ရန်သူဝိုင်းလည်အလှနတ်မယ်
Vol. 1 Ch. 33
သိုင်းမဟာမိတ်မှ ကျန်ရှိနေသည့်သူများထဲတွင်လည်း ဒဏ်ရာရရှိသူအများအပြားပါဝင်နေသည့်တိုင် ဂရုမစိုက်တော့ဘဲ မိန်းမလှလေးကိုသတ်ဖြတ်ရန်သာ ကြိုးပမ်းလာကြတော့သည်။
ချန်ချင်းဂိုဏ်းသားများ၏ရူးမိုက်သည့်လုပ်ရပ်ကြောင့် အဖြူရောင်ဝတ်စုံဝတ်သိုင်းသမားများလည်း အနည်းငယ်ထိတ်လန့်သွားပြီး ထိုလူများမထိခိုက်စေရန် သူတို့ပါ တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။
သို့သော်လည်း သူတို့ပြိုင်ဘက်၏သိုင်းပညာကလွန်စွာအစွမ်းထက်နေရာ အင်အားအဆမတန်သာလွန်နေသည့်တိုင်အောက်စည်းသို့ရောက်ရှိနေစမြဲဖြစ်သည်။
“ သေစမ်း...မိစ္ဆာမ “
“ ဝုန်း...ဝုန်း...”
“ အား...”
ဒေါသတကြီးအော်ဟစ်မာန်သွင်းသံများ ၊ အတွင်းအားပေါက်ကွဲသံများနှင့်နာကျင်စွာအော်ဟစ်ညည်းတွားသံများက အဆက်မပြက်ထွက်ပေါ်နေသည်။
တစ်ဖက်လူများ၏အားကုန်တိုက်ခိုက်မှုကိုရင်ဆိုင်ရာတွင် မိန်းမလှလေးသည်ပင်အနည်းငယ်အခက်ကြုံလာရပြီး အများနှင့်တစ်ယောက်ဖြစ်၍ သူမ၏အတွင်းအားများသာကုန်ဆုံးသွားပါက ကျန်းသေပေါက်ဒုက္ခရောက်ပေမည် ။
ထို့အပြင် ရန်သူများ၏အကြံအစည်က သူမကိုအချိန်ဆွဲရန်ဖြစ်ကာ အားကောင်းသည့်စစ်ကူများရောက်လာမည်က သေချာသလောက်ဖြစ်ပြီး ထိုလူများရောက်မလာမီ တိုက်ပွဲကိုအမြန်ဆူံးဖြတ်ရန်လိုအပ်သည်။
မိန်းမလှလေး၏လက်ချက်ကြောင့် ဒဏ်ရာရသူများတိုးပွားလာသလို သေသည်ရှင်သည်မသိရသည့်လူများ ပြင်းထန်သည့်ဒဏ်ရာကြောင့်လဲကျညည်းညူနေသူများလည်းပို၍တိူးပွားလာသည်။
ထိုအချိန်တွင် တိုက်ပွဲဖြစ်နေသည့်နေရာအနီးသို့ လူရိပ်အနည်းငယ်ရောက်ရှိလာပြီး အတွင်းအားပြည့်ဝသည့်အော်ဟစ်သံတစ်ခုပါထွက်ပေါ်လာသည်။
“ အားလုံး ရပ်လိုက်ကြစမ်း....”
ရုတ်တရက်ရောက်ရှိလာသည့်လူများနှင့် ကျယ်လောင်သည့်အော်ဟစ်သံကြောင့် မိန်းမလှလေး၏မျက်ဝန်းထဲတွင် အေးစက်စက်အရိပ်တစ်ခုဖြတ်ပြေးသွားပြီး သူမ၏တိုက်စစ်ကိုအရှိန်မြှင့်လိုက်သည်။
နောက်ထပ်ရောက်ရှိလာသူများက ရန်သူများ၏ဘက်မှဖြစ်နိုင်ပြီး အသံပိုင်ရှင်၏အတွင်းအားက သူမပင်သတိထားရအောင် လွန်စွာကောင်းမွန်လှသည်။
အနက်ရောင်ဝတ်စုံဝတ်ချန်ချင်းဂိုဏ်းသားများနှင့် အဖြူရောင်ဝတ်စုံဝတ်သိုင်းသမားများကား နောက်ထပ်လူများရောက်ရှိလာသည်ကိုသတိပြုလိုက်မိ၍သူတို့၏ပုံစံက အားတက်ပျော်ရွှင်သွားဟန်တူပြီး မိန်းမလှလေးကိုဆက်လက်ရင်ဆိုင်ခြင်းမရှိတော့ဘဲ နောက်ဘက်သို့ခုန်ဆုတ်၍ အကွာအဝေးအနည်းငယ်ခြားကာ ဝိုင်းထားလိုက်ကြသည်။
ဤသို့ဖြင့် ပြင်းထန်သည့်တိုက်ပွဲက အချိန်တခဏရပ်တန့်သွားကာ မိန်းမလှလေးလည်း နောက်ထပ်ရောက်လာသည့်လူများကို စူးစိုက်ကြည့်လိုက်သည်။
နောက်ထပ်ရောက်ရှိလာသည့်လူများမှာ ခြောက်ယောက်ခန့်ရှိပြီး အညိုရောင်ဝတ်စုံဝတ်ရုပ်ချင်းဆင်တူသည့်လူနှစ်ယောက်၊ သန်မာထွားကြိုင်းသည့်လူငယ်တစ်ယောက် ၊ အပြာရောင်ဝတ်စုံဝတ်သက်လက်ပိုင်းအရွယ်လူတစ်ယောက်၊ တင်းမာခတ်ထန်သည့်မျက်နှာရှိသည့် အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်နှင့် အသက်သူံးဆယ်ခန့်သာရှိမည့်ခန့်ညားချောမောသည့်လူရွယ်တစ်ယောက်တို့ဖြစ်သည်။
“ အစ်ကိုလု...”
“ ခေါင်းဆောင်ချန်....”
အနက်ရောင်ဝတ်စုံဝတ်ချန်ချင်းဂိုဏ်းသားများနှင့် အဖြူရောင်ဝတ်စုံဝတ်သိုင်းသမားများက တင်းမာခတ်ထန်သည့်အမူအယာရှိသည့်လူကို အရိုအသေပေးလိုက်ကြသည်။
ထိုလူက ချန်ချင်းဂိုဏ်းထဲတွင်အရေးပါးသည့်လူတစ်ဦးဖြစ်သည့်အပြင် သိုင်းမဟာမိတ်၏ခေါင်းဆောင်ဆယ်ယောက်ထဲမှတစ်ယောက်ဖြစ်သည့် ချန်လုပင်ဖြစ်သည်။
အရေးအကြီးဆုံးအချက်က မိန်းမလှလေး၏လက်ချက်ကြောင့်သေလုမျောပါးဖြစ်ခဲ့ရသည့်ချန်တဟုန်မှာ သူ၏သားအရင်းခေါက်ခေါက်ဖြစ်သည်။
ယခုအခါ ချန်လု၏အမူအယာကအေးစက်တင်းမာနေပြီး မိန်းမလှလေးကိုကြည့်၍ သတ်ဖြတ်လိုသည့်လေသံဖြင့်ပြောလိုက်သည်။
“ ငါ့ရဲ့သားကို ဒုက္ခတဖြစ်အောင်လုပ်ပြီး လူတွေအများကြီးသတ်ဖြတ်ခဲ့တဲ့မိစ္ဆာမ မင်းဒီနေ့ဇာတ်သိမ်းပြီ...”
ချန်လု၏စကားထဲတွင်နက်ရှိုင်းသည့်မုန်းတီးမှုတို့ပါဝင်နေသလိုသူတို့၏ကြားရှိရန်ငြိူးက များစွာကြီးမားနေပြီဖြစ်ရာ ဤသည်က ထူးဆန်းသည်တော့မဟုတ်ပေ။
ချန်လု၏ ကြုံးဝါးသည့်စကားသံကိုကြားရသည့်တိုင် မိန်းမလှလေး၏အမူအယာကပြောင်းလဲခြင်းမရှိဘဲ မျက်တောင်တစ်ချက်ပင်မခတ်ပေ။
သူမက အတွင်းအားများကိုကြိတ်၍စုစည်းနေရင်း ချန်လုနှင့် သူ၏နောက်ရှိလူငါးယောက်ကိုလေ့လာနေကာ တိုက်ပွဲဖြစ်ပါက မည်သို့ဆုတ်ခွာရမည်ကိုတွေးတောနေခြင်းဖြစ်သည်။
မှန်ပေသည်။
လက်ရှိအချိန်၌ သိုင်းမဟာမိတ်နှင့် ချန်ချင်းဂိုဏ်းသားများစွာ၏ပူးပေါင်းတိုက်ခိုက်မှုကြောင့် သူမ၏အတွင်းအားထက်ဝက်သာကျန်ရှိတော့ပြီဖြစ်ကာ ချန်လုတို့ခြောက်ယောက်လုံးက အစွမ်းထက်သည့်အဆင့်လွန်ထိပ်သီးများဖြစ်၍ ထိုခြောက်ယောက်လုံးကိုရင်ဆိုင်ရန်မလွယ်ကူပေ။
အထူးသဖြင့်ထိုအထဲတွင် အနက်ရောင်ဝတ်စုံဝတ်လူရွယ်က သိုင်းပညာအမြင့်မားဆုံးဖြစ်ပြီး အစောပိုင်းက အော်ဟစ်ဟန့်တားခဲ့သူလည်းဖြစ်သည်။
သူမ၏အကောင်းဆုံးအခြေအနေတွင်ရှိပါက ဤလူများဝိုင်းဝန်းတိုက်ခိုက်လျှင်ပင် လွတ်မြောက်ထွက်ပြေးနိုင်သော်လည်း ယခုအခါခက်ခက်ခဲခဲဖောက်ထွက်ရမည်ဖြစ်သည်။
အနက်ရောင်ဝတ်စုံဝတ်လူရွယ်နှင့်ကျန်သုံးယောက်က သိုင်းလောကတွင်ကျော်ကြားသည့်လူများဖြစ်ပြီး သိုင်းမဟာမိတ်၏အကူအညီတောင်းမှုကြောင့် သွေးအေးသခင်မဆိုသည့်မိန်းမလှလေးကိုနှိမ်နင်းရန်ဖြစ်သည် ။
သူတို့လေးယောက်က မိန်းမလှလေးကိုခြေရာခံမိသည့်ယခုဒေသရောက်အောင် ခရီးပြင်းနှင်ခဲ့ကြသော်လည်း ကိစ္စတစ်ကြောင့် ဝူတန်းဂိုဏ်းသိူ့ဝင်ခဲ့ရသည့်အတွက် နှစ်ရက်ခန့်နောက်ကျသွားသည်ဟုဆိုရမည်။
ယခုနှစ်ရက်အတွင်း မိန်းမလှလေး၏လက်၌သေဆူံးရသည့်သိုင်းသမားအရေအတွက်က ဆယ်ယောက်ကျော်ရှိပြီး ယခုတိုက်ပွဲတွင်ပင် လူခြောက်ယောက်သေသည်ရှင်သည်မသိရဘဲ အတော်များများဒဏ်ရာရထားကြသည်။
မူလင အနည်းငယ်တုံ့ဆိုင်းနေကြသည့်တိုင် မိန်းမလှလေး၏ရက်စက်မှုကြောင့် သူတို့လည်း အစွမ်းကုန်ထုတ်သုံးကာ ထိုမိန်းကလေးကိုဖမ်းဆီးအပြစ်ပေးရန်ဆုံးဖြတ်လိုက်ကြ၏။
“ မင်းတို့နောက်ကိုဆုတ်ကြ ဒီမိစ္ဆာမကို ငါတို့စုပေါင်းတိုက်ခိုက်မယ်။ မိတ်ဆွေတို့ ကျုပ်ကိုကူညီပေးကြပါဦး....”
ချန်လုက ရှည်ရှည်ဝေးဝေးပြောဆိုမနေတော့ဘဲ သူ၏နောက်ကျောထက်မှဓားကိုရွှမ်းခနဲဆွဲထုတ်ရင်း ကျန်ငါးယောက်ကိုပြောလိုက်သည်။
ထိုငါးယောက်လုံးကလည်း သိုင်းလောကတွင်နာမည်ရှိသည့်ကျော်ကြားသူများဖြစ်ကြပြီး အညိုရောင်ဝတ်စုံဝတ်လူနှစ်ယောက်က ၊ ရွှမ်ယွမ်ဓားညီနောင်ဟုကျော်ကြားသည့်ညီအစ်ကိုများဖြစ်သည်။
အပြာရောင်ဝတ်စုံဝတ်လူက ချန်လုနည်းတူ သိုင်းမဟာမိတ်၏ခေါင်းဆောင်ဆယ်ယောက်ထဲမှတစ်ယောက်ဖြစ်ပြီး မုယုံမိသားစုမှလူတစ်ဦးဖြစ်သည်။
သန်မာထွားကြိုင်းသည့်ခန္တာကိုယ်ပိုင်ဆိုင်ထားသည့်လူငယ်ကသူတို့ထဲတွင်အငယ်ဆုံးဖြစ်သည့်တိုင် အထင်းသေး၍မရဘဲ သံမဏိတံတိုင်းဟုနာမည်ကျော်သည့်လူငယ်သိုင်းသမားတစ်ယောက်ဖြစ်သည်။
နောက်ဆုံးကျန်ရှိသည့်အနက်ရောင်ဝတ်စုံဝတ်လူရွယ်ကား ထိုခြောက်ယောက်ထဲတွင်သိုင်းပညာအမြင့်ဆုံးဖြစ်ကာ ခုံတုံဂိုဏ်း၏ဆက်ခံသူ၊ စီးတုမိသားစု၏ဒုတိယသား စီးတုမင်ပင်ဖြစ်ပေသည်။
သူတို့၏တစ်ဦးချင်းသိုင်းပညာများကပင် သိုင်းလောကတွင်လက်မထောင်နိုင်သည့်အဆင့်ရှိပြီး သူတို့ခြောက်ယောက်သာပူးပေါင်းတိုက်ခိုက်ပါက သာမန်သိုင်းဝိဇ္ဇာတစ်ယောက်ကိုပင်ရင်ဆိုင်နိုင်ပေမည်။
ထို့ကြောင့် ရန်သူများ၏အလယ်တွင် တစ်ဦးထဲဖြစ်နေသည့် မိန်းမလှလေး၏ကံကြမ္မာဆိုလျှင်ဖြင့်....
&&&
ဟိုနန်နယ် ဆန်းဆက်တောင်တန်း
ဟိုနန်နယ်ရှိဆန်းဆက်တောင်တန်းကြီးမှာ နဂါးကြီးတစ်ကောင်လဲလျောင်းအိပ်စက်နေသည့်ပုံသဏ္ဍာန်ရှိပေသည်။
တောင်တန်း၏အလယ်တွင် ရှည်လျားသောအုတ်လှေကားတန်းတစ်ခုရှိပြီးတောင်ထိပ်အထိသွယ်တန်းထားသည်။
ထိုအုတ်လှေကားတန်းမည်မျှရှည်သနည်းဟု မေးလာပါလျှင် မျက်စေ့တစ်ဆုံးရှည်သည်ဟုအဖြေပေးရမည်ဖြစ်ပြီးတောင်အောက်မှနေ၍ တောင်ထိပ်တွင်ရှိသည့်ရှောင်လင်ကျောင်းတော်ကြီးအထိဆက်သွယ်ထားပေသည်။
ရှောင်လင်ကျောင်းတော် သို့်မဟုတ် သိုင်းလောက၏မီးရှူးတန်ဆောင်ကျောင်းတော်ကြီးကတွင် လောကုတ္တရာတရားများပွားများသူများရှိသလို လွန်စွာအစွမ်းထက်သည့်သိုင်းသမားများလည်း ပေါများလှသည်။
သိုင်းပညာအစ ရှောင်လင်က ဆိုသည့်စကားအတိုင်း ရှောင်လင်ကျောင်းတော်တွင် ထိပ်တန်းဟုဆိုရမည်သိုင်းပညာရပ်များမရေမတွက်နိုင်အောင်ရှိသလို သိုင်းလောက၏ထိပ်ဆုံးဟုဆိုရမည့် သိုင်းပညာရှင်များလည်း ခေတ်အဆက်ဆက်ထွက်ပေါ်လာတတ်သည်။
မျက်စေ့တဆုံးရှည်လျားသည့်အုတ်လှေကားတန်းကြီးကိုကြည့်ရင်း ရှောင်ယောင်လည်းမနေနိုင်ဘဲ ပင့်သက်ရှိုက်လိုက်မိ၏ ။
“ ဦးလေးစန်း ဒီလှေကားထစ်တွေက ဘယ်လောက်တောင်ရှိတာလဲ ...”
နဖူးထက်မှ ချွေးစက်များကိုသုတ်ရင်းမေးလိုက်သည့် ရှောင်ယောင်၏မေးခွန်းကြောင့် စန်းဟုန်းလျန်၏စိတ်ထဲတွင် စိတ်မကောင်းဖြစ်သွားမိသည်။
မွေးရာပါ သွေးကြောအားနည်းသည့်ရောဂါကိုခံစားခဲ့ရသူမို့ အသက်ရှည်ရှည်နေ၍မဖြစ်နိုင်သည့်အပြင် သာမန်ကလေးများထက်သိသိသာသာအားနည်းသည့်ရှောင်ယောင်၏ဘဝကား ဝမ်းနည်းဖွယ်ကောင်းလှသည်။
သူ၏ဖခင်က သူမမွေးမီကပင်အခြားလူများ၏လက်ချက်ဖြင့်သေဆုံးခဲ့ရသလို သူ၏မိခင်ကလည်း အရွယ်မတိုင်မီသေဆုံးသွားခဲ့ရပြန်သည်။
ထို့ကြောင့်လည်း စန်းဟုန်းလျန်မှာ ရှောင်ယောင်၏မိခင်နှင့်သူ၏ ရင်းနှီးပတ်သတ်မှုကြောင့် အပြင် ရှောက်ယောင်ကို တူလိုသားလိုအမှန်ပင်ချစ်ခင်ခြင်းဖြစ်၏။
စန်းဟုန်းလျန်လည်းသူ၏စိတ်ထဲမှအတွေးများကိုမဖော်ပြဘဲ တည်ငြိမ်သည့်လေသံဖြင့်မေးလိုက်သည်။
“ လှေကားထစ်တွေကထောင်ကျော်တယ် အခုမှသုံးပုံတစ်ပုံတောင်မရောက်သေးဘူး။ မင်းအဆင်မပြေရင် ငါမင်းကိုသယ်သွားပေးမယ်လေ...”
တောင်ထိပ်တွင်ရှိသည့်ကျောင်းတော်အထိဆိုပါက အတော်လေးအလှမ်းကွာဝေးသော်လည်း သူ၏ကိုယ်ဖော့ပညာဖြင့်ဆိုလျှင် အချိန်တိုအတွင်းချွေးတစ်စက်မထွက်ဘဲတတ်ရောက်နိုင်သည်။
သို့သော် ရှောင်ယောင်ကတောက်ပစွာပြုံးရင်းခေါင်းယမ်းပြလိုက်သည်။
“ ဒီလိုလုပ်လို့ ဘယ်ဖြစ်မှာလဲ ။ ဦးလေးစန်းရဲ့ကိုယ်ဖော့ပညာနဲ့ဆိုခဏလေးနဲ့ရောက်သွားမှာဆိုပေမယ့် အခုလိုကိုယ့်အားကိုကိုးပြီးတတ်ရတာက အများကြီးပိုကောင်းတာပေါ့...”
မိုးကောင်းကင်က မျှတမှုရှိပေသည်။
ရှောင်ယောင်ကို သာမန်ထက်အားနည်းပြီး ဝမ်းနည်းဖွယ်ကံကြမ္မာနှင့်ဆုံတွေ့စေခဲ့သော်လည်း ထ်ုအချက်များကြောင့် သူ၏စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ရင့်ကျက်မှုတို့က အခြားလူများထက်များစွာသာလွန်မှုရှိခဲဘပေသည်။
ထို့အတူ အားကောင်းသည့်အာရုံစူးစိုက်မှု ၊ မဆုတ်မနစ်သောဇွဲသတ္တိနှင့် ထက်မြက်သည့်ဉာဏ်ရည်ဉာဏ်သွေးတို့က အဖိုးစုလို အတွေ့အကြုံပြည့်ဝသည့် သိုင်းပညာရှင်ကိုပင်အံ့ဩစေခဲ့ပြီး ရှောင်ယောင်သာ သိုင်းလောကအတွင်းဝင်ရောက်ပါက ပထမဓားသခင်နှင့် နှင်းငွေ့မိစ္ဆာသခင်တို့၏အဆင့်သို့ပင် ကျိန်းသေပေါက်ရောက်ရှိမည်ဟု ကြွေးကျော်ခဲ့ဖူးသည်။
မည်သို့ပင်ဖြစ်စေ လက်ရှိရှောင်ယောင်၏အခြေအနေက သေမင်းနှင့်လက်တစ်ကမ်းအကွာတွင်ရှိနေပြီး ပုံမှန်လူတစ်ယောက်လိုနေထိုင်နိုင်ရန်ကပင် စိန်ခေါ်မှုတစ်ခုဖြစ်နေပေသည်။
“ ကောင်းပြီလေ ဒါဆိုလည်း နားရင်းနဲ့သွားတာပေါ့...”
စန်းဟုန်းလျန်လည်း သက်ပြင်းဖွဖွချရင်းပြောလိုက်မိသည်။