← Chapters

နောက်ကြောင်းစုံညီသိသင့်ပြီ

Vol. 1 Ch. 34

နောက်ကြောင်းစုံညီသိသင့်ပြီ

Vol. 1 Ch. 34

“ ရပ်လိုက်ပါ ဘယ်သူတွေလဲ...”

စန်းဟုန်းလျန်နှင့်ရှောင်ယောင်တို့ ရှောင်လင်ကျောင်းတော်၏တံခါးမကြီးအရောက်တွင်ဟန့်တားခံလိုက်ရသည်။

အသက်နှစ်ဆယ်ကျော်ခန့်ရှိမည့် ဘုန်းကြီးပျိုလေးပါးက လူ့တစ်ရပ်ခန့်ရှိမည့်တုတ်ရှည်ကိုယ်စီကိုင်ဆောင်ကာ ကျောင်းတော်၏တံခါးဝ၌စောင့်ကြပ်နေခြင်းဖြစ်၏။

သူတို့၏သိုင်းပညာက ထိပ်တန်းအဆင့်ရှိသည့်အပြင် အပြင်အားနှငိ့အတွင်းအားကိုပါလေ့ကျင့်သည့်ဘုန်းကြီးများဖြစ်ကြ၍သာမန်သိုင်းလောကသားများထက်များစွာသာလွန်ကြသည်။

“ ကိုယ်တော်တို့ ကျုပ်က ဝူတန်းက စန်းဟုန်းလျန်ပါ ရှောင်လင်ကျောင်းက ဆရာတော်ရွှမ်းနန်နဲ့ တွေ့ဖို့ ချိန်းထားလို့ပါ....”

စန်းဟုန်းလျန်က ဘုန်းကြီးပျိုလေးပါးကို သိုင်းလောကထုံးစံအတိုင်း လက်သီးတစ်ဖက်ဆုပ်အရိုအသေပေးရင်း‌ယဉ်ကျေးစွာပြောလိုက်သည်။

ရှောင်ယောင်ကတော့ တိတ်ဆိတ်စွာရပ်နေရင်းမှ အိုဟောင်းသော်လည်း မာကျောခိုင်ခန့်လှသည့်တံခါးမကြီးကို စိတ်ဝင်စားစွာကြည့်ရှုနေသည်။

တံခါးမကြီး၏အပေါ်ဘက်ရှိ ကျောင်ပြားထက်၌ ရှောင်လင်ကျောင်းတော်ဟုရေးထွင်းထားသည့် စာကြီးလုံးများရှိနေပြီး ရှေးကျသည့်အငွေ့အသက်များထွက်‌ပေါ်နေသည့်ထိုစာလုံးများက ကြီးမားသည့်အရှိန်အဝါတစ်ခုကိုပေးစွမ်းနေသည်။

စန်းဟုန်းလျန်၏ စကားကြောင့်ဘုန်းကြီးပျိုများ၏အမူအယာကအနည်းငယ်ပြေလျော့သွားကြပြီး သူတို့၏ပုံစံက စန်းဟုန်းလျန်တို့နှစ်ယောက်ရောက်ရှိလာမည်ကိုကြိုတင်သိရှိထားဟန်တူသည်။

“ ကောင်းပြီ ဒကာကြီးတို့ ကျုပ်နောက်ကလိုက်ခဲ့ပါ....”

အစောပိုင်းက သူတို့ကိုမေးခွန်းထုတ်သည့်ဘုန်းကြီးက လက်ထဲရှိတုတ်ရှည်ကိုကျန်ဘုန်းကြီးတစ်ပါးဆီသို့ပေးလိုက်ပြီး ရှေ့မှဦးဆောင်သွားလေသည်။

စန်းဟုန်းလျန်နှင့်ရှောင်ယောင်တို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီးရှေ့မှ ခပ်သုတ်သုတ်သွားနေသည့်ဘုန်းကြီးကိုမှီအောင် အလျှင်အမြန်လိုက်သွားလိုက်ကြသည်။

သူတော်စင်တို့မွေ့လျောရာဖြစ်သည့်ကျောင်းဝန်းကြီးက တိတ်ဆိတ်အေးချမ်းနေပြီး ကြည်နူးငြိမ်းချမ်းဖွယ်ကောင်းသည့်ပတ်ဝန်းကျင်ရှိသည်။

များစွာသောအဆောင်များ ၊စင်္ကြန်လမ်းအသွယ်သွယ်၊ မြင့်မားသည့်အုတ်နံရံကြီးများ၊ အရိပ်အာဝါသကောင်းလှသည့်သစ်ပင်အိုကြီးများ ၊ ရှေးကျ၍ ကြည်ညိုဖွယ်ကောင်းသည့်ဆင်းတုတော်များ၊ နှစ်ရာပေါင်းများစွာသက်တမ်းရှိသညိ့ကြေးခေါင်းလောင်းကြီးများ၊ သိုင်းပညာလေ့ကျင့်သည့်ကွင်းပြင်းကျယ်ကြီးများ စသည်တိူ့ဖြင့်ဖွဲ့စည်းထားသည်က ရှောင်လင်ကျောင်းတော်ပင်ဖြစ်သည်။

“ ရှောင်အာ မင်းဟို ကိုရောက်ရင်ထင်မထားတဲ့လူနှစ်တစ်ယောက်ကိုတွေ့ရဦးမယ်...”

စန်းဟုန်းလျန်က ရှောင်ယောင်၏အနီးသို့ကပ်၍ခပ်တိုးတိုးပြောလိုက်သည်။

သူ၏စကားကြောင့် ရှောင်ယောင်၏မျက်လုံးလေးများတောက်ပသွားပြီး ပြုံး၍ပြောလိုက်သည်။

“ မဟုတ်မှလွဲရော အဲဒါက အဖိုးစုမဟုတ်လား...’

ရှောင်ယောင်၏အရိပ်ပြအကောင်မြင်သည့်ဉာဏ်ရည်ကြောင့် စန်းဟုန်းလျန်လည်း ခပ်ဖွဖွပြုံးလိုက်ပြီး ခေါင်းညိမ့်ပြလိုက်သည်။

“ ဟုတ်တယ် မင်းရဲ့အဖိူးစုက ရှောင်လင်ကျောင်းတော်ကနေစောင့်နေမယ်လို့ ငါ့ကိုပြောခဲ့တယ်...”

“ ဒါပေမယ့် မေမေဆုံးတဲ့အချိန်ကတောင် သူရောက်မလာဘူးလေ...သူ့ရဲ့အစွမ်းအစနဲ့ဆိုရင် ဒီအကြောင်းကို မသိစရာမှမရှိတာ...”

ရှောင်ယောင်၏မျက်နှာလေးကမသိသာညှိူးကျသွားပြီးအနည်းငယ်အားဖျော့သည့်လေသံဖြင့် ရေရွတ်လိုက်၏ ။

သူ၏မိခင်မှလွဲ၍ စန်းဟုန်းလျန်နှင့်အဖိုးစုမှာ ရှောက်‌‌ယောင်အတွက်အရေးအပါဆုံးဖြစ်ပြီး သူ၏ဘဝတစ်ခုလုံးတွင် ရင်းနှီးခင်မင်၍သံယောဇဉ်ဖြစ်ခဲ့သည်က ထိုနှစ်ယောက်သာရှိခဲ့သည်။

ထို့ကြောင့် သူ့မိခင်သေဆုံးသည့်နေ့သာမကဘဲ ကျန်ရက်များတွင်ပါအဖိုးစုရောက်မလာနိုင်ရာ ရှောင်ယောင်၏စိတ်ထဲတွင် ဝမ်းနည်းမှုအနည်းငယ်ခံစားရခြင်းဖြစ်ပေသာ်။

အပြင်ပန်းတွင်တည်ငြိမ်ဟန်ရှိ‌သော်လည်း အတွင်းစိတ်၌ စိတ်မ‌ကောင်းဖြစ်နေမည့်ရှောင်ယောင်၏ခံစားချက်ကိုရိပ်စားမိ၍ အလျှင်အမြန်ပြောလိုက်သည်။

“ မဟုတ်ဘူး အဲရက်တွေက ကိစ္စတစ်ခုအတွက်သူအလုပ်ရှုပ်နေတယ်လို့ငါ့ကို အကြောင်းကြားခဲ့တယ်။ ဘာကိစ္စလဲဆိုတာတော့မမေးနဲ့တော့။ ဒါက မင်းအတွက်ပါအလွန်အရေးကြီးတဲ့ကိစ္စတစ်ခုလူံးပဲ ။။

ဟူး...ဆရာကြီးစုကလည်း ပြီးခဲ့တဲ့ဆယ့်နှစ်တာလုံး မင်းအတွက်ပဲ စဉ်းစားပြီးကူညီပေးနေရတာ...”

စန်းဟုန်းလျန်၏စကားထဲတွင်ပဟေဠိများပါဝင်နေသော်လည်း သူပြောလိုသည့်အဓိကအကြောင်းရင်းကိုနားလည်လိုက်၍ ရှောင်ယောင်လည်း တိတ်ဆိတ်သွားတော့သည်။

သူသိရသလောက်ဆိုလျှင် အဖိုးစုမှာ သူတို့ဆီသို့ နှစ်နှစ်တစ်ကြိမ် သုံးနှစ်တစ်ကြိမ်သာအလည်အပတ်လာတတ်ပြီး ကျန်အချိနိများတွင်အလုပ်ရှုပ်နေဟန်တူသည် ။

ယခင်ကထိုအကြောင်းအရာနှင့်ပတ်သတ်၍များစွာမတွေးခဲ့မိသော်လည်း ယခုအခါမှအဖိုးစုအလုပ်များရခြင်းက သူနှင့်ပတ်သတ်နေမှန်းရိပ်စားမိလိုက်သည်။

သို့သော်လည်း အဖိုးစုကိုတွေ့ရလျှင် ထိုအကြောင်းအရာများအားလူံးရှင်းလင်းသွားမည်ဖြစ်၍ ရှောင်ယောင်လည်း ဆက်လက်မေးမြန်းခြင်းမရှိတော့ပေ။

သူတို့နှစ်ယောက်စကားတပြောပြောဖြင့်လျှောက်လာကြ၍ ပတ်ဝန်းကျင်ကိုပင်ကောင်းစွာမလေ့လာနိုင်ကြဘဲ ရှေ့ဘက်မှဘုန်းကြီးလေးရပ်လိုက်မှသာ သူတို့သွားလိုသည့်နေရာသို့ရောက်ရှိနေကြောင်းသိလိုက်တော့သည်။

သူတို့သုံး‌‌ယောက်က အတော်အသင့်ကျယ်ဝန်းပြီး သစ်သားဖြင့်ပြုလုပ်ထားသည့်အဆောင်တစ်ခုရြှေသို့ရောက်နေခြင်းဖြစ်သည်။

အဆောင်၏တံခါးရွက်များကိုဖွင့်ထားပြီး အထဲတွင်လည်း ပစ္စည်းပစ္စယများစွာမရှိသည်ကိုတွေ့ရပေသည်။

ယခုအဆောင်က အခြားအဆောင်များနှင့်အနည်းငယ်လှမ်းပြီးသီးခြားလိုဖြစ်နေရာ အကြောင်းတစ်စုံတစ်ရာမရှိဘဲ အနီးသို့ကျောင်းတော်ထဲတွင်သွားလာနေကြသည့် ဘုန်းကြီးကိုရင်များရောက်လာနိုင်စရာမရှိပေ။

“ ဒကာကြီးတို့ ဒါက ဧည့်တွေ့ဆောင်ပါဂိုဏ်းတူဦးလေးရွှမ်းနန်ကိုအကြောင်းကြားပြီးဖြစ်လို့ သူရောက်လာပါလိမ့်မယ်...”

ဘုန်းကြီးငယ်က အဆောင်ပေါ်သို့ညွန်ပြရင်းပြောလိုက်သည်။

စန်းဟုန်းလျန်က ယခင်အခေါက်များကပင် ဤနေရာသို့ရောက်ဖူးပုံပေါ်ပြီး ဘုန်းကြီးလေးကိုအရိုအသေပေး၍ ရှောင်ယောင်ကိုခေါ်ကာ အဆောင်ပေါ်သို့တက်သွားလိုက်သည် ။

ဧည့်တွေ့ဆောင်ကား လွန်စွာရိုးစင်းသည့်အသွင်အပြင်ရှိပြီး အပြင်ဘက်မှမြင်ရသည်ထက်ကျယ်ဝန်းသည့်အဆောင်တစ်ခုဖြစ်သည်။

အဆောင်ထဲတွင် ပရိဘောဂများရှိရန်အသာထား ထိုင်ခုံ စားပွဲခုံအစရှိသည့်အသုံးအဆောင်များပင်မရှိဘဲ ဖျာကြမ်းများကိုသာ ခန်းလုံးပြည့်ခင်းထားသည်။

အဆောင်၏အရှေ့ဘက်နံရံခြေ၌ လွန်စွာကြည်ညိုဖွယ်ကောင်းလှသည့်ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ခုသာရှိပြီး ရှောင်ယောင်လည်း ယဉ်ကျေးလိမ္မာသည့်ကောင်လေးတစ်ယောက်ပီပီ စန်းဟုန်းလျန်ပြောစရာမလိုဘဲ ဗုဒ္ဓဆင်းတုကိုဦးချလိုက်သည်။

သုံးကြိမ်သုံးခါတိတိ ဦးချပြီးနောက် ခေါင်းပြန်အမော့တွင် ဘေးဘက်မှအသံတစ်သံကိုကြားလိုက်ရသည်။

“ အစ်ကိုကြီးရဲ့မျိူးဆက်တွေကတော့ သူ့အတိုင်းပဲ အတော့်ကိုကောင်းမွန်တဲ့စရိုက်ရှိပုံပဲ...”

သူဝတ်ပြုလိုက်သည့်နေရာနှင့်မလှမ်းမကမ်း အဆောင်ပေါက်ဝတွင် အဝါရောင်သင်္ကန်းကိုဝတ်ဆင်ထားသည့်ဘုန်းကြီးတစ်ပါးရှိနေသည်။

အသက်ငါးဆယ်ခန့်ရှိမည့်ထိုဘုန်းကြီးမှာ သာမန်ရုပ်ရည်ဟာရှိသော်လည်း လွန်စွာတည်ငြိမ်သည့်မျက်နှာထားရှိပြီး သူ၏သွင်ပြင်က သာမန်ဆန်လွန်းသည်။

သို့သော် ရှောင်ယောင်၏စိတ်ထဲတွင် ထိုဘုန်းကြီးကိုမြင်ရသည်နှင့်ဖော်ပြမရသည့်ခံစားချက်ကိုခံစားလိုက်မိပြီး ယခင်ကတစ်ကြိမ်မှမတွေ့ဖူးသည့်တိုင် အလိုလိုရင်းနှီးနေသည်ဟုထင်နေခြင်းဖြစ်သည်။

“ အလို လူရိပ်မြင်မှပဲ သူရောက်‌နေတာငါသိလိုက်တယ် သူက ငါနဲ့ခြေဆယ်လှမ်းအတွင်းကို ရောက်နေတာတောင် ငါလုံးဝသတိမထားမိပါလား...”

စန်းဟုန်းလျန်၏ စိတ်ထဲတွင်အနည်းငယ်ထိတ်လန့်သွားသော်လည်း အမူအယာမပျက်ဘဲ ဘုန်းကြီးကိုအရိုအသေပေးလိုက်သည်။

“ ဆရာတော်ရွှမ်းနန်...”

“ ဟားဟား...ဒကာကြီးစန်း ကျုပ်တို့အချင်းချင်းတွေပဲ။ ဒီလိုလုပ်စရာမလိုပါဘူး...”

ဘုန်းကြီးက စန်းဟုန်းလျန်ကိုလက်ဝေ့ယမ်းပြလိုက်ပြီး ရယ်မောလိုက်သည်။

သူတိူ့၏ပုံစံအရ ယခင်ကပင်အချင်းချင်းသိကျွမ်းပြီးဖြစ်ဟန်တူကာ ရှောင်ယောင်လည်း စန်းဟုန်းလျန်၏အနီးသို့ပြန်လာ၍ ဘုန်းကြီးကိုအရိုအသေပေးလိုက်သည်။

“ တွေ့ရတာဝမ်းသာပါတယ်ဆရာတော် ကျနော်က ရှောင်ယောင်ပါ...”

ရှောင်ယောင်၏နှုတ်ဆက်စကားကြောင့် ရွှမ်းနန်ဆိုသည့်ဘုန်းကြီးက တည်ငြိမ်သည့်မျက်ဝန်းများဖြင့်စူးစိုက်ကြည့်လာသည်။

ရွှမ်းနန်ဆရာတော်၏မျက်လုံးများက တည်ငြိမ်သည့်ကန်ရေပြင်လိုစိတ်ခံစားချက်များကင်းမဲ့နေဟန်တူပြီးမှ အပြုံးရိပ်လေးတစ်ခုထွက်ပေါ်လာပြီး ခေါင်းညိမ့်ပြလိုက်သည်။

“ ရှောင်ယောင် အပူအပင်ကင်းမဲ့ပြီး အေးချမ်းတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။ နာမည်ကောင်းတစ်ခုပဲ။ ပြီးတော့ ငါတို့က သူစိမ်းတွေမဟုတ်ပါဘူး....”

ဆရာတော်ရွှမ်းနန်၏စကားကြောင့် ရှောင်ယောင်၏စိတ်များရှုပ်ထွေးသွားမိပြီး သူ၏ဘေးရှိစန်းဟုန်းလျန်ကိုမော့ကြည့်လိုက်မိသည်။

စန်းဟုန်းလျန်ကလည်းရှောင်ယောင်ကိုစူးစိုက်ကြည့်နေပြီး အချိန်အနည်းငယ်ကြာမှ သက်ပြင်းတစ်ချက်ချ၍ပြောလိုက်သည်။

“ သူက မင်းအဖိုးရဲ့ညီအရင်းပဲ။ ပြောရရင် မင်းရဲ့အဖိုးလေးပေါ့....”

စန်းဟုန်းလျန်၏စကားက ရှောင်ယောင်၏စိတ်ကိုအပြင်းအထန်လှုပ်ရှားသွားစေပြီး ကိုယ့်နားကိူယ်ပင်မယုံနိုင်သလိုခံစားလိုက်မိ၏။

“ သူက ကျနော့်ရဲ့အဖိုးလေးဟုတ်လား...ဒါပေမယ့်မေမေက...”

“ မင်းရဲ့မေမေက သူ့မိသားစုအကြောင်းကို ပြန်ပြီးအစမ‌ဖော်ချင်လို့ မင်းကိုအဲဒါနဲ့ပတ်သတ်ပြီး တစ်ခုမှမပြောခဲ့တာပေါ့။ ဒါပေမယ့် အခုချိန်မှာ မင်းဒီအကြောင်းတွေ သိချိန်တန်ပြီလေ...”

တည်ကြည်လေးနက်သည့်ပုံစံဖြင့်ဆက်ပြောလိုက်သည့်စန်းဟုန်းလျန်ကြောင့် ရှောင်ယောင်၏ရင်ထဲတွင် အံ့ဩတုန်လှုပ်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့ကိုပြိုင်တူ ခံစားလိုက်မိ၏ ။

All Chapters