲ့ကြပေမယ့် သူကအခုချိန်ထိဟန်ကျပန်ကျနေနိုင်တာကိုသာကြည့်တော့ ။

ငါ့စိတ်ထင် ဒီကောင်လည်းတစ်ခုခုကိုလျှို့ဝှက်ပြီးလုပ်နေတာဖြစ်ရမယ် ။ သူ့လိုအကျင့်စရိုက်နဲ့ကောင်းကောင်းမွန်မွန်နေတယ်ဆိုတာ မဖြစ်နိုင်ဘူး...”

“ စိတ်ချပါဆရာ...”

သူတို့ဆရာ၏လေးနက်သည့်သတိပေးစကားကြောင့် ဝူချင်းနှင့်ဝူယောင်တို့လည်း ပြိုင်တူခေါင်းညိမ့်ပြလိုက်ကြသည်။

&&&

“ ဟက်ချိုး...”

ရုတ်တရက်ကြီး ထ၍နှာချေလိုက်မိ၍ သူဌေးကြီးဝမ်ဖုလည်း အပေါ်ရုံကတ္တီပါအင်္ကျီကို ခပ်တင်းတင်းဆွဲလိုက်မိ၏။

‌ငါးပေပင်မပြည့်သည့်အရပ်အမောင်းနှင့် ပိန်လှီသေးကွေးသည့်သူ၏ပုံစံက မသားနားသော်လည်း တန်ဖိုးကြီးဝတ်စုံများ၏အရောင်အဝါကြောင့်တောက်ပနေသည်။

“ ငါ့အကြောင်းကိုဘယ်သူတွေကများ တွေးတောနေပါလိမ့်...’

ဝမ်ဖုလည်း တစ်ဦးထဲတွေးတောရင်းအိမ်ရှေ့၌ စီတန်းနေသည့်ရှည်လျားသည့်လူတန်းကြီးနှင့် ကြီးမားသည့်ဒယ်အိုးကြီးများထဲမှ ယာဂုများခပ်ပေးနေသည့်သူ၏တပည့်များကိုကြည့်ကာ သူ၏မျက်နှာထက်၌ အပြုံးတစ်ခုထွက်ပေါ်လာသည်။

သူဌေးကြီးဝမ်ဖု

ထိုနာမည်က လက်ရှိကျန်းနန်မြို့နှငိ့အနီးတစ်ဝိုက်တွင် မသိသူမရှိသည့်နာမည်ဖြစ်ပြီး အပေးအကမ်းရက်ရောလှကာ ပရဟိတပြုလုပ်ရာတွင်လည်းလက်မနှေးတတ်ပေ။

ဝမ်ဖု၏ဇာတိက နယ်ခြားဒေသမှဖြစ်ပြီး ရေကြည်ရာမျက်နုရာရှာဖွေ၍ စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ရာမှစ၍ ယခုလိုကျိကျိတတ်ချမ်းသာသည့်သူ‌ဌေးကြီးဘဝသို့ရောက်လာခဲ့ခြင်းဖြစ်သည်။

ယခုဆိုလျှင် ဝမ်ဖု၏အသက်အရွယ်ကလည်း ခြောက်ဆယ်နားနီးပြီဖြစ်ရာ အလယ်ပိုင်း‌ဒေသ၏အစည်ကားဆူံးမြို့ဖြစ်သည့် ကျန်းနန်တွင်အခြေချနေရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဤမြိူ့တွင်သူနေခဲ့သည်က ခြောက်နှစ်ကျော် ခုနှစ်နစ်အတွင်းသို့ပင်ရောက်ရှိနေပြီဖြစ်သည်။

ထိုအတောအတွင်း ကျန်းနန်၏ရေကြောင်းကုန်သွယ်ရေးနှင့် ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းများတွင် ငွေကြေးရင်းနှီးမြုပ်နှံခဲ့ပြီး သူကိုယ်တိုင်က နေရာမှမထသည့်တိုင်ဝင်ငွေများတရိပ်ရိပ်တိုးပွားလာခဲ့သည်။

ထို့ကြောင့်လည်း ပြည်မ၏စီးပွားရေးလောကတွင် သူဌေးကြီးဝမ်ဖုကိုထိတိုင်းရွှေဖြစ်သည်ဟုပင်တင်စားကြပြီး စီးပွားရေးလောက၏ဘီလူးကြီးတစ်ကောင်ဖြစ်သည့်နန်ကုန်းမိသားစုကပင် လေးလေးစားစားဆက်ဆံရပေသည်။

တစ်ဖက်တွင် သူဌေးကြီးဝမ်ဖုမှာ နွမ်းပါးသူများကို ပေးကမ်းကူညီခြင်း၊ မိဘမဲ့ဂေဟာများကိုထောက်ပံ့ခြင်းနှင့် အလုပ်သမားများစွာကိုအလုပ်အကိုင်ဖန်တီးပေးခြင်း စသည်တိူ့ကြောင့် ကောင်းသတင်းမွှေးပျံ့ကာ ကျန်းနန်၏နံပါတ်တစ်သူဌေးကြီးဟု လူအများက သက်မှတ်ထားကြပေသည်။

All Chapters