← Chapters

မပြောင်းလဲသည့်တိုက်ပွဲရေချိန်

Vol. 1 Ch. 36

မပြောင်းလဲသည့်တိုက်ပွဲရေချိန်

Vol. 1 Ch. 36

သိုင်းထိပ်သီးခြောက်ယောက်၏တိုက်ခိုက်မှုများက မိုးမြေကိုပင်တုန်ဟည်းစေပြီးလွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုအထဲတွင် သိုင်းမဟာမိတ်မှခေါင်းဆောင်နှစ်ယောက်သာ ပါဝင်ပြီး ကျန်လေးယောက်က သိုင်းလောကထဲတွင်ကျော်ကြားသည့်သိုင်းသမားများဖြစ်ကြသည်။

အညိုရောင်ဝတ်စုံဝတ်ရုပ်ချင်းဆင်တူသည့်လူနှစ်ယောက်က ရွမ်ယွမ်ဓားညီနောင်ဟုကျော်ကြားသည့်သိုင်းထိပ်သီးများဖြစ်ပြီး ညီအစ်ကိုအရင်းအချာများဖြစ်ကြသည်။

သူတို့တစ်ယောက်ချင်းစီဆိုပါက သာမန်သိုင်းထိပ်သီးအဆင့်သာရှိသော်လည်း သိုင်းဝိဇ္ဇာအဆင့်အောက်တွင် သူတို့၏နှစ်ယောက်တွဲဓားသိုင်းကိုခုခံနိုင်သည့်လူဟူ၍လက်ရှိသိုင်းလောကတွင်လက်ချိုးရေနိုင်သည်။

အနက်ရောင်ဝတ်စုံဝတ်ထွားကြိုင်းသန််မာသည့်လူရွယ်က သံမဏိတံတိုင်းဟုကျော်ကြားနေသည့်လူငယ်သိုင်းသမားဖြစ်ကာ ထိပ်တန်းလွန်သိုင်းအဆင့်သာရှိသော်လည်း ဓားလှံမတိုးသည့်ခန္တာကိူယ်ကိုပိုင်ဆိုင်ထားသည်။

ထို့အပြင် သူ၏အစွမ်းထက်သည့်လက်ဝါးသိုင်းကြောင့်အဆင့်လွန်ထိပ်သီးများကိုပင်လက်ရည်တူတိုက်ခိုက်နိုင်ပြီးခေါင်းကိုက်စရာကောင်းသည့်ပြိုင်ဘက်တစ်ယောက်ဖြစ်သည်။

မုယုံမိသားစု၏ အပြာရောင်ဝတ်စုံဝတ်လူ ဂိုဏ်းပေါင်းစုံမှသိုင်းပညာများကိုအသုံးပြုနေကာ မုယူံမိသားစုမှာ ကောလဟာလများအတိုင်း ဂိုဏ်းပေါင်းစုံသိုင်းပညာများကိုကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ကြဟန်တူသည်။

ယခုအုပ်စုကိုစုစည်းထားသည့်ချန်လုကမူသားဖြစ်သူအတွက်လက်စား‌ချေနိုင်ရန် အမုန်းတရားအပြည့်ဖြင့်တိုက်ခိုက်နေပြီးဘသူ၏လက်ထဲရှိဓားကမိန်းမလှလေး၏သေကွင်းသေကွက်နေရာများကိုသာဦးတည်တိုက်ခိုက်နေသည်။

ချန်ချင်းဂိုဏ်း၏နာမည်ကျော်အရိပ်မဲ့ဓားသိုင်းက နာမည်နှင့်လိုက်အောင်အစွမ်းထက်လှပြီး လျှင်မြန်သွက်လက်လှသည့်အပြင် ဓားရိပ်များကရာနှင့်ချီ၍ထွက်ပေါ်နေသညမ။

သို့သော် ယခုလူစုထဲတွင် ချန်လုထက်ပို၍အစွမ်းထက်သူကအနက်ရောင်ဝတ်စုံဝတ်လူရွယ်ဖြစ်ပြီး သူ၏ပြင်းထန်သည့်လက်သီးချက်များက လေထုကိုတအုန်းအုန်းမည်ဟည်းနေစေသည်။

စီးတုမိသားစု၏တတိယသား၊ ခုံတုံဂိုဏ်း၏ဆက်ခံသူ စသည့်ဂုဏ်ပုဒ်များကိုပိုင်ဆိုင်ထားသည့်ထိုလူက အတွင်းအားပြည့်ဝလှပြီး သူ၏လက်သီးချက်များက တစ်ချက်ဆိုတစ်ချက်လွန်စွာပြင်းထန်လှသည် ။

ဘေးပတ်ဝန်းကျင်ရှိသိုင်းမဟာမိတ်လူများသာမက ကျန်သိုင်းထိပ်သီးခြောက်ယောက်ပင် ထိုလူ၏သိုင်းပညာကို အံ့ဩတုန်လှုပ်နေကြပြီး မိန်းမလှလေးကိုအဓိကတိုက်ခိုက်နေသူမှာလည်း ထိုလူပင်ဖြစ်သည်။

ထိုသို့ဆိုလျှင် အစွမ်းထက်သိုင်းထိပ်သီးများ၏ပူးပေါင်းတိုက်ခိုက်မှုများကိုတစ်ဦးထဲရင်ဆိုင်နေသည့်မိန်းမလှလေး၏သိုင်းပညာက သာ၍ပင်ကြောက်မက်ဖွယ်ကောင်းလှ၏ ။

ပတ်ဝန်းကျင်တစ်ခုလုံးတုန်ဟည်းနေပြီး အဆက်မပြက်တိုးဝင်နေသည့်တိုက်ကွက်များကြားတွင် သူမ၏ခန္တာကိုယ်ကလှပစွာရွေ့လျားနေပြီး အားအင်ပြင်းထန်သည့်တန်ပြန်လက်ဝါးချက်များပင်တိုက်ခိုက်နိုင်သေးသည်။

အစောပိုင်းက သိုင်းမဟာမိတ်နှင့် ချန်ချင်းဂိုဏ်းမှလူနှစ်ဆယ်ကျော်၏တိုက်ခိုက်မှုက မိန်းမလှလေးကိုထိခိုက်အောင်မလုပ်နိုင်ခဲ့သည့်အပြင်ယခုလည်း အစွမ်းထက်ထိပ်သီးခြောက်ယောက်ကိုတစ်ဦးထဲရင်ဆိုင််တိုက်ခိုက်နေပြန်သည်။

သူမ၏အတွင်းအားက ထိပ်သီးခြောက်ယောက်ထဲမှ အစွမ်းအထက်ဆုံးဖြစ်သာ့် စီးတုမင်ဆိုသည့်အနက်ရောင်ဝတ်စုံဝတ်လူရွယ်ထက်ပင်အားကောင်းဟန်တူပြီး မည်မျှအသုံးပြုပါစေကုန်ခမ်းမည်ဟုမထင်ရသည့်အတွင်းအားကြောင့် သိုင်းထိပ်သီးခြောက်ယောက်ပင်ထိတ်လန့်စိတ်ဝင်မိသည်။

သို့သော်လည်း သစ်ပင်ကြီး၏ထက်မှတိတ်တဆိတ်အကဲခပ်နေသည့်အဖိုးအိုက သူ၏ဦးခေါင်းကိုခါယမ်းရင်း ဖြေးညင်းစွာရေရွတ်လိုက်သည်။

“ နှမျောစရာပဲ သူ့ရဲ့သိုင်းပညာနဲ့ဆို ဒီကောင်တွေကိုအနိုင်မယူနိုင်ရင်တောင် ထွက်ပြေးဖို့ပြဿနာမရှိဘူး။။

အသက်နှစ်ဆယ်ကျော်လေးနဲ့ ဒီလောက်အထိအတွင်းအားကောင်းနေတာ ယုံရခက်ပဲ။ ပြီးတော့ သူ့ရဲ့အရှောင်အတိမ်းသိုင်းက ငါ့ရဲ့အရက်မူးသိုင်းထက်တောင်အောက်ကျမယ်မထင်ဘူး။

ဒါပေမယ့် ဒီမိန်းကလေးက အတွေ့အကြုံနုနယ်တော့ တစ်ဖက်လူတွေရဲ့ပူးပေါင်းတိုက်ခိုက်မှုကို ထိတ်တိုက်ပဲရင်ဆိုင်နေတယ်။

ဒီအတိုင်းဆိုရင် သူဘယ်လိုလုပ်ကြာရှည်တောင့်ခံနိူင်မှာလဲ ဟိုဘက်က လူတွေက အင်အားပြည့်တိုက်ခိုက်ချိန်မှာ သူက ပထမတစ်ကြိမ်လူအုပ်နဲ့ဝိုင်းအတိုက်ခံရလို့အတွင်းအားလျော့နည်းနေပြီလေ...”

အဖိုးအို၏လေသံက မိန်းမလှလေးအတွက်အနည်းငယ်အားမလိုအားမရဖြစ်နေဟန်တူပြီး ဆက်ပြောလိုက်သည်။

“ သိုင်းမဟာမိတ်ဆိုတဲ့ကောင်တွေက နောက်ခံအားကိုးနဲ့ဖင်ဂေါင်းကျယ်နေရုံသက်သက်ပဲ။ တစ်ယောက်မှဖြစ်ဖြစ်မြောက်မြောက်ရှိမယ်မထင်ဘူး ။။

ချန်ချင်းဂိုဏ်းကကောင်က အရိပ်မဲ့ဓားသိုင်းကိုအောင်မြင်ထားပုံရပေမယ့် ဒေါသစိတ်လွန်ကဲနေတော့ အရိပ်မဲ့ဓားသိုင်းရဲ့အစွမ်းကိုအကုန်မထုတ်‌ဖော်နိုင်ဘူး။။။

မုယုံမိသားစုကကောင်ကလည်း ဂိုဏ်းပေါင်းစုံသိုင်းပညာကိုတတ်မြောက်ထားပေမယ့် စနစ်တကျမသင်ရတော့ ဟုတ်မလိုလိုနဲ့မဟုတ်ဘူး။။

ဟိုညီအစ်ကို‌နှစ်ယောက်ရဲ့ပူးပေါင်းဓားကွက်ကတော့ တကယ်အစွမ်းထက်တယ်။ သူတို့ရဲ့ဇာတ်မြစ်က မရိုးရှင်းဘူး။

ကျန်တဲ့လူငယ်လေးက ဓားလှံမတိုးတဲ့ခန္တာကိုယ်ပဲအားကိုးနေပြီးတော့ တရကြမ်းဝင်တိုက်နေတယ်။ ဟိုကသူ့ထက်အတွင်းအားအများကြီးပိုကောင်းတာသတိမထားမိဘူး။။

တကယ်လို့ ခြောက်ယောက်တစ်ယောက်သာမဟုတ်ရင် ဒီကောင်လေး ဟိုမိန်းကလေးရဲ့သိုင်းဆယ်ကွက်အတွင်းမှာ သွေးပွတ်ပွတ်အန်ပြီးရှုံးနိုင်တယ်...။

အဲ ...ဟိုတစ်ယောက်ကတော့ သိပ်မဆိုးတဲ့ပုံပဲ ။ မဟုတ်ဘူး တကယ်ကို့မဆိုးတာ.. သူ့ရဲ့သိုင်းကွက်ကိုထောက်ရင် ခုံတုံလက်သီးရဲ့တပည့်ဖြစ်နိုင်တယ် ။

အမယ် သူက ခုနစ်ဆင့်လက်သီးကိုအားလှိုင်းငါးခုအထိထုတ်သူံးနိုင်တာဘယ်ဆိုးလို့လဲ သူ့ဆရာတောင် ခြောက်ခုအထိပဲကောင်းကောင်းမွန်မွန်သုံးနိုင်တာ။

ဟူး ...ခုံတုံလက်သီးကတော့တပည့်ကောင်းရသွားပြီ ငါ့ရဲ့တေလေဂိုဏ်းကတော့အခုထိယောင်ချာချာလိုက်နေတုန်းပဲ...”

အဖိုးအိုက ရှည်လျားစွာပြောဆိုရင်း ညာဘက်ခါးကြားတွင်ထိုးထားသည့်ဗူးသီး‌ခြောက်ကိုဖြုတ်ယူကာ အထဲမှအရက်တစ်ငုံ့မော့သောက်လိုက်သည်။

အဖိုးအို၏စကားများက သိုင်းထိပ်သီးခြောက်ယောက်ကို ပြစ်ပြစ်နှစ်နှစ်ဝေဖန်သွားခြင်းဖြစ်ပြီး ထိုအကြောင်းအရာများကိုသိုင်း‌လောကသားများသာသိပါက လွန်စွာအံ့ဩမင်တပ်ကြပေမည်။

ထိုအချိန်တွင်တိုက်ပွဲ၏အရှိန်ကအမြင့်ဆုံးသို့ရောက်ရှိနေပြီး နှစ်ဘက်စလုံးက သူတို့၏အကောင်းဆုံးအကွက်များကိုပင်ထုတ်သုံးလာကြပြီဖြစ်သည်။

ဘေးဘက်တွင်ရှိနေကြသည့် သိုင်းမဟာမိတ်နှင့်ချန်ချင်းဂိုဏ်းမှလူများကား ပြင်းထန်လှသည့်တိုက်ပွဲကြီးကိုကြည့်ရင်း အံ့ဩတုန်လှုပ်မိကြသည်။

သူတို့ထဲတွင် အဆင့်လွန်ထိပ်သီးငါးယောက်ခန့်ရှိသော်လည်း ထိုအထဲမှလေးယောက်က မိန်းမလှလေး၏လက်ချက်ကြောင့်ပြင်းထန်သည့်အတွင်းဒဏ်ရာကိုယ်စီရရှိထားကြသည်။

ထို့အပြင် မူလက နှစ်ဆယ့်ငါးယောက်ခန့်ရှိသည့်လူများထဲတွင် ဆယ်ယောက်ကျော်သာကောင်းကောင်းရပ်နိုင်ပြီး ပြင်းထန်သည့်ဒဏ်ရာများကြောင့်လဲကျနေသူများရှိသလို တုတ်တုတ်မှမလှုပ်ဘဲသေသည်ရှင်သည်မသိရသည့် လူလေးငါးခြောက်ယောက်လည်းရှိနေသည်။

ကျန်ရှိနေသည့်သူများထဲတွင်လည်း လွန်ခဲ့သည့်ဆယ်နှစ်ကကျုံဟွာတောင်တိုက်ပွဲလို ကြောက်စရာတိုက်ပွဲကြီးကိုမျက်မြင်ကိုယ်တွေ့ကြုံဖူးသူက လက်တစ်ဖက်စာပင်မရှိသည့်အတွက် အများစုကယခုလိုအဆင့်ရှိသည့်တိုက်ပွဲကိုပထမဆုံးအကြိမ်မြင်တွေ့ဖူးခြင်းဖြစ်သည်။

သူတို့၏မျက်နှာများထက်၍ အံ့အားသင့်ဟန်၊ ထိတ်လန့်ဟန်နှင့် အားကျသည့်အရိပ်အယောင်များလည်းရှိနေကြပြီး အစွမ်းထက်ထိပ်သီးများ၏တိုက်ပွဲကိုမြင်ရမှသူတို့၏သိုင်းပညာမည်မျှ နိမ့်ကျနေကိုသဘောပေါက်လိုက်ကြသည်။

အထူးသဖြင့် သိုင်းမဟာမိတ်မှအဆင့်လွန်ထိပ်သီးသုံးယောက်နှင့် ချန်ချင်းဂိုဏ်းမှအဆင့်လွန်ထိပ်သီးနှစ်‌ယောက်ကား တူညီသညိ့သိုင်းအဆင့်တွင်ရှိနေသည့်တိုင် သူတိူ့ထက်အဆများစွာအစွမ်းထက်နေသည့်လူများကိုကြည့်ရင်းကိုယ့်ကိုယ်ကို ရှက်ရွံ့မိကြ၏ ။

ထိုအချိနိ၌ မိန်းမလှလေးသည်လည်း ထိပ်သီးခြောက်ယောက်၏တိုက်ကွက်များကို ထိတ်တိုက်ရင်ဆိုင်ရင်း သူမ၏လှုပ်ရှားမှုများပင်အနည်းငယ်လေးလံလာလေပြီ။

သူတို့၏တိုက်ပွဲက သိုင်းကွက်ငါးရာနီးပါးရောက်လာပြီဖြစ်သလို သိုင်းထိပ်သီး‌ခြောက်ယောက်၏တိုက်ကွက်များက အချိတ်အဆက်မိလာပြီဖြစ်သည်။

မိန်းမလှလေးကိုထိတ်တိုက်ရင်ဆိုင်ရသည့်နေရာတွင် သိုင်းပညာနှင့်အတွင်းအားအကောင်းဆုံးဖြစ်သည့် စီးတုမင်ကတာဝန်ယူထားပြီး သူ၏လက်သီးချက်များက လေထုကိုတအုန်းအုန်းမည်ဟည်းသွားစေသည်။

စီးတုမင်နှင့်ရင်ဘောင်တန်း၍တိုက်ခိုက်နေသူက ဓားလှံမတိုးသည့်ခန္တာကိုယ်ပိုင်ရှင်လူငယ်ဖြစ်ပြီး သံမဏိတံတိုင်း ရှန်းတုဆိုသည့်နာမည်နှင့်လိုက်ဖက်စွာ သူ၏ခန္တာကိူယ်မာကျောမှုနှင့် လက်ဝါးသိုင်းပြင်းထန်မှူတို့က အစွမ်းထက်လှသည်။

သို့တိုင် မိန်းမလှလေး၏လက်ဝါးချက်များကြောင့် သူတို့နှစ်ယောက်လုံးအရေးနိမ့်မလိုဖြစ်သွားရပြီးထိုအချိန်မျိူးတွင် သိုင်းမဟာမိတ်ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် မုယုံချန်က ဟန်ချက်ထိမ်းသည့်အနေဖြင့် ဝင်ရောက်ကူညီတတ်သည်။

မိန်းမလှလေး၏တစ်ဖက်တစ်ချက်တွင် ရွှမ်ယွမ်ဓားညီနောင်ဆိုသည့်အညိုရောင်ဝတ်စုံဝတ်ညီအစ်ကိုနှစ်ယောက်ရှိပြီး သူတို့၏ပူးပေါင်းဓားကွက်များက ထူးဆန်းကာ အစွမ်းထက်လှသည်။

တစ်‌ယောက်၏ဓားကွက်က အနည်းငယ်နှေးကွေးသော်လည်း ပြင်းထန်အားကောင်းပြီး ကျန်တစ်ယောက်၏ဓားကွက်က ချန်လု၏အရိပ်မဲ့ဓားသိုင်းနီးပါးမြန်ဆန်သည်။

နှေးကွေးမှုနှင့်မြန်ဆန်မှု ၊ အားပြင်းမှုနှင့်ပေါ့ပါးမှု ဆန့်ကျင်ဘက်နှစ်ခုဖြစ်နေသည့်ထိုဓားသိုင်းနှစ်ခုက တစ်ယောက်၏အားနည်းချက်ကိုတစ်ယောက်ဖြည့်စွက်ပေးကာကြောက်စရာကောင်းလောက်အောင်အစွမ်းထက်လာသည်။

သူတို့၏ဓားသိုင်းများက တစ်ဦးချင်းဆိုလျှင်ဤမျှဂရုစိုက်စရာမရှိသော်လည်း သူတို့နှစ်ဦးသာပူးပေါင်းတိုက်ခိုက်ပါကစီးတုမင်ကိုပင်အနိုင်ယူနိူင်စွမ်းရှိသည်။

ထိပ်သီးခြောက်ယောက်ထဲရှိ နောက်ဆုံးလူကား သတ်ဖြတ်လိုသည့်ဆန္ဒပြင်းစွာဖြင့်တိုက်ခိုက်နေသည့်ချန်လုသာဖြစ်ပြီး သူ၏အရိပ်မဲ့ဓားသိုင်းကိုထုတ်ဖော်ကာ မိန်းမလှလေးကိုသတ်ဖြတ်နိုင်ရန်အစွမ်းကုန်ကြိူးပမ်းလျက်ရှိသည်။

တစ်ဦးချင်းစီကပင် အစွမ်းထက်လှသည့်ထိပ်သီးခြောက်ယောက်၏ပူးပေါင်းတိုက်ခိုက်မှုက သာမန်သိုင်းဝိဇ္ဇာတစ်ယောက်ကိုပင်ယှဉ်နိုင်သည်ဖြစ်ရာ မိန်းမလှလေး၏သိုင်းပညာမည်မျှကောင်းပါစေ အရေးနိမ့်လာသည်ကမဆန်းပေ။

ထို့အတူ အတွေ့အကြုံရှိဝါရင့်သိုင်းသမားများပီသစွာ သူတို့၏တိုက်ကွက်များကအချိန်ကြာလေလေပို၍အချိန်အဆက်မိလာလေလေဖြစ်ပြီး ပူးပေါင်းတိုက်ကွက်က ပို၍ကြောက်မက်ဖွယ်‌ကောင်းလာသည်။

အကယ်၍ သူတို့နှစ်ဦးနှစ်ဘက်သာအကောင်းဆုံးအခြေအနေများတွင်ရှိကြပါက အနိုင်အရှုံးအဖြေပေါ်ရန်သိုင်းကွက်ထောင်ကျော်သည်အထိတိုက်ခိုက်ရမည်ဖြစ်သော်လည်း သူတို့နှင့်မတိုက်မီကပင် မိန်းမလှလေး၏အတွင်းအားကထက်ဝက်သာကျန်ရှိတော့ပြီး သိုင်းကွက်ငါးရာကျော်ပြီးနောက်၌ သူမ၏လှုပ်ရှားမှုများက သိသိသာသာနှေးကွေးလာခြင်းဖြစ်၏ ။

သူမ၏အားနည်းချက်ကိုသတိပြုမိသွား၍ မိန်းမလှလေး၏ ဇင်ယော်တောင်လိုလှပကိုင်းညွတ်သည့်မျက်ခုံးများအနည်းငယ်တွန့်ချိုးသွားပြီး သိုင်းကွက်ပြောင်းရန်စိတ်ကူးလိုက်သည်။

ဤလူစု၏လက်ထဲမှ ထွက်ပြေးလွတ်မြောက်ရန်ကိုတော့ စတင်တိုက်ခိုက်စဉ်ကပင် လုံးဝစိတ်ကူးမထားပေ။

ထိုအချက်ကြောင့်လည်း ပုန်းရှောင်ထွက်ပြေးရမည်ကို သဘောမကျသည့်မိန်းမလှ‌လေးကား သူမကိုအနှောက်အယှက်ပြုသူမှန်သမျှအားရင်ဆိုင်တိုက်ခိုက်ရင်း ယခုလိုရန်သူပတ်လည်ဝိုင်းရံ‌မိခြင်းဖြစ်၏ ။

မိန်းမလှလေးအားနည်းလာသည့်အချက်ကိုသတိပြုမိ၍ သိုင်းထိပ်သီးခြောက်ယောက်ကလည်း ယခင်ကထက် ပို၍ဖိအားပေးတိုက်ခိုက်နေကာ ဘေးဘက်ရှိ သိုင်းမဟာမိတ်မှလူများသည်လည်း သူမသာလွတ်မြောက်လာပါက အဆင်သင့်ဆီးကြိုတိုက်ခိုက်ရန်အသင့်ပြင်ပြီးဖြစ်သည်။

အမဲဖြတ်ရန်အစွယ်တငေါငေါဖြင့်ဝိုင်းရံနေသည့် ဝံပုလွေတစ်အုပ်ကြားရှိမိန်းမလှလေး၏ကံကြမ္မာက....

All Chapters