ရက်စက်သည့်ဂုဏ်သတင်း
Vol. 1 Ch. 32
“ ဦးလေးစန်း တကယ်လား ကျနော်တိူ့ ရှောင်လင်ကျောင်းကိုသွားမှာ...”
စန်းဟုန်းလျန်ထံမှမျှော်လင့်မထားသည့်စကားကိုကြားလိုက်ရ၍ ရှောင်ယောင်လည်း အံ့ဩခြင်း ပျော်ရွှင်ခြင်းစသည့်ခံစားချက်များဖြင့်မေးလိုက်ခြင်းဖြစ်သည်။
ရှောင်ယောင်ထံမှယခုလိုစိတ်ပါလက်ပါဝမ်းမြောက်ဝမ်းသာဖြစ်မှုကိုမြင်တွေ့ရသည်မှာ ရှားပါး၍ စန်းဟုန်းလျန်လည်းအလိုလိုပင်ကြည်နူးသလိုခံစားလိုက်မိ၏။
သိုင်းပညာ၏ဘိုးဘေး၊ သိုင်းလောက၏မီးရှူးတန်ဆောင်အစရှိသဖြင့် အမျိုးမျိုးတင်စားခေါ်ဝေါ်ကြသည့်ရှောင်လင်ကျောင်းတော်ကြီးကို သွားရောက်လည်ပတ်ရန်က ရှောင်ယောင်၏ငယ်ဘဝအိပ်မက်ထဲမှတစ်ခုဖြစ်သော်ငြား ယခုအမှန်တကယ်ဖြစ်လာမည်ဟုမထင်ခဲ့ပေ။
သည့်မတိုင်မှကစန်းဟုန်းလျန်က သူ့ကိုရှောင်လင်ကျောင်းသို့ပို့မည်ဟုပြောစဉ်က စနောက်နေသည်ဟုပင်ထင်ခဲ့မိသေးသည်။
ရှောင်ယောင်မှာ ငယ်စဉ်ကပင် အခြားကလေးများထက်သိသိသာသာအားနည်းပြီး စည်းကမ်းတင်းကြပ်လှသည့်သူ၏မိခင်ကြောင့် စူးဟိုင်မြို့တွင်နေခဲ့စဉ်တစ်လျှောက်လုံး အိမ်ထဲမှအိမ်ပြင်မထွက်ခဲ့ရပေ။
ထို့အပြင် သူ၏ငယ်ဘဝတစ်ခုလုံးသည်လည်း စာပေပညာနှင့် ပန်းချီ ၊ ဂီတ စသည့်အနုပညာများကိုသင်ယူခဲ့ရပြီး နူးညံ့သိမ်မွေ့သည့်သူ၏မိခင်က ပညာသင်ကြားချိန်တွင်တော့ လုံးဝညင်သာခြင်းမရှိပေ။
ရှောင်ယောင်၏စိတ်ဓာတ်ကလည်း လောဘ၊ ဒေါသနည်းပါးပြီး အေးဆေးတည်ငြိမ်ကာ အာရုံစူးစိုက်မှုအားကောင်းမွန်လှရာ သူ့မိခင်သင်ကြားပေးသမျှကို လွယ်လွယ်ကူကူတတ်မြောက်နိုင်ခဲ့သည်။
ထို့ကြောင့်လည်း သုံးနှစ်အတွင်း သင်ရိုးကုန်သည့်အပြင် သူ၏စာပေအဆင့်အတန်းက နန်းမြို့တော်မှ အရာရှိစာပေးပွဲဝင်ဖြေမည့် စာသင်သားများနှင့်ပင်နှိုင်းယှဉ်နိုင်သည်။
အနုပညာဘက်တွင်လည်း နာမည်ကျော်ဂီတပညာရှင်များထက်ပင်များစွာသာလွန်မည့်သူ့မိခင်ကြောင့် နောက်ထပ်နှစ်နှစ်အတွင်း သူ၏အနုပညာက အသက်မွေးဝမ်းကြောင်းပြုလျှင်ကျော်ကြားနိုင်မည့်အဆင့်ထိရောက်ရှိခဲ့သည်။
ငယ်စဉ်ကပင် အခြားကလေးငယ်များနှင့်ခြားနားပြီး ရည်မှန်းချက်ဟူ၍ မယ်မယ်ရရမရှိသည့်ရှောင်ယောင်၏ဘဝတွင် သူ့မိခင်ပျော်ရွှင်စေရန်က နံပါတ်တစ်ဦးစားပေးဖြစ်ခဲ့၏ ။
သူ့မိခင်စိတ်ချမ်းသာစေရန် သူလွန်စွာဝါသနာပါသည့်သိုင်းပညာကိုပင် လျှို့ဝှက်၍သင်ကြားခြင်းမပြုဘဲ အရှောင်အတိမ်းခြေလှမ်းသိုင်းတစ်ခုသာ အဖိုးစုအတင်းအကြပ်သင်ကြားစေ၍ သင်ယူထားခြင်းဖြစ်၏။
သို့သော်လည်း မိခင်ဖြစ်သူ ရုတ်တရက်သေဆူံးသွားခြင်းက ရှောင်ယောင်အတွက် ရွှေတောင်ကြီးပြိုကျသည်ထက်ပင်ခံစားခဲ့ရပြီး သူ၏ဘဝတွင်ပထမဆုံးအကြိမ်အဖြစ် လမ်းပျောက်သလိုဖြစ်ခဲ့ခြင်းဖြစ်၏ ။
ကံကောင်းထောက်မစွာဖြင့် သူ့ကိုဖေးဖဂရုစိုက်ပေးသည့်ဦးလေးစန်းက အနားတွင်ရှိနေခဲ့ပြီး သူနှင့်သွေးသားလုံးဝမတော်စပ်သည့်တိုင် စန်းဟုန်းလျန်မှာ သူ့အတွက် ဖခင်သဖွယ်၊ ဦးလေးသဖွယ်အားကိုးချစ်ခင်ရသူလည်းဖြစ်သည်။
ထို့နောက် စူးဟိုင်မြို့လေးမှထွက်လာချိန်မှစ၍ ရှောင်ယောင်လည်း သူ၏ဆယ်နှစ်တာဘဝဖြတ်သန်းမှုကို ကန်လန့်ကာချ၍ လူသစ်စိတ်သစ်ဖြင့် ရှင်သန်နေထိုင်တော့ာမည်ဟုစိတ်ဆုံးဖြတ်ပြီးဖြစ်ပေသည် ။
ရှောင်ယောင်နည်းတူ စန်းဟုန်းလျန်သည်လည်း သူဘဝတွင်အရေးအပါဆုံးဟုဆိုရမည့် လူတစ်ယောက်ဆုံးပါးသွားပြီးနောက်တွင် ဆယ့်တစ်နှစ်တာနေထိုင်ခဲ့သည့်စူးဟိုင်မြို့လေးဆီမှ နောကိဆံမတင်းဘဲထွက်လာနိုင်ခဲ့ပြီး နောက်ထပ်နှောင်ကြိုးလေးတစ်မျှင်ဖြစ်သည့် ရှောင်ယောင်နှင့်အတူ သိုင်းလောကသို့ထွက်လာခြင်းဖြစ်သည်။
စိတ်သစ်လူသစ်ဖြင့်ရှေ့ဆက်လာကြသည့် လူနှစ်ယောက်၏သိုင်းလောကခရီးဟာဆိုလျှင်ဖြင့်....
&&&
အလယ်ပိုင်းဒေသ၏မြောက်ဘက်ပိုင်း
မြောက်ပိုင်းတောင်တန်းဒေသနှင့်ထိစပ်နေသည့်ဒေသဖြစ်၍ မြင့်မားသည့်တောင်တန်းများကိုတွေ့မြင်နိူင်ကာ မြေပြန့်လွင်ပြင်နည်းပါးသည့်ဒေသဖြစ်သည်။
တောင်တန်းတစ်ခုအတွင်းရှိတောအုပ်ထဲတွင် လူတစ်စုက ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြသည်။
တိုက်ခိုက်နေသည့်လူအများစုက အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကြပြီး သူတို့၏အရေအတွက်က ဆယ့်ငါးယောက်ခန့်ရှိသည်။ ထို့အပြင် အနက်ရောင်ဝတ်စုံဝတ်လူဆယ်ယောက်လည်းရှိနေပြီး သူတို့နှစ်ဖွဲ့၏ပစ်မှတ်က အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်မိန်းကလေးတစ်ယောက်သာဖြစ်သည်။
အဖြူရောင်ဝတ်စုံဝတ်လူများ၏သိုင်းပညာက အဆင့်မနိမ့်ကြဘဲ အဆင့်လွန်ထိပ်သီးသုံးယောက်နှင့်ထိပ်တန်းအဆင့်သိုင်းသမားဆယ်ယောက်တို့ဖြစ်သည်။
တဖန်အနက်ရောင်ဝတ်စုံဝတ်လူများထဲတွင်လည်း အဆင့်လွန်ထိပ်သီးနှစ်ယောက်ပါဝင်ကာ သူတို့ထဲတွင်အနိမ့်ဆုံးလူကပင်ထိပ်တန်းအဆင့်ရှိသည် ။
ထိုမျှသိုင်းပညာမြင့်မားကြသည့်လူများက ပထမတန်းစားဂိုဏ်းတစ်ခု၏အင်အားအထိရှိသော်လည်း ယခုအခါ မိန်းကလေးတစ်ယောက်ထဲကိုသာ ပူးပေါင်းတိုက်ခိုက်နေကြသည်။
သူတို့၏အလယ်တွင်ဝန်းရံတိုက်ခိုက်ခံနေရသည့်မိန်းကလေးက အသက်နှစ်ဆယ်ဝန်းကျင်သာရှိမည်ဖြစ်ပြီး အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ မျက်နှာကိုအနက်ရောင်ပဝါပါးတစ်ထည်ဖြင့်ဖုံးကွယ်ထားသည်။
သို့တိုင် ပဝါပေါ်မှမြင်နေဪသည့် ဝိုးတဝါးမျက်နှာလေးက နတ်သက်ကြွေလာသည့်နတ်မိမယ်လေးပမာလွန်စွာလှပနေပြီး စူးရှကြည်လင်သည့်မျက်ဝန်းလေးများနှင့်လေးကိုင်းသဏ္ဍာန်မျက်ခုံးအစုံတို့က လူတစ်ယောက်၏စိတ်ဝိညာဉ်ကိုဖမ်းစားနိုင်စွမ်းရှိပေသည်။
ယခုအခါ မိန်းမလှလေး၏မျက်ဝန်းများက အေးစက်နေပြီး သူမ၏လက်ဝါးနှစ်ဖက်ကိုဝေ့ယမ်း၍ ရန်သူများကိုခုခံတိုက်ခိုက်နေသည်။
အဆင့်လွန်ထိပ်သီးငါးယောက်နှင့် ထိပ်တန်းအဆင့်သိုင်းသမားဆယ့်ငါးယောက်တို့၏တိုက်ခိုက်မှုများကလွန်စွာကြောက်မက်ဖွယ်ကောင်းသော်လည်းမိန်းမလှလေး၏တိုက်ကွက်များက ပို၍ပင်အစွမ်းထက်နေသည်။
မိနိးမလှလေး၏ ဖြူဖွေးသွယ်လျသည့်ကျောက်စိမ်းလိုလက်ဖဝါးနှစ်ဖက်က လွန်စွာပြင်းထန်လှသည့်တိုက်ကွက်များကိုထုတ်ဖော်နေပြီး သူမ၏ပြိုင်ဘက်များမှာ ထိတ်တိုက်ရင်မဆိုင်ဝံ့ဘဲ ဝိုင်းဝန်း၍ ခံစစ်အနေဖြင့်တိုက်ခိုက်နေရရှာသည်။
သို့တိုင် သူတိူ့ထဲမှလူတစ်ဝက်ကျော်က ဒဏ်ရာကိုယ်စီရရှိထားပြီးဖြစ်ကာ အဆင့်လွန်ထိပ်သီးနှစ်ယောက်ပင် မိန်းမလှလေး၏လက်ဝါးတစ်ချက်စီထိမှန်ထားပေသည်။
“ ညီအစ်ကိုတို့ ဒီမိစ္ဆာမကို အတတ်နိုင်ဆုံးအချိန်ဆွဲထားကြ မကြာခင်အားကောင်းတဲ့စစ်ကူတွေရောက်လာတော့မယ်...”
အဖြူရောင်ဝတ်စုံဝတ်အဆင့်လွန်ထိပ်သီးတစ်ဦးက တိုက်ခိုက်နေရင်းကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ယခုနှစ်ပတ်အတွင်း ထိုမိန်းမလှလေး၏နောက်သို့လိုက်ခဲ့သည့်သူတို့၏လူများစွာထိခိုက်ဒဏ်ရာရခဲ့ကြပြီး သေဆုံးသူများပင်အများအပြားရှိခဲ့၏။
ယခုလည်း မိန်းမလှလေးကို အင်အားများစွာအသုံးပြု၍ ခြေရာခံခဲ့ရပြီး အင်အားများစွာဖြင့်ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သို့သော် မိန်းမလှလေး၏သိုင်းပညာကလွန်စွာအစွမ်းထက်လှပြီး သာမန်အဆင့်လွန်ထိပ်သီးတစ်ဦးကိုပင် သိုင်းဆယ်ကွက်အတွင်းအနိုင်ယူနိုင်ပေသည်။
ထို့ကြောင့်လည်း ယခုလိုလူများစွာဝိုင်းဝန်းတိုက်ခိုက်နေရခြင်းဖြစ်ပြီး သူတို့ထဲမှလူများစွာဒဏ်ရာရရှိထားသည့်တိုင် မိန်းမလှလေးကိုထိမ်းချူပ်ရန်မလွယ်ကူသေးပေ။
ထိုမိန်းကလေး၏ရုပ်ရည်က နတ်မိမယ်တမျှလှပသည်ဟုကောလဟာလများရှိသော်လည်း သူတို့အားလုံး၏စိတ်ထဲတွင် မိန်းမလှလေးမှာ မိစ္ဆာတစ်ကောင်အလားထင်မှတ်ထားကြသည်။
အဖြူရောင်ဝတ်စုံဝတ်လူ၏စကားကြောင့် အတွင်းအားကုန်လုနီးပါးဖြစ်နေကြသူများပင်အစွမ်းကုန်ညစ်ထုတ်၍ တိုက်ခိုက်လိုက်ကြပြီး သူတို့ကိုယ်တိုင်ဒဏ်ရာရလျှင်ပင် မိန်းမလှလေးကိုထိခိုက်စေရန်ကြိူးပမ်းလိုက်ကြသည်။
ကံမကောင်းစွာဖြင့် မိန်းမလှလေး၏သိုင်းပညာကလွန်စွာကြောက်မက်ဖွယ်ကောင်းနေကာ တိုက်ပွဲဖြစ်နေသည်မှာအချိန်အတော်ကြာနေပြီဖြစ်သည့်တိုင် သူမကဒဏ်ရာတစ်စုံတစ်ရာမရသေးပေ။
သူမကိုအချိန်ဆွဲ၍ ဝိုင်းဝန်းတိုက်ခိုက်နေကြသည့် တစ်ဖက်လူများ၏အစီအစဉ်ကိုရိပ်စားမိ၍ မိန်းမလှလေး၏မျက်နှာကပို၍အေးစက်သွားပြီး အတွင်းအားအပြည့်ထည့်သွင်းကာ ပြင်းပြင်းထန်ထန်တိုက်ခိုက်လာတော့သည်။
“ ဝုန်း....ဝုန်း...”
အတွင်းအားများစွာပါဝင်နေသည့်လက်ဝါးချက်များက လေထုကိုပင်တုန်ခါသွားစေပြီး အဆင့်လွန်ထိပ်သီးများပင်ထိတ်တိုက်ရင်မဆိုင်ဝံ့ဘဲ နောက်ဆုတ်ပေးလိုက်ကြရ၏။
ထိုအခြေအနေကိုအခွင့်ကောင်းယူကာ မိန်းမလှလေး၏ခန္တာကိုယ်က လျှင်မြန်စွာလှူပ်ရှားသွားပြီးလူအုပ်အတွင်းမှဖောက်ထွက်ရန်ကြံစည်လိုက်သည်။
“ သူထွက်ပြေးတော့မယ် မလွတ်စေနဲ့...”
အနက်ရောင်ဝတ်စုံဝတ်အဆင့်လွန်ထိပ်သီးတစ်ဦးက အော်ဟစ်သတိပေးလိုက်ပြီး မိန်းမလှလေး၏ရှေ့တွင်ပိတ်ရပ်ကာ သူမကိုလက်ထဲရှိဓားဖြင့်လျှင်မြန်စွာခုတ်ပိုင်းလိုက်သည်။
လျှင်မြန်ပေါ့ပါးမှုကိုအခြေခံထားသည့်ချန်ချင်းဂိုဏ်း၏အရိပ်မဲ့ဓားသိုင်းက သိုင်းလောက၏အမြန်ဆုံးဓားသိုင်းစာရင်းတွင်ပါဝင်ပေသည်။
ယခုလည်း ချန်ချင်းဂိုဏ်းမှအဆင့်လွန်ထိပ်သီး၏ဓားက မိန်းမလှလေးကိုရက်စက်စွာခုတ်ပိုင်းလိုက်ပြီး ထိုဓားချက်က သူမ၏အသက်ကိုနုတ်ယူရန်ရည်ရွယ်ထားခြင်းဖြစ်သည်။
တစ်ဖက်လူ၏သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်ကိုရိပ်စားမိ၍ မိန်းမလှလေး၏မျက်ဝန်းထဲရှိအေးစက်မှုက ပို၍တိုးလာပြီး အနက်ရောင်ဝတ်စုံဝတ်လူ၏ဓားကိုသူမ၏လက်နှစ်ချောင်းဖြင့်ဖျက်ခနဲဖမ်းဆုပ်လိုက်သည်။
“ ရွှပ်....”
မိန်းမလှလေး၏လုပ်ရပ်ကလွန်စွာအန္တရာယ်များလှပြိး အချိန်အဆအနည်းငယ်လွဲသွားသည်ဖြစ်စေ သူမ၏အတွင်းအားကရန်သူထက်နည်းပါးသည်ဖြစ်စေ သေဆုံးသည်အထိအန္တရာယ်ရှိပေသည်။
ဖြူဖွေးတောက်ပသည့်ဓားသွားက မိန်းမလှလေး၏ သွယ်လျသည့်လက်နှစ်ချောင်းထဲတွင် တိတိပပညပ်နေပြီး ချန်ချင်းဂိုဏ်းမှသိုင်းသမားကား သူ၏အတွင်းအားများကိုအကုန်အစင်အသုံးပြု၍ဆွဲယူလိုက်သည့်တိုင် ဓားကိုပြန်ဆွဲမရပေ။
အန္တာရာယိအငွေ့အသက်ကိုခံစားလိုက်မိ၍ ထိုလူလည်းမျက်နှာကွက်ခနဲပျက်သွားပြီး ဓားကိုလက်လွတ်၍နောက်သို့အလျှင်အမြန်ဆုတ်ခွာလိုက်သော်လည်း ရိပ်ခနဲဝင်လာသည့်လက်ဝါးတစ်ဖက်က သူ၏ရင်ဝသို့တည့်မက်စွာတိုးဝင်လာသည်။
“ ဝုန်း...”
“ အား....”
ကျယ်လောင်သည့်အော်သံကြီးနှင့်အတူ ချန်ချင်းဂိုဏ်းမှအဆင့်လွန်ထိပ်သီစ၏ခန္တာကိုယ်ကြီးက နောက်ဘက်အတော်ဝေးဝေးသို့လွင့်စင်သွားကာ တုတ်တုတ်မှမလှုပ်တော့ပေ။
ယခုတစ်ကြိမ်က မိန်းမလှလေး၏လက်ချက်ကြောင့် ဝိုင်းဝန်းတိုက်ခိုက်နေသူများဘက်မှ ပထမဆုံးအကြိမ်အဖြစ် ပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်ရပ်ကြောင့် သူတို့ထဲမှအတော်များများအံ့ဩတုန်လှုပ်သွားကြသော်လည်း အနက်ရောင်ဝတ်စုံဝတ်ချန်ချင်းဂိုဏ်းသားများကား ဒေါသတကြီးဖြစ်သွားကြပြီး မိန်းမလှလေးဆီသို့အော်ဟစ်မာန်သွင်းကာ ပြေးဝင်သွားကြသည်။
“ မိစ္ဆာမ သေစမ်း....”
ချန်ချင်းဂိုဏ်းမှကျန်ရှိသည့်အဆင့်လွန်ထိပ်သီးနှင့် ထိပ်တန်းအဆင့်သိုင်းသမားများမှာ နီရဲနေသည့်မျက်ဝန်းများဖြင့် ထိခိုက်ဒဏ်ရာရမည်ကိုပင်ဂရုမစိုက်တော့ဘဲ တရကြမ်းတိုးဝင်သွားကြသည်။
ယခုနှစ်ရက်အတွင်း မိန်းမလှလေး၏နောက်သို့လိုက်ရင်း သူတို့၏ဂိုဏ်းသားဆယ်ယောက်ထက်မနည်းသတ်ဖြတ်ခံရသည်ကိုသိရှိပြီးဖြစ်ကာ ယခုလည်း သူတို့၏မျက်စေ့ရှေ့တွင်အဆင့်လွန်ထိပ်သီးတစ်ဦး သေသည်ရှင်သည်မသိရသည့်အဆင့်သို့ရောက်ရှိခဲ့သည်။
စင်စစ် ထိုမိန်းကလေးသိုင်းလောကထဲသို့ဝင်ရောက်လာချိန်မှစ၍ သူမ၏လက်တွင်သွေးစွန်းခဲ့ရသည်ဟုပင်ဆိုနိုင်ကာ ချန်တဟုန်နှင့်ပြဿနာတတ်သည့်အချိန်မှစ၍ လူများစွာဆက်တိုက်သတ်ဖြတ်ခံခဲ့ရသည်။
သူမ၏လက်ထဲတွင်အသက်ဆုံးရှုံးရသူအများစုက သူမ၏အလှကိုလိုချင်တပ်မက်ကြသည့်သိုင်းသမားများ ၊ သိုင်းမဟာမိတ်မှလူများနှင့် ချန်ချင်းဂိုဏ်းသားများဖြစ်ကြသည်။
သိုင်းမဟာမိတ်မှလူများမှာ သူတို့၏ဂုဏ်သိက္ခာအတွက်မိန်းမလှလေးကိုလိုက်လံတိုက်ခိုက်ခြင်းဖြစ်ပြီး ချန်ချင်းဂိုဏ်းသားများကား ချန်တဟုန်အတွက်လက်စားချေလိုကြသည်ဆန္ဒကြောင့်ဖြစ်သည်။
မိန်းမလှလေးသည်လည်း သူမကိုတိုက်ခိုက်လာသည့်လူမှန်သမျှကိုရက်စက်စွာတုံ့ပြန်ခဲ့ပြီး ယခုဆိုလျှင် သူမ၏ရက်စက်သည့်ဂုဏ်သတင်းက သိုင်းလောကအနှံ့သို့ပင်ပျံ့နှံ့နေပြီဖြစ်သည်။
ဤသို့ဖြင့် သတ်ဖြတ်မှုသံသရာကစတင်ခဲ့ပြီး ယခုအချိန်တွင် မိန်းမလှလေး ၊ သိုင်းမဟာမိတ်နှင့်ချနိချင်းဂိုဏ်းတို့မှာ တစ်ဖက်ဖက်ပျက်သုဉ်းမှရပ်တန့်နိုင်မည့်အဆင့်ထိရောက်ရှိနေပြီဖြစ်သည်။