အတိတ်၏အရိပ်
Vol. 1 Ch. 35
“။ မင်းရဲ့အဖိုးနာမည်က တုန်းဖန်းရှန်တဲ့ သူက လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်ကသိုင်းလောကနံပါတ်တစ်အဖွဲ့အစည်းဖြစ်တဲ့ နဂါးစိမ်းဂိုဏ်းရဲ့ဂိုဏ်းခွဲမှူးတစ်ယောက်ပဲ။
မင်းရဲ့အဘေးကတော့ နဂါးစိမ်းဂိုဏ်းရဲ့ဂိုဏ်းထိမ်းကြီးကိုးယောက်ထဲကတစ်ယောက်ဖြစ်တဲ့ သံမဏိဓားသမားတုန်းဖန်းလီပဲ။ ကြီးမြတ်တဲ့ဝူအင်ပါယာခေတ်က ကျော်ကြားခဲ့ပြီးတော့ အခုချိန်မှာ ပျက်စီးသွားပြီဖြစ်တဲ့ တုန်းဖန်းအိမ်တော်ရဲ့မျိုးဆက်တွေပေါ့။
ဦးလေးတုန်းဖန်းရှန်က ကြောက်စရာကောင်းတဲ့ရန်သူနှစ်ယောက်ရဲ့လက်ချက်ကြောင့် သေဆူံးခဲ့ရပြီး အဲဒီအချိန်ထဲက မင်းအဘေးလည်းပျောက်သွားခဲ့တာပဲ။
ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး မင်းအဘေးရဲ့သတင်းကိုနဂါးစိမ်းဂိုဏ်းကြီးတောင်စုံစမ်းမရခဲ့ဘူး။ သူသေတယ်ရှင်တယ်တောင်မသိရတော့ဘူးဆိုပါတော့ ....”
စန်းဟုန်းလျန်၏စကားကြောင့် သူ၏အဘေးနှင့်အဖိုးတို့ပါသိုင်းလောကသားများဖြစ်ကြသည်ကိုသိရှိလိုက်ပြီး ရှောင်ယောင်လည်း အံ့ဩမှုကိုခံစားလိုက်မိသည်။
သူ၏မိခင်ကသိုင်းပညာကိုမုန်းတီးပြီး သူ့ကိုပင်သိုင်းပညာလုံးဝသင်ကြားခြင်းမပြုရန်တားမြစ်ထားသော်လည်း သူတို့၏မျိုးရိုးတစ်ခုလုံးက သိုင်းသမားမျိုးရိုးဖြစ်နေပေသည်
“ အဲဒီအဖိုးကြီးက တော်တော်တဇွတ်ထိုးနိုင်ပြီးခေါင်းမာတယ်လေ ။ ငါ့ကိုလည်း ရှောင်လင်မှာ ဘုန်းကြီးဝတ်လို့ သေခန်းဖြတ်သွားတာ။ အစ်ကိုကြီးဆုံးပြီးတော့ အစ်ကိုကြီးကိုသတ်သွားတဲ့ကောင်တွေကိုလိုက်ရှာမယ်ဆိုပြိးထွက်သွားတာ ။
ပြီးတော့ ဟိုနှစ်ကောင်သူများလက်ချက်နဲ့သေသွားပြီးတာတောင် သူကပြန်ပေါ်မလာတော့ဘူး...”
အသံတစ်ခုက ဖြတ်ပြောလိုက်သည့်အတွက် ရှောင်ယောင်လည်း သူ၏အဖိုးလေးသို့်မဟုတ် ရွှမ်းနန်ဆရာတော်ကိုအံ့ဩသည့်ပုံစံဖြင့်ကြည့်လိုက်၏ ။
ရွှမ်းနန်ဆရာတော်၏လေသံက တည်ငြိမ်နေပြီး အခြားလူများ၏အကြောင်းကိုပြောဆိုနေသည်နှင့်ပင်ဆင်တူလှသည်။
စန်းဟုန်းလျန်က ရွှမ်းနန်ဆရာတော်ကိုတစ်ချက်ကြည့်၍ ဆက်ပြောလိုက်သည်။
“ မင်းအဖိုးသေဆုံးပြီးတဲ့အချိန်မှာ မင်းအမေရဲ့စိတ်ကတော်တော်လေးထိခိုက်ခဲ့ရတယ် ။ နောက်ထပ်နှစ်နှစ်ကျော်လောက်ကြာတော့ ခရမ်းရောင်သွေးလဂိုဏ်းပေါ်ထွက်လာတာနဲ့အတူ သိုင်းလောကတစ်ခုလုံးကသောင်းကနင်းဖြစ်ခဲ့ရတယ်ဆိုပါတော့။
ဒါကြောင့် ဦးလေးလည်း သိုင်းလောကထဲက အနားယူပြီး ဦးလေးတို့ရဲ့ဇာတိမြို့ဖြစ်တဲ့စူးဟိုင်မြို့လေးမှာ ပြန်ပြီးအနားယူခဲ့တာပေါ့....”
စန်းဟုန်းလျန်က သူ၏စကားကိုအဆုံးသက်လိုက်ပြီး သက်ပြင်းမောတစ်ချက်မှုတ်ထုတ်လိုက်ပြန်သည်။
သူ၏တည်ငြိမ်သည့်မျက်နှာထက်တွင် မှိုင်းညို့သည့်အရိပ်အချို့ရှိနေပြီး ရှောင်ယောင်ကိုရှင်းပြရင်းမှ အတိတ်မှအကြောင်းအရာများကိုပြန်လည်တွေးတောမိဟန်တူသည်။
ရှောင်ယောင်လည်း စန်းဟုန်းလျန်၏အမူအယာကိုအကဲခပ်လိုက်ပြီး အနည်းငယ်တွန့်ဆုတ်သည့်လေသံဖြင့်မေးလိုက်သည်။
“ ဒါဆိုရင် ကျနော့်အဖေကရော ဘယ်သူလဲ...”
ရှောင်ယောင်၏စကားက များစွာကျယ်လောင်ခြင်းမရှိသော်လည်း စန်းဟုန်းလျန်၏မျက်နှာကွက်ခနဲပျက်သွားရုံသာမက ရွှမ်းနန်ကိုယ်တော်၏အမူအယာပင်အနည်းငယ်ပြောင်းလဲသွားသည်။
ဤသည်က သူ၏ဖခင်အကြောင်းကိုရှောင်ယောင်ထုတ်မေးမြန်းခြင်းတတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်က သူ၏ငါးနှစ်ပြည့်မွေးနေ့၌ မိခင်ဖြစ်သူကိုမေးမြန်းခဲ့ခြင်းဖြစ်သည် ။
ထိုစဉ်က တစ်သက်လုံးသူ့ကိုလက်ဖျားဖြင့်ပင် မတို့ခဲ့သည့်မိခင်က ဒေါသထွက်စွာဖြင့်ရိုက်နှက်ခဲ့ပြီး ရိုက်နှက်ပြီးနောက်တွင်လည်းသူ့ကိုဖတ်တွယ်၍အသဲအသန်ငိုကြွေးခဲ့ဖူးသည်။
မိခင်၏စိတ်ချမ်းသာမှုကိုအလေးထားသူပီပီ ရှောင်ယောင်လည်း ထိုအကြောင်းကို မေ့မေ့ပျောက်ပျောက်ပုံစံဟန်ဆောင်ခဲ့ပြီး နောက်ထပ်တစ်ခါအဖိုးစုရောက်လာစဉ် မိခင်မသိအောင် မေးမြန်းခဲ့ဖူးသည်။
ထိုစဉ်က စန်းဟုန်းလျန်လည်းအနားတွင်ရှိနေပြီး စန်းဟုန်းလျန်၏အမူအယာက ရှောင်ယောင်မမြင်ဖူးသည့်ဒေါသထွက်ခတ်ထန်သည့်ပုံစံသို့ပြောင်းလဲသွားပြီး သူ့ကိုအစစအရာရာအလိုလိုက်သည့် အဖိုးစုလည်းစိတ်မကောင်းဟန်ဖြင့်ခေါင်းယမ်းကာပြန်မဖြေခဲ့ပေ။
ယခု သူ့ဖခင်နှင့်ပတ်သတ်သည့်အကြောင်းအရာကို မေးမြန်းသည်က တတိယအကြိမ်ဖြစ်ပြီး သူ၏သွေးရင်းဟုဆိုနိုင်သည့် အဖိုးလေးပါရှိနေ၍ ယခုလိုမေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆောင်ထဲတွင် အချိန်အတော်ကြာတိတ်ဆိတ်သွားပြီး ထိုအတောအတွင်းအပ်ကျသံပင်ကြားရလောက်ပေသည်။
“ ဟူး....”
ရွှမ်းနန်ဆရာတော်၏သက်ပြင်းချသံက တိတ်ဆိတ်ခြင်းကိုဖြိုခွဲသွားပြီး ရှောင်ယောင်၏ရင်ဘက်သည်လည်း တဒိန်းဒိန်းခုန်လာတော့သည်။
“ အဲဒီ မကောင်းတဲ့ကောင်က....”
“ သူ့ကို ဦးဘေးတုန်းဖန်းရှန်ဘက်ကသဘောမကျပေမယ့် သူက ညီမလျှံအပေါ်မှာတော့ ကောင်းခဲ့ပါတယ်...”
ရွှမ်းနန်ဆရာတော်၏စကားကိုစန်းဟုန်းလျန်ကဖြတ်ပြောလိုက်သည်။
သူတို့နှစ်ယောက်၏တစ်ပိုင်းတစ်စ စကားများကြောင့် ရှောင်ယောင်လိုဉာဏ်ရည်ထက်မြက်သူတစ်ဦးပင် ချာချာလည်သွားမိ၏။
စန်းဟုန်းလျန်၏မျက်နှာက ပုံမှန်အတိုင်းပြန်၍တည်ငြိမ်နေပြီဖြစ်ကာ အစောပိုင်းကအမူအယာကိုသာကောင်းစွာမမြင်တွေ့ခဲ့မိပါက သူ၏မျက်နှာကိုပြောင်းလဲမှုမရှိဟုသာထင်ရပေမည်။
“ တကယ်တော့ မင်းရဲ့ဖခင်က သိုင်းလောကထဲက တစ်ကိုယ်တော်သိုင်းသမားတစ်ယောက်ပဲ။ ရုပ်ရည်ချောမောပြီး သိုင်းပညာထက်မြက် စိတ်ထားဖြောင့်မက်တော့ မင်းရဲ့အမေနဲ့ဖူးစာဆုံကြတာပေါ့။
ဒါပေမယ့် မင်းအဖိုးက သူ့ကိုလုံးလုံးသဘောမကျဘူး။ ဒါကြောင့် မင်းရဲ့မိဘနှစ်ယောက်က မင်းအဖိုးနဲ့အဆက်အသွယ်ဖြတ်ပြီး စူးဟိုင်မြို့လေးမှာပြန်နေကြတယ်။။
မင်းအဖိုးသေတော့ သူတို့မရှိတဲ့အချိန်ဖြစ်ပြီး မင်းအမေပြင်းပြင်းထန်ထန်ခံစားခဲ့ရတာ။
မင်းအဖေကလည်း ကံမကောင်းရှာပါဘူး။ မင်းကိုယ်ဝန်ရှိတာ သုံးလအရောက်မှာ မင်းအမေနဲ့အကြီးအကျယ်စကားများပြီး သိုင်းလောကထဲထွက်သွားခဲ့တာ။
မင်းမွေးပြီးတာတောင်ပြန်မလာခဲ့ဘူး ။ ဒါကြာင့်လည်း မင်းအမေက သူ့ကိုစိတ်နာပြီး သေတဲ့အထိသူ့အကြောင်းမပြောပြသွားခဲ့တာ...
နောက်ပိုင်းမှာ သူ့အကြောင်းကိုငါတို့စုံစမ်းကြည့်တော့ မတော်တဆဖြစ်ပြီးဆုံးသွားတာအတော်ကြာပြီဆိုတာ သိလိုက်ရတယ် “
စန်းဟုန်းလျန်က သက်ပြင်းမောကြီးတစ်ချက်ကိုမှုတ်ထုတ်၍ပြောလိုက်သည်။
ရှောင်ယောင်လည်း ထိုအခါမှသူ့မိဘများ၏အဖြစ်ကိုအလုံးစုံနားလည်သွားပြီး သူ၏ရင်ထဲတွင် ဖော်ပြမရသည့်ဝမ်းနည်းမှုတို့ဖြစ်ပေါ်လာမိသည်။
နူးညံ့ပျော့ပြောင်းပြီးလှပသည့် သူ့မိခင်က သာမန်အချိန်များတွင် ကြင်နာနွေးထွေးသော်လည်း စိတ်ဆုံးဖြတ်ပြီးပါကမည်သူမှပြောင်းလဲမရသည်ကို သူအသိဆုံးဖြစ်၏။
ထို့ကြောင့်လည်းသူ၏ဖခင်ကိုအကြောင်းတစ်ခုခုကြောင့်နာကျဉ်းသွားပြီး ယခုလိုအစအနပင်ပြောဆိုခြင်းမပြုဟုတွေးလိုက်မိသည်။
စန်းဟုန်းလျန်၏စကားကိုတော့ သူချွင်းချက်မရှိယုံကြည်ပေသည်။ အကြောင်းကား သူ၏ဦးလေးစန်းကမည်သည့်အခါကမှလိမ်ညာပြောဆိုခြင်းမပြုသည်မဟုတ်လား....။
“ အော်....တယ်လဲဆင်းရဲဒုက္ခများတဲ့ သမုဒ္ဒယအနှောင်အဖွဲ့တွေပါလား...”
ရှောင်ယောင်၏မိဘများနှင့်စန်းဟုန်းလျန်တို့၏အကြောင်းအရာများကို ကကြီးမှ အအထိသိထားသည့်ရွှမ်းနန်ဆရာတော်၏ရင်ထဲတွင်တော့ စိတ်မကောင်းစွာရေရွတ်လိုက်မိ၏။
သူတို့သုံးယောက်လုံး အတွေးကိုယ်စီဖြင့်ငြိမ်သကိနေကြပြီး စန်းဟုန်းလျန်က အာရုံပြောင်းသည့်အနေဖြင့်မေးလိုက်သည်။
“ ဒါနဲ့ ဆရာကြီးစုက ဒီကိုရောက်နှင့်မယ်ပြောတာ မလာသေးဘူးလား....”
သူ၏စကားကြောင့် ရှောင်ယောင်လည်း အဖိုးစုကိုသတိရသွားကာ အနည်းငယ်တွန့်ဆုတ်သည့်လေသံဖြင့်မေးလိုက်သည်။
“ အဖိုး ..ဆရာတော်ရွှမ်းနန် ...အဖိုးစုမရောက်သေးတာလား...”
ရှောင်ယောင်၏အနည်းငယ်တွန့်ဆုတ်သည့်ခေါ်သံကြောင့် ဆရာတော်ရွှမ်းနန်၏တည်ငြိမ်သည့်မျက်နှာထက်၌အပြုံးတစ်ခုပေါ်လာပြီး သူ၏ဦးခေါင်းကိုပွတ်သတ်ကာ ပြောလိုက်သည်။
“ ငါ့ကို တခြားလူတွေက ရွှမ်းနန်လို့ခေါ်ကြပေမယ့် မင်းကတော့ အဖိုးလေးလို့ ခေါ်လို့ရပါတယ် ...
မင်းရဲ့အဖိုးစုက ရက်နည်းနည်းနောက်ကျမယ်လို့ သူ့ဂိုဏ်းသားတစ်ယောက် သတင်းလာပို့သွားတယ် ။ ဒီလူကြီးက လေလိုပဲ သူရောက်ချင်တဲ့နေရာကိုရောက်နေပြီး ဖမ်းလို့မမိတာကြောင့် သူ့ကို သိုင်းလောကထဲမှာ လေလွင့်တေလေစုတိချုံးလို့ခေါ်ကြတာပဲလေ....”
&&&&
မြင့်မားသည့်တောင်တန်းများပေါ်ရှိတောအုပ်တစ်နေရာ၌ ပြင်းထန်သည့်တိုက်ပွဲတစ်ခုဖြစ်ပွားနေသည်။
တိုက်ပွဲက မည်သို့မှမလှပ။
အသက်နှစ်ဆယ်ပင်မပြည့်သေးမည့်မိန်းမပျိုလေးတစ်ယောက်ကို ယောင်္ကျားရင့်မာကြီးခြောက်ယောက်ကဝိူင်းဝန်းတိုက်ခိုက်နေခြင်းဖြစ်ပြီး ဘေးဘက်တွင် ဝိုင်းထားကြသည့်လူနှစ်ဆယ်ကျော်လည်းရှိနေသေးသည်။
ဝိုင်းဝန်းတိုက်ခိုက်နေကြသည့်လူခြောက်ယောက်လုံးက အဆင့်လွန်ထိပ်သီးများဖြစ်ကြသည့်အပြင် ဘေးဘက်ရှိအဖြူရောင်ဝတ်စုံဝတ်လူများထဲတွင် လည်းသိုင်းပညာနိမ့်ကျသူမပါဝင်ပေ။
ယခုဖြစ်ရပ်က အပ်ဖြင့်ထွင်းရမည့်နေရာကို ပုဆိန်ဖြင့်ပေါက်သည်ဟုထင်နိုင်သော်လည်းသို့သော်လည်း ထိုမိန်းကလေး၏အမည်ကိုသိရှိလျှင်တော့ ထိုအတွေးများပျောက်ကွယ်သွားနိုင်ပေမည်။
ကျောက်စိမ်းနတ်မိမယ် ၊ သွေးအေးသခင်မ ထိုဘွဲ့ထူးနှစ်ခုကမည်သို့မှမလိုက်ဖက်သော်လည်း လူတစ်ယောက်ထဲတွင်ယှဉ်တွဲဖြစ်ပေါ်နေသည်။
နတ်မိမယ်တမျှလှပပြီး လွန်စွာကြောက်စရာကောင်းသည့်လူသတ်သမားဖြစ်သည့်ထိုမိန်းကလေး၏လက်ထဲတွင် သေဆူံးရသူကလူတစ်ရာကျော်ပင်ရှိသည်ဟုသိရပြီး ကျုံဟွာတောင်တိုက်ပွဲပြီးနောက် ဆယိနှစ်တာအတွင်းလူများစွာဆုံးရှုံးရသည့်ဖြစ်ရပ်က ယခုဖြစ်ရပ်တစ်ခုသာရှိသည်။
မိန်းမလှလေး၏လက်ထဲတွင်သေဆုံးရသူများက သူမ၏အလှကိုလိုချင်တပ်မက်ပိုင်ဆိုင်လိုကြသည့် သိုင်းသမားများ၊ ရန်ငြိုးအတွက်လက်စားချေမည့် ချန်ချင်းဂိုဏ်းသားများနှင့် ဂုဏ်သိက္ခာအတွက်တိုက်ခိုက်နေကြသည့်သိုင်းမဟာမိတ်မှလူများဖြစ်ကြပြီး တစ်စတစ်စကြီးထွားလာသည့်ယခုဖြစ်ရပ်က သိုင်းလောကရှိနာမည်ကျော်သိုင်းသမားများကိုအကူအညီတောင်းရသည့်အဆင့်သို့ပင်ရောက်ရှိနေပြီဖြစ်သည်။
တိုက်ပွဲဖြစ်သည့်နေရာ၏အနီးရှိသစ်ပင်ကြီးထက်၌ စုတ်ပြဲနေသည့်အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်အဖိုးအိုတစ်ယောက်ရှိနေပြီး သစ်ပင်ထိပ်ဖျားရှိလက်ညိုးခန့်သစ်ကိုင်းလေးပေါ်တွင်တည်ငြိမ်စွာထိုင်နေသည်က လူလောနတ်လောဟုပင်ခွဲခြားရခက်ပေမည်။
သူ၏မျက်နှာက သာမန်သာဖြစ်သော်လည်း တစိခါတစ်ရံ၌စိန်ပွင့်လိုတောက်ပလာသည့်မျက်လုံးအစုံတို့က ထူးခြားသည့်အရှိန်အဝါကိုပေးစွမ်းနိုင်သည်။
သို့သော် အချိန်အတော်များများတွင်မျက်လုံးကိုမှေးထားပြီးပျင်းရိသည့်ပုံစံကြောင့် သူတောင်းစားအိုတစ်ယောက်နှင့်သာဆင်တူနေသည်။
ပို၍အံ့သြဖွယ်ကောင်းသည်က အပြင်းအထန်တိုက်ခိုက်နေကြသည့်သိုင်းထိပ်သီးများသာ်က ကျန်သိုင်းသမားအားလုံးပါထိုအဖိူးအိုရှိနေသည်ကို သတိမပြုမိကြခြင်းဖြစ်၏ ။
သို့သော်လည်း အဖိုးအို၏ခါးတွင်ထိုးထားသည့်ကျောက်စိမ်းတုတ်တစ်ချောင်းနှင့် ကျန်တစ်ဖက်ရှိဗူးသီးခြောက်တစ်လုံးကိုတွေ့ပါက အမည်တစ်ခုလိုအလိုလိုရေရွတ်မိကြမည်ဖြစ်ပြီး ယခုအဖြစ်ကိုမည်သူမှအံ့သြကြမည်မဟုတ်ပေ။
“ တယ်လဲခက်တဲ့ကလေးတွေပဲ ...နဂါးကိုမှခေါင်းပုတ်နှိုးချင်နေကြတယ်။ ဟိုလူသာထွက်လာရင် သိုင်းမဟာမိတ်ဆိုတာ လက်တစ်ချက်ယမ်းရုံနဲ့ဖျက်ဆီးလို့ရတယ်ဆိုတာ မသိကြဘူး။
ငါဝင်ပါရင်ကောင်းမလား။ မဟုတ်သေးဘူး နည်းနည်းလေးစောင့်လိုက်ဦးမယ်....”
အဖိုးအိုက တစ်ဦးထဲရေရွတ်နေရင်းမှ တိုက်ပွဲကိုပျင်းရိစွာကြည့်ရှုနေသည်။